အသရေဖျက်ခြင်း
Vol. 193 Ch. 2881
ဤမြင်ကွင်းသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှ အံ့အားတသင့်ရေရွတ်သံများကို နောက်တစ်ဖန် ထွက်ပေါ်လာစေသည်။
အကြည့်တစ်ချက်သည် ထိပ်တန်းကမ္ဘာကြီးနှစ်ခုဖြစ်သော ခွန်ကမ္ဘာနှင့် ဖန်းကမ္ဘာမှ အန္တိမပကတိစိတ်ဝိညာဉ်များကို ခြိမ်းခြောက်နိုင်ခဲ့လေသည်။ နောက်ပိုင်းမှာ ဤကိစ္စသည် ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော ဆွေးနွေးပြောဆိုမှုများကို ထွက်ပေါ်လာစေသည်။
တကယ်ဆို ခွန်ကမ္ဘာနှင့် ဖန်းကမ္ဘာမှ သက်ရှိများကလည်း အဲဒါကို ယုံကြည်လက်ခံဖို့ လုံးဝငြင်းဆန်ကြသည်။
ထိုတိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ခဲ့သော သူများသာလျှင် ထိုအကြည့်သည် ခွန်ကမ္ဘာနှင့် ဖန်းကမ္ဘာမှ အရိုက်အရာဆက်ခံသူနှစ်ယောက်အပေါ် ဘယ်လောက်များပြားသည့်ဖိအား ယူဆောင်ပေးလာခဲ့သလဲဆိုတာကို သိရှိကြလေသည်။
အဲဒါက သတိပေးချက်တစ်ခုသာလျှင်မဟုတ်ဘဲ ခြိမ်းခြောက်မှုတစ်ရပ်လည်းဖြစ်သည်။
သူတို့နှစ်ယောက်သည် ရှေ့သို့တက်လာရဲမည်ဆိုလျှင် သူတို့သည် ရှယင်ကဲ့သို့ပင် အဆုံးသတ်သွားလိမ့်မည်ဟု သူ၏ အကြည့်နှင့်အတူ ပေမင်ယွမ်နှင့် ဖန်းကမ္ဘာ၏ နဝမမင်းသားကို ဆူဇီမိုက ပြောပြနေခြင်းဖြစ်သည်။
အဲဒါက အနည်းငယ် ရှက်စရာကောင်းသော်လည်း သူတို့၏ အသက်များ ဆုံးရှုံးရသည်ထက်စာလျှင် ပိုမိုကောင်းမွန်လေသည်။ ဘေးတစ်ဖက်မှာ အန္တိမပကတိစိတ်ဝိညာဉ်နှစ်ဦးဖြစ်သော ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးတို့က သူတို့နှစ်ယောက်ကို နှစ်သိမ့်ပေးလိုက်၏။
“နင်တို့တွေ အဲဒီလူကို ရန်မစတာက အကောင်းဆုံးဖြစ်လိမ့်မယ်… ငါတို့နှစ်ယောက်လည်း စောစောက ဝင်ပြီးတိုက်ခိုက်မိတော့မလို့ပဲ… ကံကောင်းလို့ ငါတို့က ကိုယ့်ကိုယ်ကိုယ်ထိန်းထားပြီး အသက်ရှင်နိုင်ခဲ့တယ်”
“အခု ငါ အဲဒါကို စဉ်းစားကြည့်ရင် အဲဒါက ကြောက်စရာကောင်းနေတုန်းပဲ”
ထိုအခိုက်အတန့်မှာ အန္တိမပကတိစိတ်ဝိညာဉ်နှစ်ဦးဖြစ်သော ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးသည် မလှမ်းမကမ်းမှာရှိသော လုံလီကို လှည့်ကြည့်လိုက်ကြ၏။ သူတို့သည် တစ်စုံတစ်ရာပြောဆိုခြင်း မရှိသော်လည်း သူတို့၏ အကြည့်မှာ ကျေးဇူးတင်မှု အငွေ့အသက်တစ်ခု ပါဝင်နေ၏။
ကံကောင်းထောက်မစွာဖြင့် လုံလီက သူတို့နှစ်ယောက်ကို တားဆီးခဲ့လေသည်။ မဟုတ်ပါက….။
ပေမင်ယွမ်နှင့် ဖန်းကမ္ဘာ၏ နဝမမင်းသားက ထိုစကားကို ကြားသောအခါ စစချင်း မှင်သေသေဖြင့် ရှိနေခဲ့ကြသည်။
သို့သော်လည်း သိပ်မကြာခင် သူတို့နှစ်ယောက်သည် ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးကဲ့သို့ တူညီသော စိတ်ခံစားချက်များကို ရရှိလိုက်လာကြသည်။
ဘုရင်စုန်းသွေးက တစ်ချိန်လုံး အမူအရာကင်းမဲ့နေပြီး သုန်မှုန်နေသောအကြည့်ဖြင့် ဧရာမပိတ်ကားပြင်ကို အေးစက်စွာ ကြည့်နေသည်။
သူသည် တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိသော်လည်း လက်ရှိအခြေအနေက ပြီးဆုံးသွားပြီကို သူသိလိုက်သည်။ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဓားကမ္ဘာမှ ဆူကျူးကို ထိခိုက်အောင်လုပ်နိုင်မည့်သူ မရှိလောက်တော့ပေ။
ဘုရင်စုန်းသွေးက တန်ပြန်တိုက်ခိုက်ဖို့ နည်းလမ်းတစ်ခုကို အတတ်နိုင်ဆုံး ကြိုးစားကာ စဉ်းစားကြည့်နေ၏။
သူက ဤကောင်လေးကို ထိပ်တိုက်ရင်ဆိုင်မကိုင်တွယ်နိုင်ဘူးဆိုမှတော့ သူသည် အခြားသောနည်းလမ်းများကို ကြံဆရပေမည်။
ရုတ်တရက်ဆိုသလို….
ဘုရင်စုန်းသွေး၏ စိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာပြီး သူက အစီအစဉ်တစ်ခုကို ချလိုက်၏။
“အားလုံးပဲ”
ဘုရင်စုန်းသွေးက ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရှစ်ရှော၊ ဘုရင် လုဝူနှင့် အခြားသူများကို ကြည့်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဓားကမ္ဘာက ဆူကျူးက အထဲမှာရှိတဲ့ ဆိုးယုတ်မိစ္ဆာတွေ၊ အပြစ်သားစိတ်ဝိညာဉ်တွေနဲ့ နက်ရှိုင်းတဲ့ ပတ်သက်ဆက်နွှယ်မှုတစ်ခု ရှိမယ်လို့ ငါသံသယရှိတယ်”
“အဲဒါထက် သူက ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေထဲက တစ်ယောက်ဖြစ်လိမ့်မယ်”
ဘုရင်စုန်းသွေး၏ စွပ်စွဲပြောဆိုမှုက ဆိုင်းမဆင့်ဗုံမဆင့် ထွက်ပေါ်လာခဲ့သည်။
အမျိုးမျိုးသောကမ္ဘာများမှ ဘုရင်အများစုသည် တတွတ်တွတ်ပြောဆိုနေသော ဘုရင်စုန်းသွေးကို ကြည့်ရင်း တွေဝေရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်ကြသည်။
ဘုရင်စုန်းသွေး၏ အမူအရာက တည်ငြိမ်နေပြီး ဆက်ပြောလိုက်၏။
“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်ရောက်ပြီး မကြာခင်မှာ ဓားကမ္ဘာက ဆူကျူးက မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲက ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူနဲ့ တွေ့ခဲ့တယ်… သူတို့နှစ်ယောက်က မတိုက်ခိုက်ခဲ့ကြဘူး”
လုယွင်က လှောင်ရယ်လိုက်၏။
“အဲဒါ သူက ရှယန်နဲ့ စိန်ခေါ်ထားလို့ သူ့ရဲ့စွမ်းအင်ကို ချွေတာနေခဲ့တာပဲ… သူက မလိုအပ်တဲ့ တိုက်ခိုက်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို အတတ်နိုင်ဆုံး ကြိုးစားပြီး ရှောင်လွှဲရမှာပဲ”
ဘုရင်စုန်းသွေးက ဆက်ပြောလိုက်သည်။
“အဲဒါတင်မကဘူး… ဆူကျူးက ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူနဲ့ ဝိုင်တစ်အိုးကိုတောင်မှ မျှသောက်ခဲ့သေးတယ်”
“ဟားဟားဟား”
လုယွင်က ဟားတိုက်ရယ်မောပြီး မေးလိုက်၏။
“ဘာလို့လဲ… ဝိုင်တစ်အိုးကို အတူသောက်တာနဲ့ပဲ ဆူကျူးက အပြစ်သားစိတ်ဝိညာဉ်ဖြစ်တယ်လို့ မင်းက စွပ်စွဲနိုင်တာလား”
“အဲဒါတင် ဘယ်ကမလဲ”
ဘုရင်စုန်းသွေးက ဆက်ပြောလိုက်သည်။
“အားလုံးပဲ… ဓားကမ္ဘာက ဆူကျူးက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်ရောက်ပြီးတဲ့နောက် ဆိုးယုတ်မိစ္ဆာ ဒါမှမဟုတ် အပြစ်သားစိတ်ဝိညာဉ်တစ်ဦးကို သတ်ဖြတ်ခဲ့တာ ရှိလို့လား”
ထိုစကားကိုကြားသောအခါ ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရှစ်ရှော၊ ဘုရင်လုဝူနှင့် အခြားသူများ၏ မျက်လုံးများက ဝင်းလက်သွားကြသည်။ သူတို့က တစ်ယောက်ပြီးတစ်ယောက် လျင်မြန်စွာတုံ့ပြန်ပြီး ဘုရင်စုန်းသွေး၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်လိုက်သည်။
တကယ်တော့ ဓားကမ္ဘာမှ ဆူကျူးသည် ဆိုးယုတ်မိစ္ဆာများ၊ အပြစ်သားစိတ်ဝိညာဉ်များနှင့် သေချာပေါက် ပတ်သက်မှုမရှိဘူးဆိုတာ သူတို့သိထားကြသည်။
ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်များကို အပြစ်သားကုန်းမြေဆယ်ခုကနေ ရွေးချယ်ထားလေသည်။ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ တင်းကျပ်သော စောင့်ကြည့်မှုအောက်မှာ ဆူကျူးသည် ဆိုးယုတ်မိစ္ဆာ သို့မဟုတ် အပြစ်သားစိတ်ဝိညာဉ်တစ်ဦး အမှန်တကယ်ဖြစ်နေမည်ဆိုလျှင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက အရေးယူပြီးသည်မှာ ကြာနေလောက်လေပြီ။
သို့သော်လည်း ဘုရင်စုန်းသွေး၏ ရည်ရွယ်ချက်က သူ့ကို စွပ်စွဲပုတ်ခတ် အသရေဖျက်ဖို့သာဖြစ်သည်။
ထိုသို့ဖြင့် ဆူဇီမိုသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ထွက်ခွာလာသည်နှင့် သူတို့သည် ဓားကမ္ဘာမှ ဆူကျူးကို သတ်ဖြတ်ရန် တရားဝင်အကြောင်းပြချက်တစ်ခု ရသွားပေလိမ့်မည်။
ဘုရင်စုန်းသွေးက ဆက်ပြောလိုက်သည်။
“ဓားကမ္ဘာက ဆူကျူးက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်ရောက်ပြီးတဲ့နောက် သူက ဆိုးယုတ်မိစ္ဆာတစ်ဦး ဒါမှမဟုတ် အပြစ်သားစိတ်ဝိညာဉ်တစ်ဦးကိုမှ မသတ်ဖြတ်ခဲ့ဘူး… အဲဒီအစား သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက အန္တိမပကတိစိတ်ဝိညာဉ် နှစ်ဆယ်ကျော်ကို သတ်ဖြတ်ခဲ့တယ်”
“အဲဒါ နင်တို့တွေက သူ့ကို အရင်စပြီး တိုက်ခိုက်ခဲ့လို့ပဲ”
ယုလန်နှင့် အခြားသူများက ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးပြောလိုက်၏။
“နင်တို့တွေကပဲ ဆူကျူးကို တိုက်ခိုက်လို့ရပြီး သူက ပြန်ပြီးတုံ့ပြန်တိုက်ခိုက်လို့ မရဘူးလို့ ပြောနေတာလား… လောကမှာ ဒီလိုသဘောတရားတစ်ခု ဘယ်လိုလုပ်ရှိမှာလဲ”
ဘုရင်စုန်းသွေးက လှောင်ရယ်လိုက်၏။
“ဘာပဲဖြစ်ဖြစ်… အားလုံးက လူတိုင်းရဲ့ရှေ့မှာ အခုဖြစ်နေတာပဲ… အမှန်တရားကတော့ ဆူကျူးက ဆိုးယုတ်မိစ္ဆာ ဒါမှမဟုတ် အပြစ်သားစိတ်ဝိညာဉ်တစ်ဦးတစ်ယောက်ကိုမှ မသတ်ဖြတ်ခဲ့ဘူး… အဲဒီအစား သူက အန္တိမပကတိစိတ်ဝိညာဉ် နှစ်ဆယ်ကျော်ကို သတ်ဖြတ်ခဲ့တယ်… အဲဒါ အမှန်တရားပဲ”
“တကယ်ဆို ဓားကမ္ဘာကို ငါမေးချင်တယ်… မင်းတို့ရဲ့ဆူကျူးက အမှန်တကယ် ဘယ်ဘက်မှာ ရပ်တည်နေတာလဲ”
ဘုရင်စုန်းသွေး၏ စကားက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ တီးတိုးတီးတိုး ဆွေးနွေးပြောဆိုသံများစွာကို ထွက်ပေါ်လာစေသည်။
“ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေကို အပြစ်သားကုန်းမြေဆယ်ခုကနေ ရွေးချယ်ထားတာပဲ… အဲဒါက ဆူကျူးနဲ့ သေချာပေါက် ပတ်သက်မှုမရှိဘူး… သူတို့တွေက တိုက်ခိုက်ဖို့ အကြောင်းပြချက် ရှာနေရုံပဲ”
“ဆူကျူးက တကယ်ပဲ ရိုးသားမှုရှိတယ်… သူသာ ဆိုးယုတ်မိစ္ဆာ ဒါမှမဟုတ် အပြစ်သားစိတ်ဝိညာဉ်ဖြစ်မယ်ဆိုရင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ဝင်ပြီး အရေးယူခဲ့တာ ကြာနေရောပေါ… ငါတို့ အခုနေ ပြောနေဖို့တောင် အခွင့်အရေးရမှာ မဟုတ်ဘူး”
“ဟဲဟဲ”
နောက်ထပ် ဘုရင်တစ်ဦးက အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်၏။
“ဘုရင်စုန်းသွေးနဲ့ အခြားသူတွေက ဆူးကျူးအပြစ်ကင်းတယ်ဆိုတာကို မသိဘူးလို့ မင်းတို့တွေ ထင်လို့လား”
“ဆူကျူးကို စွပ်စွဲပုတ်ခတ်ပြောဆိုနေတဲ့ အဲဒီလူတွေက ဆူကျူး ရိုးသားမှုရှိတယ်ဆိုတာ မင်းတို့ထက်တောင် ပိုသိသေးတယ်”
အမျိုးမျိုးသော ကမ္ဘာများမှ ဘုရင်များသည် နှစ်ပေါင်းသိန်းချီကြာအောင် ရှင်သန်နေထိုင်လာခဲ့ပြီး ဘုရင်စုန်းသွေးနှင့် အခြားသူများ၏ လှည့်ကွက်များကို မြင်နိုင်လေသည်။ သို့သော်လည်း ဤကိစ္စက သူတို့နှင့် ပတ်သက်မှုမရှိဘူးဆိုမှတော့ ဘုရင်အများစုက နှုတ်ဆိတ်နေကြသည်။
ဓားကမ္ဘာမှ လူတိုင်းကတော့ ခုခံငြင်းဆန်နေကြသည်။
ဤကိစ္စမှာ နောက်ဆုတ်စရာလမ်း မရှိတော့ပေ။
ဘုရင်စုန်းသွေးနှင့် အခြားသူများက ဆူဇီမိုအပေါ် ဤကဲ့သို့ ပြစ်မှုတစ်ခုကို စွဲချက်တင်ထားမည်ဆိုလျှင် သူ့အတွက် ကပ်ဘေးတစ်ခု ကျရောက်လာပေလိမ့်မည်။
ဓားကမ္ဘာ၊ စုန်းကမ္ဘာ၊ ကျောက်တုံးကမ္ဘာနှင့် အခြားသော ကမ္ဘာများစွာမှ ဘုရင်များက ငြင်းဆန်ပြောဆိုနေစဉ် တိုက်ပွဲနယ်မြေမှာ နောက်ထပ်အပြောင်းအလဲတစ်ရပ် ပေါ်ထွက်လာသည်။
“ကြည့်စမ်း… နောက်ထပ် အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးက တိုက်ခိုက်လာပြီ”
“အဲဒါ ယက္ခတစ္ဆေမျိုးနွယ်က လေဟာနယ်ယက္ခပဲ… ဒီလေဟာနယ်ယက္ခရဲ့တိုက်ခိုက်မှုက တော်တော်ကို ခိုးကြောင်ခိုးဝှက်နိုင်တာပဲ… အဲဒါက ထောက်လှမ်းဖို့ မလွယ်ဘူး”
ရင်ပြင်မှ မတ်တတ်ရပ်ကြည့်နေသော ဘုရင်များစွာပင်လျှင် လေဟာနယ်ယက္ခ တိုက်ခိုက်ပြီးမှသာ သူတို့အများစုက ဒီမြင်ကွင်းကို ရှာဖွေတွေ့ရှိလိုက်သည်။
ခြေရာလက်ရာ မကျန်သလောက်နီးပါးဖြင့် လေဟာနယ်ယက္ခက ဆူဇီမို၏ ဘေးသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
အတိအကျဆိုရလျှင် အဲဒါသည် ပြီးပြည့်စုံသော လုပ်ကြံသတ်ဖြတ်မှုတစ်ရပ်နှင့် ပိုတူနေသည်။
အဲဒါက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုတစ်ရပ်ဖြစ်သော်လည်း လေဟာနယ်ယက္ခသည် လုံးဝ ထိန်ချန်မထားဘဲ သူ၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအား၊ ကြယ်တာရာအကျဉ်းထောင်ကို ထုတ်ဖော်ကာ ဆူဇီမိုအပေါ် လွှမ်းခြုံစေလိုက်၏။
ခြင်္သေ့တစ်ကောင်က ယုန်တစ်ကောင်ကို လိုက်လျှင်ပင် သူ၏ ခွန်အားအပြည့်အဝကို အသုံးပြုပေလိမ့်မည်။
ဓားကမ္ဘာမှ ဆူကျူးသည် တိုက်ပွဲများစွာ တိုက်ခိုက်ပြီးနောက် အရှိန်ကုန်နေသော မြားတစ်စင်း ဖြစ်လာခဲ့ပြီဖြစ်သော်လည်း မည်သည့်အမှားအယွင်းမှ ရှိမလာစေရန် လေဟာနယ်ယက္ခက လုံးဝ ထိန်ချန်မထားပေ။
ကြယ်တာရာအကျဉ်းထောင်သည် ဓားကမ္ဘာ၏ ဆူကျူးကို ချုပ်နှောင်လာပြီး သူ၏ တာအိုသစ်သီးကို ဖောက်ခွဲဖျက်ဆီးဖို့ပင် အခွင့်အရေးရမည် မဟုတ်ပေ။
ထိုသည်ကို တွေ့မြင်သောအခါ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှ အုန်းအုန်းကျက်ကျက်အသံများက ချက်ချင်းပင် ငြိမ်သက်သွားသည်။
လူတိုင်းသည် ဧရာမပိတ်ကားပြင်ကို စိုက်ကြည့်နေပြီး အသက်အောင့်ထားကြသည်။
ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရှစ်ရှောနှင့် အခြားသူများက စိတ်လှုပ်ရှားတက်ကြွသော အမူအရာများနှင့် မျှော်လင့်စောင့်စားမှုနှင့်အတူ သူတို့၏ လက်သီးများကို အလိုလိုဆုပ်ထားကြသည်။
လေဟာနယ်ယက္ခက ဆူဇီမိုကို တိုက်ရိုက်သတ်ဖြတ်နိုင်ပြီဆိုလျှင် သူတို့သည် အဲဒါကို ကိုယ်တိုင်ပြုလုပ်စရာမလိုတော့ပေ။
သို့သော်လည်း လေဟာနယ်ယက္ခ၏ ပုံရိပ်က ထွက်ပေါ်လာပြီး အနှိုင်းမဲ့နတ်ဘုရားစွမ်းအား၊ ကြယ်တာရာအကျဉ်းထောင်ကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် အစက သူ့ကို ကျောပေးထားသည့် ဆူဇီမိုက ရုတ်တရက်လှည့်လာခဲ့သည်။
သူတို့နှစ်ယောက်က အကြည့်ချင်းဆုံသွားသည်။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။ သူသည် သူ၏ ဘေးမှာ ပေါ်ထွက်လာသော လေဟာနယ်ယက္ခကို အံ့အားသင့်သွားခြင်း မရှိသည့်အလားပင်။
ထိုအကြည့်က အရမ်းကို တည်ငြိမ်လွန်းနေသည်။
ဆူဇီမိုသည် ဤနေရာမှာ ပုန်းကွယ်နေသည့် လေဟာနယ်ယက္ခကို ကြိုတင်သိရှိထားသည့်အလားပင်။