← Chapters

သိုင်းတာအိုပင်မခန္ဓာ ရောက်ရှိလာခြင်း

Vol. 193 Ch. 2894

သိုင်းတာအိုပင်မခန္ဓာ ရောက်ရှိလာခြင်း

Vol. 193 Ch. 2894

လက်ရှိဘုရင်များစွာကြားမှာ ဘုရင်စုန်းသွေးတစ်ဦးတည်းကသာ ထိတ်လန့်တကြားမဖြစ်ဘဲ တည်ငြိမ်နေ၏။

သူ့ရှေ့မှ မြင်ကွင်းကို ထိုအရှင်က ပြုလုပ်နေသည်ဆိုတာကို သူသိထားသောကြောင့် ဖြစ်သည်။

ထိုအရှင်သည် မြင်ကွင်းများ၏ နောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်ပြီး ဓားကမ္ဘာမှ ဆူကျူးကို ဤအခြေအနေအထိ တွန်းပို့ရန် သူ့ကို ညွှန်ကြားခဲ့သောသူ ဖြစ်လေသည်။

ဘေးပတ်ဝန်းကျင်မှ သုန်မှုန်နေသော အမူအရာများနှင့် ဘုရင်များကို ကြည့်ပြီး ဘုရင်စုန်းသွေးက ညင်သာစွာ ချောင်းဟန့်ကာ မှင်သေသေဖြင့် ပြောလိုက်၏။

“အင်း… ဒီတံခါးရှစ်ချပ် သွမ့်ကျားဝင်္ကပါကို ခင်းကျင်းခဲ့တဲ့သူက ဘယ်သူပဲဖြစ်ဖြစ်… သူတို့က ကျုပ်တို့အပေါ် ရန်လိုစိတ်ရှိတဲ့ပုံမပေါ်ဘူး… မဟုတ်ရင် သူတို့တွေက ကျုပ်တို့ကို ဒီနေရာမှာ ပိတ်လှောင်ထားရုံတင်ကမှာ မဟုတ်ဘူး… ကျုပ်အထင်တော့ ကျုပ်တို့က စိတ်ရှည်လက်ရှည် စောင့်ဆိုင်းသင့်တယ် မဆင်မခြင် မပြုမူသင့်ဘူး”

အခြားသော ဘုရင်များက မအီမသာဖြစ်နေသေးသော်လည်း သူတို့မှာ တခြားရွေးချယ်စရာ မရှိပေ။

တံခါးရှစ်ချပ် သွမ့်ကျားဝင်္ကပါနှင့် ပတ်သက်၍ သိရှိသည့်သူ မရှိသလောက်နီးပါးပင်။

အဲဒီမှာ အသက်ရှင်သန်ဖို့အတွက် အခွင့်အရေးတစ်ခု ရှိနေသော်လည်း သူတို့က မှားယွင်းသော လမ်းကြောင်းကို ရွေးချယ်မိလျှင် ပျက်သုဉ်းရပေလိမ့်မည်။

ဘုရင်များသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်အထိ ဒုက္ခသုက္ခခံ၍ ကျင့်ကြံထားခဲ့ကြသည်။ သူတို့မှာ တခြားရွေးချယ်စရာမရှိသရွေ့ ဤကဲ့သို့ ကြီးမားသော အန္တရာယ်ကို စွန့်စားလိုလိမ့်မည် မဟုတ်ပေ။

တာအိုနှလုံးသားလှေကားဘေးမှာ…

တက္ကသိုလ်ဂိုဏ်းချုပ်၏ မျက်လုံးများက ထူးခြားအံ့မခန်းဖြစ်လာသော နက်ရှိုင်းသည့် ကြယ်တာရာကောင်းကင်ကဲ့သို့ ဖြစ်သည်။

“ငါက ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကို ပိတ်ဆို့တားဆီးပြီး ဒီနေရာမှာရှိတဲ့ ထောက်လှမ်းမှုအားလုံးကို ပိုင်းခြားထားပြီးပြီ… ဓားကမ္ဘာကို ပြန်သွားနိုင်တဲ့ ပို့ဆောင်ရေးအဆောင်တွေကို ပိတ်ဆို့တားဆီးထားရုံတင်မကဘူး… ဧကရာဇ်တွေက ဒီနေရာကိုလာပြီး စုံစမ်းထောက်လှမ်းမယ်ဆိုရင်တောင် သူတို့တွေက ထူးခြားမှုတစ်ခုခုကို ရှာဖွေတွေ့ရှိနိုင်မှာ မဟုတ်ဘူး”

တက္ကသိုလ်ဂိုဏ်းချုပ်က တွက်ရင်းချက်ရင်း သူ့ဘာသာသူ တတွတ်တွတ်ရေရွတ်နေ၏။

ခဏနေပြီးနောက် တက္ကသိုလ်ဂိုဏ်းချုပ်၏ မျက်လုံးများက ကြည်လင်ရှင်းလင်းမှုကို ပြန်လည်ရရှိလာ၏။ သူက ဆူဇီမိုကို ကြည့်ပြီး ပြုံးပြလိုက်၏။

“ငါက မင်းနဲ့ပတ်သက်တဲ့ အလှည့်အပြောင်းတွေအားလုံးကို တွက်ချက်ပြီးပြီ… မင်းက နောက်ဆုံးတစ်ကြိမ်တုန်းက ကံကောင်းသွားတယ်… ဒါပေမဲ့ ကံဆိုတာ အမြဲတမ်းကောင်းနေတာမှ မဟုတ်တာ… မင်းက ဒီတစ်ခေါက်တော့ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”

ဆူဇီမိုက မျက်ခုံးအနည်းငယ်ပင့်ပြီး မေးလိုက်၏။

“ငါက ထွက်ပြေးမယ်လို့ မင်းကို ဘယ်သူပြောလဲ”

“အိုး…”

တက္ကသိုလ်ဂိုဏ်းချုပ်က ဆူဇီမိုကို စိတ်ဝင်တစားကြည့်ပြီး မေးလိုက်၏။

“မင်းမှာ နောက်ထပ်ဝှက်ဖဲ ရှိနေတာလား”

ဆူဇီမိုက ပြန်မဖြေခင် တက္ကသိုလ်ဂိုဏ်းချုပ်က သူ့ဘာသာသူ သုံးသပ်ကာ ပြောလိုက်၏။

“ငါ မင်းကို သတိပေးဖို့ မေ့နေတာရှိတယ်… ဒီတံခါးရှစ်ချပ် သွမ့်ကျားဝင်္ကပါထဲမှာ အထွတ်အထိပ်ဧကရာဇ်တစ်ပါးတောင်မှ ဒီနေရာမှာ ပိတ်မိသွားမယ်ဆိုရင် ရုန်းထွက်ဖို့အတွက် အချိန်အတော်အတန်ကြာ ယူရလိမ့်မယ်”

“အဲဒီအချိန်အတွင်းမှာ ငါက ဘာမဆိုလုပ်ဖို့ လုံလောက်တယ်”

“အဲဒါကြောင့် မင်းတို့ ဓားကမ္ဘာက ဓားဧကရာဇ်သံသရဖူ ရောက်ရှိလာမယ်ဆိုရင်တောင် သူက မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး”

ဆူဇီမိုက နှုတ်ဆိတ်နေ၏။

တက္ကသိုလ်ဂိုဏ်းချုပ်သည် ယခင်တက္ကသိုလ်ဂိုဏ်းချုပ်နှင့် တူညီနေဆဲဖြစ်သည်။ သူတိုက်ခိုက်သည်နှင့် အဲဒီမှာ မည်သည့်ဟာကွက်မှ မရှိသလောက်နီးပါးပင်။

“တကယ်တော့ မင်းအသက်ရှင်နေသေးတာကို ငါတွက်ချက်မိတဲ့အချိန်မှာ ငါက ရင်ထဲအသည်းထဲကနေ တကယ်ပဲ ဝမ်းသာပျော်ရွှင်မိတယ်”

ယခု သူသည် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာကို ရရှိတော့မည်ဖြစ်ပြီး တက္ကသိုလ်ဂိုဏ်းချုပ်က သူ၏ ရင်ထဲရှိ စိတ်လှုပ်ရှားမှုနှင့် အူမြူးအားရမှုကို ဖုံးကွယ်မထားပေ။ သူက လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်၏။

“မင်းပျောက်ဆုံးသွားတဲ့ တစ်ခုခုကို ပြန်ရတဲ့အခါ ဖြစ်ပေါ်လာတဲ့ ဝမ်းသာပျော်ရွှင်တဲ့ ခံစားချက်ကို သိတယ်မလား… မင်းအသက်ရှင်နေသေးတော့ ငါအရမ်းကို စိတ်သက်သာရာရသွားတယ်”

တက္ကသိုလ်ဂိုဏ်းချုပ်သည် သေရတော့မည့်လူများနှင့် သူ၏ ခံစားချက်များကို မျှဝေတတ်လေသည်။

သူသည် ထိုသို့ပြုလုပ်ရသည်ကို နှစ်သက်သဘောကျလေသည်။ ထိုစကားလုံးများ၏ အဆက်မပြတ်နှိုးဆွမှုအောက်မှာ သူသည် စိတ်ပျက်အားငယ်မှု၊ ကူကယ်ရာမဲ့မှုနှင့် အလိုမကျမှုတို့ တစ်ဖက်သူ၏ မျက်နှာပေါ်မှာ တဖြည်းဖြည်းပေါ်ထွက်လာသည်ကို တွေ့မြင်ခဲ့ဖူးလေသည်။

သို့သော်လည်း အစကနေ ယခုအချိန်ထိ ဆူဇီမိုက အရမ်းကို တည်ငြိမ်နေသည်။

တကယ်ဆို သူက ထူးဆန်းလောက်အောင်ပင် တည်ငြိမ်လွန်းနေသည်။

“မင်းက အရမ်းကို ဉာဏ်ကောင်းပြီး ပါရမီအရည်အချင်းရှိတယ်”

တက္ကသိုလ်ဂိုဏ်းချုပ်က ပြောလိုက်၏။

“ငါက မင်းကို တပည့်အဖြစ်လက်ခံပြီး ရွေးချယ်စရာတစ်ခုပေးဖို့ တကယ်ပဲ ရည်ရွယ်ထားခဲ့တယ်… ကံဆိုးစွာနဲ့ပဲ မင်းက အဲဒီအခွင့်အရေးကို မဖမ်းဆုပ်ခဲ့ဘူး”

“ငါက မင်းရဲ့ဆရာပဲ… မင်း ဘာလို့ ခုခံဆန့်ကျင်ပြီး မနာမခံလုပ်နေရတာလဲ… မင်းက ဘာလို့ အသာတကြည်နာခံပြီး မင်းရဲ့ ဖန်တီးခြင်းကြာပဒုမ္မာကို​ မကမ်းလှမ်းနိုင်ရတာလဲ”

“မင်းမှာ နောက်ချန်အစီအစဉ်တချို့ ရှိကောင်းရှိနေလိမ့်မယ်… ဒါပေမဲ့...”

ခဏမျှ ရပ်တန့်ပြီးနောက် တက္ကသိုလ်ဂိုဏ်းချုပ်က ပြောလိုက်၏။

“ငါ မင်းကို သင်ပေးခဲ့ဖူးမှာ မဟုတ်လောက်တဲ့ အရာတစ်ခုရှိတယ်… ပကတိခွန်အားနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အကွက်ချကြံစည်မှုတွေအားလုံးက ရိုက်ချက်တစ်ချက်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး… ဆိုတော့...”

ရုတ်တရက် တက္ကသိုလ်ဂိုဏ်းချုပ်၏ မျက်လုံးများထဲကနေ ခပ်ဖျော့ဖျော့ ဂမ္ဘီရအလင်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။

သူက မလှမ်းမကမ်းမှာရှိသော ဆူဇီမိုကိုကြည့်ပြီး အော်ပြောလိုက်၏။

“တစ်ရက်သင်ဖူးရင် တစ်သက်လုံးဆရာပဲ… တပည့်မိုက် ဒူးထောက်စမ်း”

တက္ကသိုလ်ဂိုဏ်းချုပ်၏ အော်သံက ဆူဇီမို၏ ခန္ဓာကိုယ်နှင့် အမြုတေစိတ်ဝိညာဉ်ကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ သူ၏ တာအိုနှလုံးသားကို ဖြစ်လေသည်။

ဘေးပတ်ဝန်းကျင်တွင် တာအိုနှလုံးသားလှေကားကို ခင်းကျင်းပြသထားသည်မှာ ဤနေရာသည် အရင်တုန်းက ဆူဇီမိုကို တပည့်အဖြစ် သူလက်ခံခဲ့သည့်နေရာ ဖြစ်သောကြောင့်ပင်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် တစ်ခါက တာအိုနှလုံးသားလှေကား၏ ဒသမမြောက် ကျောက်လှေကားထစ်ပေါ်သို့ တက်လှမ်းခဲ့သော်လည်း သူက ၎င်းအပေါ်ကနေ ကျဆင်းခဲ့ရသည်။

သူသည် ထိုမတိုင်ခင် အရင်တုန်းက ဘယ်တုန်းကမှ မရှုံးနိမ့်ခဲ့ဖူးပေ။

ထို့ကြောင့် ဤတစ်ခေါက်မှာ သူသည် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာကို ရရှိချင်ရုံသာမက သူသည် ဆူဇီမို၏ တာအိုနှလုံးသားကိုလည်း ဖျက်ဆီးပစ်လို၏။

သူသည် တာအိုနှလုံးသားလှေကား၏ ဒသမမြောက်လှေကားထစ်ပေါ်ကို မတက်လှမ်းနိုင်ဘူးဆိုမှတော့ သူသည် ဆူဇီမို၏ တာအိုနှလုံးသားကို သူ၏ ခြေဖဝါးအောက်မှာ နင်းချေပစ်ရပေလိမ့်မည်။

ကံဆိုးစွာနှင့်ပင် သူသည် ဆူဇီမို၏ တာအိုနှလုံးသားကို အမှန်တကယ် လျှော့တွက်ထားမိသည်။

သိုင်းတာအို၏ တာအိုနှလုံးသားနှင့် စိတ်ဆန္ဒက ဘာလဲ။

ကြီးကျယ်ခမ်းနားသော အကြောက်အလန့်ကင်းမဲ့မှု၊ ရဲဝံ့မှု၊ ရဲစွမ်းသတ္တိနှင့် ဉာဏ်ပညာ…

သူသည် လူပေါင်းသောင်းချီနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင် သိုင်းတာအိုက ခုခံဆန့်ကျင်ပေလိမ့်မည်။

သိုင်းတာအို၏ မွေးဖွားပေါ်ထွက်လာမှုသည် သူက အညံ့ခံရမည်ကို ငြင်းဆန်ခဲ့သောကြောင့် ဖြစ်သည်။

ဆရာတပည့် ဆက်ဆံရေးမျှက သိုင်းတာအိုကို ချုပ်နှောင်ထားဖို့ မဖြစ်နိုင်ပေ။

ဆူဇီမို၏ တာအိုနှလုံးသားက ယိမ်းယိုင်သွားခြင်းမရှိဘဲ သူက ခပ်ယဲ့ယဲ့ သက်ပြင်းချလိုက်၏။

“ဂိုဏ်းချုပ်… ငါ မင်းကို ဘာလို့မျှားခေါ်ထုတ်လာလဲ မင်းသိလား”

တက္ကသိုလ်ဂိုဏ်းချုပ်က တစ်ခုခုကို ပြောတော့မည့်ဆဲဆဲမှာပင် သူက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ရင်တစ်ချက်ထိတ်သွား၏။

“ဟမ်”

တက္ကသိုလ်ဂိုဏ်းချုပ်က အံ့အားတသင့် ရေရွတ်လိုက်၏။

တစ်ယောက်ယောက်သည် သူ၏ တံခါးရှစ်ချပ် သွမ့်ကျားဝင်္ကပါကို အလွန်တရာမြန်ဆန်သော အလျင်အဟုန်ဖြင့် စိန်ခေါ်နေလေသည်။

ပုံမှန်အခြေအနေမှာဆို လူတစ်ယောက်သည် တံခါးရှစ်ချပ် သွမ့်ကျားဝင်္ကပါထဲသို့ ကျဆင်းလာပြီးနောက် သူ၏ ဦးတည်ဘက်ကို ဆုံးရှုံးသွားရလိမ့်မည်ဖြစ်သည်။ ထိုနေရာမှာ တံခါးရှစ်ချပ် ရှိနေသော်လည်း ထိုသူသည် သူတို့ရှိသည့်ဘက်ကို ရွေးချယ်ဆုံးဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဤလူက ဤနေရာသို့ တန်းတန်းမတ်မတ် လာနေလေသည်။

တံခါးရှစ်ချပ် သွမ့်ကျားဝင်္ကပါက ဤလူ၏ လမ်းကြောင်းကို လုံးဝ ဟန့်တားနိုင်ခြင်း ရှိပုံမရပေ။

တစ်ခဏချင်းမှာပင် အေးစက်စက်ငွေရောင်မျက်နှာဖုံးကို တပ်ထားပြီး နက်ရှိုင်းသော မျက်လုံးများရှိသည့် ခရမ်းရောင်ဝတ်အမျိုးသားတစ်ဦးက ဘေးပတ်ဝန်းကျင် မြူခိုးများကြားထဲကနေ လျှောက်လှမ်းထွက်လာ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထူးခြားအံ့မခန်းဖြစ်သော လျှို့ဝှက်ဆန်းကြယ်သည့် အော်ရာတစ်ခုက လွှမ်းခြုံထားလေသည်။

“မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်လား”

တက္ကသိုလ်ဂိုဏ်းချုပ်က ညင်သာစွာ တီးတိုးရေရွတ်လိုက်၏။

တည်ဆောက်သူသစ်ပင်တောင်ကြောရိုးမှ မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲတွင် သိုင်းတာအိုပင်မခန္ဓာ မွှေနှောက်သောင်းကျန်းခဲ့စဉ်က တက္ကသိုလ်ဂိုဏ်းချုပ်သည် အနီးအနားပတ်ဝန်းကျင်မှာ ပုန်းကွယ်နေပြီး မဟာသူတော်စင်ကျောက်စိမ်းကျမ်းကို လုယူသွားခဲ့လေသည်။ ထို့ကြောင့် သူက ထိုသူကို မှတ်မိနေသည်။

တက္ကသိုလ်ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်လိုက်သည်။

မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်၏ ပေါ်ထွက်လာမှုက သူ၏ တွက်ချက်မှုကနေ တကယ်ပင် လွတ်မြောက်နေ၏။

ဒါ့အပြင် သူသည် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်ကို အကြိမ်ပေါင်းများစွာ တွက်ချက်ခဲ့ဖူးသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

အထီးကျန်သိုင်းသခင်ကို မြူခိုးတစ်လွှာက လွှမ်းခြုံထားပုံရသည်။

ထိုစဉ်မှာပင် တက္ကသိုလ်ဂိုဏ်းချုပ်၏ အကြည့်က ရွေ့လျားသွားပြီး ဆူဇီမိုကို တစ်ချက်ကြည့်ပြီးနောက် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်ကို ပြန်ကြည့်လိုက်၏​။ သူက တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သူ၏ မျက်လုံးနှစ်ဖက်ကို တဖြည်းဖြည်း မှေးကျဉ်းလိုက်၏။

ဆူဇီမိုနှင့် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်ကြား ထူးခြားသော ဆက်ဆံရေးတစ်ခု ရှိနေရမည်ကို သူက ခံစားမိလာသည်။

ဤသည်မှာ ကိစ္စများစွာသည် တိုက်ဆိုင်လွန်းစွာ ဖြစ်ခဲ့ဖူးသောကြောင့် ဖြစ်လေသည်။

ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရှိ အင်မော်တယ်မက်မွန်စားသောက်ပွဲမှာတုန်းက အထီးကျန်သိုင်းသခင်သည် အသိစိတ်ရှိ မက်မွန်ပင်တစ်ပင်အတွက် ပေါ်ထွက်လာခဲ့ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်ခဲ့ဖူးလေသည်။

နောက်ဆုံးမှာ ဆူဇီမိုသည် မက်မွန်ပင်ကို ခေါ်ဆောင်ကာ ပြန်ရောက်လာခဲ့သည်။

သို့သော်လည်း အထီးကျန်သိုင်းသခင်က ဆူဇီမိုကို မည်သည့်ပြဿနာမှ လာမရှာခဲ့ပေ။

နောက်ပိုင်းမှာ မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲ၌ အထီးကျန်သိုင်းသခင်က နောက်တစ်ဖန် ပေါ်ထွက်လာခဲ့သည်။

အပေါ်ယံမှာကြည့်လျှင် သူသည် ဒုံမင်းအင်မော်တယ်အတွက် ရပ်တည်ပေးခြင်းဖြစ်သည်။ သို့သော်လည်း တကယ်တမ်းမှာ ကြီးမားသော တိုက်ပွဲတစ်ခုဖြစ်ပွားလာပြီးနောက် ဒုံမင်းအင်မော်တယ်မုန့်ယောင်က ထိခိုက်ဒဏ်ရာရရှိခဲ့ရုံသာမက ဓားအင်မော်တယ်ယွဲ့ဟွားကလည်း သေလုမတတ် ဖြစ်ခဲ့ရသည်။

သူတို့နှစ်ယောက်စလုံးက ဆူဇီမိုနှင့် နက်ရှိုင်းသော ရန်ငြိုးရန်စ ရှိထားလေသည်။

သူတို့က ဆရာတပည့်လား… တစ်ဂိုဏ်းတည်းသား ရောင်းရင်းတွေလား… မိတ်ဆွေသူငယ်ချင်းတွေလား…

တက္ကသိုလ်ဂိုဏ်းချုပ်သည် ဆက်ဆံရေးအမျိုးမျိုးကို ခန့်မှန်းကြည့်ခဲ့သော်လည်း သူသည် မည်သည့်တစ်ခုကိုမှ သေချာမပြောနိုင်ခဲ့ပေ။

ယခု စောစောက ဆူဇီမိုသည် အန္တရာယ်နှင့် နောက်တစ်ဖန်ကြုံတွေ့ရပြီး မဖြစ်နိုင်လုနီးပါး အခြေအနေမှာ သိုင်းတာအိုပင်မခန္ဓာ ပေါ်ထွက်လာမှသာ တက္ကသိုလ်ဂိုဏ်းချုပ်၏ စိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲ ပေါ်ထွက်လာ၏။

တကယ်ဆို အဲဒါသည် သူဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးသည့် ထင်မြင်ချက်တစ်ခု ဖြစ်သည်။

တက္ကသိုလ်ဂိုဏ်းချုပ်က သိုင်းတာအိုပင်မခန္ဓာကို မမှိတ်မသုန်စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း မေးလိုက်သည်။

“မင်းက ဆူဇီမိုလား”

All Chapters