← Chapters

မင်းမသေမချင်း ငါစိတ်အေးရမှာ မဟုတ်ဘူး

Vol. 193 Ch. 2895

မင်းမသေမချင်း ငါစိတ်အေးရမှာ မဟုတ်ဘူး

Vol. 193 Ch. 2895

တကယ်တော့ သိုင်းတာအိုပင်မခန္ဓာရောက်ရှိလာသည့်ခဏမှာပင် တက္ကသိုလ်ဂိုဏ်းချုပ်၏ ဉာဏ်ရည်ထက်မြက်မှုအရ သူက အဲဒါကို ခန့်မှန်းမိလိမ့်မည်ဟု ဆူဇီမိုက သိထားသည်။

သူသည် ထိုအချက်ကို ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိပေ။

သူတက်လှမ်းလာပြီးနောက် ဆူဇီမိုသည် ပါးလွှာသောရေခဲပြင်ပေါ်မှာ လျှောက်လှမ်းနေရသည့်အလား ကျင့်ကြံခဲ့ရပြီး သူ၏ လျှို့ဝှက်ချက်များကို အတတ်နိုင်ဆုံး ဖုံးဖိထားခဲ့ရသည်။ အဓိကအကြောင်းအရင်းမှာ အစစ်အမှန်ခန္ဓာနှစ်ခုက ကောင်းကောင်းမကြီးပြင်းသေးသောကြောင့်ဖြစ်သည်။

တစ်ဘက်ဘက်က အန္တရာယ်နှင့် ကြုံတွေ့ရမည်ဆိုလျှင် အခြားတစ်ဘက်ကိုပါ သက်ရောက်မှုရှိလာနိုင်သည်။ သို့သော် ယခု သိုင်းတာအိုပင်မခန္ဓာသည် သိုင်းပိုင်နက်နယ်မြေနယ်ပယ်ထိ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး အမြုတေသိုင်းကောင်းကင်လိုဏ်ဂူမှာလည်း အဆင့်နိမ့်ကျွမ်းကျင်မှုရရှိလာခဲ့ပြီဖြစ်သည်။ သူက လက်ဗလာနှင့်ပင်လျှင် ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်များကို ဖိနှိမ်နိုင်သည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူ့ကို ခြိမ်းခြောက်နိုင်သူ များစွာမရှိတော့ပေ။

သူက ထိပ်သီးဧကရာဇ်များနှင့် ကြုံတွေ့ရပြီး သူတို့ကို အနိုင်မယူနိုင်ဘူးဆိုလျှင်တောင် သူသည် ငရဲဖိနှိမ်မီးဖိုကို အသုံးချကာ အဝီစိသို့ပြန်သွားနိုင်သည်။

ဤလျှို့ဝှက်ချက်က အများသူငှာရှေ့မှာ ပေါ်ထွက်လာမလားဆိုတာ သိပ်ပြီးအရေးမပါတော့ပေ။

သိုင်းတာအိုပင်မခန္ဓာသည် သူ့လက်ကိုမြှောက်ပြီး မာရ်နတ်မျက်နှာဖုံးကို ဖယ်ရှားကာ သူ၏ ကြော့ရှင်းသန့်ပြန့်သော သွင်ပြင်ကို ထွက်ပေါ်လာစေသည်။

သို့သော်လည်း သူသည် တစ်နှစ်ပတ်လုံး သိုင်းတာအိုကို ကျင့်ကြံထားသောကြောင့် အစစ်အမှန်ခန္ဓာနှစ်ခု၏ ရုပ်ရည်သွင်ပြင်က ထပ်တူထပ်မျှ တူညီနေသော်လည်း သူတို့၏ အော်ရာများက အလွန်တရာ ကွဲပြားခြားနားနေသည်။

“တကယ်ပဲ မင်းကိုး”

တက္ကသိုလ်ဂိုဏ်းချုပ်သည် ထိတ်ထိတ်ပျာပျာလုံးဝဖြစ်မသွားရုံသာမက သူ၏ မျက်လုံးထဲရှိအလင်းက ပို၍ပင် သိပ်သည်းစုဖွဲ့လာပြီး ထပ်တလဲလဲ ခေါင်းညိတ်လိုက်သည်။

“ကောင်းတယ်ကွာ.. ကောင်းတယ် ကောင်းတယ်.. ငါ့တပည့်ဆိုတဲ့အတိုင်းပဲ မင်းမှာ ဒီလိုမျိုး နောက်ချန်အစီအစဉ်တစ်ခု တကယ်ရှိနေတာပဲ”

“မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်… စဉ်းစားကြည့်ရင် တကယ့်ကို မထင်မှတ်ထားလောက်အောင်ကိုပဲ… ဟားဟားဟားဟား”

တက္ကသိုလ်ဂိုဏ်းချုပ်က ရှားရှားပါးပါးအော်ဟစ်ရယ်မောလိုက်၏။ ယခင်က သူသည် ဖြစ်နိုင်ခြေရှိသည့် အဖြေများအားလုံးကို တွေးတောခဲ့လေသည်။ သူထင်မှတ်မထားသည့် တစ်ခုတည်းသောအရာမှာ သူတို့နှစ်ယောက်သည် တစ်ဦးတည်းဖြစ်နေမည်ဟူ၍ပင်။ သူတို့နှစ်ယောက်ကြား တိုက်ခိုက်ရည်ခွန်အားကွာဟချက်က အရမ်းကို ကြီးမားနေသောကြောင့်ဖြစ်သည်။

ဒါ့အပြင် သူတို့၏ ဓမ္မအစီအရင်များကလည်း ကွဲပြားခြားနားနေသည်။

ယခု သူသည် ဤအကြောင်းကို သိရှိလိုက်ရပြီး တက္ကသိုလ်ဂိုဏ်းချုပ်က ပို၍ပင် စိတ်လှုပ်ရှားတက်ကြွနေသည်။

ဆူဇီမိုက ပိုမိုသန်မာလေလေ ဤတစ်ခေါက် သူရရှိမည့်အကျိုးအမြတ်က ပိုမိုကြီးမားလေပင်။

ဒါ့အပြင် မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်သည် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာထက်ပင် ပိုမိုကြီးမားသော ရတနာသိုက်တစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်သည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင် ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်ကို သိရှိလိုသောကြောင့်ဖြစ်သည်။ ထိုသူသည် သူ၏ ဂမ္ဘီရတွက်ချက်မှုများကနေပင် ပုန်းရှောင်နိုင်ခဲ့သည်။

“မင်းကလည်း ဒီနေ့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ပုံပဲ”

တက္ကသိုလ်ဂိုဏ်းချုပ်က ဆူဇီမိုကို ကြည့်ပြီးနောက် သိုင်းတာအိုပင်မခန္ဓာကိုကြည့်ကာ အဓိပ္ပါယ်ပါပါပြုံးလိုက်၏။ သိုင်းတာအိုပင်မခန္ဓာက မာရ်နတ်မျက်နှာဖုံးကို တစ်ဖန်ပြန်တပ်ပြီး တက္ကသိုလ်ဂိုဏ်းချုပ်ကို ကြည့်လိုက်၏။ ရုတ်တရက် သူ၏ မျက်လုံးထဲမှာ ခရမ်းရောင်းမီးတောက်နှစ်ခုပေါ်ထွက်လာပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်၏။

“မင်းမသေမချင်း ငါအေးအေးဆေးဆေးနေနိုင်မှာမဟုတ်ဘူး”

တက္ကသိုလ်ဂိုဏ်းချုပ်အသက်ရှင်နေသည်နှင့်အမျှ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်က အမြဲတမ်းရှိနေပေလိမ့်မည်။

“ငါအမှတ်မမှားဘူးဆိုရင် မင်းက တည်ဆောက်သူသစ်ပင်တောင်ကြောရိုးက တိုက်ပွဲမှာ မင်းရဲ့ ကောင်းကင်လိုဏ်ဂူကို စုဖွဲ့ထားခါစပဲ”

တက္ကသိုလ်ဂိုဏ်းချုပ်က သိုင်းတာအိုပင်မခန္ဓာကို လက်ညှိုးထိုးပြီးပြုံး၍ မေးလိုက်၏။

“အဲဒါက နှစ်နှစ်ထောင်ပဲရှိသေးတယ်ဆိုတော့ မင်းရဲ့ ကျင့်ကြံမှုနယ်ပယ်က ဘယ်အဆင့်ထိရောက်နိုင်မှာလဲ”

“ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာကျင့်ကြံရတာက ဘယ်လောက်တောင်ခက်ခဲလဲ… မင်းရဲ့ပါရမီအရည်အချင်းက ထူးခြားအံ့မခန်းဖြစ်နေပြီး မင်းက အဆုံးမဲ့အခွင့်အလမ်းတွေနဲ့ ကြုံကြိုက်ထားခဲ့မယ်ဆိုရင်တောင် မင်းက အလွန်ဆုံး ကောင်းကင်လိုဏ်ဂူအကြီးတစ်ခုကိုပဲ ရရှိထားလိမ့်မယ်လို့ ငါခန့်မှန်းမိတယ်… ဟုတ်တယ်မလား”

တက္ကသိုလ်ဂိုဏ်းချုပ်၏ ခန်းမှန်းချက်က တကယ်ပင် တစ်ဝက်တစ်ပျက်မှန်ကန်လေသည်။ ဆူဇီမိုက သူ့ကိုလျစ်လျူရှုပြီး ရုတ်တရက်ပြောလိုက်၏။

“မင်းက စောင့်ကြည့်နေတာ ဒီလောက်ကြာပြီဆိုမှတော့ အခုချိန်ထိ မင်းရဲ့ အစစ်အမှန်ခန္ဓာကို ထုတ်မပြချင်သေးဘူးလား”

“ဟမ်”

တက္ကသိုလ်ဂိုဏ်းချုပ်က အနည်းငယ်မှင်တက်သွားသည်။

ဆူဇီမိုက မှင်သေသေဖြင့်ပြောလိုက်၏။

“မင်းရဲ့ သတိကြီးကြီးထားတတ်တဲ့ စိတ်နေစရိုက်နဲ့ဆိုရင် အခုဒီမှာရပ်နေတဲ့သူက မင်းရဲ့ အစစ်အမှန်ခန္ဓာသေချာပေါက်မဟုတ်ဘူး… မင်းငါ့ရှေ့မှာ အဲဒါကို ဖုံးကွယ်ထားစရာမလိုဘူး.. မင်းရဲ့ အစစ်အမှန်ခန္ဓာကို ခေါ်လိုက်”

တက္ကသိုလ်ဂိုဏ်းချုပ်သည် ပြီးပြည့်စုံသော သူတော်စင်သုံးကျောက်စိမ်းကျမ်းကို ရရှိထားခဲ့သည်။

တစ်နည်းအားဖြင့် ဆိုသော် တက္ကသိုလ်ဂိုဏ်းချုပ်မှာ အနည်းဆုံး ကိုယ်ပွားသုံးခုရှိနေသည်။

“စိတ်ဝင်စားစရာပဲ”

တက္ကသိုလ်ဂိုဏ်းချုပ်က ထိုအချက်ကို ငြင်းပယ်ခြင်းမရှိပေ။

သူက ရယ်မောရုံသာ ရယ်မော၍ မေးလိုက်၏။

“မင်းကို ကိုင်တွယ်ဖို့ ငါ့ရဲ့အစစ်အမှန်ခန္ဓာနဲ့ တိုက်ခိုက်စရာလိုမယ်လို့ မင်းထင်လို့လား”

“မင်းက ကောင်းကင်လိုဏ်ဂူအကြီးတစ်ခုနဲ့ ငါ့ကို အကွက်ချကြံစည်ချင်တယ်ပေါ့… အဲဒီယုံကြည်မှု မင်းကို ဘယ်သူပေးထားတာလဲ”

တက္ကသိုလ်ဂိုဏ်းချုပ်က ထိုသို့ပြောလိုက်သည့်ခဏမှာပင် အစက ငြိမ်သက်နေသော သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက်တိုက်ခိုက်လိုက်ပြီဖြစ်သည်။

တက္ကသိုလ်ဂိုဏ်းချုပ်က သူ၏ အစစ်အမှန်ခန္ဓာကို မထုတ်ဖော်လိုဘူးဆိုမှတော့ သိုင်းတာအိုပင်မခန္ဓာက သူထွက်ပေါ်လာသည့်အထိ သူ့ကို ရိုက်နှက်ရပေမည်။

သိုင်းတာအိုပင်မခန္ဓာက များစွာလှုပ်ရှားခြင်းမရှိပေ။ ရှေ့သို့ ခြေလှမ်းတစ်လှမ်းတိုးရုံမျှနှင့် ဘေးပတ်ဝန်းကျင်လေဟာနယ်က တုန်ခါသွားပြီး တာအိုနှလုံးသားလှေခါးက ပြိုကျသွားသည်။

လောကတစ်ခုလုံးသည် ထိုဝန်ထုပ်ဝန်ပိုးကို ခံနိုင်ရည်ရှိပုံမရဘဲ စူးစူးဝါးဝါးငိုကြွေးသံကို ထုတ်ဖော်လိုက်၏။

ခြေလှမ်းတစ်လှမ်းမျှနှင့် လောကက လဲပြိုကျသွားသည်။

ခြေလှမ်းတစ်လှမ်းမျှမှာ သိုင်းတာအိုပင်မခန္ဓာသည် တက္ကသိုလ်ဂိုဏ်းချုပ်ရှေ့သို့ရောက်လာပြီး ပစ်ထိုးလိုက်၏။ ထိုထိုးချက်က အလွန်တရာရိုးရှင်းလေသည်။

အဲဒီမှာ လှပကြော့ရှင်းမှု၊ နတ်ဘုရားစွမ်းအား သို့မဟုတ် လျှို့ဝှက်အတတ်တို့ မပါရှိသော်လည်း သိုင်းတာအို၏ ဓမ္မပညာရပ်များအားလုံးနှင့် စိတ်စွမ်းအားက ထိုထိုးချက်မှာ ပါဝင်နေသည်။

မဟာတာအို၏ ပကတိပုံစံက ရိုးရှင်းမှုသို့ ပြန်သွားလေသည်။

သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့ပြေးဝင်လာသည်ကို တွေ့မြင်သောအခါ တက္ကသိုလ်ဂိုဏ်းချုပ်၏ အမူအရာက ပြောင်းလဲမသွားပေ။ သို့သော်လည်း သူ၏ မျက်လုံးထဲမှာ သရော်တော်တော်အကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်သည်။

“ငါအဲဒါကို အရင်ကပြောခဲ့တယ်… ပကတိခွန်အားနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အကွက်ချကြံစည်မှုတွေအားလုံးက ထိုးချက်တစ်ချက်ကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး”

“ဒီနေ့… ဧကရာဇ်နယ်ပယ်က ဘာလဲဆိုတာ… ဟမ်”

တက္ကသိုလ်ဂိုဏ်းချုပ်က စကားဆုံးအောင်မပြောရသေးခင် သူ၏ အသံက ယတိပြတ်ရပ်တန့်သွားသည်။

သူက ဆက်လက်၍ မပြောဆိုနိုင်တော့ပေ။

သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်က စကားတစ်ခွန်းမှ မပါဘဲ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ထိုထိုးချက်မှာ ရဲဝင့်စွာ ရှေ့သို့တက်လှမ်းခြင်း၊ အတိအကျလက်စားချေခြင်း၊ ကျေးဇူးတရားကို စိတ်ရှိသလိုပြန်ပေးဆပ်ခြင်း၊ ဘဝအတွက် ကောင်းကင်နှင့်မြေကြီးကို စိန်ခေါ်ခြင်း၊ ရဲဝင့်မှု၊ ဉာဏ်ပညာနှင့် ခွန်အားတို့ပါဝင်နေသည်။ ထိုထိုးချက်သည် မီးတောင်တစ်လုံးနှင့် ဆူနာမီလှိုင်းလုံးတစ်လုံးကဲ့သို့ တလိပ်လိပ်ထိုးတက်လာပြီး ချက်ချင်းပင်ရောက်ရှိလာခဲ့သည်။

အဲဒါက မွန်းကျပ်ဖွယ်ရာကောင်းလေသည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် ထိုစွမ်းအားနှင့် စိတ်ဆန္ဒတို့နှင့် အရမ်းကို ရင်းနှီးကျွမ်းဝင်မှုရှိခဲ့သည်။

အရင်တုန်းက သူသည် တာအိုနှလုံးသားလှေခါး၏ ဒသမမြောက်လှေခါးမှာ အဲဒါကို ခံစားမိခဲ့သည်။

ဒသမမြောက်လှေခါးထစ်ကို စုဖွဲ့ခဲ့စဉ်က အဲဒါသည် မဟာတာအိုနှင့်ပင် ပဲ့တင်ထပ်ပြီး ဓမ္မခရုသင်းနှင့် ဓမ္မဗုံတို့၏ အင်မော်တယ်အသံတို့ကို ဆွဲဆောင်နိုင်ခဲ့သည်။

ချက်ချင်းပင် တက္ကသိုလ်ဂိုဏ်းချုပ်က သူ့ကိုယ်သူဣန္ဒြေဆယ်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးကို ပြန်လည်ပစ်ထိုးလိုက်၏။

သူသည် ရှောင်တိမ်းခြင်း မရှိပေ။ သူ့အနေဖြင့် ထိုသို့လုပ်စရာလည်း မလိုအပ်ပေ။

ဧကရာဇ်နယ်ပယ်။

ဤသည်က သူ၏ အစစ်အမှန် မှီခိုအားထားရာဖြစ်သည်။

သူသည် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်လာခြင်းမရှိလျှင် ဤမျှအထိ ယုံကြည်မှုရှိနေလိမ့်မည် မဟုတ်ပေ။

ဤခန္ဓာက သူ၏ အစစ်အမှန်ခန္ဓာ မဟုတ်သော်လည်း အဲဒါသည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကိုသုံးပြီး သူစုဖွဲ့ထားသည့် ကမ္ဘာဦးခန္ဓာဖြစ်သည်။

သူတော်စင်သုံးပါးကျောက်စိမ်းကျမ်း၏ ကိုယ်ပွားခြင်းနည်းစနစ်များမှာ ကျောက်စိမ်းကျမ်းကနေ စုဖွဲ့လိုက်သောကိုယ်ပွားသည် သူ့အစစ်အမှန်ခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်အတိုင်း ရှိနေပေလိမ့်မည်။

တစ်နည်းအားဖြင့်ဆိုလျှင် တက္ကသိုလ်ဂိုဏ်းချုပ်သည် ဧကရာဇ်နယ်ပယ်မှာရှိနေပြီး သူစုဖွဲ့ထားသည့် ကမ္ဘာဦးခန္ဓာကလည်း ဧကရာဇ်နယ်ပယ်မှာရှိလေသည်။

ဤကမ္ဘာဦးခန္ဓာမှာ အမြုတေစိတ်ဝိညာည်နှင့် သွေးချီတို့မရှိသော်လည်း ရတနာသူတော်စင်ကျောက်စိမ်းကျမ်းသည် အစကတည်းက ခန္ဓာမှးဆေးနည်းစနစ်တစ်ခုဖြစ်ပြီး အနီးကပ်တိုက်ခိုက်ရည်မှာ ကြမ်းကြုတ်ခက်ထန်လေသည်။

ကမ္ဘာဦးခန္ဓာက ဧကရာဇ်နယ်ပယ်မှာရှိနေခြင်းနှင့်အတူ တက္ကသိုလ်ဂိုဏ်းချုပ်သည် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်စွမ်းအားဖြင့်ဖိနှိမ်မှုကို ခံနိုင်ရည်ရှိကာ ထိုးချက်တစ်ချက်နှင့်အတူ တန်ပြန်ပစ်ထိုးလိုက်၏။

တက္ကသိုလ်ဂိုဏ်းချုပ်က ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေခြင်းကို ဆူဇီမိုက အံ့အားသင့်မသွားပေ။

တက္ကသိုလ်ဂိုဏ်းချုပ်သည် စုန်းမျိုးနွယ်၏ မျိုးဆက်သွေးတစ်ဝက်ကို ပိုင်ဆိုင်ထားပြီး စုန်းမျိုးနွယ်၏ လျှို့ဝှက်အတတ်များကိုလည်း ကျင့်ကြံထားလေသည်။ သူသည် နည်းစနစ်သိုလှောင်ရုံနှင့် ပြီးပြည့်စုံသော တဗူးဂမ္ဘီရကျင့်စဉ် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကိုလည်း ရရှိထားသည်။ သူ၏ ပါရမီအရည်အချင်းနှင့် ဉာဏ်ပညာအရ သူက ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းခြင်းမရှိမှသာ ထူးဆန်းနေပေလိမ့်မည်။

အရင်တုန်းက တက္ကသိုလ်ဂိုဏ်းချုပ်နှင့် အင်မော်တယ်ဘုရင်မလင်းလုံသည် တစ်ချိန်တည်းမှာပင် မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်၏ အမွေအနှစ်ကို လက်ခံရရှိခဲ့သည်။ သို့သော်လည်း အင်မော်တယ်ဘုရင်မလင်းလုံသည် အချိုးအစားတိုင်းမှာ တက္ကသိုလ်ဂိုဏ်းချုပ်၏ ဖိနှိမ်ခြင်းခံနေရသည်။

တက္ကသိုလ်ဂိုဏ်းချုပ်က ဘယ်လောက်တောင်စွမ်းအားကြီးမားသလဲ သိသာလေသည်။

အစကတော့ ယခင်တက္ကသိုလ်ဂိုဏ်းချုပ်သည် နောက်ချန်အစီအစည်တစ်ခုဖြစ်သော ပန်းချီကားတစ်ချပ်နှင့် လူအိုကြီးရွှမ်၏ ကာကွယ်မှုကို ချန်ထားခဲ့သည်။ သို့သော်လည်း သူသည် နောက်ဆုံးမှာ လက်ရှိတက္ကသိုလ်ဂိုဏ်းချုပ်၏ အကွက်ချကြံစည်ခြင်းကို ခံရဆဲဖြစ်သည်။

အပေါ်ယံမှာကြည့်လျှင် တက္ကသိုလ်ဂိုဏ်းချုပ်၏ အကွက်ချကြံစည်မှုများက ပြိုင်ဘက်ကင်းလေသည်။

သို့သော်လည်း သူသည် လူအိုကြီးရွှမ်နှင့် ယခင်တက္ကသိုလ်ဂိုဏ်းချုပ်၏ ပန်းချီကားကို သတ်ဖြတ်နိုင်ခဲ့သည့် အစစ်အမှန်အကြောင်းအရင်းမှာ သူ၏ ဧကရာဇ်တစ်ပိုင်းအဆင့် ခွန်အားကြောင့်သာဖြစ်သည်။

လုံလောက်သည့်ခွန်အားမရှိဘဲ အကြံအစည်များအားလုံးသည် နောက်ဆုံးမှာ လေထဲရှိ သဲပွင့်များကဲ့သို့ဖြစ်ပြီး မည်သည့်အောင်မြင်မှုကိုမှ ရရှိနိုင်မည်မဟုတ်ပေ။

ကျင့်ကြံမှုနယ်ပယ်တူမှာ ဖိနှိမ်နိုင်သော ပြိုင်ဘက်ကင်းသည့် တိုက်ခိုက်ရည်ခွန်အား၊ ဉာဏ်ပညာနှင့် စဉ်းစားကြည့်၍ မရနိုင်သော ရည်မှန်းချက်သည် တက္ကသိုလ်ဂိုဏ်းချူပ်ကို အားနည်းချက်မရှိသလောက်နီးပါး ဖြစ်လာစေခဲ့သည်။

ဒါ့အပြင် လုယွင်၏ သတင်းပေးပို့ခြင်းမအောင်မြင်သည်ကို သိရှိပြီးနောက် တက္ကသိုလ်ဂိုဏ်းချုပ်သည် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီဆိုတာကို ဆူဇီမိုက သေချာသလောက်နီးပါး ခန့်မှန်းမိခဲ့သည်။

သူတို့သည် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ပြီးမှသာ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ပိတ်ဆို့တားဆီးပြီး သတင်းပို့အဆောင်၏ အငွေ့အသက်များအားလုံးကို ဖြတ်တောက်နိုင်ပေလိမ့်မည်။

ဤတိုက်ပွဲက လုံးဝလွယ်ကူလိမ့်မည် မဟုတ်ပေ။

All Chapters