← Chapters

နီညိုရောင်မျောက်ဝံများ၏ ကပ်ဘေး

Vol. 193 Ch. 2888

နီညိုရောင်မျောက်ဝံများ၏ ကပ်ဘေး

Vol. 193 Ch. 2888

“ရတနာစေတီကို အရင်သွားကြတာပေါ့”

လုယွင်က ဆူဇီမိုကို ကြည့်ပြီး ညင်သာစွာ ခေါင်းညိတ်ပြကာ သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ရတနာတွေကို လဲလှယ်ပြီးရင် ဒီနေရာကနေ တတ်နိုင်သမျှ မြန်မြန်သွားရအောင်”

ဆူဇီမိုသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များစွာကို မသတ်ဖြတ်ခဲ့သော်လည်း သူသည် အန္တိမပကတိစိတ်ဝိညာဉ် ၂၀ ကျော်ကို သတ်ဖြတ်ခဲ့သည်။

အန္တိမပကတိစိတ်ဝိညာဉ် ၂၀ ကျော်၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများကတော့ သူ့လက်ထဲမှာ ရှိနေသည်။

သူတို့ပေါ်ရှိ တိုက်ပွဲရမှတ်များကို သူ၏ တိုက်ပွဲရမှတ်များအဖြစ် အချိန်မရွေး ကူးပြောင်းနိုင်သည်။

သူသည် သူ၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ဆုံးရှုံးထားရပြီး သူစုဆောင်းရရှိထားသည့် တိုက်ပွဲရမှတ် ဘယ်လောက်များများရှိသည်ကို တွက်ချက်ဖို့ အချိန်မရခဲ့ပေ။ သို့သော်လည်း အဲဒါသည် အရေအတွက်သောင်းချီ ရှိလိမ့်မည်ဟု သူက ခန့်မှန်းမိသည်။

တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှ ထိပ်ဆုံးဆယ်ယောက်ထဲ နာမည်အများစုက မှေးမှိန်သွားခဲ့ပြီဖြစ်သည်။

ပထမဆုံးအတန်းကို ဆူကျူး၏ နာမည်က အစားထိုးဝင်ယူလာသည်။

ကမ္ဘာအများစုမှာ တူညီသော စိတ်ကူးရှိနေကြသည်။ သူတို့သည် မထွက်ခွာခင် ရတနာစေတီသို့ သွားရောက်ကြပေလိမ့်မည်။

မည်သို့ပင်ဆိုစေ သူတို့မှာ အချိန် နှစ်နာရီ ရသေးသည်။

ထိုစဉ်မှာပင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကနေ အေးစက်နေသော အသံက နောက်တစ်ဖန် ထွက်ပေါ်လာသည်။

“ရတနာစေတီကို ယာယီပိတ်ထားတယ်… ရတနာတွေကို လောလောဆယ်မှာ မလဲလှယ်နိုင်သေးဘူး”

ဓားကမ္ဘာမှ လူတိုင်းသည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်ကြသည်။

“ဒါက ဘာအဓိပ္ပာယ်လဲ”

လုယွင်က ဒေါသချောင်းချောင်းထွက်သွားပြီး စေဒကတက်လိုက်၏။

“သူတို့တွေက ဘာအကြောင်းရင်းမှ မရှိဘဲ ဒီလိုပဲ ပိတ်လိုက်တာလား… အဲဒါက စိုးမိုးဗိုလ်ကျရာကျမနေဘူးလား”

လုယွင်သည် ယခုထက်မက ပြောဆိုချင်သော်လည်း သူ့မှာ နောက်ဆံတင်းစရာ ရှိနေပြီး သူက အဲဒါကို တိုက်ရိုက်မပြောဆိုနိုင်ပေ။

တကယ်တော့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် ဓားကမ္ဘာကို တမင်သက်သက် ပစ်မှတ်ထားနေခြင်း ဖြစ်သည်ဟုပင် သူက သံသယဝင်မိနေသည်။

“ထားလိုက်စမ်းပါ”

ယုလန်က သူမ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက တစ်မူထူးခြားတဲ့ အဆင့်အတန်းရှိတယ်… သူတို့ရဲ့ အပြုအမူတွေနဲ့ပတ်သက်ပြီး ငါတို့ကို ရှင်းပြနေစရာမှ မလိုတာ… ငါတို့က မလိုအပ်တဲ့ ပြဿနာကို မရှာဘဲ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနဲ့ ပဋိပက္ခမဖြစ်ရင် အကောင်းဆုံးပဲ”

လုယွင်က မကျေမချမ်းဖြစ်နေသော်လည်း သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ခေါင်းညိတ်ပြလိုက်၏။

တကယ်တော့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ခွန်အားက ထူးခြားအံ့မခန်းဖြစ်သည်ကို သူကောင်းကောင်းသိထားသည်။ ဓားကမ္ဘာက ထိပ်တန်းကမ္ဘာကြီးတစ်ခု ဖြစ်သော်လည်း သူတို့က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို တိုက်ခိုက်နိုင်စရာ အကြောင်းမရှိပေ။

သည်ဘက်မျိုးဆက်မှာ နီညိုရောင်မျောက်ဝံကမ္ဘာသည် အစက ထိပ်တန်းကမ္ဘာကြီးတစ်ခု ဖြစ်ခဲ့သည်။

သို့သော်လည်း ဘာမှန်းမသိရသော အကြောင်းရင်းတချို့ကြောင့် နီညိုရောင်မျောက်ဝံမျိုးနွယ်နှင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကြားမှာ ပဋိပက္ခတစ်ခု ရှိလာခဲ့သည်။ ရလဒ်အနေဖြင့် နီညိုရောင်မျောက်ဝံကမ္ဘာသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ အပြစ်ပေးခံခဲ့ရသည်။ ဧကရာဇ် ဆယ်ပါးကျော်နှင့် မရေမတွက်နိုင်သော နီညိုရောင်မျောက်ဝံများက သတ်ဖြတ်ခံခဲ့ရသည်။

ဤတိုက်ပွဲသည် နီညိုရောင်မျောက်ဝံများ၏ ကပ်ဘေးအဖြစ် ကျော်ကြားခဲ့သည်။

ထိုတိုက်ပွဲနှင့်အတူ နီညိုရောင်မျောက်ဝံမျိုးနွယ်မှ ဧကရာဇ်ပညာရှင်များ၏ အရေအတွက်က လျော့ကျသွားပြီး ဆယ်ဦးမပြည့်တော့ပေ။

ဆယ်ဦးမပြည့်သော ဧကရာဇ်ပညာရှင်များနှင့်အတူ သူတို့သည် ထိပ်တန်းကမ္ဘာကြီးတစ်ခုအဖြစ် ဆက်လက်ရပ်တည်မနိုင်တော့ဘဲ အဆင့်နိမ့်ကမ္ဘာတစ်ခုအဖြစ် လျှောကျသွားခဲ့ရသည်။

အဲဒါသည် နီညိုရောင်မျောက်ဝံမျိုးနွယ်အပေါ် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ သေးငယ်သော သတိပေးချက်တစ်ခုမျှသာဖြစ်သည်ဟု ဆိုသည်။

နီညိုရောင်မျောက်ဝံက နောက်ဆုံးအချိန်မှာ အညံ့မခံခဲ့လျှင် နီညိုရောင်မျောက်ဝံကမ္ဘာက လုံးလုံးလျားလျား ဖျက်ဆီးခံရနိုင်သည်။

အစကတော့ နီညိုရောင်မျောက်ဝံသည် အလွန်တရာ ရန်လိုနေခဲ့ကြသည်။ သူတို့မျိုးနွယ်မှာ တိုက်ပွဲခေတ်ကို တည်ထောင်ခဲ့သည့် မဟာဧကရာဇ်တစ်ပါးပင် ရှိခဲ့ဖူးလေသည်။

သို့သော်လည်း သည်ဘက်မျိုးဆက်မှာ နီညိုရောင်မျောက်ဝံများ၏ ကပ်ဘေး ဖြစ်ပွားခဲ့ပြီးကတည်းက နီညိုရောင်မျောက်ဝံကမ္ဘာသည် ဘယ်တော့မှ ဦးမော့မလာတော့ဘဲ များစွာပိုမိုချုပ်တည်းလာရလေသည်။

ထိုစဉ်မှစ၍ နီညိုရောင်မျောက်ဝံမျိုးနွယ်သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ဘယ်တော့မှ ခြေချမလာတော့ပေ။

ဤတစ်ခေါက်မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ကန့်သတ်ချက်များကို ဖြေလျှော့ပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက စုဝေးရောက်ရှိလာလျှင်တောင် နီညိုရောင်မျောက်ဝံက ပေါ်ထွက်မလာခဲ့ပေ။

အတိတ်ကာလက မှတ်ဉာဏ်တချို့သည် လုယွင်၏ စိတ်ထဲမှာ ဖျတ်ခနဲပေါ်ထွက်လာပြီး သူက ကြိတ်၍သက်ပြင်းချလိုက်၏။

ဆူဇီမိုက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ သတင်းစကားကို ကြားသောအခါ သူကလည်း မျက်မှောင်ကြုတ်လိုက်သည်။

သို့သော်လည်း သိပ်မကြာခင် သူက စိတ်သက်သာရာရသွားပြီး မည်သည့်စကားမှမဆိုဘဲ သရော်တော်တော်ပြုံးလိုက်၏။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက အဲဒါကို ရည်ရွယ်သည်ဖြစ်စေ… မရည်ရွယ်သည်ဖြစ်စေ… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့လာရာ ဤခရီးစဉ်မှာ သူ၏ အကျိုးအမြတ်က လုံလောက်နေပြီ ဖြစ်သည်။

သူသည် တိုက်ပွဲရမှတ်များအားလုံးကို အသုံးချကာ အန္တိမပကတိစိတ်ဝိညာဉ်များ၏ တာအိုသစ်သီးများကို လဲလှယ်မည်ဆိုလျှင်တောင် သူသည် အရေအတွက်များစွာကို ရယူနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဤတိုက်ပွဲပြီးမှာ သူသည် အန္တိမပကတိစိတ်ဝိညာဉ်များ၏ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားသည့် တာအိုသစ်သီး ၂၀ ကျော်ကို ရရှိထားခဲ့ပြီဖြစ်သည်။

ဒါ့အပြင် သူသည် စောစောကတိုက်ပွဲကို ဘယ်တုန်းကမှ အတည်အတံ့ မမှတ်ယူခဲ့ပေ။

တာအိုသစ်သီး ၂၀ ကျော်ကျော်က သူ့အတွက် အပိုထပ်ဆောင်း ရရှိမှုတစ်ခုအဖြစ် ဆိုနိုင်သည်။

ဤတစ်ခေါက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့လာရာ ဤခရီးစဉ်မှာ သူ၏ အစစ်အမှန် ရည်ရွယ်ချက်တစ်ခုသာ ရှိသည်။

သူတို့သည် ရတနာများ လဲလှယ်ရယူဖို့အတွက် ရတနာစေတီကို မသွားရောက်နိုင်ဘူးဆိုမှတော့ ဓားကမ္ဘာမှ လူတိုင်းသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ဆက်လက်၍ ကြန့်ကြာမနေတော့ပေ။

သူတို့က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများကို မွန်မြတ်စံအိမ်မှာ ပြန်ထားပြီး သူတို့၏ အင်မော်တယ်ယာဉ်ပျံများပေါ်သို့ တက်လှမ်းလိုက်ကြသည်။ ထို့နောက် သူတို့သည် မွန်မြတ်ကျွန်းကနေ ထွက်ခွာကာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ အပြင်ဘက်သို့ ဦးတည်လာကြသည်။

အစကတော့ နန်းကြည်သည် အလင်းကမ္ဘာကနေ ထွက်ခွာပြီး ဆူဇီမိုနောက်သို့ လိုက်ပါလိုခဲ့သည်။ သို့သော်လည်း သူမကို ဆူဇီမိုက အကြည့်ဖြင့် တားဆီးထားခဲ့၏။

သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ အပြင်ဘက်မှာ အကျပ်အတည်းတစ်ခုနှင့် ကြုံတွေ့ရဖို့ အခွင့်အလမ်းများလေသည်။

ထိုအခိုက်အတန့်မှာ နန်းကြည်သည် သူ့ဘေးမှာ ရှိနေမည်ဆိုလျှင် သူမသည် သေချာပေါက် သက်ရောက်ခံရပြီး သူမ၏ အသက်အန္တရာယ်ကပင် ရှိလာနိုင်သည်။

အနည်းဆုံးတော့ အလင်းကမ္ဘာသို့ ပြန်လိုက်သွားပြီဆိုလျှင် သူမက အန္တရာယ်ကျရောက်လိမ့်မည် မဟုတ်ပေ။

ဘုရင်အေးစက်မျက်လုံး၊ ဘုရင်စုန်းသွေး၊ ဘုရင်ရှစ်ရှောနှင့် အခြားသောဘုရင်များက အကြည့်ချင်းဖလှယ်ပြီးနောက် သူတို့၏ ကမ္ဘာများမှ ကျင့်ကြံသူများနှင့်အတူ ချက်ချင်း နောက်ကနေ လိုက်ပါလာကြသည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ လူတိုင်းသည် နှစ်နာရီအတွင်း မွန်မြတ်ကျွန်းကနေ ထွက်ခွာကြရမည် ဖြစ်သည်။

အင်မော်တယ်ယာဉ်ပျံ တစ်ထောင်ကျော်က အလင်းစက်များအသွင်ပြောင်းလဲပြီး လေထုကို ဆုတ်ဖြဲလိုက်ကြ၏။ ဘုရင်အေးစက်မျက်လုံး၊ ဘုရင်စုန်းသွေးနှင့် အခြားသော ကမ္ဘာ ၂၀ကျော်မှ အင်မော်တယ်ယာဉ်ပျံများသည် အခြားသော အင်မော်တယ်ယာဉ်ပျံများနှင့် ရောထွေးနေပြီး သိသာထင်ရှားမှုမရှိပေ။

တစ်ခဏချင်းမှာပင် ဓားကမ္ဘာမှ လူတိုင်းသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကနေ ထွက်ခွာလာကြပြီဖြစ်သည်။

သူတို့သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ အပြင်ဘက်သို့ ရောက်ရှိလာသောအခါ လုယွင်နှင့် အခြားသူများသည် ဘေးပတ်ဝန်းကျင်ကို ချက်ချင်းပင် ထောက်လှမ်းကြည့်ရှုလိုက်ကြသော်လည်း သူတို့သည် သံသရဖူဆောင်းအဘိုးအိုကို မတွေ့မြင်ရပေ။

“ဘာဖြစ်နေတာလဲ”

ယုလန်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး အသံနှိမ့်ကာ မေးလိုက်၏။

“ဓားဧကရာဇ် သံသရဖူက ရောက်မလာဘူးလား”

လုယွင်ကလည်း မသက်မသာခံစားနေရသည်။

သူသည် သတင်းပို့အဆောင်ကို ဆုတ်ဖြဲထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ယေဘုယျအားဖြင့်ပြောရလျှင် သံသရဖူဆောင်း အဘိုးအိုသည် ထိုသတင်းစကားကို လက်ခံရရှိသည့်အခါ သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ရောက်ရှိနေသင့်လေပြီ။ သူက ဘာလို့ ပေါ်ထွက်မလာသေးတာလဲ။

“ငါတို့တွေက အန္တရာယ်ရှိချင်မှ ရှိလိမ့်မယ်… အဲဒါကြောင့် ဓားဧကရာဇ် သံသရဖူက သူ့ကိုယ်တိုင် ပေါ်ထွက်လာစရာမလိုဘူးလို့ ခံစားမိတာ ဖြစ်လိမ့်မယ်”

ပုံရိပ်ယောင်ဓားတောင်ထွတ်၏ တောင်ထွတ်သခင် ဖုန့်ရှုက ပြောလိုက်သည်။

“အဲ့လို မဟုတ်လောက်ဘူး”

လုယွင်က မျက်မှောင်ကြုတ်ပြီး ခေါင်းခါပြလိုက်၏။

“ဓားဧကရာဇ် သံသရဖူက လောလောဆယ်မှာ ရုပ်လုံးထွက်မပြချင်ဘူးဆိုရင်တောင် သူက ငါတို့ကို စိတ်အေးလက်အေးရှိစေဖို့ သူ့ရဲ့စိတ်ဝိညာဉ်အသိစိတ်နဲ့ အသံတစ်ခုကို ပို့လွှတ်ပြီးလောက်ပြီ”

ထိုစကားကို ကြားသောအခါ တောင်ထွတ်သခင်များက ရင်ထဲမှာ နင့်ခန်ဖြစ်သွား၏။

ထိုအချက်က တကယ်ကို ထူးဆန်းနေသည်။

ဘေးပတ်ဝန်းကျင်မှာရှိသော ကြယ်တာရာကောင်းကင်က မှောင်မည်းနက်ရှိုင်းကာ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ၏။ ဤအနီးအနားဝန်းကျင်မှာ သံသရဖူဆောင်း အဘိုးအို၏ မည်သည့်အငွေ့အသက်မှ မရှိပေ။

သံသရဖူဆောင်း အဘိုးအိုက သတင်းအချက်အလက်ကို မရရှိခဲ့တာများလား။

တောင်ထွတ်သခင်ရှစ်ဦးသည် ထိုအချက်ကို တစ်ချိန်တည်းမှာ တွေးမိလိုက်ကြသည်။

သူတို့ရှေ့မှ မြင်ကွင်းအတွက် ဤဖြေရှင်းချက်သာလျှင် ရှိလေသည်။

“အဲဒါက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ လက်ချက်ပဲ”

ယုလန်၏ အမူအရာက အေးစက်လာခဲ့သည်။

“ရှင့်ရဲ့ သတင်းစကားကို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ဖြတ်တောက်လိုက်တာဖြစ်မယ်”

အစကတော့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် သူတို့၏ အပြုအမူများနှင့်အတူ ဓားကမ္ဘာကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်ဟု လူတိုင်းက သံသယဝင်နေခဲ့ရုံသာဖြစ်သည်။

ယခု ဤကဲ့သို့သော အပြောင်းအလဲတစ်ရပ် ဖြစ်ပွားလာပြီး တောင်ထွတ်သခင်တချို့သည် ထိုအချက်ကို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနဲ့ ချက်ချင်းပင် ဆက်စပ်မိလာကြသည်။

“အဲဒါ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ လက်ချက်မဟုတ်ဘူး”

လုယွင်၏ အမူအရာက သုန်မှုန်နေပြီး ခေါင်းခါပြလိုက်၏။

“ငါက တစ်ခုခု ဖြစ်လာမှာကို စိုးရိမ်နေခဲ့တာ… ငါ သတင်းစကားပေးပို့တုန်းက ငါက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကနေ ခပ်လှမ်းလှမ်းကို တမင်သက်သက် ထွက်လာပြီး သတင်းပို့အဆောင်ကို ချိုးချေခဲ့တယ်… အဲဒါက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ လက်ချက်မဟုတ်ဘူးဆိုရင် ဧကရာဇ်တစ်ပါးရဲ့ ဓမ္မတာအိုပါဝင်တဲ့ သတင်းပို့အဆောင်တစ်ခုကို ဘယ်သူက ဖြတ်တောက်နိုင်စွမ်း ရှိမှာလဲ”

တောင်ထွတ်သခင်များ၏ အမူအရာများက အိုးတိုးအမ်းတမ်း ဖြစ်နေကြ၏။

ဆူဇီမိုက တောင်ထွတ်သခင်များ၏ အပြန်အလှန်ပြောဆိုစကားများကို ကြားရသောအခါ သူက တည်ငြိမ်နေပြီး စိတ်ထဲကနေ တီးတိုးရေရွတ်လိုက်၏။

“အဲဒါက နောက်ဆုံးတော့ ရောက်လာပြီပဲ”

သူသည် လုယွင်တို့ အုပ်စုကို တစ်စုံတစ်ရာ ရှင်းပြနေခြင်း သို့မဟုတ် သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်ခြင်း မရှိပေ။

ထိုအခိုက်အတန့်မှာ သူ၏ လှုပ်ရှားမှုတိုင်းသည် အခြားသူများ၏ စောင့်ကြည့်မှုအောက်မှာ ရှိနေနိုင်သည်။

မူမမှန်မှုတစ်ခုခုက တစ်ဖက်သူကို သံသယဝင်လာစေနိုင်သည်။

ထိုအခိုက်အတန့်မှာ ကမ္ဘာများစွာသည် သူတို့၏ အင်မော်တယ်ယာဉ်ပျံများနှင့်အတူ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကနေ ထွက်ခွာသွားကြပြီဖြစ်သည်။

ချက်ချင်းပင် သူတို့သည် အာကာသဥမင်ကြားထဲသို့ ဝင်ရောက်ပြီး သူတို့၏ ကမ္ဘာများရှိရာသို့ ပြန်ဖို့ပြင်နေကြသည်။

“ဒီနေရာကနေ အရင်ထွက်ကြတာပေါ့”

လုယွင်သည် လောလောဆယ်မှာ အဲဒါကို ပုံဖော်စဉ်းစားမရနိုင်သော်လည်း သူက မဆိုင်းမတွ ဆုံးဖြတ်ချက်ချပြီး လေဟာနယ်ကို ဆုတ်ဖြဲရန် အင်မော်တယ်ယာဉ်ပျံကို မောင်းနှင်လိုက်၏။

“လုယွင်… မင်းတို့​တွေ ဘယ်သွားကြမလို့လဲ”

ထိုစဉ်မှာပင် အေးစက်နေသော အသံတစ်သံ ထွက်ပေါ်လာ၏။

နောက်ခဏ၌ သိပ်သည်းပြင်းထန်သော အင်အားတစ်ရပ်က ထွက်ပေါ်လာပြီး အာကာသဥမင်ကို ချက်ချင်းပင် ထိုးဖောက်လိုက်၏။ ဓားကမ္ဘာ၏ အင်မော်တယ်ယာဉ်ပျံက ကြယ်တာရာကောင်းကင်၏ အပြင်ဘက်သို့ တွန်းပို့ခံလိုက်ရသည်။

ထိုအသံက ဘုရင်ရှစ်ရှော၏ အသံဖြစ်သည်။

လုယွင်နှင့် အခြားသူများက ရင်ထဲမှာ နင့်ခနဲဖြစ်သွားကြသည်။

All Chapters