အကွက်ချကြံစည်ခြင်း
Vol. 193 Ch. 2886
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ…
ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရှစ်ရှောနှင့် တခြားသောဘုရင်များ၏ အမူအရာများက ပျက်ယွင်းနေကြသည်။
ဤတစ်ခေါက်မှာ သူတို့ကမ္ဘာများ၏ အန္တိမပကတိစိတ်ဝိညာဉ်များ သေဆုံးသွားသည်က အကြောင်းအရင်းတစ်ခုသာ ဖြစ်သည်။ ဤစကားက ပျံ့နှံ့သွားမည်ဆိုလျှင် အဲဒါသည် သူတို့ကမ္ဘာများ၏ နာမည်ဂုဏ်သတင်းအပေါ် သေချာပေါက် ကြီးမားစွာ ရိုက်ခတ်လာပေလိမ့်မည်။
ဆန့်ကျင်ဘက်အနေဖြင့် အန္တိမပကတိစိတ်ဝိညာဉ် ၂၀ကျော်၏ သေဆုံးမှုသည် ဓားကမ္ဘာမှာ ဆူကျူး၏ နာမည်ဂုဏ်သတင်းကို အနှိုင်းမဲ့ဖြစ်လာစေပေလိမ့်မည်။
တကယ်တော့ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦး သေဆုံးသွားမည်ဆိုလျှင်တောင် အဲဒါသည် ကမ္ဘာကြီးများ… အထူးသဖြင့် ထိပ်တန်းကမ္ဘာကြီးများအတွက် အလွန်တရာကြီးမားသော သက်ရောက်မှုတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဘုရင်အေးစက်မျက်လုံးနှင့် အခြားသူများသည် မအီမသာခံစားချက်ကို ရရှိနေဆဲဖြစ်သည်။
သူတို့သည် ဓားကမ္ဘာ၏ ဆူကျူးထံမှ ပြင်းထန်သော ခြိမ်းခြောက်မှုနှင့် ဖိအားကို ခံစားနေရသည်။
ဤလူငယ်က ဗလာနယ်ဝိညာဉ်နယ်ပယ် ပကတိစိတ်ဝိညာဉ်တစ်ဦးသာဖြစ်ပြီး သူတို့က လက်ချောင်းတစ်ချောင်းဖြင့် သူ့ကို သတ်ဖြတ်နိုင်သော်လည်း…
သူ့ကို ဆက်လက်၍ ကြီးထွားခွင့်ပေးထားမည်ဆိုလျှင် သူက ဘယ်အတိုင်းအတာအထိ ကြီးပြင်းလာမည်ကို မည်သူကမှ မသိရပေ။
အနှိုင်းမဲ့ နတ်ဘုရားစွမ်းအား ခုနစ်ခု…
“ညီအစ်ကို အေးစက်မျက်လုံး… ညီအစ်ကို ရီယောင်၊ ညီအစ်ကို ရှစ်ရှော၊ ညီအစ်ကို ရွှယ်လီ၊ ညီအစ်ကို လုဝူတို့… ဒီနေ့ကိစ္စအတွက် မင်းတို့မှာ ဘာအစီအစဉ်တွေ ရှိလဲ”
ဘုရင်အေးစက်မျက်လုံးနှင့် အခြားသူများက နှုတ်ဆိတ်နေစဉ် သူတို့ငါးယောက်၏ စိတ်ထဲသို့ အသံတစ်ခုက ဝင်ရောက်လာ၏။ ထိုအသံသည် စုန်းကမ္ဘာမှ ဘုရင်စုန်းသွေး၏ အသံဖြစ်သည်။
ထိပ်တန်းကမ္ဘာကြီးများဖြစ်သော ကောင်းကင်ဘုံမျက်လုံးကမ္ဘာ၊ အလင်းကမ္ဘာ၊ ကျောက်တုံးကမ္ဘာ၊ သွေးကမ္ဘာ၊ ရွှေကျီးကန်းကမ္ဘာနှင့် စုန်းကမ္ဘာတို့၏ အန္တိမပကတိစိတ်ဝိညာဉ်များကြားမှာ သွေးကမ္ဘာ၏ ရွှယ်ဝမ်တစ်ယောက်ကသာ ရှင်သန်နိုင်ခဲ့သည်။ ကျန်ငါးယောက်က ဆူဇီမို၏ လက်ထဲမှာ သေဆုံးခဲ့ရသည်။
ဘုရင်အေးစက်မျက်လုံးနှင့် အခြားသူများအနေဖြင့် သူတို့သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့လာရာ ဤခရီးစဉ်မှာ သက်ဆိုင်ရာကမ္ဘာများ၏ ခေါင်းဆောင်များ ဖြစ်ကြသည်။
ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရီယောင်၊ ဘုရင်ရှစ်ရှောနှင့် အခြားသူများက အကြည့်ချင်းဖလှယ်လိုက်ကြသည်။
တကယ်တော့ သူတို့၏ ရင်ထဲမှာ အတွေးကိုယ်စီ ရှိနေကြသည်။ သို့သော်လည်း အဲဒါကို မည်သူကမှ အရင်စတင်မပြောဆိုကြပေ။
“ဘုရင်စုန်းသွေး… ခင်ဗျားက ဘာတွေးထားလို့လဲ”
ဘုရင်လုဝူက အသံတစ်ခု ပို့လွှတ်ကာ မေးလိုက်သည်။
ဘုရင်စုန်းသွေးက ရယ်မောကာ ပြောလိုက်၏။
“အားလုံးမှာ ကျုပ်လိုပဲ တူညီတဲ့အတွေးရှိနေမယ်လို့ ထင်တယ်… ကျုပ်တို့တွေက ဒီကောင်လေးကို ဓားကမ္ဘာကို အသက်ရှင်လျက် ပြန်သွားခွင့်မပေးနိုင်ဘူး… ကျုပ်တို့ သူ့ကို ရှင်းပစ်ရမယ်”
ဘုရင်အေးစက်မျက်လုံးနှင့် အခြားသူများက တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ တိတ်တဆိတ် သဘောတူထောက်ခံလိုက်သည်။
ဘုရင်စုန်းသွေးက ဆက်ပြောလိုက်သည်။
“ဒီတိုက်ပွဲအပြီးမှာ ဓားကမ္ဘာက ဆူကျူးက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ပြိုင်ဘက်ကင်းလာပြီလို့ ဆိုနိုင်တယ်… သူ့ကို ဘယ်သူကမှ ထပ်ပြီးရန်စရဲမှာ မဟုတ်တော့ဘူး”
“သူ့အနေနဲ့ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ သေရဖို့က မဖြစ်နိုင်တော့ဘူး”
နတ်ဘုရားဘုရင် ရီယောင်က မျက်မှောင်ကြုတ်လိုက်သည်။
“သူက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ထွက်ခွာလာပြီးတဲ့နောက် ငါတို့တွေက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ တိုက်ခိုက်တာကို ပိတ်ပင်တားမြစ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကြောင့် သူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”
“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ တိုက်ခိုက်တာကို ပိတ်ပင်တားမြစ်ထားတယ်ဆိုမှတော့ ငါတို့တွေက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ အပြင်ကိုရောက်တာနဲ့ အားလုံးအဆင်ပြေသွားပြီ မဟုတ်ဘူးလား”
ဘုရင်စုန်းသွေးက ပြုံး၍ မေးလိုက်၏။
ဘုရင်ရွှယ်လီက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်သည်။
“ညီအစ်ကို စုန်းသွေး… ငါတို့တွေက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကနေ ထွက်ခွာတဲ့အခါ ငါတို့ ထိပ်တန်းကမ္ဘာကြီးခြောက်ခုက ဘုရင်တွေက ဒီကောင်လေးကို သတ်ဖြတ်ဖို့ အတူပူးပေါင်းသင့်တယ်လို့ မင်းက ဆိုလိုချင်တာလား”
“အဲဒါက ကျုပ်တို့ ထိပ်တန်းကမ္ဘာကြီး ခြောက်ခုတင် မဟုတ်ဘူး”
ဘုရင်စုန်းသွေးက ပြောလိုက်သည်။
“ဘီလူးကမ္ဘာ၊ အဆိပ်ကမ္ဘာနဲ့ ကြယ်တာရာကမ္ဘာလို အဆင့်မြင့်ကမ္ဘာတွေအနေနဲ့ သူတို့ရဲ့ အန္တိမပကတိစိတ်ဝိညာဉ်တွေကလည်း ဆူကျူးရဲ့ လက်ထဲမှာ သေခဲ့ရတယ်… ငါတို့နဲ့ အတူပူးပေါင်းမယ့် အလယ်အလတ်ကမ္ဘာတချို့က ဘုရင်တွေလည်း ရှိနေလိမ့်မယ်”
“ဓားကမ္ဘာက တောင်ထွတ်သခင်ရှစ်ဦးက ဘယ်လောက်ပဲ သန်မာသန်မာ၊ သူတို့တွေက ငါတို့ကမ္ဘာတွေက ဘုရင် ၂၀၀ ကျော်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်မှာမဟုတ်ဘူး… သူတို့ရှစ်ယောက်က ဆူကျူးကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
ဘုရင်အေးစက်မျက်လုံးနှင့် ဘုရင်ရှစ်ရှောက ခေါင်းညိတ်လိုက်ကြ၏။
ဘုရင်အေးစက်မျက်လုံးသည် ဆူဇီမိုကို အရိုးထိတိုင် မုန်းတီးနေခဲ့ပြီဖြစ်သည်။ သူ့ကို သတ်ဖြတ်ရန် ဤကဲ့သို့သော အခွင့်အရေးတစ်ခုရှိနေမည်ဆိုလျှင် သူက အဲဒါကို သေချာပေါက် လက်လွှတ်ခံမည်မဟုတ်ပေ။
ကျောက်တုံးကမ္ဘာကတော့ သူတို့သည် အစကတည်းက ဓားကမ္ဘာနှင့် နက်ရှိုင်းသော ရန်ငြိုးရန်စရှိထားပြီး သူတို့မှာ မည်သည့်နောက်ဆံတင်းမှုမှ မရှိပေ။
ယခုအချိန်မှာ ထိပ်တန်းကမ္ဘာကြီးငါးခုနှင့် ပူးပေါင်းနိုင်ခြင်းသည် ဘုရင်ရှစ်ရှော လိုချင်သည့်အရာ အတိအကျဖြစ်သည်။
နတ်ဘုရားဘုရင် ရီယောင်၊ ဘုရင်ရွှယ်လီနှင့် ဘုရင်လုဝူတို့က တွေဝေတုံ့ဆိုင်းနေကြသည်။
ပထမအချက်၊ သူတို့သည် ဆူကျူးကို တိုက်ခိုက်ဖို့ ရွေးချယ်မည်ဆိုလျှင် အဲဒါသည် ထိပ်တန်းကမ္ဘာကြီးများကြား အသံတိတ်စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ရာကျနေပေလိမ့်မည်။ သူတို့သည် ဓားကမ္ဘာနှင့် ရန်သူများ လုံးလုံးလျားလျားဖြစ်လာလိမ့်မည်ဖြစ်ပြီး သူတို့သည် ဓားကမ္ဘာထံမှ လက်တုံ့ပြန်မှုကိုပင် ရင်ဆိုင်ရနိုင်သည်။
ဒုတိယအချက်၊ မည်သို့ပင်ဆိုစေ ဤကိစ္စသည် ဂုဏ်သိက္ခာမဲ့ရာကျသော လုပ်ရပ်ဖြစ်သည်။
ကောင်းကင်လိုဏ်ဂူဘုရင်တစ်ဦးမျှက ပကတိအင်မော်တယ်တစ်ဦးကို သတ်ဖြတ်ချင်သည်ဆိုလျှင် အဲဒါက အဆင်ပြေကောင်းပြေပေလိမ့်မည်။
သို့သော်လည်း ယခုက ထိပ်တန်းကမ္ဘာကြီးခြောက်ခု အတူပူးပေါင်းမည့် ကိစ္စဖြစ်သည်။
ဘီလူးကမ္ဘာ၊ အဆိပ်ကမ္ဘာနှင့် အခြားသော အဆင့်မြင့်ကမ္ဘာများနှင့် အလယ်အလတ်ကမ္ဘာများပါ ထည့်တွက်မည်ဆိုလျှင် သူတို့ဘက်မှာ ဘုရင် ၂၀၀ကျော် ရှိနေလောက်လေသည်။
ဘုရင် ၂၀၀ ကျော်က ပကတိစိတ်ဝိညာဉ်တစ်ဦးကို ပစ်မှတ်ထားခြင်းသည် အလွန်တရာ ဂုဏ်သိက္ခာမဲ့ရာကျပြီး သူတို့၏ နာမည်ဂုဏ်သတင်းအပေါ် ပျက်စီးထိခိုက်မှု ရှိလာပေလိမ့်မည်။
“ဒီကိစ္စက…”
ဘုရင်လုဝူက ခဏမျှ စဉ်းစားတွေးတောလိုက်၏။ သူက စကားစလိုက်သည့်အချိန်မှာပင် ဘုရင်စုန်းသွေးက သူ၏ နောက်ဆံတင်းမှုကို ခန့်မှန်းမိပုံရပြီး ပြုံးပြလိုက်၏။
“ခင်ဗျားတို့တွေမှာ နောက်ဆံတင်းစရာရှိနေတယ်ဆိုတာ နားလည်ပါတယ်”
“ဒါပေမဲ့ ကောင်းကင်ဘုံကမ္ဘာရဲ့ အပြင်ဘက်မှာ ကျုပ်တို့တွေက ဆူကျူးကို ပေါ်ပေါ်ထင်ထင် ပစ်မှတ်ထားမှာ မဟုတ်ဘူး”
“ကျုပ်တို့က ကျုပ်တို့မျိုးနွယ်တွေရဲ့ ပြိုင်စံရှားတွေအတွက် လက်စားချေတယ်ဆိုတဲ့ အကြောင်းပြချက်ကိုသုံးပြီး လုယွင်နဲ့ တခြားသူတွေကို ရန်စမှာပဲ… အဲဒီအချိန်ကျရင် ဘုရင်တွေကြားတိုက်ပွဲက ဘယ်လောက်တောင် ပြင်းထန်ကြမ်းတမ်းလာမလဲ… ဓားကမ္ဘာက ဆူကျူးက ပကတိစိတ်ဝိညာဉ်တစ်ဦးပဲ… သူ့အနေနဲ့ ဘုရင်တွေကြား ရုန်းရင်းဆန်ခတ်တိုက်ပွဲမှာ သေဆုံးသွားမယ်ဆိုရင် ပုံမှန်ပဲ”
နတ်ဘုရားဘုရင် ရီယောင်၊ ဘုရင်ရွှယ်လီနှင့် ဘုရင်လုဝူတို့၏ မျက်လုံးများက ဝင်းလက်သွားပြီး သူတို့က ခေါင်းညိတ်လိုက်ကြ၏။
ဤသည်ကား တကယ့်ကို အကြံကောင်းတစ်ခုဖြစ်သည်။
ထိုသို့ဖြင့် သူတို့သည် ဆူဖီမို သတ်ဖြတ်ဖို့ အဲဒါကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဓားကမ္ဘာက ခန့်မှန်းမိသည်ဆိုလျှင်တောင် သူတို့မှာ လုံလောက်သည့် သက်သေအထောက်အထား ရှိတော့မည် မဟုတ်ပေ။
“ဓားကမ္ဘာရဲ့ လက်စားချေမှုကတော့... ဟဲဟဲ”
ဘုရင်စုန်းသွေးက အေးစက်စွာ ရယ်မောပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“ကျုပ်တို့ထိပ်တန်းကမ္ဘာကြီးခြောက်ခု ပူးပေါင်းထားတာနဲ့ ဓားကမ္ဘာက လက်စားလာချေမယ်ဆိုရင်တောင် ကျုပ်တို့က ကမ္ဘာတွေကြားက အဲဒီတိုက်ပွဲကို ဂရုစိုက်နေစရာမလိုဘူး”
“အမှန်ပဲ”
ဘုရင်ရှစ်ရှော၏ အကြည့်က ကြမ်းကြုတ်ခက်ထန်လာပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ငါတို့ ထိပ်တန်းကမ္ဘာကြီးခြောက်ခု အတူပူးပေါင်းထားမယ်ဆိုရင် ငါတို့တွေက ဓားကမ္ဘာကို သေချာပေါက် ဖျက်ဆီးပစ်နိုင်တယ်”
ဘုရင်အေးစက်မျက်လုံးက ထပ်ပြောလိုက်သည်။
“ငါသိရသလောက်ဆိုရင် ဓားကမ္ဘာက အသန်မာဆုံးဧကရာဇ်တွေက အိုနေကြပြီ… သူတို့ရဲ့ သွေးချီက အားနည်းနေပြီ… သူတို့ရဲ့ တိုက်ခိုက်ရည်ခွန်အားက သူတို့ရဲ့ အထွတ်အထိပ်မှာ ရှိမနေလောက်တော့ဘူး”
နတ်ဘုရားဘုရင် ရီယောင်၊ ဘုရင်ရွှယ်လီနှင့် ဘုရင်လုဝူတို့က ခေါင်းညိတ်လိုက်ကြ၏။
တကယ်တော့ သူတို့သုံးယောက်သည်လည်း ဆူဇီမိုကို သတ်ဖြတ်ချင်နေကြသည်။
အဲဒါသည် သူတို့ကမ္ဘာများမှ အန္တိမပကတိစိတ်ဝိညာဉ်များသည် ဆူဇီမို၏ သတ်ဖြတ်ခြင်း ခံခဲ့ရသောကြောင့်သာလျှင် မဟုတ်ပေ။ ပို၍အရေးကြီးသည်မှာ သူတို့၏ နှလုံးသားအနက်ပိုင်းထဲတွင် အကြောက်တရားကို ခံစားနေရသောကြောင့်ဖြစ်သည်။
ဆူဇီမိုကနေတစ်ဆင့် သူတို့သည် အနာဂတ်ခြိမ်းခြောက်မှုကို တွေ့မြင်နေရသည်။
“ဒီလိုဆိုပေမဲ့ ငါတို့တွေက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ဘယ်လောက်ကြာကြာနေရမယ်ဆိုတဲ့ အချိန်ကန့်သတ်ချက်က မရှိတော့ဘူး”
ဘုရင်လုဝူက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဓားကမ္ဘာက ဆူကျူးက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ဆက်နေဦးမယ်ဆိုရင် ငါတို့တွေက သူ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး”
“မပူပါနဲ့”
ဘုရင်စုန်းသွေးက တည်ကြည်ခိုင်မာစွာ ပြောလိုက်၏။
“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက သက်ရှိတွေကို ဒီနေရာမှာ အမြဲတမ်းနေခွင့် သေချာပေါက်ပေးထားမှာ မဟုတ်ဘူး… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက သူတို့တွေကို နှင်ထုတ်လိုက်တာနဲ့ အဲဒါက ငါတို့ရဲ့ အခွင့်အရေးဖြစ်လာလိမ့်မယ်”
ထိုစဉ်မှာပင် နတ်ဘုရားဘုရင်ရီယောင်၏ အကြည့်က ရွေ့လျားသွားပြီး မျက်မှောင်ကြုတ်လိုက်၏။ ဓားကမ္ဘာမှ လုယွင်က အချိန်တစ်ခုမှာ ပျောက်ကွယ်သွားခဲ့သည်ကို သူက နားလည်သဘောပေါက်လိုက်သည်။
နတ်ဘုရားဘုရင်ရီယောင်က ရင်တစ်ချက်ထိတ်သွားပြီး သူက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“တစ်ခုခု ဖြစ်လာမှာလား… ဓားကမ္ဘာက ကြိုတင်ပြင်ဆင်ထားပြီး သူတို့ရဲ့ ဧကရာဇ်တွေကို ဆင့်ခေါ်လိုက်မယ်ဆိုရင်…”
“ပုံမှန်အခြေအနေမှာဆိုရင်တော့ အဲဒါက မဖြစ်နိုင်ဘူး”
ဘုရင်စုန်းသွေးက ပြုံးပြောလိုက်၏။
“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေက တိုက်ပွဲက ဘာပဲပြောပြော ပကတိစိတ်ဝိညာဉ်တွေကြားက တိုက်ပွဲတစ်ခုပဲ… အဲဒါက ဧကရာဇ်တွေ ပေါ်ထွက်လာစေရမယ့် အဆင့်အထိ ရောက်မှာမဟုတ်ဘူး”
“နောက်ပြီး ဒီတစ်ခေါက် ကျုပ်တို့ရဲ့ ပူးပေါင်းမှုက ရုတ်တရက်ကောက်ကာငင်ကာပေါ်ထွက်လာတဲ့ အကြံအစည်ပဲ… ဓားကမ္ဘာက အဲဒါကို ဘယ်လိုလုပ် ကြိုတင်သိရှိပြီး ကြိုတင်ပြင်ဆင်ထားနိုင်မှာလဲ”
“တကယ်တော့ သူတို့တွေက ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်တောင်မှ အလကားပဲ”
“အို… ဟုတ်လား”
ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရှစ်ရှောနှင့် အခြားသူများသည် ဘုရင်စုန်းသွေးက တစ်စုံတစ်ရာကို သွယ်ဝိုက်ပြောဆိုနေခြင်းဖြစ်ကြောင်း ခန့်မှန်းမိပြီး လှည့်ကြည့်လာကြသည်။
ဘုရင်စုန်းသွေးက ညင်သာစွာပြုံးပြီး အကွက်ချကြံစည်လိုသော အမူအရာဖြင့် ပြောလိုက်၏။
“မပူပါနဲ့… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ဘယ်သတင်းကမှ ဧကရာဇ်ပညာရှင်တွေဆီကို ရောက်နိုင်မှာ မဟုတ်ဘူး”