တိုက်ပွဲမြေကို ရှင်းလင်းခြင်း
Vol. 193 Ch. 2885
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဘုရင်များစွာသည် တွေ့ရသောမြင်ကွင်းမှာ တုန်လှုပ်နေပြီး ညည်းတွားရေရွတ်နေကြ၏။
ဤတစ်ခေါက်မှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပကတိစိတ်ဝိညာဉ်ပညာရှင်များသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ စုဝေးခဲ့ကြသည်။ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ အန္တိမပကတိစိတ်ဝိညာဉ်များနှင့် ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကြားမှာ ပြင်းထန်ကြမ်းတမ်း၍ သွေးသံရဲရဲထိတွေ့ရိုက်ခတ်မှု ဖြစ်လာမည်ကို လူတိုင်းက မျှော်လင့်ထားခဲ့ကြသည်။
သို့သော်လည်း အခြေအနေက ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူကမှ မျှော်လင့်မထားခဲ့ကြပေ။
ဤတိုက်ပွဲသည် ဘုရင်များ တွေးထင်ထားသည်ထက်ပင် များစွာပို၍ ချောက်ချားစရာကောင်းနေသည်။
တိုက်ပွဲတစ်ပွဲတည်းထဲမှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ အန္တိမပကတိစိတ်ဝိညာဉ် နှစ်ဆယ့်တစ်ဦးက သေဆုံးသွားခဲ့ရသည်။
တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်၏ ထိပ်ဆုံးဆယ်ယောက်ထဲမှ ထက်ဝက်ကျော်က သေဆုံးခဲ့ရသည်။
ထိုအခိုက်အတန့်မှာ သွေးကမ္ဘာမှ ရွှယ်ဝမ်သည် ကြောက်ရွံ့နေဆဲဖြစ်ပြီး သူ၏ မျက်နှာက ဖြူဖျော့နေ၏။ သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ဆင့်ခေါ်ပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်သို့ ပြန်လည်ထွက်ပြေးလာသည့်အချိန်မှာ သူသည် ဤတစ်ခေါက် သေချာပေါက် မျက်နှာပျက်ရပြီး ရယ်စရာဟာသတစ်ခုဖြစ်လာလိမ့်မည်ဟု ခံစားခဲ့ရသည်။
သို့သော်လည်း ကြည့်ရသည်မှာ သူသည် ထိုပုဂ္ဂိုလ်ကို ရန်စခဲ့ပြီးနောက် အသက်ရှင်နိုင်ခဲ့သည့် တစ်ဦးတည်းသော အန္တိမပကတိစိတ်ဝိညာဉ်ဖြစ်နေသည်။ အဲဒါနှင့်ပတ်သက်၍ ရှက်စရာလုံးဝမရှိတော့ပေ။
အဲဒါသည် သူဂုဏ်ယူဝင့်ကြွားပြောဆိုနိုင်မည့် တစ်စုံတစ်ရာပင် ဖြစ်လာနိုင်သည်။
တကယ်ဆို ဤတိုက်ပွဲ၏ သတင်း ပျံ့နှံ့သွားပြီးနောက် သက်ရှိများစွာ ဆွေးနွေးပြောဆိုလာမည့်စကားများကိုပင် သူက စဉ်းစာကြည့်မိလာသည်။
“အဲဒီတိုက်ပွဲတုန်းက တောင်တန်းတွေက ပြိုကျပြီး မြေပြင်က အက်ကွဲသွားခဲ့တယ်… ဓားကမ္ဘာက ဆူကျူးနဲ့ရင်ဆိုင်တဲ့ အန္တိမပကတိစိတ်ဝိညာဉ်နှစ်ဆယ်ကျော်က သေဆုံးသွားခဲ့တယ်… သွေးကမ္ဘာက ရွှယ်ဝမ်တစ်ယောက်ပဲ အသက်ရှင်နိုင်ခဲ့တယ်”
ထိုသို့အတွေးဖြင့်် ရွှယ်ဝမ်၏ အမူအရာက အနည်းငယ်ပျော့ပျောင်းသွား၏။ သူက အလိုလိုခေါင်းမော့ရင်ကော့လိုက်မိသည်။
ဤတိုက်ပွဲမှာ မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲမှ သုံးဦးကလည်း သေဆုံးသွားခဲ့သည်။
ဓားကမ္ဘာမှ နဝမမြောက်တောင်ထွတ်သခင်သည် သူ့ရှေ့တွင်ပိတ်ရပ်လာသူများက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများဖြစ်စေ၊ ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များဖြစ်စေ မည်သူ့ကို ချမ်းသာမပေးဘဲ သတ်ဖြတ်ခြင်းဖြင့် လမ်းဖောက်ခဲ့လေသည်။
ရှယင်၊ နတ်ဘုရားသားတော်မင်ဟွေ့နှင့် အခြားသူများကို အန္တိမပကတိစိတ်ဝိညာဉ်များဟု ခေါ်ဆိုမည်ဆိုလျှင်…။
ဓားကမ္ဘာမှ နဝမမြောက်တောင်ထွတ်၏ တောင်ထွတ်သခင်ကို အန္တိမများ၏ အန္တိမ၊ ပကတိစိတ်ဝိညာဉ်များအားလုံး၏ ပကတိပြိုင်စံရှားဟု ခေါ်ဆိုရပေမည်။
“သူက တိုက်ပွဲတစ်ပွဲတည်းနဲ့ နာမည်ကြီးလာပြီ… ဓားကမ္ဘာက အဲဒီလူက တကယ့်ကို ရက်စက်ကြမ်းတမ်းတာပဲ”
“ဒီလူက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ လုံးဝပြိုင်ဘက်ကင်းနေပြီ”
“သူက အခုချိန်ထိကို အရှိန်အဝါတစ်စက် မကျဘဲ တိုက်ခိုက်နိုင်နေအောင် သူက ဘယ်လိုကိုယ်ကာယကို ပိုင်ဆိုင်ထားသလဲမသိဘူး”
“ဘာပဲပြောပြော သူ့ကို အနှိုင်းမဲ့နတ်ဘုရားစွမ်းအားခုနှစ်ခုက ဆေးကြောသန့်စင်ပေးထားတာပဲ”
ကြီးမားစွာ ပျက်စီးထိုခိုက်ဆုံးရှုံးခဲ့ရသော ဘုရင်စုန်းသွေး၊ ဘုရင်ရှစ်ရှောနှင့် အခြားသောကမ္ဘာများမှ ဘုရင်များသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို တိတ်တဆိတ်ငေးကြည့်ရင်း သူတို့၏ အမူအရာများက ပျက်ယွင်းလာကြသည်။
ဘုရင်အေးစက်မျက်လုံးက ဤရလဒ်ကို လက်မခံနိုင်သေးဘဲ မုန်းတီးစွားပြောလိုက်သည်။
“အဲဒီ ကျန်တဲ့ အန္တိမပကတိစိတ်ဝိညာဉ်တွေက ဘာလုပ်နေကြတာလဲ…သူတို့တွေက ဘာလို့ သူ့ကို ရှောင်လွှဲနေကြတာလဲ”
“ဒီကောင်လေးက အရှိန်ကုန်သွားတဲ့ မြားတစ်စင်းဖြစ်နေပြီ… သူတို့ထဲက တချို့က ပူးပေါင်းလိုက်တာနဲ့ သူတို့က သူ့ကို သေချာပေါက်သတ်ဖြတ်ပြီး ရတနာပေါင်းများစွာကို ရရှိတော့မှာ”
ဘုရင်များစွာက ဘုရင်အေးစက်မျက်လုံးကို သနားဂရုဏာသက်စွာဖြင့်ကြည့်ပြီး မျက်နှာမဲ့ကာ သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြသည်။
ဘုရင်အေးစက်မျက်လုံးသည် ကြီးမားသော ထိုနှက်ချက်တစ်ခုကို ကြုံတွေ့လိုက်ရပြီး စိတ်လွတ်သွားပြီဖြစ်သည်ကို လူတိုင်းက ပြောနိုင်ကြသည်။
လက်ရှိအခြေအနေအရ ဓားကမ္ဘာမှ ဆူကျူးသည် အန္တိမပကတိစိတ်ဝိညာဉ်နှစ်ဆယ်ကျော်ကို သတ်ဖြတ်ထားခဲ့လေသည်။ ဘယ်သူက ရှေ့ကို မဆင်မခြင်တက်လှမ်းရဲတော့မှာလဲ။
ဓားကမ္ဘာမှ ဆူကျူးမှာ အခြားသော နောက်ချန်အစီအစဉ်များ ရှိနေဦးမလား ဘယ်သူက သိနိုင်မှာလဲ။
စောစောက ဝူရှင်းနှင့်လုထန်တို့ဦးဆောင်သည့် အန္တိမပကတိစိတ်ဝိညာဉ်ဆယ့်ရှစ်ယောက်အုပ်စုသည် အတူပူးပေါင်းခဲ့သည်မှာ ဆူကျုးက သန်မာချင်ယောင်ဟန်ဆောင်နေသည်ဟု သူတို့က တွေးခဲ့ကြသောကြောင့်ဖြစ်သည်။ သို့သော်လည်း သူတို့ဘာဖြစ်ခဲ့သလဲ။
အန္တိမပကတိစိတ်ဝိညာဉ်ဆယ့်ရှစ်ဦးစလုံးက ရှင်းလင်းသုတ်သင်ခံလိုက်ရပြီး မည်သူကမှ ချမ်းသာရာမရခဲ့ပေ။
လေဟာနယ်ယက္ခ၊ သွေးမျက်လုံးနှင့် မိစ္ဆာနတ်ဆိုးတို့ကတော့ ဆူဇီမိုသည် အဆက်မပြတ်တိုက်ခိုက်ပြီးနောက် သူ၏ ဝှက်ဖဲများ ကုန်ဆုံးသွားပြီဟု တွေးထင်ခဲ့ကြ၏။ ထို့သို့ဖြင့် သူတို့က အခြေအနေပေါ် အမြတ်ထုတ်ချင်ခဲ့ကြသည်။ သို့သော်လည်း သူတို့တွေ ဘာဖြစ်ခဲ့ကြသလဲ။
ထိုမဟာဆိုးယုတ်မိစ္ဆာသုံးဦးစလုံးက သေဆုံးသွားခဲ့ရသည်။
ဤကဲ့သို့သော အခြေအနေမှာ ဘယ်သူက ရှေ့ကို တက်လှမ်းရဲတော့မလဲ။
အင်မော်တယ်ဘုရင်မယိုလန်က ရယ်မောလိုက်၏။
“အရှိန်ကုန်သွားတဲ့ မြားတစ်စင်းလား… ဘုရင်အေးစက်မျက်လုံး… နင့်ရဲ့စကားကို ကြားရတာ ရင်းနှီးနေသလိုဘဲ… နင်အဲဒါကို အရင်ကလည်း ပြောခဲ့ဖူးတယ်မလား”
“သူက အရှိန်ကုန်နေတဲ့ မြားတစ်စင်းမဟုတ်လို့လား”
ဘုရင်အေးစက်မျက်လုံးက အံကို ကြိတ်ကာပြောလိုက်၏။
“သူက အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ခုနှစ်ခုကို ထုတ်ဖော်ခဲ့ပြီးပြီ… သူ့မှာ တခြားဘာဝှက်ဖဲရှိဦးမှာလဲ… အဲဒီအန္တိမပကတိစိတ်ဝိညာဉ်တွေက ဘာကို ကြောက်နေကြာတာလဲ… တကယ့်အမှိုက်တစ်အုပ်စုပဲ”
ဘုရင်အေးစက်မျက်လုံးသည် သူ၏ စိတ်ခံစားချက်များကို မထိန်းနိုင်တော့ဘဲ မစဉ်းစားမဆင်မခြင်ဖြင့် စတင်ပြောဆိုလာခဲ့ပြီဖြစ်သည်။
သူ၏ စကားလုံးများက ကမ္ဘာများစွာကို စော်ကားမိသွားလေသည်။
နေကာသစ်ပင်ကမ္ဘာ၏ ဘုရင်ဂမ္ဘီရဖုန့်က လှောင်ရယ်လိုက်၏။
“မင်းတို့ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က ရှယင်ကတော့ တကယ်ပဲ အမှိုက်မဟုတ်ဘူး… သူရဲ့ ဦးနှောက်က အဆံချောင်နေရုံပဲ”
“သူ့ရဲ့ ဦးနှောက်ကသာ အဆံချောင်မနေခဲ့ရင် သူက ဒီလိုရက်စက်ကြမ်းတမ်းတဲ့လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ရန်စမိခဲ့မှာလဲ”
“သူက အဲဒီသူကို ရန်စမယ်ဆိုရင်လည်း ထားပါတော့… အလွန်ဆုံး သူသေသွားရရုံပဲ… ဒါပေမဲ့ သူက သူကိုယ့်သူဉာဏ်ကောင်းတယ်ထင်ပြီး သူမသေခင် လူတစ်အုပ်စုကိုပါ အပါ ဆွဲခေါ်သွားခဲ့သေးတယ်”
လူရိုင်းကမ္ဘာမှ ဘုရင်တစ်ဦးက ခေါင်းညိတ်ပြီး မကျေမနပ်ဖြင့်ပြောလိုက်၏။
“ရှယင်ရဲ့ ရွှေ့ကွက်ကြောင့်မဟုတ်ရင် တခြားသူတွေက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ သေခဲ့ရမှာမဟုတ်ဘူး”
“လာပြန်ပြီလား”
ဘုရင်အေးစက်မျက်လုံး၏ မျက်နှာက နီမြန်းလာပြီး သူက အမျက်ဒေါသဖြင့် တုန်ယင်လာသည်။
သူတို့၏ ဘေးပတ်လည်မှ ဆွေးနွေးပြောဆိုသံများနှင့် ငြင်းခုန်သံများကို နားထောင်ရင်း ဓားကမ္ဘာမှ လူတိုင်းသည် မတူညီသော စိတ်ခံစားချက်များကိုရရှိနေကြသည်။
ဥပမာအားဖြင့် ပကတိစိတ်ဝိညာဉ်တချို့သည် ဆူဇီမိုကို စိတ်လှုပ်ရှားစွာနှင့် ဝမ်းသာအားရကြည့်နေကြ၏။
တောင်ထွတ်သခင်ရှစ်ဦးကတော့ သူတို့၏ စိတ်ခံစားချက်များက ပို၍ပင် မြင့်မားလေသည်။
လူတိုင်း၏ ရှေ့မှာ ဆူဇီမိုထုတ်ဖော်ပြသခဲ့သောအရာသည် သူ၏ ခွန်အားအပြည့်အဝမဟုတ်သည်ကို သူတို့က ကောင်းကောင်းသိရှိထားသောကြောင့်ဖြစ်သည်။
အနည်းဆုံးတော့ သူသည် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေးကို ဘယ်တုန်းကမှ အသုံးမပြုခဲ့ပေ။
ထိုသို့ဆိုလျှင်တောင် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားခုနှစ်ခု၏ အားဖြည့်ထောက်ပံ့မှုနှင့်အတူ ဆူဇီမိုသည် ပကတိဧကနယ်ပယ်မှာ ပြိုင်ဘက်ကင်းနေပြီဖြစ်သည်။
အခြားသော အန္တိမပကတိစိတ်ဝိညာဉ်များက မိုက်မဲစွာဖြင့် သူ့ကို ထပ်မံစိန်ခေါ်လာမည်ဆိုလျှင် သူတို့သည် ပို၍ပင်ကြောက်စရာကောင်းသော ဆူဇီမိုကို ပေါ်ထွက်လာစေဖို့ အခွင့်များလေသည်။
တကယ်တမ်းမှာ တောင်ထွတ်သခင်ရှစ်ဦးက အတွေးလွန်နေခြင်းသာဖြစ်သည်။
ထိုတိုက်ပွဲပြီးဆုံးသွားပြီးနောက် အနီးနားမှာ ရစ်ဝဲနေသော အန္တိမပကတိစိတ်ဝိညာဉ်များစွာရှိနေသော်လည်း မည်သူကမှ ရှေ့ကို မဆင်မခြင်မတက်လှမ်းရဲတော့ပေ။
စောစောက အန္တိမပကတိစိတ်နှစ်ဆယ်ကျော်က ဆိုးဆိုးဝါးဝါးသေဆုံးခဲ့ရသည်။ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများနှင့်ပင် သူတို့သည် ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိဘဲ သူတို့၏ တာအိုသစ်သီးများကို ဖောက်ခွဲဖျက်ဆီးဖို့ အခွင့်အရေးပင် မရရှိခဲ့ပေ။
ဘယ်သူက ရှေ့ကို မဆင်မခြင်တက်လှမ်းရဲတော့မှာလဲ။
သူ၏ အဆုံးစွန်သတ်ဖြတ်ခြင်းနည်းလမ်းသည် လူတိုင်း၏ ရင်ထဲမှာ စွမ်းအားကြီးမားသောခြိမ်းခြောက်မှုတစ်ခု ဖြစ်ပေါ်လာစေခဲ့ပြီဖြစ်သည်။
လူတိုင်း၏ မျက်လုံးများထဲမှာ ဆူဇီမိုသည် လုံးဝကို ထူးခြားအံ့မခန်းဖြစ်လာခဲ့သည်။
သူတို့က မဆင်မခြင်တက်လှမ်းမည်ဆိုလျှင် သူတို့သည် ပို၍ပင်ကြောက်စရာကောင်းသော တန်ပြန်တိုက်ခိုက်မှုတစ်ရပ်ကို ပေါ်ထွက်လာစေမလား မည်သူကမှ မသိရပေ။
တကယ်ဆို ဆူဇီမိုသည် ယခုအချိန်မှာ ရှစ်ခုမြောက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်မည်ဆိုလျှင်တောင် အန္တိမပကတိစိတ်ဝိညာဉ်များစွာက အံ့အားသင့်နေလိမ့်မည် မဟုတ်ပေ။
စစ်တုရင်အင်မော်တယ်ကျွင်းယု၊ လင်းရွှင်ကျန်း၊ လုံလီနှင့် မူလျန်တို့က မလှမ်းမကမ်းမှာ မတ်တတ်ရပ်ပြီး ထူးခြားသောအမူအရာများဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ အစကတော့ သူတို့သည် ဆူဇီမို၏ ဘက်မှာ ရပ်တည်ပေးပြီး အခြားသော အန္တိမပကတိစိတ်ဝိညာဉ်များနှင့် အသေအကြေတိုက်ခိုက်ပေးလိုခဲ့သည်။ သို့သော်လည်း သူတို့လေးယောက်မတိုက်ခိုက်နိုင်ခင် ဆူဇီမိုသည် ခေါင်းလေးလုံးလက်ရှစ်ဖက်အခြေအနေသို့ ဝင်ရောက်သွားပြီး အဘက်ဘက်မှာ သတ်ဖြတ်ခဲ့သည်ကို တွေ့လိုက်ရသည်။ ယခုအချိန်မှာ မရေမတွက်နိုင်သော ပကတိစိတ်ဝိညာဉ်များက သူ့ကို ရှောင်လွှဲနေရပြီဖြစ်ပြီး မည်သူကမှ ရှေ့ကို မတက်လှမ်းရဲတော့ပေ။
တိုက်ပွဲနယ်မြေမှာ အန္တိမပကတိစိတ်ဝိညာဉ်များ၏ အလောင်းများအပါအဝင် နေရာတစ်ဝန်းအလောင်းများစွာက ပြန့်ကျဲနေ၏။
အန္တိမပကတိစိတ်ဝိညာဉ်နှစ်ဆယ်ကျော်၏ ခန္ဓာကိုယ်များပေါ်မှာပင် ရတနာများစွာရှိနေသည်။
အဲဒီမှာ အန္တိမပကတိစိတ်ဝိညာဉ်များ၏ သိုလှောင်အိတ်များ၊ သူတို့ပိုင်ဆိုင်ထားသည့် ကပ်ဘေးကိုးခုသန့်စင်ယန်စိတ်ဝိညာဉ်ရတနာများနှင့် သူတို့ကောင်းမွန်စွာထိန်းသိမ်းထားသည့် တာအိုသစ်သီးများရှိနေသည်။
မျက်လုံးပေါင်းများစွာက ထိုရတနာများကို ငမ်းငမ်းတက်ကြည့်ရှုနေကြသော်လည်း မည်သူကမှ ရှေ့ကို တက်မလာရဲပေ။
ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် သူ၏ ခေါင်းလေးလုံးလက်ရှစ်ဖက်အခြေအနေကို ရုပ်သိမ်းပြီး အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားကနေ ထောက်ပံ့ပေးထားသည့် အင်အားကလည်း တဖြည်းဖြည်းပျက်ပြယ်သွားခဲ့ပြီဖြစ်သည်။
ထိုသို့ဆိုလျှင်တောင် သူ့ထံမှ ဖြာထွက်နေသော ခြိမ်းခြောက်နိုင်စွမ်းက ကြောက်စရာကောင်းနေဆဲပင်။
ဆူဇီမိုသည် တိုက်ပွဲမြေကို ရှင်းလင်းပြီး အန္တိမပကတိစိတ်ဝိညာဉ်များ၏ တာအိုသစ်သီးများကို သိမ်းဆည်းလိုက်၏။ ထိုတာအိုသစ်သီးများသည် သူ၏ ကျင့်ကြံမှုနယ်ပယ်ကို အမြန်ဆုံးမြှင့်တင်ပေးရန် ကူညီပေးနိုင်သည်။