သီချင်းသစ်-သူရဲကောင်းတစ်ယောက်ရဲ့ ဒဏ္ဍာရီ
Vol. 49 Ch. 732
ရဲ့လင်းချန်သည် ကွန်ပျူတာရှေ့၌ တည်ငြိမ်သော အမူအရာနှင့် ထိုင်နေသော်လည်း သူ့မျက်လုံးတွင် ရောထွေးနေသော ခံစားချက်များ ပေါ်လွင်နေသည်။
အင်တာနက်ပေါ်၌ အမျိုးမျိုးသော ပြောဆိုသံများ ရှိနေသည်။ အနုပညာသတင်းများက ပို၍ အသက်ဝင်နေ၏။
အချို့က သူ့ကို အားပေးပြီး၊ အချို့က ခနဲ့ကာ အချို့က ပွဲကြီးပွဲကောင်း ကြည့်ချင်နေကြပြီး တခြားသူများက သူ့အား ဝေဖန်နေကြသည်။
သူသည် တစ်ခုပြီး တစ်ခုကို သေချာ ဖတ်နေပြီးနောက် ရုတ်တရက် နှလုံးသားတွင်းမှ ထွက်ပေါ်လာသော ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။
သူသည် ဟင်းလင်းပြင်နယ်မြေ၊ ငရဲတံခါးနှင့် စစ်သည်တော်များကို စဉ်းစားမိသည်။ တိုက်ပွဲတွင်း၌ အသက်ဆုံးရှုံးသွားရသော လူများ၏ မျက်နှာများကို ပြန်မြင်ယောင်လာသည်။
ကမ္ဘာကြီး ပြောင်းလဲသွားခဲ့လေပြီ။ ကမ္ဘာက အမြဲတမ်း ခြိမ်းခြောက်မှုအောက်မှာ ရှိနေခဲ့သော်လည်း မရေတွက်နိုင်သော လူပေါင်းများစွာက ဤသည်ကို သတိမမူမိဘဲ ငြိမ်းချမ်းသောဘဝများတွင် ပျော်ရွှင်နေကြဆဲ ဖြစ်သည်။ စီးပွားရေးသည် အမြင့်ဆုံးသို့ ရောက်နေပြီး အနုပညာလောကကလည်း အရှိန်အဟုန် ကောင်းနေသောကြောင့် လူအများအပြားသည် စိတ်အေးလက်အေး ဘဝတွင် ဆက်လက်နေထိုင်ဖို့ ဆန္ဒပြင်းပြ နေကြဆဲ ဖြစ်သည်။
*ဒီလူတွေအတွက် စစ်သည်တော်တွေရဲ့ ပေးဆပ်မှုက တန်ဖိုးရှိရဲ့လား*
တကယ်တမ်းတွင် ထိုလူများသည် သူတို့အတွက် တစ်စုံတစ်ယောက်က အရာအားလုံးကို စတေးသွားခဲ့သည်ကို မသိကြချေ။
*ဝမ်းနည်းစရာကောင်းလိုက်တာ*
ဤသို့သော အခြေအနေမျိုးမှာတောင်မှ လူအများ ဖိအားအောက်တွင် စိတ်ကယောက်ကယက် ဖြစ်မည်ကို စိုးရိမ်သဖြင့် သတင်းကို ဖုံးကွယ်ထားကြသည်။ ဤသည်မှာ သာယာဝပြောမှုကို ထိန်းသိမ်းရန်သာ ဖြစ်သည်။
သူ ကဗျာတစ်ပုဒ်ကို ရုတ်တရက် စဉ်းစားမိသွားသည်။
"တောင်တန်းများ၏နောက်တွင် စိမ်းလန်းသောတောင်များသည် ရှိနေသည်။ အိမ်ကြီးရခိုင်များဘေးတွင် ပို၍ကြီးမားသော အဆောက်အအုံများ ထပ်မံဆောက်ထားသည်။ အနောက်ရေကန်၏ ပွဲတော်များသည် မပြီးဆုံးနိုင်တော့ပေ။ သက်တောင့်သက်သာရှိမှုကြောင့် မူးယစ်နေသော ခရီးသည်တို့သည် ဟန်ကျိုးကို ပြန့်ကျိုး အဖြစ်ယူဆခဲ့ကြသည်"
ထိုကဗျာကို စုန့်မင်းဆက် လက်ထက်တွင် ဂျင်များက တိုက်ခိုက်သဖြင့် တိုင်းပြည်က အန္တရာယ်ရှိနေချိန်မှာ ရေးသားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဟန်ကျိုးမြို့ကတော့ ဝင်ရောက်လာနိုင်သည့် တိုက်ပွဲများက အလျင်လိုမှုကို မစိုးရိမ်ဘဲ ပုံမှန်အတိုင်း ပွဲတော်များ ကျင်းပနေခဲ့သည်။ ပျက်စီးခြင်း မရောက်လာခင် ထိုအချိန်အတောအတွင်း မရေတွက်နိုင်သော ပညာရှင်များနှင့် အလှပဂေးများသည် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေခဲ့ကြသည်။
*ဒီလိုမျိုး ကာကွယ်ပေးတာ တကယ်ပဲ ကောင်းရဲ့လား*
သူသည် စစ်သည်တော်ဌာန၏ စိုးရိမ်ပူပန်မှုကို နားလည်ပါသည်။ သို့သော် စစ်သည်တော်ဌာန၏ ချဉ်းကပ်ပုံက အလွန်ကို ရှေးရိုးစွဲလွန်းသည်ဟု သူခံစားရတုန်းပင်။ ဤအတိုင်းသာဆိုလျှင် ဟင်းလင်းပြင်နယ်မြေကို တိုက်ခိုက်ရန် သူတို့၏ အင်အားကို ဘယ်နှစ်နှစ်တောင် မြှင့်တင်ရန် လိုအပ်နေမည်နည်း။
သူ မျက်လုံးကို မှိတ်လိုက်ပြီး စစ်သည်တော်တစ်ဦးချင်းစီ၏ မျက်နှာများက သူ့စိတ်ထဲ လက်ခနဲ ပေါ်လာသည်။ ရဲ့လင်းချန်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး အသံသွင်းခြင်းကို စတင်လိုက်သည်။
…
နိုင်ငံတကာ ဂီတလောက၏ လူအုပ်ကြားထဲတွင် …
"အဆိုတော်ဝိုင်က လူလုံးထွက်ပြမယ်လို့ ငါ မထင်ဘူး”
"ဟဲဟဲ၊ သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ မသိဘူး၊ တရုတ်လူမျိုးက ငါတို့နိုင်ငံရဲ့ အင်အားကို စိန်ခေါ်ဖို့ ဘယ်လိုများ ရဲရဲတင်းတင်းလုပ်နိုင်တာလဲ၊ တကယ့်ကို မသိနားမလည်တဲ့သူ"
"တရုတ်လူမျိုးတစ်ယောက်က အင်္ဂလိပ်သီချင်းတစ်ပုဒ် ရေးစပ်နိုင်တာကတင် တော်တော်လေး ရှားနေပြီ၊ တကယ်ပဲ ဒုတိယသီချင်းတစ်ပုဒ် ထုတ်နိုင်မယ်လို့ သူထင်နေတာလား?"
"ဒီတစ်ခါ ဒန်နီက အကျိုးကျေးဇူးတွေအားလုံးကို တကယ်ကို ခံစားနေရတာပဲ။ သူတို့က နာမည်ကြီးမှု အရှိန်အဟုန်အပေါ် ဘယ်လိုခုန်တက်ရမလဲဆိုတာကို သိနေကြတယ်"
"ဟုတ်တယ်၊ သူတို့ကို နာမည်ကြီးစေဖို့ အဆိုတော်ဝိုင် ရှိနေတာ တကယ် ကံကောင်းတာပဲ"
"ကံကောင်းလို့ ငါလည်း အရမ်းနောက်မကျဘဲ နာမည်ကြီးမှု အရှိန်အဟုန်အပေါ် ခုန်တက်နိုင်ခဲ့တာ၊ ငါ ဒီနေ့ ထုတ်ဝေလိုက်တဲ့ သီချင်းက ဆယ့်နှစ်နေရာကို ရောက်နေပြီ" "
ဝါး၊ ငါ မနာလိုလိုက်တာ၊ မင်း ဒီနေ့တင် ထိပ်ဆုံးဆယ်ဂဏန်းထဲ ရောက်ကောင်းရောက်နိုင်တယ်"
အဲ့ဒီအချိန်မှာပဲ တစ်စုံတစ်ယောက်က ရုတ်တရက် ထအော်လေသည်။
“လခွမ်း”
"မြန်မြန်လာကြည့်ကြ! အဆိုတော်ဝိုင် သီချင်းအသစ် ထုတ်ဝေတော့မယ့်ပုံပဲ!"
"ဘာ? မဖြစ်နိုင်တာ"
"ချီးပဲ … သူ တကယ် သီချင်းအသစ် ထုတ်နေတာပဲ"
"ဘာသီချင်းလဲ၊ နားထောင်ကြည့်ကြရအောင်"
"တော်တော်လေးကို သာမန်ပဲလို့ ခံစားရတယ်။ သူ အံ့ဖွယ်တစ်ခုကို ဖန်တီးနိုင်လိမ့်မယ်လို့ မထင်ဘူး။"
…
ဒန်နီနှင့် ဂျော့ရှ်၏ အသံသွင်း စတူဒီယို၌ …
ဒန်နီသည် သူ၏ ပရိသတ်များနှင့် ပျော်ပျော်ရွှင်ရွှင် စကားပြောနေပြီး ကမ္ဘာပေါ်မှ အကြောင်းအရာမျိုးစုံကို ပြောနေသည်။ သူသည် သူ၏ သီချင်းအသစ်အတွက် အောင်ပွဲခံ မိန့်ခွန်းကိုတောင် ပြင်ဆင်ထားပြီးလေသည်။ သို့သော်လည်း ထိုအချိန်မှာပင် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားပြီး မျက်လုံးများက ကျွတ်ကျမတတ် ပြူးကျယ်လာ၏။
"ဖက်ခ်! အဲ့ဒီတရုတ်ကောင် သီချင်းအသစ် ထုတ်လိုက်ပြီလား!"
ဂျော့ရှ်၏ မျက်နှာအမူအရာသည်လည်း အနည်းငယ် ပြောင်းလဲသွားပါတယ်။
"တကယ်ပဲ သီချင်းအသစ် ရှိနေတာလား?!"
ထို့နောက် သူက ခနဲ့၍ ပြောလိုက်သည်။
"ဒီလိုအခြေအနေမျိုးမှာ သူ့ကိုယ်သူ ဟန်ထုတ်ရဲတဲ့ အရူးပါလား၊ သူ သေချာပေါက် ရှုံးလိမ့်မယ်!"
"ဟားဟားဟား၊ သူ သူ့ကိုယ်သူ ပြတာ ကောင်းတာပေါ့။ ငါတို့ သူ့ကို နင်းချေတဲ့အခါ ပိုပြီး စိတ်ကျေနပ်မှု ရလိမ့်မယ်”
ဒန်နီက ရယ်နေသည်။
"သူ ဘာသီချင်းဆိုမလဲဆိုတာကို ငါ နားထောင်ချင်တယ်"
...
အင်တာနက်ပေါ်၌ ….
[သောက်ကျိုးနည်း! သောက်ကျိုးနည်း! သောက်ကျိုးနည်း! ဟိုတရုတ်အဆိုတော်ဝိုင် တစ်ယောက် သီချင်းအသစ် ထုတ်လိုက်ပြီ!]
[ဒါ တကယ်ပဲ အင်္ဂလိပ်သီချင်းပဲ!]
[သူ ဒီအပေါ်မှာ သေလောက်အောင်ကို စိတ်အားထက်သန်နေတာပဲ၊ ဟားဟားဟား!]
[အဲ့ဒီ မျက်နှာပြောင်တိုက်တဲ့ ခိုးချသူ တစ်ယောက် အရှက်ရတော့မယ်]
[လာကြ၊ ခိုးချသူတစ်ယောက် ဘာတွေပေးနိုင်မလဲဆိုတာ သွားနားထောင်ကြရအောင်]
[စမ်းသပ်ခံ ကြွက်ဖြစ်ချင်တဲ့သူ ရှိလား၊ ငါ့နားတွေ ဒုက္ခရောက်မှာကို ငါ ကြောက်တယ်]
[ခိုးချတာကလွဲရင် သူ့လို တရုတ်လူမျိုးတစ်ယောက်က ကောင်းမွန်တဲ့ အနုပညာလက်ရာတွေကို ထုတ်လုပ် နိုင်မယ်လို့ ငါ မထင်ဘူး]
...
တရုတ်နိုင်ငံ၏ Weibo ၌ …
[ဟားဟားဟား၊ အဆိုတော်ဝိုင်က သီချင်းအသစ် ထုတ်တော့မယ်။ သူ့ကို သွားပြီး ပံ့ပိုးပေးကြရအောင်!]
[သောက်ကျိုးနည်း၊ ဟုတ်တယ်ဟ၊ ငါ ရှိနေသေးလို့ တော်သေးတယ်၊ ငါ ပထမဆုံး နားထောင်သူ ဖြစ်ချင်တယ်]
[ဟိုနိုင်ငံခြားသားတွေကို ခေါက်ထားလိုက်စမ်းပါ၊ အဆိုတော်ဝိုင်က အကောင်းဆုံးပဲ!]
[ဒီအင်္ဂလိပ်သီချင်းက ငါတို့ကို စိတ်ပျက်စေမှာ မဟုတ်တာ သေချာတယ်၊ ဘာမှ ထပ်မပြောတော့ဘူး၊ ငါသွားတော့မယ်]
[ငါ ဒန်နီရဲ့ သီချင်းကို နားထောင်ပြီးပြီ၊ ဘာခံစားချက်မှ မရှိဘူး၊ ဒီလောက် ညံ့ဖျင်းတဲ့ အရည်အသွေးနဲ့ သူက အဆိုတော်ဝိုင်ကို ခိုးချတယ်လို့ စွပ်စွဲရဲတယ်၊ ဟာသပဲ]
[မတတ်နိုင်ဘူးလေ၊ နိုင်ငံခြားသားတွေက ငတုံးတွေဆိုတော့ တခြားသူတွေ စွပ်စွဲတာတွေကို လွယ်လွယ်နဲ့ ယုံလေ့ရှိကြတယ်]
[နိုင်ငံခြားသားတွေက လူလည်လုပ်နေတာ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခါတော့ အဆိုတော် Y သူတို့ရဲ့ မျက်နှာကို ရူးနှမ်းနေအောင် သေချာပေါက် ရိုက်ပေးလိမ့်မယ်]
…
စစ်သည်တော်ဌာန၌။
ချင်ပိုင်ချွမ်းနှင့် လင်းထျန်းရှုံးတို့ နှစ်ဦးစလုံး အားဖြည့်အနားယူနေကြသည်။
သူတို့၏ ဒဏ်ရာများက သူတို့၏ သိုင်းပညာ အခြေခံအုတ်မြစ်ကို ပြင်းပြင်းထန်ထန် ပျက်စီးသွားစေခဲ့သည်။ သူတို့၏ အသက်အရွယ်အရ သူတို့အား မသန်စွမ်းသူနီးပါး ဖြစ်သွားစေခဲ့သလေသည်။ သိုင်းပညာစံအိမ်မှ စိတ်ဝိညာဉ် ဆေးပင်များနှင့်တောင်မှ သူတို့ကို ကုသရန် ခက်ခဲသဖြင့် သူတို့အား တစ်ဝက်တစ်ပျက် အနားယူသည့် အဆင့်သို့ ရောက်သွားစေခဲ့သည်။ စစ်မြေပြင်ကို သွားရောက်ရန် သူတို့အတွက် မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် သူတို့သည် အလွန်အမင်း အားလပ်နေပြီး အင်တာနက်ကို ပြိုင်တူ သုံးနေကြလေသည်။
ချင်ပိုင်ချွမ်းက ခေါင်းခါ၍ မရယ်ဘဲ မနေနိုင်တော့ချေ။
“ဒီကလေးက တကယ်ကို ပြဿနာ ရှာရတာကို ကြိုက်တာပဲ၊ ဟားဟားဟား …”
လင်းထျန်းရှုံးက ခေါင်းညိတ်သဘောတူလိုက်သည်။
“ဟုတ်တယ်၊ ဒီကလေးက အနုပညာလောကကို အမြဲတမ်း စိတ်ဝင်စားနေပြီးတော့ နေ့တိုင်းနီးပါး သတင်းခေါင်းစဉ် ဖန်တီးနေတာ၊ သူက အာရုံစိုက်ခံရတာကို ကြိုက်နေတာပဲ”
ချင်ပိုင်ချွမ်းက ထပ်ပြောလာသည်။
“သူက လူငယ်တစ်ယောက်ပဲလေ၊ အာရုံစိုက်ခံရတာကို ကြိုက်တာ မဆန်းပါဘူး၊ ဒါပေမယ့် သူက တကယ်ကြီး သူ့ကိုယ်သူ ကလောင်နာမည်ခွဲတွေ ဖန်တီးခဲ့တာပဲ၊ ရယ်ချင်စရာပဲကွ၊ ဝိုင်လို့ခေါ်တဲ့သူတွေ အားလုံးက တကယ်တော့ တစ်ယောက်တည်းဆိုတာကို လူတွေ သိသွားတဲ့အခါကျရင် ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာကို သိချင်မိသား”
“ဒါက သူ့ရဲ့ ပါရမီတွေက အများကြီး ကွဲပြားနေလို့ပဲ၊ ငါ့ရဲ့ မြေးတွေသာ သူ့အရည်အချင်းတစ်ဝက်လောက်ပဲ ရှိမယ်ဆိုရင် ငါ အခုချက်ချင်း သေရမယ်ဆိုရင်တောင် စိတ်အေးလက်အေး သေနိုင်တယ်”
“တစ်ဝက်လား။ အဘိုးကြီးလင်း၊ မင်း အခု လောဘကြီးနေတာလား”
ချင်ပိုင်ချွမ်းက နောက်ပြောင်လိုက်သည်။
“ဟားဟားဟား၊ တကယ်ကို လောဘကြီးမိတာပဲ”
လင်ထျနန်းရှုံးက အပြုံးတုနှင့် ခေါင်းခါ၍ ထပ်ပြောလိုက်သည်။
“ငါ ဒီကလေး ဘယ်လိုသီချင်းမျိုး ရေးမလဲဆိုတာကို ကြည့်ကြည့်ဦးမယ်”
“ကြည့်ကြည့်ကြတာပေါ့”
ထို့နောက် အဘိုးအို နှစ်ယောက်လုံးသည် မျက်လုံးမှိတ်၍ သီချင်းဖွင့်တဲ့ ခလုတ်ကို နှိပ်လိုက်ကြသည်။
ခုနစ်စက္ကန့်စာ နိဒါန်းသည် ပေါ့ပေါ့ပါးပါးနှင့် ဝမ်းနည်းမှု အရိပ်အယောင်များ ပါဝင်နေခဲ့သည်။ ထို့နောက် ရဲ့လင်းချန်၏ အသံ ထွက်ပေါ်လာသည်။
“စာအုပ်ဟောင်းလေးအချို့ကို ကိုယ် ဖတ်မိတယ်
“ပုံပြင်လေးတွေနဲ့ ဒဏ္ဍာရီဇာတ်လမ်းတွေပေါ့
“အာခီလီရဲ့ ရွှေငွေစည်းစိမ်တွေ
“ဟာကျူလီ ပိုင်ဆိုင်တဲ့ ပါရမီတွေ
“စပိုက်ဒါမန်းရဲ့ ထိန်းချုပ်မှုတွေ
“လင်းနို့လူသားရဲ့ လက်သီးထိုးချက်တွေ
“ရှင်းရှင်းလင်းလင်း ပြောရရင် အဲ့ဒီထဲမှာ ငါ မပါဘူး”
…
အဖွင့်ပိုဒ်တစ်ပိုဒ်တည်းကပင် အဘိုးအို နှစ်ယောက်လုံးကို ကိုယ်ခန္ဓာ တောင့်တင်းသွားစေခဲ့သည်။ သူတို့၏ မျက်လုံးများတွင် ရှုပ်ထွေးသော ခံစားချက်များစွာနှင့် ပြည့်နှက်နေခဲ့သည်။
ရဲ့လင်းချန်၏ အသံက သိမ်မွေ့နူးညံ့နေသည်။ သူက ငြီးတွားနေသလို၊ ငိုကြွေးနေသလိုနှင့် ဝမ်းနည်းကြေကွဲမှု၊ ပူဆွေးမှု၊ လေးစားမှုတွေနှင့် ပြည့်နေပုံရသည်။
ထို့နောက်တွင်မူ သူ၏အသံက ဖြည်းဖြည်းချင်း မြင့်တက်လာပြီး ပြန်လည်ချေပလိုသည့် ရည်ရွယ်ချက်နှင့် တွန်းလှန်ရန် ကြိုးစားနေသလိုပင်။
“ဒါပေမဲ့ သူမက ပြောတယ် ဘယ်ကိုသွားချင်လဲတဲ့
“ဘယ်လောက်ထိ စွန့်စားချင်လဲတဲ့
“ငါက စွမ်းအားရှိတဲ့ လူစွမ်းကောင်းတွေကို ရှာနေတာ မဟုတ်ပါဘူးတဲ့
“တချို့ လူစွမ်းကောင်းတွေလိုမျိုး
“ဒဏ္ဍာရီပုံပြင်ထဲကလိုမျိုး
“ကိုယ် ပြောင်းလဲပေးနိုင်မယ့် အရာတစ်ခုခု ရှိမယ့်သူ
“ကိုယ် အကြင်နာပေးနိုင်မယ့် လူတစ်ယောက်
“ငါက အဲ့လိုမျိုးပဲ လိုချင်တာတဲ့”
…
[The Chainsmokers ရဲ့ Something Just Like This သီချင်းကို မူရင်းစာရေးဆရာက ခပ်တည်တည်ပဲ သူတို့သီချင်း လုပ်သွားပြန်ပါပြီ]