သီချင်းတစ်ပုဒ်အတွက် သန်းတစ်ရာ
Vol. 49 Ch. 735
ရဲ့လင်းချန်သည် သူ၏ စာကြည့်ခန်းထဲသို့ ဝင်လိုက်ပြီး ဟွမ်တိ (အဝါရောင် ဧကရာဇ်) ၏ နာမ်ပညာကျမ်းဟု ခေါ်သော စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်သည်။
သို့သော်လည်း အတန်ကြာအောင် လက်ထဲမှာ ကိုင်ထားသော်ငြားလည်း သူ၏စွမ်းရည် တိုးတက်လာမည့် လက္ခဏာ မပြခဲ့ပေ။ သူ နာကျင်စွာ ပြုံးလိုက်ပြီး တခြားစာအုပ်တစ်အုပ်ကို ပြောင်းယူလိုက်သည်။
သူ့ရဲ့ တရုတ်ဆေးပညာဆိုင်ရာ စွမ်းရည်က ၉၀% ကျော်နေပြီ ဖြစ်တယ်။ ၎င်းက သူ စာအုပ်တွေထဲမှာ ရှာနိုင်သည့် ဗဟုသုတအများစုကို နားလည်ပြီးသား ဖြစ်နေပြီဟု ဆိုလိုပေသည်။ တစ်စုံတစ်ယောက်က သူ့အတွက် တရုတ် ဆေးပညာကျမ်းကို ပေါင်းစည်းပေးခြင်းမရှိလျှင် သူက စာအုပ်အမျိုးမျိုးကို ကံစမ်းပြီး ရှာဖွေရုံသာ ရှိတော့သည်။ ကံကောင်းစွာနှင့် သူ အလျင်စလို လုပ်ရန် မလိုသဖြင့် စာအုပ်များကို ဖြည်းဖြည်းချင်း ရွေးချယ်နိုင်ခဲ့သည်။
လက်ထဲမှာ ကိုင်ထားသော ဆေးပညာစာအုပ်ကို ကြည့်ရင်း ရဲ့လင်းချန်က စနစ်ကို ပထမဆုံးရရှိခဲ့သည့်နေ့ကို ပြန်တွေးမိခဲ့သည်။ ထိုစဉ်က သူသည် သူ့အဖေနှင့်အတူ ဆေးရုံကို သွားခဲ့ပြီး ဟိုမှာရှိသည့် ဆေးပညာ စာအုပ်များမှနေ၍ စတင် သင်ယူခဲ့သည်။ အခြေအနေ တိုးတက်လာသည်နှင့်အမျှ သူ လေ့လာခဲ့သည့် ဗဟုသုတများနှင့် လင်းထျန်းရှုံးကို ကယ်တင်နိုင်ခဲ့သည်။
ပြန်တွေးကြည့်ပါက ယင်းက အိပ်မက်တစ်ခုလိုပင်။ ကံကြမ္မာက တကယ်ကို နက်နဲလှပေ၏။
သို့သော် သူ ထိုစဉ်ကတည်းက တရုတ်ဆေးပညာကို စတင်သင်ယူခဲ့သော်လည်း ၁၀၀% ကျွမ်းကျင်မှုအထိ မရောက်သေးပေ။ ရှက်စရာ ကောင်းလှပေသည်။
သူ အတွေးထဲ နစ်မြောနေစဉ်တွင် တုန်းမြောင်မြောင် တစ်ယောက် အလျင်စလို ပြေးလာသည်။ သူမမျက်နှာက နီမြန်းနေပြီး ဒေါသအရိပ်အယောင်လည်း ရှိနေပုံရသည်။
“ဘာဖြစ်တာလဲ။ ဘယ်သူက မင်းကို ဒေါသထွက်အောင် လုပ်လိုက်တာလဲ”
ရဲ့လင်းချန် မေးလိုက်ပြီး အနည်းငယ် အံ့ဩနေသည်။ တုန်းမြောင်မြောင်သည် ပြင်ပလောကကြောင့် အလွယ်တကူ စိတ်မထိခိုက်တတ်သည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမက စိတ်ခံစားမှုတွေကို လွှမ်းမိုးခွင့်မပေးသည့် စီးပွားရေးပညာရှင် တစ်ယောက် ဖြစ်သည်။ ပုံမှန်အခြေအနေမျိုးတွင် သူမက နူးညံ့သည့်ဘက်ကို ပြသလေ့ရှိပြီး တစ်ခါတရံ ဆိုးသွမ်းတတ်သည့် ပုံစံမျိုး ရှိလေသည်။
တုန်းမြောင်မြောင်က သူ့ကို စူးစိုက်ကြည့်လာပြီး နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
“ဒါဆို ရှင်က ဂရုမစိုက်ဘူးလား”
*ဂရုမစိုက်ဘူး*
ရဲ့လင်းချန် အံ့ဩသွားသော်လည်း ချက်ချင်း သဘောပေါက်သွားသည်။ တုန်းမြောင်မြောင်က အင်တာနက်ပေါ်က ဆွေးနွေးမှုတွေ အကြောင်း ပြောနေခြင်း ဖြစ်သည်။
“ငါ့သီချင်းကို မင်း ဖော်လိုလုပ်ထားမယ်လို့ ငါ ထင်မထားမိဘူး”
ရဲ့လင်းချန်က ပြုံးရင်း ခေါင်းခါလိုက်သည်။
“ဒါက သူတို့ရဲ့ ပါးစပ်တွေပဲလေ၊ သူတို့က နိုင်ငံရပ်ခြားမှာ ရှိကြတာ။ ဂရုစိုက်လို့ ဘာအကျိုးရှိမှာလဲ”
“ဒါပေမယ့် သူတို့က အရမ်းမျက်နှာပြောင်တိုက်တယ်! ရှင် ထွက်ပြောပြီး သူတို့ကို မာန်မဲသင့်တယ်”
တုန်းမြောင်မြောင်က ဒေါသတကြီး ပြောလာသည်။
ရဲ့လင်းချန်ရဲ့ နာမည်ကြီး မျက်နှာဖြတ်ရိုက်မှုကို မြင်ရရန် သူမ တစ်ပတ်လုံး စောင့်ခဲ့ရသည်။ အစတွင် ရဲ့လင်းချန်က ထိုရွံစရာကောင်းသည့် ဒန်နီကို ဖျက်ဆီးရန် အကြံတစ်ခုခု သုံးမည်ကို သူမ စောင့်နေခဲ့သည်။ သို့သော် သူမ တစ်ချိန်လုံး စောင့်နေသော်ငြားလည်း ဘာမှမဖြစ်လာပေ။ ရဲ့လင်းချန်က စာအုပ်တွေပဲ ဖတ်နေခဲ့လေသည်။
“ဒါက ရာဇဝတ်ကောင်တွေကို ခွင့်ပြုပေးရာရောက်တယ်ဆိုတာကို ရှင် မသိဘူးလား။ ဥက္ကဋ္ဌရဲ့၊ ရှင့်ရဲ့ သတ္တိက ဘယ်ရောက်သွားပြီလဲ”
တုန်းမြောင်မြောင်က ထပ်ပြောလာသည်။
“ကျွန်မ သိပ်တော်တဲ့ ရှေ့နေတစ်ယောက်ကို သိတယ်၊ ဒီတရားစွဲဆိုမှုမှာ ကျွန်မတို့ သေချာပေါက် အနိုင်ရလိမ့်မယ်”
ရဲ့လင်းချန် မရယ်ဘဲ မနေနိုင်တော့ချေ။
“ဟေး၊ သားရဲရန်စွယ်ဆေး ထုတ်လုပ်ရေး အခြေအနေ ဘယ်လိုရှိလဲ၊ ဒီလိုအဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေကို ဂရုစိုက်ဖို့ မင်း ဘာလို့ ဒီလောက် အားနေရတာလဲ”
“အနည်းဆုံး ငါတို့ အမြတ်ထုတ်ခံလို့ မရဘူး”
တုန်းမြောင်မြောင်က အခိုင်အမာ ပြောလာသည်။ ထို့နောက် သူမက ရဲ့လင်းချန်ကို သံသယမျက်လုံးနှင့် ကြည့်ကာ မေးလေသည်။
“ဒါ ရှင့်ပုံစံနဲ့ မတူဘူး၊ ကျွန်မ ရှင့်ကို သိလာကတည်းက ရှင် အမြတ်ထုတ်ခံရတာ တစ်ခါမှ မမြင်ဖူးဘူး၊ ရှင် လျှို့ဝှက်ချက် တစ်ခုခု ဖုံးကွယ်ထားတာလား”
ရဲ့လင်းချန်က ပခုံးတွန့်ပြီး ရယ်လိုက်သည်။
“စောင့်ကြည့်နေလိုက်။ တစ်စုံတစ်ယောက်က ငါ့ကို ဒီကိစ္စ ရှင်းပေးလိမ့်မယ်”
ဤသို့သောကိစ္စတွေက သူ့အတွက် ကလေးအကွက်သာ ဖြစ်သည်။ အတိတ်တုန်းမှာသာဆိုပါက သူ တစ်ဖက်လူကို ကောင်းကောင်း မျက်နှာဖြတ်ရိုက်ပေးရန် စဉ်းစားမိခဲ့လိမ့်မည်။ သို့သော် သူ့အတွေးအမြင်က ပြောင်းလဲ သွားခဲ့လေပြီ။ ထိုသို့ သေးငယ်သော ယင်ကောင်များနှင့် ဖြေရှင်းရန် သူ့မှာ အချိန်မရှိချေ။
“တစ်ယောက်က ရှင့်အတွက် ကူရှင်းပေးလိမ့်မယ် ဟုတ်လား၊ ဘယ်သူက ကူညီမှာလဲ”
တုန်းမြောင်မြောင်က မျက်မှောင်ကြုတ်၍ မယုံသင်္ကာ ပြောလိုက်သည်။
ရဲ့လင်းချန်က ဆက်ပြောလေသည်။
“မင်း ရောက်လာတာနဲ့ အတော်ပဲ၊ ဒီစာအုပ်စင်ကနေ ရှားပါးပြီး ထူးဆန်းတဲ့ စာအုပ်တွေကို ငါ့ကို ကူရှာပေးပါဦး”
တုန်းမြောင်မြောင်က အွန်လိုင်း ဆွေးနွေးမှုတွေကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီးနောက် သူမဖုန်းကို သိမ်းလိုက်သည်။ သူမက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
“ကောင်းပြီ”
...
ဒန်နီ၏ အသံသွင်းစတူဒီယို၌ ...
ဒန်နီနှင့် ဂျော့ရှ်တို့၏ မျက်နှာများတွင် အပြုံးများ လွှမ်းခြုံနေ၏။ သူတို့ ခေါင်းစဉ်ကို ထိန်းချုပ်ထားနိုင်တဲ့ ခံစားချက်က ပျော်ရွှင်စရာ ကောင်းလှပေသည်။ လှည့်ကွက်အနည်းငယ်နှင့် နောက်ဆုံးတွင် သူတို့က အနိုင်ရသူ ဖြစ်လာလိမ့်မယ်ဟု ဘယ်သူက ထင်ထားမည်နည်း။
“ဟားဟားဟား၊ ဆွေးနွေးမှုရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ပြီး ဦးဆောင်တာ”
ဒန်နီက ရယ်မောရင်း ပြောလိုက်သည်။
“ပြီးတော့ ဆိုက်ဘာစစ်သည်တွေကို ဆက်ငှားမယ်၊ ဒီတစ်ခါတော့ ငါ အဆိုတော်ဝိုင်ကို အမြတ်ထုတ်ရုံတင်မကဘဲ သူ့ရဲ့ ဂုဏ်သတင်းကိုလည်း ပျက်စီးသွားအောင် လုပ်ချင်တယ်”
ဂျော့ရှ်က ခေါင်းညိတ်လိုက်သည်။
“တရုတ်လူမျိုးတစ်ယောက်ကများ ငါတို့နိုင်ငံအထိ လာပြီး လက်တံရှည်ရဲတယ်၊ ဒီနေရာမှာ သူ့အတွက် နေရာမရှိဘူး ဆိုတာ ငါ သူ့ကို နားလည်အောင် လုပ်ပြမယ်”
သူတို့နှစ်ယောက်စလုံး အွန်လိုင်းက ဆွေးနွေးမှုတွေကို လိုက်ကြည့်နေပြီး တစ်ခါတစ်ရံ စကားပြောဆိုမှု၏ လှုပ်ရှားမှုကို ဦးဆောင်ရန် ဝင်ပါကြသည်။ အထူးသဖြင့် အဆိုတော်ဝိုင်ဟာ ငကြောက်တစ်ယောက် ဖြစ်ကြောင်း သူတို့ သိသွားသည့် အခိုက်ပင်။ သူ့ထံမှ အွန်လိုင်းဆွေးနွေးမှုများအပေါ် တုံ့ပြန်မှုမရှိတာက သူတို့ရဲ့ သတ္တိကို မြှင့်တင်ပေးခဲ့သည်။
*ဟားဟားဟား၊ သီချင်းရေးနိုင်လဲ ဘာဖြစ်လဲ၊ အများပြည်သူရဲ့ ထင်မြင်ချက်ကို မထိန်းချုပ်နိုင်ရင် မင်းက အမှိုက်ပဲ! ပျက်စီးခြင်းက စောင့်နေပြီလေ!*
ဒန်နီနှင့် ဂျော့ရှ်တို့နှစ်ယောက်လုံး စိတ်လှုပ်ရှားနေကြပြီး ဒါက သူတို့အတွက် ဘယ်လောက် အကျိုးရှိစေမလဲဟု စိတ်ဖြင့် တွက်ချက်နေကြသည်။
တစ်ဖက်တွင်မူ မေရီ၏မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေခဲ့သည်။ အထူးသဖြင့် သူမ၏ ထက်ဝက်နီးပါး ကျဆင်းနေသော နာမည်ကျော်ကြားမှုက ရုတ်တရက် ပြန်လည်အသက်ဝင်လာတာကို မြင်လိုက်ရချိန်တွင် ဖြစ်သည်။ ထိုမြင်ကွင်းက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်သွားစေခဲ့သည်။
ဆယ်နှစ်။
ဆယ်နှစ်တိတိ ရှိခဲ့လေပြီ။
နောက်ဆုံးတွင် သူမအား လူအများက ပြန်မှတ်မိခဲ့ပြီ။ ဤလှုပ်ရှားမှုက ရွှေအိုရောင် တေးရေးဆရာဆု ရနိုင်မည့် အခွင့်အရေးတောင် ပေးနိုင်လောက်သည်။
သူမနည်းလမ်းများက ကလိမ်ကကျစ် ကျသော်လည်း သူမအတွက် အကျိုးအမြတ်တွေ ယူဆောင်ပေးနေသရွေ့ အရေးမကြီးချေ။
သုံးယောက်စလုံး သူတို့၏ အနာဂတ်အကြောင်း စဉ်းစားနေချိန်တွင် နောက်ထပ် သတင်းတစ်ခုက အင်တာနက်ပေါ်၌ ပေါ်လာခဲ့သည်။
ထိုသတင်းသည် မူလက သတိထားမိလောက်စရာ မဟုတ်ခဲ့ချေ။ သို့သော် ဆောင်းပါးက အလွန့်ကို အခွင့်အာဏာရှိသည့် ရင်းမြစ်ကနေ လာခဲ့သဖြင့် နိုင်ငံခြားသား ပရိသတ်အများစုအား တုန်လှုပ်သွားစေခဲ့သည်။
၎င်းက Marvel Studios မှ ရောက်လာခြင်း ဖြစ်သည်။
တောက်ပသော အနီရောင်လိုဂိုက အလွန် မျက်စိပသာဒ ရှိနေသည်။ ထိုသတင်းသည် Marvel ၏ ပင်မစာမျက်နှာတွင် ကြေညာချက်အဖြစ် ပေါ်လာခဲ့ခြင်း ဖြစ်သည်။
[“Something Just Like This” သီချင်းဟာ Marvel စူပါဟီးရိုးတွေနဲ့ ကောင်းမွန်စွာ ကိုက်ညီပြီး ကျွန်တော်တို့ စတူဒီယိုဟာ အဆိုတော်ဝိုင်ဆီက မူပိုင်ခွင့်တွေ ဝယ်ယူဖို့အတွက် ဒေါ်လာ သန်း ၁၀၀ ကို အသုံးပြုဖို့ စီစဉ်နေပါတယ်]
Marvel သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ပရိသတ်အင်အား ရှိခဲ့သည်။ သတင်းကို ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် ကြည့်ရှုသူအရေအတွက်က တစ်သိန်းကျော်သွားခဲ့ပြီး ဆက်တိုက် တိုးလာနေသည်။
[သောက်ကျိုးနည်း! ငါ အိပ်မက်မက်နေတာလား၊ ဒါ အိပ်မက်ပဲ ဖြစ်ရမယ်]
[သန်း ၁၀၀? သောက်ကျိုးနည်း၊ သောက်ကျိုးနည်း သန်း ၁၀၀!]
[Marvel က ချမ်းသာတာ သေချာတယ်။ အကောင်ကြီးတွေလို့ မပြောရဘူး]
[အရမ်းကို ကြောက်ဖို့ကောင်းတာပဲ၊ တစ်သန်းပဲ ရရင်တောင် ငါ ရယ်ပြီး သေသွားလိမ့်မယ်၊ သန်း ၁၀၀ ဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး]
[သီချင်းတစ်ပုဒ်က သန်း ၁၀၀ တန်ဖိုးရှိတာလား။ ဒါက နေ့ခင်းကြောင်တောင် လုယက်တာပဲ! ဒါရူးတာပဲ!]
[အဆိုတော်ဝိုင် တကယ်ပဲ ကံကောင်းတယ်၊ လခွမ်း … ငါ အရမ်းအားကျတယ်။]
[ဒါ မဟုတ်သေးဘူး၊ သူတို့က အဆိုတော်ဝိုင်ကို ဘာလို့ မူပိုင်ခွင့်တောင်းနေတာလဲ၊ Marvel အမှားလုပ်ခဲ့တာလား၊ ဒီသီချင်းက အဆိုတော် Y နဲ့ မဆိုင်ဘူး!]
[အပေါ်ကသူ ပြောတာ မှန်တယ်၊ ဒီပိုက်ဆံက ငါတို့နိုင်ငံနဲ့ဆိုင်တယ်၊ ငါတို့က တရုတ်တွေကို ဘယ်လိုလုပ် လိမ်ဖို့ ခွင့်ပြုနိုင်မှာလဲ၊ ငါတို့ Marvel ကို သတိပေးသင့်တယ်]
[သွားကြစို့၊ ငါတို့ Marvel ရဲ့ တရားဝင်ဆိုဒ်မှာ သတိပေးမှုတစ်ခု ထားခဲ့မယ်။]
[ငါ မေရီကို သွားအသိပေးမယ်။ သူမက သီချင်းကို ရေးခဲ့တာမို့လို့ ပိုက်ဆံက သူမနဲ့ ဆိုင်တယ်။]
...
ဒန်နီ၊ ဂျော့ရှ်နှင့် မေရီတို့သည်လည်း Marvel ရဲ့ ကမ်းလှမ်းမှုကြောင့် အလားတူ မင်သက်နေခဲ့ကြသည်။
မယုံနိုင်စရာပင်။ ထိုသို့သော ပမာဏက သူတို့ အိပ်မက်ပင် မမက်ရဲသည့် အရာတစ်ခုပင်။
သူတို့ သတိဝင်လာသောအခါ သုံးယောက်စလုံး ပြိုင်တူ တုန်လှုပ်သွားခဲ့ပြီး ခေါင်းမွေးထောင်သွားလေသည်။ ယင်းမှာ ကြောက်ရွံ့စိတ်ကြောင့် မဟုတ်ဘဲ စိတ်လှုပ်ရှားမှုကြောင့် ဖြစ်သည်။
*ဒါက သန်း ၁၀၀ ပဲ*
လက်ရှိတွင် လူတိုင်းက သီချင်းကို မေရီ ရေးသည်ဟု ထင်နေကြသည်။ သူတို့ ရှေ့ထွက်လိုက်သည်နှင့် ... သန်း ၁၀၀ ကို သူတို့ ပိုင်ဆိုင်ရပေတော့မည်။
သူတို့ ထီပေါက်သွားခဲ့လေပြီ။
“မြန်မြန်! မင်းရဲ့ စတေးတပ်စ်ကို အမြန်တင်၊ မေရီ၊ မင်းရဲ့ ရပ်တည်ချက်ကို ထိန်းသိမ်းရမယ်၊ မင်းက သီချင်းကို ရေးခဲ့တဲ့သူဆိုတာ မှတ်ထား၊ အမြန်သွားပြီး ပိုက်ဆံကို တောင်းဆိုလိုက်၊ အဲ့ဒီ သန်း ၁၀၀ က ငါတို့အပိုင် ဖြစ်လာတော့မှာ”
ဒန်နီက အလောတကြီး တိုက်တွန်းလိုက်သည်။
...
စာစဉ် ၄၉ ပြီးပါပြီ။