← Chapters

ပြဿနာရှိနေသောဆိုင်

Vol. 80 Ch. 1187

ပြဿနာရှိနေသောဆိုင်

Vol. 80 Ch. 1187

ဤသည်မှာ ဧရာမအိမ်ခြံမြေအကျိုးတော်ဆေင်တစ်ခုဖြစ်သည်။ လူအများ အသွားအလာပြုလုပ်နေသောကြောင့် အတော်သက်ဝင်စည်ကားလှရာ၊ လူအများအပြားသည် မေးခွန်းများ မေးမြန်းနေကြသည်။ များမကြာမီတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လျင်မြန်စွာ ရောက်ရှိလာ၍ ဂရုတစိုက် မေးမြန်းလိုက်သည်။

"သခင်လေး၊ ငှားဖို့လား ဝယ်ဖို့လား"

"ကျုပ် ငှားဖို့ စီစဉ်နေတာ" ချူးယွင်ဖန်းက ပြောလိုက်သည်။ သူသည် ခုန်းလုံမြို့တွင် မည်မျှကြာကြာနေထိုင်မည်ကို မသိနိုင်သောကြောင့် အိမ်ခြံမြေဝယ်ရန် မသင့်တော်ပေ။

"အငှားဆိုတော့ ဘာအတွက်သုံးမှာလဲလို့ မေးလို့ရမလား၊ ကိုယ်ပိုင်အိမ်ရာအတွက်လား ဒါမှမဟုတ် စီးပွားရေးအတွက်လား" လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချူးယွင်ဖန်းကို ဘေးဘက်သို့ ခေါ်ဆောင်သွားကာ သူ့အတွက် သောက်ရေတစ်ခွက် အလျင်အမြန် ငှဲ့ပေးလိုက်သည်။

"ကျုပ်က ဆေးရောင်းဖို့ စီစဉ်ထားတော့ လုံးချင်းဆိုင်ခန်း ငှားချင်တာ" ချူးယွင်ဖန်းက ပြောသည်။

"ဆိုင်မှာ ကိုယ်ပိုင်ဆေးဖော်စပ်ခန်းပါမယ်ဆိုရင် အကောင်းဆုံးပေါ့"

"တိုက်ဆိုင်လိုက်တာ" လူလတ်ပိုင်းအရွယ် အမျိုးသားက အလျင်အမြန် ဖျစ်ညှစ်ပြုံး၍ ပြောလိုက်သည်။

"မကြာသေးခင်ကမှ လူတစ်ယောက်က သူ့ဆိုင်ခန်းနေရာကို အငှားတင်ထားတာ။ သူက သာမန်ဆေးပညာရှင်တစ်ယောက်လည်း ဟုတ်တယ်။ အစက ဘိုးဘေးတွေဆီက အမွေဆက်ခံတဲ့ လုပ်ငန်းတစ်ခုဆိုပေမယ့် သူ့မျိုးဆက်ကို ရောက်တော့ သူ့မှာအရည်အချင်း သိပ်မရှိတာနဲ့ အခြေအနေက တဖြည်းဖြည်း ကျဆင်းလာတာ။ အခု အဲဒီနေရာကို အငှားတင်ထားရတယ်။ ကြည့်ချင်တယ်ဆိုရင် သခင်လေးကို လိုက်ပြပေးနိုင်ပါတယ်"

"ကောင်းပြီ၊ သွားကြည့်ရအောင်" ချူးယွင်ဖန်းက ပြောလိုက်သည်။

"ကျေးဇူးပြုပြီး အနောက်က လိုက်ခဲ့ပေးပါ။ နာမည်ကို သိလို့ရမလား သခင်လေး" လူလတ်ပိုင်းအရွယ် အမျိုးသားက ချူးယွင်ဖန်းကို ဂရုတစိုက် စိုက်ကြည့်လိုက်သည်။ သူသည် သူ၏အလုပ်ငန်းပိုင်းကြောင့် အလွန် မျက်စိရှင်နေသည်။ ချူးယွင်ဖန်း၏အဝတ်အစားများသည် အလွန်တန်ဖိုးကြီးပုံမပေါ်ဘဲ သာမန်လူများထက် အနည်းငယ်သာ သာလွန်သော်လည်း သူ၏အပြောအဆိုနှင့် အပြုအမူတိုင်းသည် အထက်တန်းလွှာဆန်သော အငွေ့အသက်များပါရှိနေသည်။ ထိုကဲ့သို့သောလူများသည် အင်အားကြီး ပုဂ္ဂိုလ်များဖြစ်သည်။ ၎င်းတို့သည် အချိန်တော်ကြာ ရာထူးကြီးနေရာတွင် ဆုံးဖြတ်ချက်များချမှတ်ပြီးနောက် ထည်ဝါသော အရောင်အဝါမျိုး ရောထွေးနေလေ့ရှိသည်။

အသက်အရွယ်ကို ကြည့်ခြင်းအားဖြင့် ချူးယွင်ဖန်းသည် အင်အားကြီးမားသူ သို့မဟုတ် ကျော်ကြားသော အင်အားစုတစ်ခုမှ ဆင်းသက်လာသူဖြစ်လိမ့်မည်ဟု တွေးတောမိသွားသောကြောင့် သူ၏အတွေးအချို့ကို ချုပ်တည်းထားလိုက်သည်။ သူသည် အိမ်ခြံမြေကိုယ်စားလှယ်တစ်ဦးဖြစ်သောကြောင့် မည်သူက သူ့ကို လိမ်လည်မည် မလိမ်လည်ခြင်းနှင့်ပတ်သက်၍ သဘာဝကျကျ သိနေသည်။ မည်သည့် ဒေါသအရိပ်အမြွက်မျှ မပြသသော ချူးယွင်ဖန်းသည် ရန်မဆွသင့်သော ပုဂ္ဂိုလ်မျိုးဖြစ်သည်။

"ကျုပ်မျိုးရိုးနာမည်က ချူး" ချူးယွင်ဖန်းက ပြောလိုက်သည်။

"ဒါဆို သခင်လေးချူးပေါ့၊ ကျုပ်ကို လောင်ကျင်လို့ ခေါ်လို့ရပါတယ်" လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောသည်။

သူသည် စကားပြောနေစဉ် ချူးယွင်ဖန်းကို ဆေးအရောင်းအဝယ် လမ်းမသို့ ခေါ်ဆောင်ခဲ့သည်။ ဤလမ်းတစ်လျှောက်တွင် ဆေးအရောင်းအဝယ်ဆိုင်များစွာ ဖွင့်လှစ်ထား၍ လှုပ်ရှားမှုများဖြင့် စည်ကားနေခဲ့သည်။ ထိုနေရာတွင် သွားလာနေကြသော လူတစ်ဦးချင်းစီသည် သာမန်ရိုးကျဆန်ပုံမပေါ်ပေ။ ပညာသားပါသူများသည် ၎င်းတို့ကြားတွင် သွားလာလှုပ်ရှားနေကြသည်။

၎င်းတို့တစ်ဦးချင်းစီသည် အလွန်ပြင်းထန်သည့် သိုင်းပညာအရောင်အဝါများ သယ်ဆောင်ထားကြသောကြောင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် ခွဲခြားရလွယ်ကူစေသည်။ ၎င်းတို့အားလုံးသည် သိုင်းပညာရှင်များဖြစ်ကြ၍ သာမန်သိုင်းပညာရှင်မျိုး မဟုတ်ကြပေ။ ၎င်းတို့အားလုံးသည် ဓားသွားအထက်တွင် ရှင်သန်နေထိုင်ခဲ့ကြသော ပုဂ္ဂိုလ်များဖြစ်သည်။ ထိုလူအသီးသီးသည် ဓါးတောင်နှင့် မီးပင်လယ်ထက်မှ ဆင်းသက်လာသူများဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် အလွန်ပြင်းထန်သော သွေးညှီနံ့များ သယ်ဆောင်ထားကြသည်။ သာမန်လူများသည် ၎င်းတို့၏ မျက်စိဖြင့် မမြင်နိုင်သော်လည်း ထိုလူများကို အာရုံဖြင့် အလိုလို ခံစားနိုင်ကြသည်။

"ဒီလမ်းမက စီးပွားရေးက တော်တော်လေး ကောင်းပုံရတယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။

"ဟုတ်ပါတယ်၊ သခင်လေးချူး။ ကြည့်လိုက်ပါ။ ဒီလမ်းမှာ ဆေးမျိုးစုံရောင်းချကြတော့ ကြေးစားသမားတွေနဲ့ မုဆိုးတော်တော်များများ ဒီကိုခဏခဏ လာကြတယ်လေ" လောင်ကျင်က ရှင်းပြလိုက်သည်။

ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ ထိုသို့သော လူနှစ်မျိုးနှစ်စားသည် ဆေးများ အလိုအပ်ဆုံးဖြစ်ကြသည်။ ဆေးလုံးများသည် မွန်းစတားများ မွေးဖွားရာ တောရိုင်းဒေသ၌ အသက်တစ်သက်ဖြစ်လာနိုင်သည်။ ထိုလူများသည် ချူးယွင်ဖန်းကဲ့သို့ အကြွင်းမဲ့ ခွန်အားမျိုးမရှိပါက၊ ၎င်းတို့၏အသက်ကို ကယ်တင်ရန်အတွက် ဆေးလုံးများကို အားကိုးရပေလိမ့်မည်။

မကြာမီတွင် ချူးယွင်ဖန်းသည် လောင်ကျင်နှင့်အတူ လမ်းထောင့်ရှိ ဆိုင်တစ်ဆိုင်ကို လိုက်ပါသွားခဲ့သည်။ အနီးနားရှိ သက်ဝင်လှုပ်ရှားနေသော အခြားဆိုင်ခန်းများနှင့် နှိုင်းယှဉ်ပါက၊ ဤဆိုင်သည် လမ်းလယ်တွင် တည်ရှိနေသည်။ ၎င်း၏တည်နေရာသည် အလွန်ကောင်းမွန်သော်လည်း ထူးဆန်းသည့်အချက်မှာ ထိုနေရာတွင် လူသိပ်မရှိလှပေ။ ၎င်းသည် လျစ်လျူရှုခံထားရသော ခံစားချက်မျိုး ပေးစွမ်းကာ တံခါးသည် အချိန်မရွေး ပြိုလဲမည့်ဟန်ဖြင့် တိမ်းစောင်းနေသည်။ ချူးယွင်ဖန်းသည် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ ၎င်း၏ တည်နေရာအရ စီးပွားရေးသည် ဤမျှမဆိုးဝါးသင့်ပေ။

"ဝမ်ကျောက်" လောင်ကျင်က တံခါးခေါက်၍ အော်ခေါ်လိုက်သည်။

"တံခါး ဖွင့်ဦး။ ဒီမှာ ဆိုင်ခန်းငှားဖို့ လာကြည့်နေတယ်"

ခဏအကြာတွင် လူတစ်ဦးက တံခါးဖွင့်ပေးလိုက်သည်။ ၎င်းသည် အသက်သုံးဆယ်ကျော် လူလတ်ပိုင်းတစ်ဦးဖြစ်ကြောင်း ချူးယွင်ဖန်း မြင်တွေ့နိုင်သော်လည်း ထိုလူသည် အလွန် စုတ်ချာနေပုံပေါ်သည်။ သူ၏အဝတ်အစားများသည် အချိန်ကြာကြာ မလျှော်ဖွပ်ခဲ့ပုံပေါ်၍ မုတ်ဆိတ်မွေးများသည်လည်း ရှည်လျားလျက်ရှိနေသည်။ သူသည် အလွန်စိတ်ဓာတ်ကျနေပုံပေါ်သည်။

"ဪ မင်းကို လောင်ကျင်" လူလတ်ပိုင်းအရွှယ် အမျိုးသားက အံ့အားသင့်စွာ ပြောလိုက်သည်။

"မင်း ခုနက ဘာပြောလိုက်တာလဲ၊ ဆိုင်ခန်း ငှားဖို့ လူရောက်နေတယ် ဟုတ်လား"

"ဟုတ်တယ် ဒီနေ့ မင်း ကံကောင်းတယ်။ ဒီမှာ လူတစ်ယောက်က မင်းဆိုင်ကို ငှားချင်လို့တဲ့" လောင်ကျင်သည် ဝမ်ကျောက်ကို အလျင်အမြန် မျက်လုံးမှိတ်ပြလိုက်သည်။

"မင်း ဘာတွေပြောနေတာလဲ။ ကျုပ် ကံမကောင်းမှန်း ဒီနားမှာ ရှိသမျှလူတိုင်းသိတယ်။ ဒါတောင် ကျုပ်ဆိုင်ကို တကယ်ငှားချင်တဲ့လူရှိနေတာလား" ဝမ်ကျောက်က ချက်ချင်း မေးမြန်းလိုက်သည်။

လောင်ကျင်သည် ဝမ်ကျောက်၏စကားကိုကြားသောအခါ အနည်းငယ် ရှက်ရွံ့သွားလေသည်။ ချူးယွင်ဖန်းသည် သူ၏နံဘေးတွင် ၎င်းတို့၏ စကားစမြည်ပြောမှုကို အပြုံးဖြင့် ကြည့်နေခဲ့သည်။ ဤဆိုင်၏တည်နေရာသည် အလွန်ကောင်းမွန်သော်လည်း တစ်ချိန်တည်းမှာပင် ပြဿနာကြီးတစ်ခုရှိနေမည်မှာ သိသာထင်ရှားသည်။ လောင်ကျင်သည် ကနဦးတွင် ဤအကြောင်းအရာအားလုံးကို ဖုံးကွယ်ထားခဲ့သည်။ သို့သော် ဝမ်ကျောက်က ထိုကဲ့သို့ ကျယ်လောင်စွာ ဖွင့်ပြောလိုက်မည်ဟု မည်သူသိမည်နည်း။ လောင်ကျင်သည် ချူးယွင်ဖန်း၏ အပြုံးကို မြင်လိုက်သောအခါ သူ၏အကြံအစည်များ ပေါ်ပေါက်သွားပြီဖြစ်ကြောင်း နားလည်သွားခဲ့သည်။

"သခင်လေးချူး၊ ခင်ဗျားကို တမင် ဖုံးကွယ်ထားချင်လို့ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီဆိုင်ရဲ့တည်နေရာကို ခင်ဗျားလည်း မြင်မှာပါ။ ဒီနေရာက တကယ် ပထမတန်းစားနေရာပါ။ နောက်ပြီး ဝမ်ကျောက်ကလည်း ဆေးပညာရှင်တစ်ယောက်ဆိုတော့ အိမ်နောက်ဖေးမှာ ဆေးဖော်စပ်တဲ့အခန်းတစ်ခုရှိတယ်။ ဒါက ခင်ဗျား တောင်းဆိုချက်တွေအရ အသင့်တော်ဆုံးနေရာပါ"

"ဒါပေမယ့် ဒီလိုနေရာကောင်းကို ဘာလို့အငှားတင်ထားရတယ်ဆိုတဲ့ အကြောင်းကို ခင်ဗျား မပြောခဲ့ဘူးမဟုတ်လား" ချူးယွင်ဖန်းက ထိုသို့ပြောလိုက်သည်။

"ကျုပ်က ပြဿနာတစ်ခုတလေဖြစ်မှာကို ဂရုမစိုက်ပေမယ့် ကျုပ်အရှေ့တွင် လှည့်ကွက်သုံးရဲတယ်ဆိုတော့ ခင်ဗျား သေမှာကို မကြောက်ဘူးလား”

ချူးယွင်ဖန်း၏ မျက်နှာအမူအရာ အေးစက်သွားလေသည်။ လောင်ကျင်သည် ထိုက်တောင်ကဲ့သို့သော ကြောက်မက်ဖွယ် ဖိအားများ ရုတ်တရက် သက်ရောက်လာကြောင်း ခံစားလိုက်ရသည်။ သူသည် အလွန်ထိတ်လန့်သွားသောကြောင့် ကျင်ငယ်ပင် စွန့်ချလုနီးပါး ခံစားလိုက်ရသည်။ သူသည် ဤလုပ်ငန်းခွင်တွင် အင်အားကြီးပုဂ္ဂိုလ်အချို့နှင့် တွေ့ကြုံခဲ့သော်လည်း ၎င်းတို့အနက် မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုကဲ့သို့ ကြောက်မက်ဖွယ် ဖိအားမျိုး မပိုင်ဆိုင်ခဲ့ကြပေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရေခဲလှိုဏ်ဂူထဲ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"စိတ်အေးအေးထားပါဦး သခင်လေးချူး၊ ဒါက ကျုပ်အမှားပါ။ ကျုပ် ပွဲစားခ တစ်ပြားတစ်ချပ်မှ မလိုချင်ပါဘူး ဒါပေမယ့် ဒီဆိုင်ခန်းက တကယ့် ထိပ်တန်းနေရာပါ။ ဒီထက်ပိုကောင်းတဲ့နေရာမျိုး မရှိတော့ပါဘူး" လောင်ကျင်က အံကြိတ်လိုက်သည်။

"သခင်လေးချူး၊ လောင်ကျင်ကို ပြဿနာမရှာပါနဲ့။ သူက ကျုပ်ကို ကူညီချင်တာကြောင့် ဒီလို လုပ်ခဲ့တာပါ။ အပြစ်တင်ချင်ရင် ကျုပ်ကိုသာ အပြစ်တင်ပါ" ဝမ်ကျောက်သည် အလိုရှိသရွေ့ အနှိပ်စက်ခံကာ အသက်ခံချင်နေဟန်ဖြင့် ပြောလိုက်သည်။

"ခင်ဗျားရဲ့ ပါးနပ်လွန်းတဲ့ ပင်ကိုစရိုက်မျိုးနဲ့ သူငယ်ချင်းအတွက် အကောင်းဆုံးကြိုးစားလိမ့်မယ်လို့ ကျုပ် တကယ် မထင်ထားဘူး"

ချူးယွင်ဖန်းသည် သူ၏ အရောင်အဝါကို ထိန်းချုပ်၍ လောင်ကျင်ကို လှည့်ကြည့်လိုက်သည်။ သူသည် ဂေါင်ဟုန်ချီအကြောင်း စဉ်းစားမိသွားသည်။ အကယ်၍ သူသာဆိုလျှင်လည်း လောင်ဂေါင်အတွက် သူ၏အသက်ကိုစွန့်ရန် ကြိုးစားမည်ဖြစ်သည်။

"ပြောပါဦး၊ ဒီနေရာက ဘာဖြစ်နေတာလဲ"

All Chapters