သင်ခန်းစာ
Vol. 80 Ch. 1189
"ဒီနေရာကို ငှားထားရုံပဲရှိသေးတာကို ပြဿနာက ကျုပ် တံခါးကို လာခေါက်နေပြီလား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
ပြဿနာများ ရောက်ရှိလာမည်ဟု သူမျှော်လင့်ထားသော်လည်း ဤမျှမြန်မြန်ဆန်ဆန် ရောက်ရှိလာမည်ဟု မထင်ထားခဲ့ပေ။ လျို့ဖုန်းသည် ဤနေရာကို အနီးကပ် စောင့်ကြည့်နေခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။ သို့သော်လည်း ဝမ်ကျောက်သည် ခေါင်းမာလွန်းသောကြောင့် သူ့ကို ခေါင်းမငုံ့ခဲ့ပေ။ မဟုတ်ပါက၊ ၎င်းတို့သည် ချူးယွင်ဖန်း ရောက်ရှိလာသည့်အချိန်ထိ သည်းခံနိုင်မည် မဟုတ်ပေ။
ချူးယွင်ဖန်းသည် အခြားလူများ၏စီးပွားရေးတွင် ဝင်ရောက်စွက်ဖက်လိုခြင်းမရှိသော်လည်း ယခုအခါ ဝင်ရောက်စွက်ဖက်ရပေလိမ့်မည်။ ဝင်မစွက်ဖက်ချင်လျှင်ပင် ပြဿနာသည် သူ့ထံ ရောက်နေပြီဖြစ်သည်။ ချူးယွင်ခန်း လှည့်ကြည့်လိုက်သောအခါ ကြမ်းကြုတ်သော မျက်နှာထားနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့ရှိလိုက်ရသည်။ သူသည် အလွန် ထွားကျိုင်း၍ အရပ်ရှည်သည့်အပြင် ဝက်ဝံတစ်ကောင်နှင့် ဆင်တူပေသည်။
"မင်းက ဒီနေရာကို ငှားချင်နေတာလား။ သတိမပေးလို့ဆိုပြီး ကျုပ်တို့ကို အပြစ်မတင်နဲ့နော်။ တစ်ခုခုဖြစ်သွားရင် ကျုပ်တို့ အပြစ်မဟုတ်ဘူး" လူလတ်ပိုင်းအရွယ် အမျိုးသားက ချူးယွင်ဖန်းကို ခြိမ်းခြောက်လိုက်သည်။
ချူးယွင်ဖန်းက သူ့ကို စိုက်ကြည့်နေသည်။
"အခုချက်ချင်း ထွက်သွားလိုက်။ ကျုပ် ခင်ဗျားကို အာရုံစိုက်ဖို့ အချိန်မရှိဘူး။ မဟုတ်ရင် အကျိုးဆက်ကို ခင်ဗျား ခံစားရလိမ့်မယ်"
"အို၊ ကျုပ်ထက် မာနကြီးတဲ့သူမျိုးကို ဒါပထမဆုံးတွေ့ဖူးတာပဲ" ထိုအမျိုးသားသည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ တခဏချင်းမှာပင် သူ၏မျက်လုံးများတွင် စူးရှသော အကြည့်များ ပေါ်ပေါက်လာသည်။ ပြီးနောက် သူ၏ကြီးမားသော လက်ကြီးဖြင့် ချူးယွင်ဖန်းကို ရိုက်ချလိုက်သည်။
ဘန်း
ကြီးမားသော လက်ဖဝါးချက်သည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသောအခါ သတ္တုသံများ ထွက်ပေါ်လာသည်။ ထွားကြိုင်းသော အမျိုးသားသည် သတ္တုအပိုင်းအစတစ်ခုကို ရိုက်နှက်ခဲ့ပုံပေါ်သည်။ တိုက်ခိုက်ခံရသော ချူးယွင်ဖန်းသည် တစ်လက်မမျှ မလှုပ်ရွေ့သွားသော်လည်း ထွားကျိုင်းသောအမျိုးသားသည် အော်ဟစ်၍ ဆုတ်ခွာသွားခဲ့သည်။ သူ၏လက်တစ်ဖက်လုံး သွေးများဖြင့် ဖုံးလွှမ်းနေ၍ သူ၏ဘေးတွင် တွဲလျားကျသွားသည်။
ထွားကြိုင်းသော အမျိုးသားသည် ချူးယွင်ဖန်းကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။ ကနဦး တိုက်ခိုက်မှုတွင် ခွန်အားမည်မျှ ထည့်သုံးခဲ့သည်ကို သူသာလျှင် သိထားသည်။ သူ၏ ခွန်အားကို ထိန်းချုပ်ထားခဲ့သော်လည်း ၎င်း၏ တွန်းအားသည် သူ၏ လက်ကို ကျိုးကျေသွားသည်အထိ ပြင်းထန်လွန်းမည် မဟုတ်ပေ။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်၍ ပစ်ပေါက်လိုက်သည်။
ဘန်း
ထွားကျိုင်းသော အမျိုးသားသည် တုံ့ပြန်ရန် အချိန်မရှိခဲ့ပေ။ သူ့ခန္ဓာကိုယ်ပေါ်သို့ ကြီးမားသော အင်အားတစ်ခု ပြင်းထန်စွာ ကျရောက်လာကြောင်း ခံစားလိုက်ရ၍ ဗလုံးဗထွေး ညည်းညူသံနှင့်အတူ ဆိုင်ထဲမှ ချက်ချင်း လွင့်ပျံသွားလေသည်။
"ထွက်သွား" ချူးယွင်ဖန်းသည် တံခါးနှင့် ဝင်တိုက်ပြီးနောက် မြေပြင်ပေါ် ပြုတ်ကျသွားသည့် ထွားကျိုင်းသော အမျိုးသားကို ကြည့်၍ အော်ဟစ်လိုက်သည်။
ထိုအမျိုးသားသည် သူ၏ရင်ဘတ်ကို ဆုပ်ကိုင်လျက် ဘောလုံးတစ်လုံးကဲ့သို့ ကောက်ကွေးနေသည်။ ဤအရာအားလုံးသည် တခဏအတွင်းမှာပင် ဖြစ်ပျက်သွားခဲ့သည်။ ဝမ်ကျောက်နှင့် လောင်ကျင်တို့ပင် မတုံ့ပြန်နိုင်သေးပေ။ အချိန်အတော်ကြာပြီးနောက် ဝမ်ကျောက်သည် နောက်ဆုံးတွင် အာရုံပြန်ကပ်လာသည်။ ထွားကျိုင်းသော အမျိုးသား၏ အခြေအနေကို မြင်သောအခါ သူကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းမဟုတ်သော်လည်း အလွန် စိတ်လှုပ်ရှားနေမိသည်။
သို့သော် ဝမ်ကျောက်သည် ဤလူများ သင်ခန်းစာပေးခံလိုက်ရကြောင်း မြင်လိုက်ရသောအခါ အလွန် ပျော်ရွှင်နေသည်။ သူ၏မူလက အလွန်အဆင်ပြေနေသော ဆေးဆိုင်သည် ဤအခြေအနေသို့ ရောက်ရှိလာခဲ့သည်မှာ နှစ်အနည်းငယ်ကြာမြင့်ပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို မမုန်းတီးရန် မဖြစ်နိုင်ပေ။ သို့သော် သူသည် အချိန်အများစုတွင် ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိခဲ့ပေ။ ဝမ်ကျောက်သည် အသက်တစ်ရှိုက်စာဖြင့်သာ သည်းခံခဲ့ရသော်လည်း ဤအချိန်၌ပင် လက်မလျှော့ခဲ့ပေ။ သို့သော် ယခုအခါတွင် ချူးယွင်ဖန်းသည် လျို့ဖုန်း၏နောက်လိုက်အမျိုးသားကို သင်ခန်းစာပေးခဲ့သည့်အတွက် သူ၏ဒေါသစိတ်ကို ဖြေဖျောက်နိုင်ခဲ့သည်။
ဝမ်ကျောက်၏ ပျော်ရွှင်မှုနှင့် နှိုင်းယှဉ်ပါက၊ လောင်ကျင်သည် အလွန်တုန်လှုပ်သွားလေ၏။ ထွားကျိုင်းသော အမျိုးသားနှင့်ပတ်သက်၍ သူ အနည်းငယ် သိရှိထားသည်။ သူသည် လျို့ဖုန်း၏ လက်အောက်တွင် အင်အားကြီးမားသော တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်သည်။ သူ၏ ကျင့်ကြံမှုအဆင့်သည် အလွန်မြင့်မားလှရာ၊ အနည်းဆုံးလျှင် မွေးဖွားခြင်းနယ်မြေအထက်ပိုင်းအဆင့်တွင်ရှိနေသည်။
ဤအမျိုးသားသည် ဤနေရာကို တစ်နှစ်ပတ်လုံး စောင့်ကြည့်နေခဲ့သည်။ သို့သော် ထိုသို့သော ကျွမ်းကျင်ပညာရှင်တစ်ဦးသည် ချူးယွင်ဖန်း၏လက်ဖက်ရည်ခွက်ဖြင့် ဒဏ်ရာပြင်းထန်စွာရရှိသွားသည်။ ၎င်းသည် အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။ သို့သော် လောင်ကျင်သည် ချက်ချင်း သဘောပေါက်သွားသည်။ သူ၏အမြင်အရ၊ ချူးယွင်ဖန်းသည် အမည်မသိသော မြင့်မြတ်သည့် မိသားစုမှ ဆင်းသက်လာသူဖြစ်နိုင်သည်။ ဤလူများအနက် မြင့်မားသော အရင်းအမြစ်များ မပိုင်ဆိုင်သူဟူ၍ မည်သူရှိသနည်း။ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်များ မြင့်မားခြင်းသည် ပုံမှန်သာဖြစ်သည်။
ထို့အပြင် ချူးယွင်ဖန်းသည် ပြဿနာဖြစ်လာမည်ကို ကြောက်ရွံ့သူတစ်ဦးဖြစ်ပုံမပေါ်ပေ။ ဝမ်ကျောက်သည် ထိုကဲ့သို့သော အင်အားကြီးပုဂ္ဂိုလ်နှင့် အလုပ်လုပ်နိုင်သောကြောင့် သူ၏အနာဂတ်အတွက် စိတ်ပူနေရန် မလိုအပ်တော့ပေ။
ချူးယွင်ဖန်းက ကျိုးနေသောတံခါးကို တစ်ချက်လှည့်ကြည့်၍ ပြောလိုက်သည်။
"တံခါးကျိုးသွားမှတော့ အသစ်တစ်ခုနဲ့ အစားထိုးကြရအောင်"
ပြီးနောက် သူသည် ဘောလုံးကဲ့သို့ ကောက်ကွေးနေသည့် ထွားကျိုင်းသော အမျိုးသားကို ပြောလိုက်သည်။
"ဒီနေရာကို ကျုပ်ငှားပြီးသွားပြီဆိုတဲ့အကြောင်း ခင်ဗျားအရှင်ကို ပြန်ပြောလိုက်။ သူ မကျေနပ်ရင် မနက်ဖြန်ကျ သူ့လူတွေ ခေါ်လာလို့ ရတယ်။ ဒါပေမယ့် အဲဒီအချိန်ကျရင်တော့ ဒီလောက် လွယ်လွယ်နဲ့ ပြီးသွားမှာမဟုတ်ဘူး"
ပြီးနောက် ချူးယွင်ဖန်းက ဝမ်ကျောက်ကို ပြောလိုက်သည်။
"နေရာကို ရှင်းလင်းပြီး တံခါးပြောင်းတပ်ထားလိုက်။ မနက်ဖြန် ပြန်ဖွင့်ကြတာပေါ့"
ချူးယွင်ဖန်း၏ ထိုစကားများပြီးသွားသည်နှင့် သူသည် လမ်းမပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။ ဤအရာအားလုံးသည် မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့သည်။ ဝမ်ကျောက်သည် အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။ ဤနေရာကို မွန်းကျပ်စေသည့် လူမိုက်များသည် ချူးယွင်ဖန်းအရှေ့တွင် ပါမွှားများဖြစ်ပုံပေါ်သည်။
"အစ်ကို၊ အခုကစပြီး အစ်ကို ချမ်းသာပြီပဲ။ အဲ့ဒီ့အချိန်ကြရင် ကျွန်တော့်ကို မမေ့နဲ့ဦး" လောင်ကျင်က ဝမ်ကျောက်၏ ပခုံးကို ပုတ်လိုက်သည်။
ဝမ်ကျောက်သည် လောင်ကျင်ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် လောင်ကျင်၏ ပါးနပ်မှုကို ယခင်အချိန်က မနှစ်သက်ခဲ့သော်လည်း လောင်ကျင်သည် သူ၏ အသစ်စတင်မှုအတွက် မျှော်လင့်ချက်များ အမှန်တကယ် ယူဆောင်လာခဲ့၍ သူ့ကို လက်ဆောင်ကြီးတစ်ခု ပေးအပ်ခဲ့သည်။ လောင်ကျင်သည် ဝမ်ကျောက်၏ ဆိုလိုရင်းကို နားလည်သော်လည်း သူ၏စိတ်သဘောထားကို မပြောင်းလဲချင်ပေ။ သူသည် ပြုံး၍သာ ထွက်ခွာသွားခဲ့သည်။
ချူးယွင်ဖန်းသည် မြို့ဝန်ကျုံးရှင်၏အိမ်ခြံဝင်းဆီ ပြန်ရောက်သောအခါ ရောင်နီကျရောက်နေပြီဖြစ်သည်။ အန်းရှို့ရှို့သည် ယခုအချိန်ထိ ရှိနေဦးမည်ဟု သူ မမျှော်လင့်ထားပေ။ ချူးဟုန်ချိုင်သည် ချူးယွင်ဖန်းကိုမြင်သောအခါ သူ၏မျှော်လင့်ချက်အလင်းရောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် အလွန်ဆိုးရွားသော အခြေအနေတွင်ရှိနေ၍ မျက်ရည်များဝဲလျက် ပြေးထွက်လာလေသည်။ သူ၏အဝတ်အစားများ စုတ်ပြဲနေ၍ မျက်နှာသည်လည်း ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။
"အစ်ကိုဖန်း၊ နောက်ဆုံးတော့ ပြန်လာပြီလား၊ အစ်ကိုသာ ဒီထက်နောက်ကျမှ ပြန်လာရင် ကျွန်တော် သေရလိမ့်မယ်" ချူးဟုန်ချိုင်သည် ငိုမဲ့မဲ့ဖြစ်နေသည်။
"ဘာကိစ္စနဲ့ ငိုနေတာလဲ" အန်းရှို့ရှို့သည် ချူးဟုန်ချိုင်ကို စိတ်မကျေနပ်စွာ စိုက်ကြည့်လိုက်သည်။
"ဒီအခက်အခဲလေးကိုတောင် မတောင့်ခံနိုင်ဘူးလား။ ဒါဆိုရင် တစ်လအတွင်း အနိုင်ယူဖို့နေနေသာသာ နတ်အဆင့်ထိ ဘယ်လိုရောက်နိုင်မှာလဲ"
"ဒီအခက်အခဲလေးကိုတောင် ဘာလို့မတောင့်ခံနိုင်တာလဲ ဟုတ်လား။ မင်းက ငါ့ကို တမင်အသေအလဲရိုက်နေတာလေ" ချူးဟုန်ချိုင်သည် ပေါက်ကွဲထွက်လုနီပါးဖြစ်နေသည်။ သူသည် ဤနတ်ဆိုးနှင့်ဆင်တူသော အမျိုးသမီး၏ ညှဉ်းပန်းနှိပ်စက်မှုကို တစ်နေ့တာလုံး ခံစားခဲ့ရသည်။
သူသည် တွန်းလှန်၍ ပုန်ကန်ချင်သော်လည်း သူ၏ ကျင့်ကြံမှုသည် အန်းရှို့ရှို့ထက် များစွာ အားနည်းလှသည်။ သူသည် ခုခံရန် ကြိုးစားသည့်အခါတိုင်း အလွယ်တကူ ပြန်ဖိနှိပ်ခံလိုက်ရသည်။ မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့ ရောက်ရှိခြင်းမှ ရရှိလာသော ချူးဟုန်ချိုင်၏ ပျော်ရွှင်မှုများ သဲလွန်စမရှိစွာ ပျောက်ကွယ်သွားခဲ့သည်။ မွေးဖွားခြင်းနယ်မြေအဆင့်နှင့် နတ်အဆင့်ကြားရှိ ခြားနားချက်သည် အလွန်ကြီးမားလှသည်။ သူသည် ကနဦးမှ နိဂုံးအထိ လုံးလုံးလျားလျား ဖိနှိပ်ခံလိုက်ရသည်။
ယခုအခါ ချူးယွင်ဖန်း ပြန်ရောက်လာပြီဖြစ်သောကြောင့် သူ့မိသားစုကို မြင်လိုက်ရသကဲ့သို့ပင် ခံစားနေရသည်။ ချူးယွင်ဖန်းသည် ချူးဟုန်ချိုင်၏ ထိုအပြုအမူများကို မြင်သောအခါ မထိန်းချုပ်နိုင်ဘဲ ရယ်မောလိုက်မိသည်။ သူ၏အမြင်အာရုံအရ၊ ချူးဟုန်ချိုင်သည် အပေါ်ယံဒဏ်ရာများသာရှိနေကြောင်း သဘာဝကျကျ မြင်တွေ့နိုင်သည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်တစ်ယောက်အတွက် ဤသို့သော အပေါ်ယံဒဏ်ရာမျိုးသည် တစ်ရေးတစ်မောအိပ်စက်ရုံဖြင့် သက်သာပျောက်ကင်းနိုင်သည်။
"ကဲ၊ ကဲ၊ မင်းက အတွေ့အကြုံလိုချင်တယ်ဆိုမှတော့ နည်းနည်းတော့ ခံရမှာပေါ့" ချူးယွင်ဖန်းက ပြောလိုက်သည်။
"ဪ ဒါနဲ့၊ မနက်ဖြန်ကျရင် ကျုပ်ဆေးဆိုင်ဖွင့်မှာ။ မင်းတို့နှစ်ယောက် အားတယ်ဆိုရင် ကျုပ်ကို လာပြီး ကူညီပံ့ပိုးပေးကြဦး"