စိတ်၏ ငြိမ်းချမ်းမှု
Vol. 3 Ch. 31
ခြံဝန်းတစ်ခုလုံး သွေးရောင်များဖုံးလွှမ်းနေသော်လည်း ကန်ထဲမှရေများကတော့ မြစိမ်းရောင်ကြေးမုံတစ်ခုအလား ကြည်လင်စိမ်းမြနေဆဲပင်ရှိသည် ။
မျက်နှာဖုံးစွပ်သမားက သူ၏လက်ကို ရေထဲသို့နှစ်လိုက်သည်နှင့် အနက်ရောင်ငါးအချို့သည် သူ့အားအစာကျွေးသူဟု ထင်မှတ်၍ ချက်ချင်းပင်သူ့ဆီသို့ ကူးခတ်လာကြ၏ ။ ပိုင်ရှင်မဲ့နေသော ငါးများသည် အစာမစားရသည်မှာ ရက်ပေါင်းမနည်းတော့ပုံရလေသည် ။
မျက်နှာဖုံးစွပ်လူက ငါးတစ်ကောင်ကိုလျှင်မြန်စွာဖမ်းယူလိုက်သည် ။ အနက်ရောင်ငါးကလေးသည် သူ့လက်ဖဝါးပေါ်တွင်ငြိမ်သက်နေပြီး မရုန်းကန်ပေ။လူများနှင့်ယဥ်ပါးနေသည့် သဘောရှိ၏ ။
မျက်နှာဖုံးစွပ်ထားသောလူက ငါးကလေးကို ကြည့်ကာ သဘောကျသွားပြီး ရုတ်တရက်ပြုံးလိုက်သည် ။
"ငါတကယ်ကို ငါးမစားချင်တော့ဘူး"
သူ၏လက်ကို ညင်သာစွာဝှေ့ယမ်းလိုက်ရာ ကန်ထဲရေစီးကြောင်းတစ်ခု မြင့်တက်လာပြီး သူ့လက်ထဲမှငါးသည် ရေစီးကြောင်းဆီသို့ ပြန်ရောက်သွားသည် ။
သူက ငါးကိုကြည့်ကာ အမိန့်ပေးသလိုပြောလိုက်၏ ။
"မင်း ခရီးထွက်တော့မယ်လို့ မင်းအမေကိုသွားပြောလိုက်ပါ"
သူကအနက်ရောင်ငါးလေးကို ဝါးပိုက်လုံးတစ်ခုထဲသို့ထည့်ပြီး ခါးတွင်ချိတ်ဆွဲပြီးနောက် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို ကြည့်လိုက်သည် ။
မျက်နှာဖုံးစွပ်အောက်မှ သူ၏မျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်များ တဖျတ်ဖျတ်လက်လာပြီး စဥ်းစားနေသည် ။
သူကတစ်ကိုယ်တည်း ရေရွတ်လေသည် ။
"အလောင်းတွေဆီက ငါလုယက်ရင် သူခိုးဓားပြများဖြစ်သွားမလား "
.....................
အနက်ရောင်ဝတ်စုံကို သေသပ်စွာဝတ်ထားသော ကျန်းကျိဟောင်၏မျက်နှာထားသည် အလွန်အေးစက်ကာ တင်းမာလျှက်ရှိသည် ။
"မဟူရာတောင်တန်းဂိုဏ်းက ချန်အိမ်မှာ တည်းနေကြတာလား"
ဥပဒေစောင့်ရှောက်ရေးခန်းမတပည့်တစ်ဦးက မီးတောက်လုနီးပါးဖြစ်နေသော ဒေါသမျက်လုံးများဖြင့် ခေါင်းညိတ်ပြ၏။
"ဟုတ်ပါတယ်"
ကျန်းကျိဟောင်က သူ၏လက်ထဲမှ ယင်သစ်သားပုလဲလုံးကို တင်းကျပ်စွာဆုပ်ဆုပ်ကိုင်ပြီး အစိတ်စိတ်အမြွာမြွာ ချေမွပစ်လေသည် ။
"မဟူရာတောင်တန်းခွေးတွေက အရမ်းမောက်မာလွန်းနေပြီ"
လွန်ခဲ့သည့် တစ်လခန့်က ချူကျန်းသည် ချန်မိသားစုကို ကလေးပါမကျန်အောင် သတ်ဖြတ်ပစ်ခဲ့သည်။ထိုနေ့သည် မိသားစုအတွက် ပျော်ရွှင်စရာနေ့တစ်နေ့ ဖြစ်သင့်သော်လည်း၊ သတို့သမီးအပါအဝင် လူအများအပြား၏ အသက်ကို တစ်ညတည်းတွင် ရက်စက်စွာ သတ်ဖြတ်ခြင်းခံလိုက်ရရှာ၏ ။
ထိုအချိန်က ကျန်းကျိဟောင် ချန်အိမ်တော်သို့ ရောက်ရှိသွားသောအခါ သနားစရာ သွေးထွက်သံယိုဖြစ်သော မြင်ကွင်းကိုသာတွေ့မြင်ခဲ့ရသည်။
အဖြစ်ဆိုးကြီးကို ကြားလိုက်ရသော သတို့သမီး၏ဖခင်သည် ချန်အိမ်တော်သို့ အလျင်အမြန်ရောက်လာပြီး သူ့ရှေ့တွင်ဒူးထောက်ကာ အကြိမ်ကြိမ်အရိုအသေပြုကာ တရားမျှတမှုအတွက် တောင်းပန်ခဲ့ရှာသည် ။သူ၏ရှေ့တွင် ဒူးထောက်နေသော ဆံပင်ဖြူအဖိုးအို၏ ရင်နစ်စရာမြင်ကွင်းကို ကျန်းကျိဟောင် ယခုအချိန် မမေ့နိုင်သေးပါ ။
ခေါင်းမာသော အဘိုးအိုဖခင်နှင့် သူ၏ဇနီးသည်တို့သည် ရှန်ကွမ်းဂိုဏ်း၏တံခါးဝတွင် ဆယ်ရက်ကျော်ကြာ ဒူးထောက်နေခဲ့သည် ။
မည်သို့ မေ့ရက်နိုင်မည်နည်း ။
ယခုလည်းချူကျန်းက ချန်အိမ်တော်ကိုထပ်မံပစ်မှတ်ထားပြီး တည်းခိုရန်ရွေးချယ်ခဲ့ပြန်သည်။
ထိုလူယုတ်မာက ဘာတွေများ ကြံစည်နေသနည်း။
"ချန်အိမ်တော်ကို သွားကြစို့"
ကျန်းကျိဟောင်က အံကို တင်းတင်းကြိတ်၍ အမိန့်ပေးလိုက်သည် ။
အနက်ရောင်ဆင်တူဝတ်ထားသော လူတစ်စုသည် ည၏အမှောင်ရိပ်ကို အကာအကွယ်ယူကာ ချန်အိမ်တော်ဆီသို့ လျင်မြန်စွာ ဦးတည်သွားကြသည် ။
သူတို့၏မျက်နှာများတွင် မကောင်းသောကိစ္စတစ်ခုခု ဖြစ်ပျက်တော့မည်ဟု ခံစားရသည့် အမူအရာများပြည့်နှက်နေ၏ ။
ယခုအကြိမ်တွင် မဟူရာတောင်တန်းဂိုဏ်း၌ ချူကျန်းတစ်ယောက်တည်းသာမကဘဲ အကြီးအကဲဖြစ်သူ ဘိုးဘေးပူဇော်ကြက်ပါ ရှိနေ၏ ။ လက်တွေ့တိုက်ခိုက်ကြလျှင် မိိမိတို့၏အသက်များကို ဆုံးရှုံးသွားဖို့ သေချာသလောက်ရှိသည်။သို့သော် သူတိူ့အဖွဲ့သည် တရားမျှတမှုအတွက် အသက်ပေးရန် မတွန့်ဆုတ်ခဲ့ကြပါ ။
သူတို့သည်ရှန်ကွမ်းဂိုဏ်း၏ တရားဥပဒေစိုးမိုးရေးခန်းမတပည့်များဖြစ်သည် ။သေရမည်ကိုကြောက်သောကြောင့် တရားမျှတမှုအတွက် မတိုက်ခိုက်ရဲလျှင် သူတို့ဘဝတစ်လျှောက်လုံး မည်သို့လိပ်ပြာလုံတော့မည်နည်း ။
ထို့အခိုက်ရှေ့ဆုံးမှ ပြေးနေသော ကျန်းကျိဟောင် ရုတ်တရက် ရပ်တန့်သွား၏ ။
"သွေးနံ့ပဲ"
သူ၏အနံ့ခံအာရုံက အခြားတပည့်များထက် သာလွန်သဖြင့် ချူကျန်းနှင့်မဟူရာတောင်တန်းဂိုဏ်းသားများ တည်းခိုနေသော
ချန်အိမ်တော်ဆီမှ အလွန်ပြင်းထန်သော သွေးနံ့ကို သူရရှိလိုက်သည် ။
ကျန်းကျိဟောင် အလွန်စိုးရိမ်သွားလေသည် ။
"ခွေးမျိုးတွေ ၊ နောက်ထပ်လူသတ်နေကြပြန်ပြီ "
"အမြန်ဆုံးပြေး"
အဖွဲ့သည် သူတို့၏ စွမ်းအားကုန်မြှင့်တင်ကာ ချန်အိမ်တော်ဆီသို့ ပြေးကြသည် ။သူတို့က သူတို့၏လုံခြုံရေးအတွက် ယခင်ကလို ပုန်းကွယ်နေခြင်းပင် မပြုလုပ်နိုင်တော့ပါ ။
အချိန်က အသက်ပဲ ။
အပြစ်မဲ့သူတွေကို ရအောင်ကယ်ရမယ် ။
ထိုအချိန်တွင် ချန်အိမ်တော်၏ ပင်မတံခါးကြီးသည် တကျွီကျွီအသံဖြင့် ပြန်ပွင့်လာပြီး ထူးဆန်းသောမျက်နှာဖုံးနှင့် အဖြူရောင်ဝတ်စုံဝတ်ထားသော လူတစ်ယောက်က ခြံထဲမှထွက်ကာ လမ်းပေါ်လျှောက်လာသည် ။
မျက်နှာဖုံးစွပ်လူကို ကြည့်မိလိုက်သောအခါ ကျန်းကျိဟောင်က သူ၏နှလုံးခုန်နှုန်းများအလိုလိုမြန်ဆန်လာသည်ကို သတိထားမိသည် ။
မဟူရာတောင်တန်းဂိုဏ်းသားလား ။
မဖြစ်နိုင်ဘူး ။
မဟူရာတောင်တန်းဂိုဏ်းသားများသည် လူမဆန်သော သတ်ဖြတ်မှုများအမြဲကျူးလွန်နေသူများဖြစ်သောကြောင့် ၄င်းတို့ထံမှ သွေးနံ့ရနေလေ့ရှိသည် ။
သူမြင်နေရသော မျက်နှာဖုံးစွပ်ထံတွင် ထိုအနံ့အသက်မျိုး မရှိပေ ။
ဒါဆိုသူက ချန်အိမ်တော်ထဲက ဘာလို့ထွက်လာတာလဲ ။
မဟူရာတောင်တန်းဂိုဏ်းသားတွေကရော သူ့ကိုမမြင်ကြဘူးလား ။
"အကြီးအကဲ..."
ကျန်းကျိဟောင်က စကားမပြောမီ အနည်းငယ် တုံ့ဆိုင်းနေသည် ။
"ချန်အိမ်တော်မှာ မဟူရာတောင်တန်းဂိုဏ်းသားတွေ အများကြီးရောက်နေပါတယ်"
"သူတို့က အလွန်ယုတ်မာရက်စက်ကြလို့ ဆက်ဆံတဲ့အခါ သတိထားပါ"
မျက်နှာဖုံးစွပ်လူသည် မဟူရာတောင်တန်းဂိုဏ်းနှင့် ရင်းနှီးသူဖြစ်နိုင်သော်လည်း လူဆိုးတစ်ဦးဟုတ်ပုံမရချေ ။ ထို့ကြောင့် မတော်တဆမှုများ မဖြစ်ပွားစေရန် သူကသတိပေးမိသွားသည် ။
ကျိယွမ်က ကျန်းကျိဟောင်ကို အဝေးကတည်းကပင် မှတ်မိ၏ ။ သူကအသံကို ခပ်ဩဩပြုကာ တုန့်ပြန်သည် ။
"မဟူရာတောင်တန်းဂိုဏ်းတပည့်တွေက အတော်လေး လိမ်မာကြပါတယ်"
သူကဆက်ပြောလိုက်၏ ။
"ငါက ငါးစားချင်လို့ ငါးဖမ်းဖို့ တံခါးဖွင့်ခိုင်းတာကို မငြိုမငြင်ဖွင့်ပေးခဲ့ကြတယ်လေ "
ကျန်းကျိဟောင် မှင်တက်သွား၏ ။
ရှန်ကွမ်းဂိုဏ်းမှ အခြားတပည့်များသည်လည်း ဘာဖြစ်နေသည်ကို နားမလည်နိုင်ဘဲ ရှိကုန်သည် ။
မဟူရာတောင်တန်းဂိုဏ်းသားတွေက လိမ်မာတယ်တဲ့လား ။
အနောက်ကနေထွက်တာကမှ ဖြစ်နိုင်ချေရှိဦးမယ် ။
ထိုအချိန်မှာပင် ကျိယွမ်က အလောကြီးဖြစ်သွားပြီး ဆင်ခြေတစ်ခုထွက်လာ၏ ။
"ငါ့မိန်းမကလေးမွေးတော့မှာမို့ ငါသွားမှရမယ် ၊ မဟုတ်ရင်ငါ့ယောက္ခမကြီးက ငါ့ကိုရိုက်မှာ "
သူကထိုသို့ပြောကာ လျှင်မြန်စွာ ထွက်ပြေးသွားတော့သည် ။
ကျန်းကျိဟောင်နှင့် အခြားသူများမှာ စိတ်ရှုပ်ထွေးသွားကြပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏ ။
ထူးဆန်းတဲ့ အကြီးအကဲပဲ ။
မဟူရာတောင်တန်းဂိုဏ်းကိုမကြောက်ဘဲ ယောက္ခမကို ကြောက်နေတာလား ။
သတိဝင်လာသော ကျန်းကျိဟောင်က အော်ဟစ်လိုက်၏ ။
"အချိန်ဆွဲမနေတော့နဲ့ အိမ်ထဲဝင်မယ် "
ချန်အိမ်တော်နှင့် ပို၍နီးလာလေ သွေးနံ့က ပြင်းသည်ထက် ပြင်းလာသည် ။
"ဒေါက် ဒေါက် ဒေါက် "
တံခါးခေါက်သံသည် တိတ်ဆိတ်သောညတွင် ပဲ့တင်ထပ်သွားပြီး ရှန်ကွမ်းဂိုဏ်းသားများသည် သူတိူ့၏လက်နက်များကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားမိသည် ။
သူတို့၏ မျက်လုံးများက တံခါးမကြီးကို စူးစိုက်ကြည့်နေပြီး အဆင့်သင်ဖြစ်နေ၏ ။
ချန်အိမ်တော်အတွင်းမှ တိတ်ဆိတ်မြဲတိတ်ဆိတ်နေပြီး မည်သည့်တုန့်ပြန်မှု ဖြစ်မလာခဲ့ပါ ။
ကျန်းကျိဟောင်က သူ၏အဖွဲ့သားများကို အချက်ပေးသလို တစ်ချက်လှည့်ကြည့်လိုက်၏ ။
အားလုံးက သဘောပေါက်သည်အလား ခေါင်းငြိမ့်ပြလိုက်သည်နှင့် ကျန်းကျိဟောင်က တံခါးမကြီးကို ဝုန်းခနဲ ကန်ဖွင့်ပစ်သည် ။
အဖွဲ့သားများကလည်း ချက်ချင်းပင်ခြံထဲသို့ အုပ်လိုက်ကြီး တဟုန်ထိုး ခုန်ဝင်လိုက်၏ ။
"ယား--"
"ခွေးမျိုးတွေ သေပေတော့ --"
"ဟင် --"
အားလုံး ကြောင်ငေးသွားကုန်၏ ။ မြှောက်ထားသော လက်နက်များကိုပင် ပြန်ချရန် မေ့လျော့သွားကြသည် ။
ချန်အိမ်တော်ခြံဝင်းထဲမှ အလောင်းတစ်ဒါဇင်ခန့်က သူတို့အား စောင့်ကြိုနေသည် မဟုတ်ပါလား ။
ကျန်းကျိဟောင်သည် မြေပြင်ပေါ်မှ ဦးခေါင်းတစ်ခုကို မြင်လိုက်သည် ။ ချူကျန်း၏ မျက်စိပြူးနေသောခေါင်းကြီးပင် ဖြစ်လေသည် ။
"အကြီးအကဲ ဘိုးဘေးကြက်"
"အဲဒါ အကြီးအကဲ ဘိုးဘေးပူဇော်ကြက်ပဲ "
တပည့်တစ်ဦးက ကြောက်ရွံ့စွာအော်ဟစ်လိုက်သည် ။
အားလုံး ကြည့်လိုက်သောအခါ တစ်ချိန်က ကြီးမားခန့်ညားခဲ့သော ဘိုးဘေးပူဇော်ကြက်အဘိုးအိုမှာ တစ်ဝက်စီ ပိုင်းဖြတ်ခံထားရကြောင်းကို မြင်လိုက်ကြရသည် ။
သူ၏မျက်လုံးများသည် မယုံနိုင်အောင် ပြူးကျယ်ကုန်၏ ။
၎င်းသည် အမြုတေအဆင့်ရှိသော စစ်မှန်သည့် ယွမ်ဒျန်ကျင့်ကြံသူ ဖြစ်သည် ။ သို့သော် သူသည် ယခုကဲ့သို့ရုပ်ပျက်ဆင်းပျက်ကြီး သေဆုံးနေလေပြီ ။
"ကောင်းတယ် ၊ သိပ်ကောင်းတယ် "
ကျန်းကျိဟောင်က အားရကျေနပ်စွာ အော်ဟစ်မိလေသည် ။
သူသည် ခြံဝ၌တွေ့ဆုံခဲ့သော ထူးဆန်းသည့်လူကို စဉ်းစားမိသွား၏။
မဟူရာတောင်တန်းဂိုဏ်းသားများကို အကြီးအကဲပါမကျန်အောင် သတ်ခဲ့သူမှာ ထိုသူဖြစ်နိုင်မလား။
သူက ခြံဝန်းထဲတွင်ရှိသော အလောင်းများကို တစ်ချက်ကြည့်ကာ စဥ်းစားနေမိလေသည် ။ မြင်ကွင်းကမယုံနိူင်စရာဖြစ်သော်လည်း သံသယရှိစရာလူက ထိုတစ်ဦးတည်းသာ ရှိ၏ ။
အနည်းငယ်တည်ငြိမ်သွားသောအခါ ယခုကိစ္စသည် အလွန်အရေးကြီးကြောင်း သဘောပေါက်သွားသည် ။
မဟူရာတောင်တန်းဂိုဏ်းသည် သူတို့ချည်းဆိုလျှင် ပြောသလောက်အင်အားမကောင်းချေ။အမြုတေအဆင့် စစ်မှန်ယွမ်ဒျန်သမား အနည်းငယ်သာရှိသည် ။
သို့သော် သူတို့နောက်ကွယ်တွင် မဟူရာကြက်မိစ္ဆာအဘိုးအို ရှိနေ၏ ။
"အကုန် မီးရှို့ပစ်လိုက်"
ကျန်းကျိဟောင်က အမိန့်ပေးလိုက်သည် ။
တပည့်များသည် မီးတုတ်များကို အလျင်အမြန်ပြင်ဆင်ပြီး ချန်အိမ်တော်တစ်ခုလုံးကို မီးရှို့လေတော့သည် ။
ကျန်းကျိဟောင်က သက်သေအထောက်အထားများကို တတ်နိုင်သမျှ ဖျက်ဆီးပစ်ရန် ကြိုးစားနေခြင်းပင် ။
သို့သော်လည်း ၎င်းသည် ထိရောက်မှုရှိမည်မဟုတ်ကြောင်း သူသိနေသည် ။ သို့သော် ဘာမှမလုပ်ဘဲထားခဲ့ခြင်းထက်တော့ ပိုကောင်းပါသေးသည် ။
...............
ရှန်ကွမ်းဂိုဏ်း၏အပြင်ဘက်တစ်နေရာတွင်ဖြစ်သည် ။
နေသည် အချိန်အတော်ကြာကတည်းကဝင်သွားပြီးနောက် လသည်ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး လောကကြီးကို အေးချမ်းသော အလင်းရောင်ပေးနေသည် ။
ညဘက် လရောင်အောက်တွင် ရှန်ကွမ်းဂိုဏ်းရှိရာတောင်တန်းကြီးသည် ပို၍အေးစိမ့်လာ၏ ။
ဆံပင်ဖြူနေသော အဘိုးအိုတစ်ဦးသည် ရှန်ကွမ်းဂိုဏ်း၏ ဂိတ်ဝတံခါးအပြင်ဘက်တွင် ဒူးထောက်နေပြီး သူ၏နဖူးတွင် အေးစက်စက်ချွေးများဖြင့် ဖုံးလွှမ်းနေသည် ။ဒူးများကနာကျင်လွန်း၍ ထုံနေပြီဖြစ်သလို ခန္ဓာကိုယ်၏ပင်ပန်းမှုကလည်း ခံနိုင်စွမ်းအားထက်ကျော်လွန်နေခဲ့လေပြီ။
ထိုအဘိုးအိုသည် အားအင်ချည့်နဲ့နေပြီး သေခြင်းတရားနားသို့ ရောက်လုနီးပါးဖြစ်နေကာ မည်သည့်အချိန်တွင်မဆို သေဆုံးနိုင်သည့်အလား ယိမ်းယိုင်နေရှာသည် ။
အကယ်၍ လဲကျသွားခဲ့လျှင် အသက်ပါတစ်ခါတည်းပါသွားတော့မည်လားဟုပင် ထင်ရ၏ ။
"အဘိုးကြီး ငါတို့ ပြန်ကြရအောင်"
သူ့ဘေးမှ အဘွားအိုတစ်ဦး ညင်သာစွာပြောလိုက်ခြင်းဖြစ်သည် ။
သူမ၏ဆံပင်များသည်လည်း ဖြူဖွေးပြီး ရှုပ်ပွနေသော်လည်း သူမ၏တန်ဘိုးကြီးဝတ်စုံသည် တစ်ချိန်က သားနားခဲ့ကြောင်းကို ဖော်ပြနေသည် ။
"ငါ နောက်ထပ်ခဏလေး ဒူးထောက်နေဦးမယ်"
"ဖြတ်သန်းသွားလာတဲ့ မသေမျိုးတစ်ပါးပါးက ငါတို့ကိုမြင်ပြီး စိတ်ထိခိုက်သွားရင် ချင်းချင်းလေးအတွက် လက်စားချေပေးမှာပါ "
အဘွားအိုသည် သူမ၏ခေါင်းမာသော ခင်ပွန်းကိုကြည့်ရင်း မျက်ရည်များ ဝဲလာပြန်သည် ။
ကျင့်ကြံသူများ၏ကမ္ဘာတွင် သာမန်လူများ၏ဘဝသည် ကံကြမ္မာအတိုင်းသာ ဖြစ်ကြရသည် ။
မဟူရာတောင်တန်းဂိုဏ်းကဲ့သို့သော လူဆိုးအဖွဲ့မှထိန်းချုပ်ထားသောနေရာတွင် နေထိုင်ရခြင်းသည် ကြေကွဲဖွယ်ကံကြမ္မာကို ဆိုလို၏။ရှန်ကွမ်းဂိုဏ်းကဲ့သို့သော ဖြောင့်မတ်သည့်ဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင် ရှိသူများ၏ ကံကြမ္မာသည် ကောင်းမွန်သည်ဟု ဆိုနိုင်သည် ။
သို့သော် မြင့်မြတ်သောနတ်ဘုရားများ၏ မျက်လုံးတွင်တော့ သူတို့သည် ပုရွက်ဆိတ်များသာ ဖြစ်သည် ။
ချူကျန်းလိုလူမျိုးကို ရင်ဆိုင်ရသောအခါတွင် သူတို့သည်ကိုယ်တိုင် လက်စားချေရန် မတတ်နိုင်ကြသဖြင့် ရှန်ကွမ်းဂိုဏ်း၏အကူအညီကိုသာ မျှော်လင့်နိုင်သည် ။
ယခုအချိန်ထိ အကူအညီမရခဲ့သော်လည်း သူတို့အားဤနေရာမှာ မောင်းထုတ်ခြင်းမပြုခဲ့သည်ကပင် ကံကောင်းလှသည်ဟု ယူဆရသည် ။
ထိုအချိန်တွင် ကြည်လင်ပြတ်သားပြီး သာယာသော အသံတစ်ခုကို ကြားလိုက်ရသည် ။
"ဒီနေ့ ငါ အပြာရောင်ပန်းငါးကို ဖမ်းမိခဲ့တယ် ၊၊ စိတ်ကောင်းနည်းနည်းဝင်နေလို့ ခင်ဗျားတို့အတွက် ငါးဟင်းချို ယူလာခဲ့တာ"
ကျိယွမ်သည် ငါးဟင်းချိုပန်းကန်နှစ်လုံးကို ကိုင်၍ ထွက်လာခဲ့သည် ။ ငါဟင်းချို၏အနံ့သည် မွှေးကြိုင်နေကာ အလွန်ဆွဲဆောင်မှုရှိသည်။
အဘိုးအို၏မျက်နှာတွင် ကြီးမားသော စိတ်လှုပ်ရှားမှုများရိုက်ခတ်သွားပြီး မှေးမှိန်နေသောမျက်လုံးအိုများက လင်းလက်သွားသည် ။
သူက ခေါင်းငုံ့အရိုအသေပေးရန် ပြင်လိုက်ရင်းမှ ရိုသေစွာတောင်းဆိုလိုက်၏ ။
"မသေမျိုးအရှင် ၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးရဲ့သမီးလေးအတွက် လက်စားချေပေးပါ"
ကျိယွမ်က သူ၏လက်ညိုးကို လှုပ်ရှားလိုက်သောအခါ ဝိညာဉ်စွမ်းအင်အရှိန်အဝါတစ်ခုက အဖိုးအိုအား ခေါင်းငုံ့အရိုအသေပေးခြင်းမှ တားဆီးကာ တည်ငြိမ်သွားစေသည် ။
သူက ချိနဲ့နေသော အဘိုးအိုနှင့် အဘွားအိုတို့အား ငါးဟင်းချိုကို ကမ်းပေးလိုက်ကာ ဖြေသိမ့်စကားဆိုသည် ။
"ဂိုဏ်းက ခင်ဗျားတို့အကြောင်းကို သတိထားမိပြီး ဂရုစိုက်လိုက်ပါလိမ့်မယ် "
"ဒီဟင်းချိုကို သောက်ပြီး ကောင်းကောင်းအနားယူပါ"
ကျိယွမ် ထိုမျှသာပြောကာ လှည့်ထွက်သွားတော့သည် ။
သူ၏မျက်နှာကမူ အတွေးနက်ပုံရလေသည် ။
"ကောင်းကင်ဘုံရဲ့ သနားညှာတာမှုကိုစောင့်နေရင်အိုမင်းပြီး သေသွားရုံပဲရှိလိမ့်မယ် ၊ စစ်မှန်တဲ့လမ်းကြောင်းက ခက်ခဲကြမ်းတမ်းနေမှာပဲ "
"ရှေးရှေးကတည်းကနေ ယနေ့ခေတ်အထိ အချစ်ဆိုတာ တန်ဖိုးမဲ့တဲ့နောင်တတွေကိုပဲ ကျန်ရစ်စေပြီး၊အဲဒီနောင်တတွေက လူသားတွေကို အဆုံးမရှိ လောင်မြိုက်နေကြတယ် "
"နှောင့်နှေးသောတရားမျှတမှုသည် တရားမျှတမှုမဟုတ် ၊ ငါ၏နှလုံးသားသည် ၎င်းနှင့်သက်ဆိုင်သောနေရာတွင် ငြိမ်သက်စွာ တည်ရှိနေသည်"
နောက်ဆုံးတွင် သူက သက်ပြင်းချလိုက်သည် ။
"ငါ့စကားတွေကို ကြားလိုက်တဲ့သူရှိရင် ငါ့ကြောင့်လမ်းမှားမသွားဖို့တော့ မျှော်လင့်ရတာပဲ"
ထိုသို့ပြောပြီးနောက် သူကထိုနေရာမှ ပျောက်ကွယ်သွားတော့သည် ။
ရိုသေစွာဦးညွှတ်ကျန်နေခဲ့သော အဘိုးအိုနှင့် အဘွားအိုတို့မှာအချင်းချင်းကြည့်မိကာ ပျော်ရွှင်သွားကြသည် ။
မသေမျိုးအရှင်တစ်ပါးက သူတို့ကို အလေးအနက်ထားခဲ့၏ ။ နောက်ဆုံးမှာတော့ သူတို့၏ဇွဲလုံ့လသည် အလဟသ မဖြစ်ခဲ့ပေ။
ကျင့်ကြံခြင်းလောက၌ သူတို့ကဲ့သို့ ကြိုးပမ်းဖူးသော သေမျိုးများစွာရှိခဲ့ဖူးပါသည် ။ သို့သော် အများစု၏ ဒူးထောက်ခြင်းများသည် ကမ္ဘာပေါ်တွင် အချည်းနှီးဖြင့် အဆုံးသတ်သွားရသည်သာ များလေ၏ ။
"ရှင်မ ငါတို့က တကယ်ပဲ မသေမျိုးအရှင်တစ်ပါးနဲ့ စကားပြောခဲ့ရတာလား "
------------