အမြုတေအဆင့်တစ်ဦး၏ သွေး
Vol. 3 Ch. 34
“အကြီးအစ်ကိုကျိယွမ်ကို ၊ ဂါရဝပြုပါတယ်”
ထုံရှီးယန်က ကျိယွမ်အနီးသို့ရောက်သည်နှင့် လေးစားစွာရှေ့သို့တိုးလာ၏။
“ငါ့လခွမ်း ၊ မင်းလား”
ကျိယွမ်သည် ထုံရှီးယန်ကိုမှတ်မိသွားသည်နှင့် နောက်သို့အလန့်တကြား ဆုတ်လိုက်သည် ။
ဇာတ်လိုက်လို ကံကြမ္မာနဲ့ကောင် မဟုတ်လား ။
ထုံရှီးယန်ကဲ့သို့သော ဇာတ်လိုက်၏ကံကြမ္မာမျိုးရှိပုံရသည့် လူမျိုးနှင့်ဝေးဝေးနေသည်က ပိုကောင်း၏။
ကျိယွမ်ကြည့်ဖူးခဲ့သည့် ရုပ်သံဇာတ်လမ်းများနှင့်အနီမေးရှင်းများတွင် ဇာတ်ပို့ဇာတ်ကောင်တစ်ဦးသည် ဇာတ်လိုက်နှင့် အချိန်ကောင်းတစ်ခုရခဲ့လျှင် ထိုဇာတ်ပို့သည် မကြာမီသေဆုံးရပြီး ဇာတ်လိုက်က နာကျည်းသွားကာ ပို၍စွမ်းအားကိုတိုးစေတော့မည်ဟု အဓိပ္ပာယ်ရ၏။
ထိုဇာတ်ပို့များကို ဇာတ်လမ်းများစွာတွင် "သနားစရာကောင်းတဲ့ အဘိုးအို " ဟူ ကြေကွဲစွာ ခေါ်တတ်ကြ၏ ။
ကျိယွမ်သည် "သနားစရာကောင်းသော အဘိုးအို" မဖြစ်လိုသည့်အပြင် အသတ်လည်း မခံချင်သည်မှာ သေချာ၏။
“ဂိုဏ်းတူအစ်ကိုကြီး ကျိယွမ် ၊ကျွန်တော့်မှာ မလျော်ကန်တဲ့ တောင်းဆိုချက်တစ်ခု ရှိပါတယ်၊ ပြောသင့်မပြောသင့်လားတော့ မသိပါဘူး”
ထုံရှီးယန်က စကားလမ်းကြောင်းခင်းလိုက်သည် ။
ကျိယွမ်က ချက်ချင်းပင် အဖြေပေးလိုက်၏ ။
“ပြောသင့်မပြောသင့် မသိမှတော့ မပြောတာအကောင်းဆုံးပဲ”
ထုံရှီးယန်၏ ပြောတော့မည်ပြင်နေသော ပါးစပ်က တန်းလန်းကြီးဖြစ်သွားလေသည် ။
ထိုကျိယွမ်သည် အဘယ်ကြောင့် သာမန်လူလို စကားမပြောတတ်လေသနည်း ။
ထိုအခိုက်အတန့်တွင် ကျိယွမ်သည် စိတ်ကူးပေါက်သွားကာ ထုံရှီးယန်ကို နောက်တစ်ကြိမ်စစ်ဆေး လိုက်၏။
[ထိုသူသည် သာမန်လူငယ်တစ်ယောက်ဖြစ်သည် ၊သို့သော် သူ့၏ဝိညာဉ်က နိုးလာပြီဖြစ်ပြီး လက်နက်သန့်စင်သူတစ်ဦး ဖြစ်နေပါပြီ။ ယခု ထိုဝိညာဥ်ကသင့်၏ မီးဖိုချောင်သုံးဓားကို သဘောကျနေသည်။]
ကျိယွမ်က ထုံရှီးယန်၏ ပုခုံးကိုပုတ်၍ အသိပေးလိုက်သည် ။
"ဂိုဏ်းတူညီလေး ကောင်ကင်ဘုံဆေးဝါးတောင်ထွတ်ရဲ့ နောက်ဖေးမီးဖိုချောင်ထဲမှာ ထူးခြားတဲ့မီးတောက်တစ်ခု ရှိတယ်၊ အဲဒါ က မင်းနဲ့ အလွန်လိုက်ဖက်မယ်လို့ ငါထင်တယ်”
ထိုသို့ပြောပြီးသည်နှင့် ကျိယွမ်သည်ထုံရှီးယန်နှင့် ဝေးရာသို့မဆိုင်းမတွ ထွက်ခွာသွားလေ၏။ တဆက်တည်းမှာပင် မီးဖိုချောင်သုံးဓား၏ အော်ရာကိုလည်း ဖုံးကွယ်ထားလိုက်သည် ။
နိုးထလာသည့် ဝိညာဉ်သည်သူ၏ဓားကို သဘောကျနေသည်က ကျိယွမ်ကိုကသိကအောင့်ဖြစ်စေသည် ။
ထုံရှီးယန်သည် ထိုနေရာ၌ ကြောင်တောင်တောင် ရပ်ကျန်ခဲ့လေ၏။
“ထူးခြားတဲ့မီးတောက်လား ၊ အဲဒါ ဘာပြောတာလဲ"
ထိုအချိန်တွင် ရှေးဟောင်းဝိညာဉ်ဖြစ်သော ချီလော့ ၏အသံ ထွက်လာလေသည် ။
“မင်း ကျိယွမ် ကို သတိထားရမယ်။ သူက ထင်သလောက် ရိုးရှင်းတဲ့သူ မဟုတ်ဘူး။”
“ဟမ်”
“ငါ ခုနက သူ့အနားကို အနီးကပ်သွားကြည့်တော့ သူ့ဓားမှာသွေးစတွေကို ငါတွေ့ခဲ့တယ်”
“သွေးလား ၊ ဓါးမှာ သွေးစွန်းတာ၊အဲဒါက ပုံမှန်ပဲ မဟုတ်လား”
ချီလေ့ာက စိတ်မရှည်သလို အော်လိုက်၏ ။
“မင်းကဘာသိလို့လဲ ၊အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ သွေးကွ ”
ထုံရှီယန် တုန်လှုပ်သွားတော့သည် ။
အမြုတေအဆင့် ကျင့်ကြံသူတစ်ဦးရဲ့သွေးလား ။
ထိုမီးဖိုချောင်သုံးဓားက အမြုတေအဆင့်တစ်ဦးကို သတ်ခဲ့တာလား ။
သာ့ရှန်းတိုင်းပြည်တွင် အမြုတေအဆင့်ကျင့်ကြံသူများသည် တော်ဝင်မျိုးနွယ်များအလား အဆင့်အတန်းရှိသူများ ဖြစ်၏ ။
ဘာမဟုတ်သော အပေါစားမီးဖိုချောင်သုံးဓားတွင် အမြုတေအဆင့်ကျင့်ကြံသူတစ်ဦး၏ သွေးက အဘယ့်ကြောင့်စွန်းထင်နိုင်ရသနည်း ။
ကျိစယ်တောင်ထွတ်၏သခင်မက ကျိယွမ်ကို ဆုချလိုက်သည်များလား ။
ချီလော့က ထိုဓားသည် ထူးခြားသည်ဟုပြောခဲ့ခြင်းအား အံ့သြစရာ မရှိတော့ပါ ။
ချီလော့က ဆက်လက်၍ သတိပေးလိုက်သေးသည် ။
“မင်း ကျိယွမ် နဲ့ မိတ်ဆွေ ဖြစ်နိုင်တယ်၊ ရန်သူ ဖြစ်လို့မရဘူး ”
သူသည် ထုံရှီးယန်အား ပြောစဥ်ကအရေးကြီးသောအချက်တစ်ချက်ကို ချန်ထားခဲ့သည် ။
ဓားပေါ်မှ သွေးသည် လတ်လတ်ဆတ်ဆတ် ဖြစ်နေခြင်းပင် ။
ထုံရှီးယန်သည် ကျိယွမ်ထွက်သွားဘက်သို့ လှည့်ကြည့်ကာ သဘောကျသလို ပြုံးလိုက်ပြီးမှ အဖြေပေးလိုက်လေသည် ။
“အဓိက တောင်ထွတ်တစ်ခုရဲ့ ထိပ်တန်းတပည့်နဲ့ ကျွန်တော့်ကြားမှာရန်သူဖြစ်စရာ အကြောင်း ဘယ်လိုရှိမလဲ "
.....................
ကျိစယ်တောင်ထွတ်တွင်တော့ ကျန်းလင်းစုသည် ကျိယွမ်အားစိတ်ဝင်တစား ကြည့်နေ၏။
“ဆရာတူအစ်ကိုကြီး ၊ ဂိုဏ်းကနေ ထွက်သွားတော့မှာလား”
"အင်း ငါဂိုဏ်းချုပ်နဲ့ စကားပြောပြီးပြီ။ သူက ငါ့ကို အပြင်ထွက်ပြီး ငါ့ရဲ့အခြေခံအုတ်မြစ်တည်ထောင်ဖို့ ခွင့်ပြုခဲ့တယ်”
“အစ်ကိုကြီးရဲ့အခြေခံအုတ်မြစ်ကို တည်ထောင်ဖို့လား ၊ အဲဒါအတွက်လေးနဲ့ ဂိုဏ်းကနေ ထွက်ဖို့ ဘာလို့ လိုအပ်တာလဲ "
ကျန်းလင်းစုက စိတ်ရှုပ်ထွေးနေပုံရှိသည် ။ သူမသည် ကျိစယ်တောင်ထွတ်သို့ ရောက်သည့်နေ့မှစ၍ စိတိမရှုပ်ထွေးရသောနေ့ဟူ၍ မရှိသလောက်ပင် ကြုံနေရ၏ ။
“မင်းက စာအုပ်တစ်ထောင်ကို ဖတ်ရုံနဲ့ မပြီးဘူး၊ မိုင်ပေါင်း တစ်သောင်း ခရီးသွားဖို့လည်း လိုတယ်”
ကျန်းလင်းစု ခဏမျှ တုန်လှုပ်သွားပြီး ကျိယွမ်အား အလန့်တကြားကြည့်လိုက်သည် ။
ထိုပညာရှိစကားမျိုးက ကျိယွမ်ထံမှ ထွက်လာရန် အကြောင်းမရှိပေ ။
“ဆရာတူအစ်ကိုကြီး ပြောတဲ့စကားတွေက တစ်ခါတစ်ခါ အဓိပ္ပာယ်ရှိတယ် ၊ ဒါပေမယ့်… အစ်ကိုကြီးက အခြေခံအုတ်မြစ် တည်ထောင်ဖို့ပဲသပ်သပ်နဲ့ အပြင်ထွက်တာ မဟုတ်ဘူးလို့ ကျွန်မ ထင်နေတယ်”
“ဟင်း”
ကျိယွမ်က မတက်သာသလို သက်ပြင်းချကာ ရှင်းပြသည် ။
"နင့်ရဲ့ အစ်ကိုကြီးက အသက်ဘေးကနေ လွတ်မြောက်ဖို့၊ အသက်ရှင်သန်ဖို့ အခွင့်အရေးရှာနေတာပါ"
ကျိယွမ် သူ့အဖြစ်က ထာဝရရှင်သန်ရန်အတွက် သူ၏အသက်ကို စွန့်စားခဲ့ရသည့် ကြေကွဲဖွယ်ဇာတ်ကောင် နန်းကုန်းသာ့ရှန်နှင့် ဆင်တူသည်ဟု ခံစားရ၏။
(TN-နန်းကုန်းသာ့ရှန်သည် အစ်ကိုဖြစ်သူ နန်းကုန်းလျန်၏ မတရာစွပ်စွဲမှုကြောင့် သေဘေးမှထွက်ပြေးနေရသော တရုတ်ဝတ္ထုဇာတ်ကောင်ဖြစ်သည် ။)
ကျန်းလင်းစုက လိုက်မမှီတော့သဖြင့် “ဆရာတူအစ်ကိုကြီး ၊စကားကို ရိုးရိုးရှင်းရှင်းပဲ ပြောပါ” ဟု တောင်းဆိုလိုက်သည် ။
“မဟူရာတောင်တန်းဂိုဏ်းက ချူကျန်း နဲ့ တခြားသူတွေကို ငါ သတ်လိုက်တယ်လို့ သံသယရှိမှာကို မစိုးရိမ်ဘူးလား ၊ မဟူရာကြက်မိစ္ဆာကြီးက သူ့လူတွေနဲ့ ငါတို့ရဲ့တောင်ထွတ်ကို ရောက်လာပြီး ဝိုင်းရင် ငါ ဒီမှာ ပိတ်မိပြီး သေမှာပေါ့ ။ အခြေအနေတွေ ငြိမ်သက်သွားတဲ့အခါမှ ပြန်လာဖို့ အပြင်မှာ ပုန်းနေတာ ပိုလုံခြုံတယ်”
"ဟင်"
ကျန်းလင်းစုသည် ခံတွင်းမဲ့သွားလေတော့သည် ။သူမ၌ ပြောနိုင်စရာစကား မရှိတော့ပါ ။
သူမက ကျိယွမ်ကို စိတ်ကုန်သွားတော့သည် ။
“ဆရာတူအစ်ကိုကြီး ၊ ရှင် မြန်မြန်ထွက်သွားတာ ပိုကောင်းမယ်။ အစ်ကိုကြီးနဲ့ အတူရှိနေတာကြာရင် ကျွန်မပါ ရူးသွားမှာကို ကြောက်လာပြီ ”
ကျန်းလင်းစု၏ အကြည့် ယခင်ကလောက် မလေးစားတော့ပါ ။ သူမ၏ မျကိဝန်းများ၌ စိတ်ပျက်သော အရိပ်အရောင်များ သိသာနေ၏ ။
သူမက စိတ်ပေါက်ပေါက်နှင့် သတိပေးလိုက်သည် ။
“ဆရာတူအစ်ကိုကြီး ရှင်အပြင်မှာ ရောက်နေတုန်း သတိထားပါ၊ တော်ကြာ မဟူရာတောင်တန်းဂိုဏ်းက အရူးထပြီး အစ်ကိုကြီးနောက်ကို တကယ်လိုက်လာနိုင်တယ်”
“ကြီးမြတ်သူတွေက အတွေးအခေါ်တူကြတယ်ဆိုတာ မှန်နေတာပဲ ၊ငါလည်း ညီမလေးလိုပဲ ခံစားရတယ် "
ကျန်းလင်းစုမှာ သူမကိုယ်သူမပင် သက်သေပစ်လိုက်ချင်တော့သည် ။
“ဆရာတူအစိကိုကြီး၊ အစ်ကိုကြီးကသာ ဆွံ့အနေမယ်ဆိုရင် တကယ်ပဲ ထူးခြားပြီး ချောမောခန်းညားတဲ့ ယောက်ျားတစ်ယောက် ဖြစ်မှာသေချာတယ် ”
ကျန်းလင်းစု ခေါင်းကိုသာ တွင်တွင်ယမ်းမိ၏ ။
ဒါပေမဲ့ သူ့ပါးစပ်ဖွင့်လိုက်တာနဲ့… အားလုံးပြီးသွားပြီ ဖြစ်၏။ သူ၏ထူးခြားမှု ၊ ခန့်ညားမှုများသည် အလကားဖြစ်သွားကုန်တော့သည် ။
ကျိယွမ်၏ အသံက မနှစ်မြို့စရာဖြစ်နေခြင်းကြောင့် မဟုတ်ပါ ၊ သူပြောလိူက်သမျှ စကားလုံးများက အဓိပ္ပါယ်မဲ့ကာ ရူးသွပ်နေသောကြောင့်သာဖြစ်ချေသည် ။
...........................
“အထူးတန်းမှာ နေရာလွတ် နှစ်နေရာကျန်ပါသေးတယ်၊ ကိုယ့်နေရာကို အဆင့်မြှင့်ချင်တဲ့သူ ရှိရင် မြန်မြန်လာပါ၊ ဝိညာဉ်ကျောက်တုံး တစ်တုံးပဲ ကုန်ကျပါမယ်"
ဝိညာဉ်လှေပေါ်တွင်ရပ်နေသော ချီသန့်စင်ခြင်းအဆင့်ရှိ အမျိုးသမီး ကျင့်ကြံသူတစ်ဦးက အောက်တွင်ရှိနေသော ခရီးသည်များကို ကြည်လင်ပြတ်သားသော အသံဖြင့် သတိပေးနေ၏။
၎င်းသည် ဝူရွှဲ့မြို့ သို့ ဦးတည်နေသည့် ဝိညာဥ်လှေတစ်စင်းဖြစ်သည် ။
ဝူရွှဲ့မြို့သည် သာ့ရှန်တိုင်းပြည်၏မြောက်ဖျားတွင် တည်ရှိပြီး ရှုပ်ထွေးသောနေရာတစ်ခုဖြစ်သည် ။
၄င်းသည် မဟူရာတောင်တန်းဂိုဏ်း၏ နယ်မြေနှင့် နီးသောမြို့လည်းဖြစ်သည် ။
ပုံမှန်ဆိုလျှင် ဖြောင့်မတ်သောကျင့်ကြံသူများစွာသည် ထိုနေရာသို့ သွားရန်ဆန္ဒမရှိကြသလို သွားလေ့သွားထလည်း မရှိခဲ့ပေ ။
သို့သော် ဝူရွှဲ့မြို့တော်သည် သွေးကျောက်ပုံဆောင်ခဲတစ်မျိုးကို ထုတ်လုပ်၏။ထို သွေးကျောက်ပုံဆောင်ခဲများသည် အဖိုးတန်ပြီး အချို့ကျင့်ကြံသူများအားတိုးတက်စေရန် ထောက်ပံ့နိုင်သည် ။
ထို့ကြောင့် များစွာသော အောက်လမ်းကျင့်ကြံသူများနှင့် အဓိကဂိုဏ်းများမှ တပည့်တစ်ချို့ပင်လျှင် သွေးကျောက်ပုံဆောင်ခဲများ စုဆောင်းပြီး ၎င်းတို့၏ စွမ်းအားကို မြှင့်တင်ရန် ထိုနေရာသို့ သွားကြ၏။
ကျိယွမ်သည် ဝူရွှဲ့မြို့သို့ဦးတည်နေသော ဝိညာဉ်လှေပေါ်၌ ထိုင်နေသည် ။
သူစီးလာသောဝိညာဉ်လှေသည် အခြေတည်အဆင့် အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်သည်ကို သတိထားမိ၏ ။
သို့သော် အခြားအခြေတည်အဆင့် အသုံးအဆောင်ပစ္စည်းများနှင့် မတူဘဲ ၎င်းသည် အမြန်နှုန်းအတွက်သာ ရည်ရွယ်၍တည်ဆောက်ထားခြင်း ဖြစ်၏။
လှေပေါ်မှ အမှုထမ်းဖြစ်သူ၏ သတိပေးချက်ကို ကြားသောအခါ ကျိယွမ် စိတ်ဝင်စားသွားကာ ခေါင်ထောင်လာသည် ။
မကြာသေးမီက ရရှိခဲ့သည့် ပစ္စည်းများကြောင့် သူသည် ယခင်ကလိုလူမွဲစာရင်းဝင်မဟုတ်တော့ပါ ။ ထို့ကြောင့် သူက “ပထမတန်းစား အထူးတန်းဆိုသော" အပိုင်းကို စမ်းကြည့်ချင်နေ၏။
သို့သော် သူ့တွင်အရေးကြီးသည့် ကိစ္စများရှိပြီး အခြားသူများ သတိမထားမိစေရန် နေဖို့လိုအပ်သည်ဟု တွေးမိသောအခါ ထိုစိတ်ကူးကို ပယ်ချလိုက်ရသည် ။
"ဒီကတာအိုမိတ်ဆွေလေးကလည်း ဝူရွှဲ့မြို့ကို သွေးကျောက်တွေတူးဖို့ သွားမှာလား။ ရှင့်ရဲ့ပုံစံက ထူးခြားနေတယ် ။ နာမည်ကြီးဂိုဏ်းကြီးတစ်ခုက တပည့် ဖြစ်ရမယ်၊ ဟုတ်တယ်မလား"
အနားတွင်ရှိသော လှပသည့်အမျိုးသမီးတစ်ယောက်က ချီယွမ်ကို စကားစလာလေသည် ။
လှပသောအမျိုးသမီးသည် ဆံနွယ်များကိုလှပစွာ စုစည်းထားပြီး မက်မွန်သားဖြင့်ပြုလုပ်ထားသောဆံထိုးကို ပန်ဆင်ထားကာ ကျက်သရေရှိစွာ ဝတ်ဆင်ထား၏။
သူမက ကျက်သရေရှိသော အပြာရောင်ဖျော့ဖျော့ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသဖြင့် နူးညံ့ပြီး သိက္ခာရှိသောအော်ရာကို ထုတ်လွှတ်နေသည်။
သူမ၏ သွင်ပြင်ကရိုးရှင်းသော်လည်း ချမ်းသာသော အမျိုးသမီးတစ်ဦးဖြစ်သည်မှာ သိသာလေသည်။
ကျိယွမ်က သူ့ကိုယ်သူ ဂုဏ်ယူမိသွားသည်၊ သူ၏ဆွဲဆောင်မှု ၉၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချစေရန် ဖုံးကွယ်ပြီး ခရီးထွက်လာသည်ကိုပင် လူအများသည်သူ၏ မွေးရာပါ “ချောမောမှုခန့်ညားမှု” ကို သတိပြုမိနေသေးသည် ။
ငါ့ရဲ့ချောမောခန့်ညားမှုက နေမင်းကြီးလိုပဲ ဖုံးကွယ်ထားလို့ မရပါလား ။
"ကျွန်တော်က နိမ့်ကျတဲ့ အညတရလေ့လွင့်ကျင့်ကြံသူ တစ်ယောက်ပါ "
တစ်ကိုယ်တော်လေလွင့်သိုင်းပညာတစ်ယောက်လို သရုပ်ဆောင်ကာ ကျိယွမ်က ပြောလိုက်၏ ။
သူ၏အရင်ဘဝ သိုင်းဇာတ်လမ်းများထဲ လေ့လွင့်သိုင်းသမားများကို သူအလွန်သဘောကျသည် ။ ထို့ကြောင့်အခွင့်ကြုံလာသောအခါ ထိုသူရဲကောင်းများအတိုင်း သရုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းပင် ။
"တစ်ကိုယ်တော်ကျင့်ကြံသူ ဘဝကလည်း ချီးကျူးစရာပါပဲ။ ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ဆိုတာ တော်ရုံဇွဲနဲ့ မရနိုင်ဘူးလေ ။ သူတို့က ပိုပြီးကြိုးစားကြရတယ် ။ ငယ်ငယ်တုန်းကတော့ ကျွန်မလည်း လေ့လွင့်ကျင့်ကြံသူတစ်ယောက်ပေါ့။ အခု အသက်ကလေးရလာပြီဆိုတော့ ပိုပြီးတည်ငြိမ်တဲ့ဘဝကို ပိုနှစ်သက်လို့ ဂိုဏ်းတစ်ခုထဲ ဝင်လိုက်တာပါ"
လှပသောအမျိုးသမီးက အတိတ်ကိုပြန်သတိရနေဟန်ဖြင့် ဆွေးဆွေးမြေ့မြေ့ ရှိနေသည် ။
“ဒီကအစ်မက ဘဝရဲ့ အကောင်းဆုံးအချိန်ကို ပိုင်ဆိုင်ထားပုံရတယ်”
ကျိယွမ်က ကောင်းမွန်သော မှတ်ချက်တစ်ခုကို ပေးလိုက်သည် ။
သူငယ်စဥ်က ရင့်ကျတ်သောအမျိုးသမီးများ၏တန်ဖိုးကို မသိခဲ့ဘဲ ငယ်ရွယ်သောမိန်းကလေးများကိုသာ တန်ဖိုးထားခဲ့မိ၏။
လူဆိုးများကတော့ သူမလိုလှပပြီး ချမ်းသာသော အမျိုးသမီးလို့ မိန်းမမျိုးကို ပိုနှစ်သက်ကြမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ကျိယွမ်၏ အကြီးစားစွမ်းရည်တစ်ခုမှာ “လွှမ်းမိုးနိုင်သော ခွန်အား” ဖြစ်သည်။ကံကောင်းသည်မှာ လူယုတ်မာစွမ်းရည်များ နိုးထလာခြင်း မရှိသေးခြင်းပင်ဖြစ်၏ ။
“နင်က တကယ်ပဲ စကားပြောကောင်းတယ်”
လှပသောအမျိုးသမီးက သဘောကျသွားကာ တသိမ့်သိမ့် ရယ်မောလိုက်၏၊ သူမ၏အသံသည် ပုလဲလုံးများ ခတ်သလို သာယာကြည်လင်နေ၏။
“ နင်တို့လို လူငယ်တွေက အားအင်တွေ အပြည့်ရှိတယ်”
သူမသည် ကျိယွမ်၏ အရပ်မြင့်ပြီး သန်မာသောပုံကို ကြည့်ကာ သူမ၏အတိတ်ကို ပြန်သတိရနေပုံရ၏။
“ဒီကမောင်လေး၊ မင်း နင်ဝူရွှဲ့မြို့ကို သွေးကျောက်တွေ တူးဖို့ သွားတဲ့အခါ မဟူရာတောင်တန်းဂိုဏ်းကို သတိထားပါ။ ဝူရွှဲ့မှာ မြို့သခင်ကို စော်ကားမိတာက မဟူရာတောင်တန်းဂိုဏ်းကို စော်ကားမိတာထက် ပိုကောင်းတယ်၊ မြို့သခင်ကို စော်ကားရင် နင့်အသက်ပဲ သေနိုင်ပေမယ့် မဟူရာတောင်တန်းဂိုဏ်းကို စော်ကားမိရင်တော့ နင့်ရဲ့မိသားစုတစ်ခုလုံး သေနိုင်တယ်”
လှပသောအမျိုးသမီး၏ မျက်လုံးများတွင် မဟူရာတောင်တန်းဂိုဏ်းအကြောင်းကို ပြောသောအခါ ကြောက်ရွံ့မှုနှင့် ရွံရှာမှုတို့ ထင်ဟပ်လာ၏ ။
“မဟူရာတောင်တန်းဂိုဏ်းက ဒီလောက်တောင် ရက်စက်တာလား ၊ မိသားစုတစ်ခုလုံးကိုတောင် သတ်တယ်”
ကျိယွမ်သည် သူ့အသံကို နှိမ့်ချလိုက်ပြီး စိတ်လှုပ်ရှားနေပုံရှိသည် ။
မဟူရာတောင်တန်းဂိုဏ်းသည် သူက ချူကျန်းကို သတ်လိုက်သည်ဟု သိသွားပါက ၎င်းတို့သည် ကြယ်ပြာကမ္ဘာသို့ သွားပြီး သူ၏မိသားစုတစ်ခုလုံးကို သတ်လေမည်လား ။
ထိုအရာသည် တွေးကြည့်ရုံနှင့်ပင်ကြောက်စရာကောင်းလှသည် ။
သို့သော် ကျိယွမ်သည် တစ်စုံတစ်ခုကို ပြန်သတိရသောအခါ ခေါင်းယမ်းမိမလို ဖြစ်သွားသည် ။
ငါ့မှာ မိသားစုမှမရှိတာ ။
သူသည် အိမ်ထောင်စုစာရင်းတွင် တစ်ယောက်တည်းသော အဖွဲ့ဝင် ဖြစ်၏။
ငါ့ကိုယ်ငါတောင် သနားသွားပြီ ။
လူများကသူ့ကို အွန်လိုင်းတွင် ကျိန်ဆဲသောအခါ ပြန်ပြောစရာမိသားစုပင် မရှိခဲ့သူဖြစ်သည် ။
“မဟူရာတောင်တန်းဂိုဏ်းက အစွမ်းထက်ပြီး ခေါင်းပုံလည်းဖြတ်တယ်။ ငါတို့တူးလို့ရလာတဲ့ သွေးကျောက်တွေရဲ့ ဆယ်ပုံတစ်ပုံကို မြို့သခင်ကို ပေးရတယ်၊ နောက်ထပ် ဆယ်ပုံနှစ်ပုံကို မဟူရာတောင်တန်းဂိုဏ်းကို ပေးရတယ်။ တချို့အခါမျိုးမှာ… ဆယ်ပုံနှစ်ပုံထက်တောင် ပိုပေးရသေးတယ်”
လှပသောအမျိုးသမီးက သူမ၏ဖြူဖွေးသောသွားများကိုစေ့ကာ ဒေါသထွက်နေသည့် လေသံဖြင့် ရှင်းပြ၏ ။
ကျိယွမ်၏ ထူထဲသောမျက်ခုံးများ ကျုံ့သွားသည် ။ သူက ဒေါသထွက်သွားသောကြောင့် လေသံကကျယ်လာ၏ ။
“သိရသလောက် ဝူရွှဲ့မြို့က မဟူရာတောင်တန်းဂိုဏ်းရဲ့ စီမံခန့်ခွဲမှုအောက်မှာ မရှိဘူးမှတ်လား ။ သူတို့ ဘယ်လိုများ ဒီလောက် မာနထောင်လွှားနိုင်တာလဲ ။ သူတို့က အရင်းရှင်တွေထက်တောင် ပိုဆိုးနေတယ်။ သူတို့ကိုသတ်ပြီး လမ်းမီးတိုင်မှာ တွဲလောင်းဆွဲထားသင့်တယ်”
လှပသောအမျိုးသမီးက မျက်ကလဲဆန်ပြာဖြစ်သွား၏ ။သူမကဘေးဘီကို တစ်ချက်ကြည့်ကာ ချက်ချင်းပင် သူမ၏အသံကို လျှော့ချလိုက်သည် ။
“ဒီကမောင်လေး ၊ နင့်အသံကို တိုးထားပါ၊ မဟူရာတောင်တန်းဂိုဏ်းက ကြားသွားရင် နင်သေချာပေါက် ဒုက္ခရောက်နိုင်တယ်”
ကျိယွမ်က သူ့အတွေးနှင့်သူ ဖြစ်နေသည် ။
မဟူရာတောင်တန်းဂိုဏ်းကို သွားတာက ငါ့ ကိုယ်ကျိုးအတွက် မဟုတ်ဘူး ။
ငါက ငါ့အတွက် လက်စားချေနေတာလည်း မဟုတ်ဘူး ။
ငါက အများအတွက် တရားမျှတမှုကို ဆောင်ရွက်ပေးနေတာပဲ ။
ကျိယွမ်က သူ့ကိုယ်သူ ကိုယ်ကျင့်တရားအရ မှန်ကန်သောဘက်တွင် ရပ်တည်နေသည်ဟု ယုံကြည်လာအောင် ဦးနှောက်ဆေးကြောလိုက်၏။
ထို့နောက် သူနှင့် လှပသောအမျိုးသမီးတို့သည် ဝိညာဉ်လှေပေါ်တွင် စပ်မိစပ်ရာအကြောင်းအရာများကို ဝိုင်းဖွဲ့နေခဲ့သည် ။
သူမ၏ပျော်ရွှင်သော ရယ်မောသံလေးများက ကြည်နူးစရာကောင်းသလို ကျတ်သရေရှိသောအလှကလည်း နှစ်သက်ဖွယ်ဖြစ်၏ ။
မည်သည့် သကောင့်သားက သူမလိုအမျိုးသမီးနှင့် စကားမပြောဘဲ နေချင်မည်နည်း ။ အထူးသဖြင့် ယခုလိုပျင်းရိဖွယ် ခရီးရှည်ကြီးတွင်ဖြစ်သည် ။
ကျိယွမ်သည်လည်း လူသားများထဲက လူသားတစ်ယောက်ဖြစ်ပါသည် ။ သူ့၏ခန့်ညားသောရုပ်ရည်နှင့် လူငယ်ဆန်မှုတို့ကိုပါ ထပ်ပေါင်းလျှင် ဤစကားဝိုင်းဖြစ်ပေါ်လာခြင်းမှာ မထူးဆန်းတော့ပေ ။
မည်သို့သောအမျိုးသမီးများက ချောမောခန့်ညားသော လူငယ်သူရဲကောင်းများနှင့် မိတ်မဖွဲ့ချင်ဘဲ ရှိမည်နည်း ။ ကျိယွမ်ရှေ့မှ အမျိုးသမီးသည်လည်း ချွင်းချက်မဟုတ်ခဲ့ပါ ။
ငါးနာရီခန့်ကြာပြီးသည့်နောက် ဝိညာဉ်လှေသည် ဆင်းသက်လာ၏။
ကျင့်ကြံသူများစွာသည် လှေပေါ်မှ ဆင်းလာကြသည် ။
လှပသောအမျိုးသမီးက ကျိယွမ်အား ရင်းနှီးစွာ ကြည့်ကာ ဖိတ်ခေါ်လိုက်သည် ။
“ဒီမှာနေစရာနေရာ မရှိသေးရင် ငါ့နေရာမှာ တစ်ညတာ လာနေနိုင်ပါတယ်”
ကျိယွမ်က ကောင်းကင်ကို မော့ကြည့်ပြီး ကျေးဇူးတင်စကားဆိုလိုက်သည် ။
“နေပါစေတော့ ၊ ကျေးဇူးတင်ပါတယ်"
သူသည် အပြန်ခရီးအတွက် နောက်ဆုံး ဝိညာဉ်လှေကို မီရန်လျင်မြန်စွာ လုပ်ဆောင်ရန် လိုအပ်၏။
သူက ယခုနေရာတွင် ညအထိ နေမည် မဟုတ်ပေ။
သတ်စရာရှိတာ သတ်ပြီးနောက် သူကချက်ချင်း ထွက်ပြေးရန် လိုအပ်လေသည် ။
သူကြည့်ဖူးခဲ့သော ဇာတ်လမ်းများအရ တရားခံသည် ရာဇဝတ်မှုကျူးလွန်ရာနေရာသို့ ပြန်သွားခြင်းသည် မကြာခဏဆိုသလို အဖမ်းခံရတတ်သည်၊ ကျွမ်းကျင်သော လူသတ်သမားများက ထိုသို့သော မိုက်မဲ့သည့် လုပ်ရပ်မျိုးကို ရှောင်ကျဥ်ကြ၏ ။
ထိုအချိန်တွင် အနည်းငယ် မကျေနပ်ဖြစ်နေပုံရသော အသံတစ်ခု ထွက်ပေါ်လာသည် ။
“အမေ၊ သမီး ရောက်ပြီ”
လှပသော နန်းတွင်းဝတ်စုံဝတ်ထားသည့် မိန်းမပျိုတစ်ဦးသည် အခြေတည်အဆင့်အမျိုးသမီး ကျင့်ကြံသူတစ်ဦးနှင့်အတူ သူတို့အနားသို့ ရောက်လာ၏ ။
နန်းတွင်းဝတ်စုံဝတ် မိန်းမပျိုက ကျိယွမ်ကို ရန်လိုသောအမူအရာဖြင့် ကြည့်နေလေသည် ။
ဘာလဲဟ နေရင်းထိုင်းရင်း ။
ကျိယွမ် စိတ်ရှုပ်ထွေးသွား၏။
“အဲဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦး ၊ နှုတ်ဆက်ပါတယ် လျူဖြောင်း ”
ခေါင်းရှုပ်မခံချင်သော ကျိယွမ်က နှုတ်ဆက်ပြီးနောက် ချက်ချင်းထွက်ခွာသွားသည် ။
နန်းတွင်းဝတ်စုံဝတ် အမျိုးသမီးငယ်သည် လျူဖြောင်း၏ လက်မောင်းကို ဆွဲခိုကာ မေးလိုက်၏ ။
“အမေ၊ အဲဒါက ဘယ်သူလဲ”
လှပသောအမျိုးသမီးက ပြုံးကာရှင်းပြလိုက်သည် ။
“ရှောင်ရို ၊သမီးကလူတိုင်းကို သိပ်သတိထားတတ်လွန်းတယ်၊ သူက ဝူရွှဲ့မြို့ကို သွေးကျောက်တူးဖို့လာတဲ့ လေလွင့်ကျင့်ကြံတစ်ယောက်ပါ၊ သူ့မှာ ကောင်းမွန်တဲ့စရိုက်ရှိတယ်လို့ ထင်တာနဲ့ စကားပြောဖြစ်ခဲ့တာ၊ နင်လည်း မငယ်တော့ဘူး ၊ တာအိုလက်တွဲဖော်တစ်ယောက်လောက် ရှာသင့်ပြီ”
နန်းတွင်းဝတ်စုံဝတ် မိန်းမပျိုလေး၏ ရန်လို မှုက ပျောက်ကွယ်သွားကာ သက်ပြင်းချလေ၏ ။
“သွေးကျောက်မိုင်းကြီးကို နေ့တိုင်းစီမံခန့်ခွဲရတာနဲ့ ဘယ်မှာ အချိန်သွားရှာရမလဲ ၊ ပြီးတော့ ၊၊ အမေနော် သမီးက ကောင်းကင်ဘုံကနတ်သမီးတစ်ပါးမဟုတ်ပေမဲ့ လမ်းပေါ်မှာ မတော်တဆတွေ့တဲ့ လေ့လွင်ကျင့်ကြံသူနဲ့တော့ လိုက်ဖက်မှာ မဟုတ်ပါဘူး။ သမီးက တခြားမိုင်းတွင်းပိုင်ရှင်တွေနဲ့ မဟူရာတောင်တန်းဂိုဏ်းကို အခုတစ်နာရီအတွင်းသွားရဦးမယ် ၊ ဒီလောက်အလုပ်များနေမှတော့ ဘယိလိုလုပ်ပြီး တာအိုလက်တွဲဖော်က ရတော့မှာလဲ ”
မဟူရာတောင်တန်းဂိုဏ်းအကြောင်း ပြောနေသောအခါ နန်းတွင်းဝတ်စုံဝတ် မိန်းမပျို၏ မျက်လုံးများတွင် စိုးရိမ်မှုများ ပေါ်လာ၏။
--------------