← Chapters

ယွီလင်လုံ

Vol. 3 Ch. 36

ယွီလင်လုံ

Vol. 3 Ch. 36

"ငါ့အမြုတေလား... ငါ့အမြုတေက ကောင်းကင်မှာကွ"

ကျိယွမ်က ဧရာမဓားကြီးကို အရှိန်အဟုန်ပြင်းထန်စွာဖြင့် အောက်ဘက်သို့ လျှင်မြန်စွာခုတ်ပိုင်းသည်။ အကြီးအကဲလေပွေသည် ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားရပြီး ဓားကို တိုက်ရိုက်ရင်ဆိုင်ရန် မဝံ့ရဲပေ။ ဓားချက်က သူနှင့်နီးလာလေလေ အရှိန်အဝါက ပြင်းထန်လာလေဖြစ်ကာ သူ၏နှလုံးသားတွင် မကြုံစဖူးသော တုန်လှုပ်မှုကြီး ဖြစ်ပေါ်နေ၏။

"မင်း....မင်းက အမြုတေအဆင့်မဟုတ်ဘူး"

နောက်ဆုံးတွင် အကြီးအကဲလေပွေသည် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး ကြောက်ရွံ့မှုက သူ၏တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။

အမြုတေအဆင့် မဟုတ်သော်လည်း အမြုတေအဆင့်ကို အလွယ်တကူ အနိုင်ယူနိုင်သော ​ကျင့်ကြံသူ ။ ကမ္ဘာပေါ်တွင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အခြေတည်အဆင့်ကျင့်ကြံသူ တစ်ယောက် တကယ်ရှိနေသည်လား။

"မဟုတ်ဘူး၊ ငါက အမြုအဆင့်ကျင့်ကြံသူပဲ။ ငါ့မှာ အမြုတေရှိတယ်"

ကျိယွမ်က အကြီးအကဲလေပွေ၏စ​ကားကို လက်မခံပါ။

စကားဆုံးသည်နှင့် ကျိယွမ်ကဘေးမှရပ်ကာ အခွင့်အရေးကို ချောင်းနေသော အကြီးအကဲဆီသို့ ကန့်လန့်ဖြတ်ဓားချက်တစ်ခုကို ပစ်ထည့်လိုက်သည်။

မင်းကျားလိုချောင်းနေတာကို ငါမမြင်ဘူးလို့ ထင်နေလား ။

တိုက်ပွဲက နှစ်ယောက်တစ်ယောက်ဖြစ်သွားတော့သည်။

အမြုတေအဆင့်နှစ်ယောက်က ချီသန့်စင်ခြင်းအထွတ်အထိပ်တစ်ဦးကို နှစ်ဖက်ညှပ်တိုက်နေသော တိုက်ပွဲဖြစ်သည်။

သို့သော် တိုက်ပွဲကိုကြည့်နေသော မဟူရာတောင်တန်းဂိုဏ်းသားများခမျာ မပျော်ရွှင်နိုင်ပါ။

ပုံဆိုးပန်းဆိုးဓားကြီးကို ကိုင်ထားသော ချီသန့်စင်ခြင်းအဆင့်ရန်သူက ၄င်းတို့၏ အမြုတေအဆင့်အကြီးအကဲများကို ဟင်းသီးဟင်းရွက်များကို ဓားနှင့်လှီးသလို လိုက်လံခုတ်ပိုင်းနေသည်မဟုတ်ပါလား။

အကြီးအကဲနှစ်ယောက်မှာ ဖရိုဖရဲဖြင့်ပတ်ပြေးနေရ၏။

"ဒီကောင်က ချီအဆင့်မှဟုတ်ရဲ့လား"

"အဆင့်နှစ်ဆင့်ကြီးတောင်ကွာနေတာလေ"

လေပွေတစ်ခုလို မနားတမ်းလှုပ်ရှားနေသော အ​ကြီးအကဲလေပွေက အခြေအနေကို နားလည်သွားပြီး ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်။

“ပြေးကြ ၊ သူက လူမဟုတ်ဘူး"

"ဟုတ်တယ်၊ ငါက လူမဟုတ်ဘူး အဝတ်အစားမကောင်းဆိုးရွားကွ"

ကျိယွမ်သည် အမြုတေအဆင့်အကြီးအကဲများကို ထွက်ပြေးနိုင်စေရန် အခွင့်အရေးပေးဖို့ စိတ်ကူးမရှိပါ။

ဓားဝိညာဥ်ကိုသုံးလျှက် အောက်ဘက်သို့ တစ်ချက်စီခုတ်ချလိုက်ရာ ဘယ်ညာခွဲကာ ပြေးရန်ကြံနေသော အမြုတေအဆင့်အကြီးအကဲနှစ်ယောက်၏ ခန္ဓာကိုယ်များအပိုင်းပိုင်းဖြစ်သွားပြီး ခြေတစ်လှမ်းပင် မသွားနိုင်တော့ပေ ။

အရာအားလုံး အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသည်။ အမြုတေအဆင့်အကြီးအကဲနှစ်ဦးသည် ကျိယွမ်နှင့် အချိန်ခဏသာ တိုက်ခိုက်ပြီးနောက် အသတ်ခံလိုက်ရသည်။

မဟူရာတောင်တန်းဂိုဏ်းတွင် ဂိုဏ်းချုပ်အပါအဝင် အမြုတေအဆင့်ကျင့်ကြံသူ ခုနစ်ဦး ရှိသည်။ ဘိုးဘေးပူဇော်ကြက်သေဆုံးသွားပြီး နောက်ထပ်နှစ်ဦးပါ ထပ်မံ အသတ်ခံရသောကြောင့် အမြုတေအဆင့်လေးဦးသာ ကျန်ရှိတော့သည်။

မဟူရာတောင်တန်းဂိုဏ်းသည် ၄င်းတို့၏အင်အားထက်ဝက်ခန့် ဆုံးရှုံးသွားခဲ့လေပြီ။ကျိယွမ်ကိုသာ မသတ်နိုင်ခဲ့လျှင် အခြေအနေက ပိုဆိုးရုံသာရှိတော့သည်။

ထိုအချိန်တွင် တိုက်ပွဲကိုအကဲခတ်နေသော အားကောင်းသည်ဂိုဏ်းဝင်များအားလုံး ထွက်ပေါ်လာတော့သည်။

ဦးဆောင်လာသူမှာ မဟူရာတောင်တန်းဂိုဏ်း၏ ခေါင်းဆောင်မဟူရာလေပြင်းတာအိုသခင်ဖြစ်သည်။ သူသည် မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူများဖုံးလွှမ်းနေကာ လက်ရှိအသက်အရွယ်ထက် ပိုမိုအိုမင်းနေပုံရ၏။

ယွီလင်လုံက မဟူရာတောင်တန်းဂိုဏ်းချုပ်၏ဘေးတွင် ရပ်နေပြီး ကျိယွမ်ကို စူးစမ်းနေကာ ရံဖန်ရံခါ ဆွဲဆောင်သော အကြည့်များဖြင့် စိုက်ကြည့်နေသည်။

အခြား အမြုတေအဆင့်အကြီးအကဲနှစ်ဦးကမူ မျက်နှာထားများတင်းမာလျှက် ကျိယွမ်ကိုသာ အချိန်ပြည့်အာရုံစိုက်ကြည့်နေကြ၏။

မဟူရာလေပြင်းတာအိုအရှင်သည် ဂိုဏ်း၏အပျက်အစီးများကို တစ်ချက်ဝေ့ကြည့်ပြီး တည်ငြိမ်စွာရှိနေ၏။သူ့တွင်ယုံကြည်ချက်အချို့ ရှိပုံရလေသည်။

“ငါတို့ရဲ့ ဂိုဏ်းမုခ်ဝကို ဖျက်ဆီးလိုက်တာကတော့ အရမ်းလွန်သွားပြီ”

“ငါတို့ ထိပ်တန်းဂိုဏ်းတစ်ခုမဟုတ်ပေမဲ့မဟူရာကြက်မိစ္ဆာသခင်က ငါ့ရဲ့မွေးစားဖခင်ပဲ။ မင်းအခု ထွက်သွားမယ်ဆိုရင် ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်မယ်။ အတိတ်တုန်းက ငါတို့ မဟူရာတောင်တန်းဂိုဏ်းက မင်းရဲ့မိသားစုကို သုတ်သင်ခဲ့တယ်။ အခု မင်းက ငါတို့ရဲ့ အမြုတေအဆင့်အကြီးအကဲသုံးယောက်ကို သတ်ခဲ့တယ်။ ငါတို့ ဒါကို မျှတတယ်လို့ သတ်မှတ်နိုင်တယ်”

မဟူရာလေပြင်းတာအိုအရှင်သည် ပါးနပ်သူဖြစ်သည်။လက်ရှိအနေအထားအရ သူ၏ရှေ့မှရန်သူကို ကြမ်းတမ်းစွာကိုင်တွယ်လျှင် ဆုံးရှုံးမှုကပိုများသွားနိုင်၏ ။သူ၏မွေးစားအဖေ အပြင်ထွက်လာမှ ဖြေရှင်းရန် စိတ်ကူးထားသည်။ထို့ကြောင့် သူက တဖက်လှည့်နှင့်ခြိမ်းခြောက်ပြီး တစ်ဖက်ကထွက်ပေါက်ပေးလိုက်ခြင်းပင် ။

သူ၏စကားက်ု ကြားသောအခါ ကျိယွမ်က ငြိမ်သက်သွားသည်။ သူ၏မျက်နှာက လေးနက်စွာ စဥ်းစားနေပုံရသည်။

သို့သော် ကျိယွမ်စဥ်းစားနေသည်က ကျေအေးရန်တော့မဟုတ်ပါ သူ၏ရှေ့မှရန်သူများကို အချိန်ခဏအတွင်း မည်သို့သုတ်သင်ရမည်ကို စဉ်းစားနေခြင်းဖြစ်သည်။

ကျိယွမ်၏တိတ်ဆိတ်မှုကို မြင်သောအခါ မဟူရာလေပြင်းတာအိုအရှင်က စကားအနည်းငယ် ထပ်ထည့်လိုက်သည်။

“မင်း ဆက်တိုက်ခိုက်နေမယ်ဆိုရင် ငါတို့ ဂိုဏ်းကလည်း ကြောက်ပြီးလက်မြှောက်အရှုံးပေးမှာတော့ မဟုတ်ဘူး။ ရလဒ်က မင်းထင်သလောက်တော့ မလွယ်မှာသေချာတယ်၊ ပြီးတော့ မဟူရာကြက်မိစ္ဆာသခင်က ငါ့ရဲ့မွေးစားဖခင်ဆိုတာ မင်းမမေ့နဲ့”

ကျိယွမ်သည် သူ၏မျက်ခုံးကို ပင့်တင်လိုက်သည်။

“မင်းတို့က ငါ့မိသားစုတစ်ခုလုံးကို ရက်ရက်စက်စက်သတ်ခဲ့တယ်၊ အခု ငါ့ကိုလည်း ခြိမ်းခြောက်နေတယ်၊ ငါက သရဲဘောကြောင်တဲ့ အရှုံးသမားတစ်ယောက်လို့ မင်းတို့ထင်နေကြတာလား၊သေမှာကြောက်ရင် မင်းတို့ဂိုဏ်းကို တစ်ယောက်တည်း မလာဘူးကွ ၊ နားလည်လား"

တုန့်ပြန်မှုက သူထင်ထားသလိုမဟုတ်သောကြောင့် မဟူရာလေပြင်းတာအိုအရှင် အံ့အားသင့်သွားသည်။

ယွီလင်လုံက ဆွဲဆောင်မှုရှိစွာ ရယ်မောလိုက်ပြီး ညှို့ငင်သောအသံဖြင့် ကျိယွမ်အား ဆွဲဆောင်လိုက်သည်။

“မောင်လေး၊ နင်ကတော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ။ နင်သာ မဟူရာတောင်တန်းဂိုဏ်းကို ချမ်းသာပေးမယ်ဆိုရင် မမက... နင်နဲ့အတူ တစ်ညတာ ကုန်ဆုံးဖို့ ဆန္ဒရှိပါတယ်၊ မဟူရာတောင်တန်းဂိုဏ်းအစား မမကို လက်စားချေပေါ့ ”

သူမ၏စကားကြောင့် မဟူရာလေပြင်းတာအိုအရှင်သည် မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။

ကျိယွမ်က ယွီလင်လုံကို စိတ်ပျက်သလိုကြည့်လိုက်သည်။

“ပျားရည်ထောင်ချောက်ဆင်တာပဲ၊ ဘယ်လောက်တောင် စက်ဆုပ်စရာကောင်းလိုက်လဲ။ လူယုတ်မာတွေ ၊ ဒီနေ့ မင်းတို့အားလုံးကို ငါသုတ်သင်မယ်”

ကျိယွမ်သည် ထပ်မံ၍ ငြင်းခုံရန် စိတ်မဝင်စားတော့ပါ။ငြင်းခုံခြင်းသည် ပျင်းစရာကောင်းပြီး သူကလည်း ထိုကိစ္စမျိုးတွင် မထူးချွန်သည့်အတွက် ငြင်းခုံမှုများတွင် တစ်ခါမှ မနိုင်ခဲ့ပေ။

ကျိယွမ်က တဟုန်ထိုးတိုက်ခိုက်တော့သည်။

ငါက ငြင်းခုန်တာမတော်ပေမဲ့ ဓားနဲ့တော့ခုတ်တတ်တယ်ကွ။

မဟူရာလေပြင်းတာအိုအရှင်၏ မျက်နှာထားက ရုတ်ချည်း အေးစက်သွားသည်။

“မင်းက သေချင်နေတာပဲ"

သူက သိုလှောင်အိတ်ထဲမှ ဖွဲ့စည်းပုံအလံတစ်ခုကို ထုတ်ယူကာ လေထဲသို့ ပစ်တင်သည်။

“အစီအရင်ဖွဲ့”

သူကဂိုဏ်း၏ ဧရာမအစီအရင်ကို ဖွင့်လိုက်ခြင်းပင်ဖြစ်သည်။

ထိုအချင်းအရာကို မြင်သောအခါ အဆင့်နိမ့်ဂိုဏ်းသားအားလုံး၏ မျက်နှာများသည် ဖြူဖျော့သွားကြပြီး အခြေတည်အဆင့်အဖွဲ့ဝင်များလည်း တုန်ရီသွားကြသည်။

ဆန့်ကျင်ဘက်အနေဖြင့် အမြုတေအဆင့်အကြီးအကဲလေးဦးမှာ ပိုမိုသန်မာလာပြီး ၎င်းတို့၏ စွမ်းအင်များလည်း ပိုမိုအားကောင်းလာသည်။

ဂိုဏ်းချုပ်၏ ဧရာမအစီအရင်သည် ဂိုဏ်းသားအားလုံး၏ ကျင့်ကြံခြင်းများကိုစုပ်ယူသွားပြီး အကြီးအကဲများ၏ စွမ်းအားကို ချက်ချင်း မြှင့်တင်ပေးခဲ့သည်။

"မလွယ်တော့ဘူး"

ကျိယွမ်သည် ၎င်းကိုမြင်ပြီးနောက် သူ၏ဓားကြီးကို အားကုန်လွှဲကာ ခုတ်ပိုင်းလိုက်သော်လည်း မဟူရာလေပြင်းတာအိုအရှင်က တည်ငြိမ်နေဆဲပင်ရှိသည်။

ယခုအခါ သူသည် အမြုတေအဆင့်နှောင်းပိုင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရပြီး ပြောင်လက်နေသော အမြုတေတစ်ခုကို ထုတ်လိုက်သည်။

“ဒီတိုက်ခိုက်မှုကို ယူလိုက်စမ်း”

မဟူရာလေပြင်းတာအိုအရှင်က အပြင်းထန်ဆုံး အမြုတေတိုက်ခိုက်မှုတစ်ခုကို ကျိယွမ်ထံသို့ ပို့လွှတ်လိုက်သည်။

အမြုတေသည် အမြုတေအဆင့်ကျင့်ကြံသူတစ်ဦးအတွက် အဖိုးအထိုက်ဆုံးပစ္စည်းဖြစ်ပြီး တာအိုပညာရပ်၏ အနှစ်သာရပင် ဖြစ်သည်။ ဤနည်းစနစ်ကို အသုံးပြုလိုက်သောအခါ မဟူရာလေပြင်းတာအိုအရှင်သည် ပြိုင်ဘက်ကင်းသူတစ်ဦးအလား ထင်ရလေသည်။

“ငါ့အမြုတေက အဆင့်သုံးသတ္တုဒြပ်စင်တစ်ခုဖြစ်ပြီး အခိုင်မာဆုံးပဲ။ စိတ်ဝိညာဥ်အဆင့်တစ်ယောက်တောင် ဒါကို အလွယ်တကူ မဖျက်နိုင်ဘူး။ မင်းရဲ့နည်းစနစ်တွေက သိမ်မွေ့ပြီး သေစေနိုင်တဲ့ လှုပ်ရှားမှုတွေ ပါဝင်နေသလို တိုက်ခိုက်ရေးအတွေ့အကြုံကလည်း ငါတို့ထက် သာလွန်တယ်ဆိုတာ ငါလက်ခံပါတယ်။ ဒါပေမဲ့ ငါ့ရဲ့အမြုတေကိုသုံးပြီး မင်းကို အနိုင်ယူပြမယ်"

ယခုတိုက်ပွဲတွင် မဟူရာလေပြင်းတာအိုအရှင်၏ အကြီးမားဆုံးအားသာချက်မှာ သူ၏ကျင့်ကြံမှုအဆင့်က အားလုံးထက် ပိုမိုမြင့်မားနေခြင်းပင်ဖြစ်သည်။

ထို့ကြောင့် ကျိယွမ်ကို တတိယအဆင့်သတ္တုဒြပ်စင်အမြုတေဖြင့် ဖိနှိပ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုတိုက်ခိုက်မှုက အဆင့်နိမ့်ကျင့်ကြံသူများကို အနိုင်ယူရန် အကောင်းမွန်ဆုံးသောနည်းဗျူဟာတစ်ရပ် ဖြစ်၏။

သို့သော် တလက်လက်တောက်နေသော သတ္တုအမြုတေကို မြင်သောအခါ ကျိယွမ်၏မျက်လုံးများ တောက်ပလာသည်။

“မင်းဟာက ကလေးကန်တဲ့ ဘောလုံးတစ်လုံးလောက်တောင် မကြီးသေးဘူး၊ ဒါလေးနဲ့ မင်းက ငါ့ကို နှိပ်ကွပ်နိုင်မယ်လို့ ထင်နေတာလား”

ဘောလုံးလောက်ပင်မရှိသောအမြုတေကို ကျိယွမ်မကြောက်ပါ ၊ ကမ္ဘာလုံးလောက်ဖြစ်နေမှာကိုသာ သူကစိုးရိမ်၏။

မဟူရာလေပြင်းတာအိုအရှင်သည် ကျိယွမ်နှင့် လက်ရည်တူတိုက်ခိုက်ရန်ရွေးချယ်ခဲ့လျှင် တိုက်ပွဲသည် အရှုံးအနိုင်မကွဲဘဲ ကြာရှည်သွားနိုင်သည်။ သို့သော် သူကအနိုင်သေချာစေရန် သူ၏အမြုတေကိုထုတ်ပြခြင်းသည် သေစေနိုင်သော အမှားတစ်ခု ဖြစ်သွားခဲ့သည်။

ကျိယွမ်၏ဓားသည် အမြုတေများကို ခုတ်ဖြတ်ရန် အထူးပြုထားသည့်ဓားတစ်ချောင်းဖြစ်နေခဲ့သည်မဟုတ်ပါလား ။

ကျိယွမ်က ကောင်းကင်ပိုင်းဖြတ်ဓားချက်ကိုပင် ထပ်မံအသုံးပြုလိုက်၏။

နေနှင့်လ၏ အနှစ်သာရများကို ဓားနှင့်ပေါင်းစည်းလိုက်သည်သောအခါ ဓား၏အပေါ်ယံသတ္တုများက မခံနိုင်တော့ပါ။ဧရာမဓားကြီးသည် ကွဲကြေသွားပြီး မီးဖိုချောင်သုံးဓားတစ်ချောင်း ထွက်ပေါ်လာသည်။

မဟူရာလေပြင်းတာအိုအရှင်သည် မှင်တက်သွားသည်။

ဟင်းသီးဟင်ရွက်လှီးဓားလား ၊ ဒါနဲ့ငါ့အမြုတေကို ရင်ဆိုင်မယ်ပေါ့ ။

သို့သော် သူဝမ်းမသာနိုင်ပါ ။အဘယ်ကြောင့်ဆိုသော် ကြောက်မက်ဖွယ်ကောင်းသော အသိတစ်ခု သူ၏နှလုံးသားအတွင်း ဝင်ရောက်လာသောကြောင့် ဖြစ်သည်။

သူက အထိတ်တလန့်ဖြင့် သူ၏အမြုတေ ကို ပြန်သိမ်းရန် အလိုအလျောက် ကြိုးစားခဲ့သော်လည်း နောက်ကျသွားခဲ့လေပြီ။

မီးဖိုချောင်သုံးဓားသည် တလက်လက်တောက်ပနေသော သတ္တုအမြုတေကို တုံးဟူးတုံးတစ်ခုကဲ့သို့ အလွယ်တကူပင် ခုတ်ဖြတ်ပစ်လေသည်။

မဟူရာလေပြင်းတာအိုအရှင်၏ စွမ်းအင်များ အစိတ်စိတ်အမြွာမြွာပြိုကွဲသွားပြီး သေလုနီးပါး ဖြစ်သွား၏။

“မဖြစ်နိုင်ဘူး...”

မဟူရာလေပြင်းတာအိုအရှင်၏ မယုံနိုင်စွာ အော်ဟစ်သံက ယခင်ကလို မကျယ်လောင်နိုင်တော့ပါ ။

သူ၏တတိယအဆင့်သတ္တုအမြုတေသည် တောင်တစ်လုံး၏ အလေးချိန်နှင့်ညီမျှ၏။သိူ့သော် ထိုအရာကသခွားသီးတစ်လုံးအလား မီးဖိုချောင်သုံးဓားဖြင့် အလွယ်တကူခုတ်ပိုင်းခြင်းကို ခံလိုက်ရ၏။

သူ၏နှလုံးသားများ ကြေကွဲသွားလေပြီ။

မီးဖိုချောင်သုံးဓားနဲ့ခုတ်ခံရတယ်လို့ ၊ မြေကမ္ဘာအဆင့်ဓားဆိုရင်တောင် ငါခံစားနိုင်ပါသေးတယ်။

ကျိယွမ်က ဖြေသိမ့်ပေးလိုက်သည်။

“ငါက အရမ်းအားကောင်းနေတာ မဟုတ်ဘူး၊ မင်းရဲ့ အမြုတေက အရမ်းသေးလွန်းနေတာကိုး"

ထိုသို့ပြောရင်းမှ ကျိယွမ်က အနာဂတ်တွင် သူ၏အမြုတေကို ဖန်တီးမည်ဆိုလျှင် ကြီးနိုင်သမျှ အကြီးဆုံးလုပ်ထားရမည်ဟု ဆုံးဖြတ်လိုက်သည်။

တောင်တစ်လုံးလောက်ရှိတဲ့ အမြုတေတောင် အဆင်မပြေဘူး၊အနည်းဆုံး ကုန်းမြေတိုက်တစ်ခုစာလောက်ရှိမှ ဖြစ်မယ်ထင်တယ်။

မဟူရာတောင်တန်းဂိုဏ်းချုပ်၏ ကြက်ဥအရွယ် အမြုတေကတော့ ဘာလုပ်မည်နည်း။ပြုတ်စားပစ်တာကမှ ဗိုက်ပြည့်လိမ့်ဦးမည်။

ထို့နောက် ကျိယွမ်သည် သူ၏စွမ်းအားများကို ရုတ်သိမ်းခြင်းမပြုတော့ဘဲ မီးဖိုချောင်သုံးဓားကို ဝှေ့ယမ်းလျှက် လျှပ်တပြတ်လှုပ်ရှားလိုက်သည်။

"သတ်"

သူက တုန့်ဆိုင်းမနေဘဲ ကျန်ရှိနေသေးသော အမြုတေအကြီးအကဲ သုံးဦးကို ရက်စက်စွာ တိုက်ခိုက်ခဲ့သည်။

ပြင်းထန်သော တိုက်ပွဲအတွင်း အမြုတေအဆင့်များကိုသာမက နီးစပ်ရာဂိုဏ်းသားများကိုပါ သူကကြုံလျှင်ကြုံသလို ထည့်ခုတ်ပစ်သည်။ အစီအရင်၏စုပ်ယူမှုကြောင့် အဆင့်နိမ့်ဂိုဏ်းသားများမှ စဥ့်တီးတုံးများပေါ်မှ အသီးအရွက်များအလား ခုခံနိုင်စွမ်းမရှိခဲ့ပါ။

အသက််ဆယ်ရှိုက်စာအချိန်အတွင်းမှာပင် ကျိယွမ်က အမြုတေအဆင့်အကြီးတစ်ယောက်ကို ခေါင်းဖြတ်လိုက်ပြန်သည်။

ဒဏ်ရာရထားသော အခြားအကြီးအကဲတစ်ဦးသည်လည်း ကံမကောင်းခဲ့ပါ။

ယွီလင်လုံက အလစ်ငိုက်ဖမ်းကာ သူ၏ကျင့်ကြံခြင်းများကို စုပ်ယူပြီး သူမကိုယ်သူမ အားဖြည့်ပစ်လေသည်။

နောက်ဆုံးမှာတော့ အမြုတေအဆင့်အကြီးအကဲများအနက် ယွီယင်လုံ တစ်ဦးတည်းသာ ကျန်ရှိတော့သည်။

သူမ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများ ဖုံးလွှမ်းနေပြီး လှပသောအဝတ်အစားများမှာလည်း စုတ်ပြဲနေကာ ချောမွတ်သော အသားအရေကို ဟိုတစ်ကွက်ဒီတစ်ကွက် မြင်နေရသည်။

“ငါ့အသက်ကို ချမ်းသာပေးပါ”

သူမက သနားစဖွယ်မျက်နှာဖြင့်တောင်းပန်သည်။

"အင်း”

ကျိယွမ်က ပါးစပ်က အင်းသော်လည်း လက်ကမနားပါ ။သူ၏ဓားက လျှင်မြန်စွာလှုပ်ရှားနေပြီး ဆက်တိုက်ခုတ်ပိုင်းသည်။

ယွီယင်လုံသည် အားကုန်ရုန်းကန်ကာ ရှောင်တိမ်းရင်းမှ စိတ်ပျက်အားငယ်စွာဖြင့် ဝန်ခံသည်။

“ငါ့မှာ ခရမ်းရောင်အထူးခန္ဓာကိုယ်ရှိတယ်။ ငါသာ စိတ်ဝိညာဥ်အဆင့်ကို ​ရောက်သွားရင် ငါနဲ့နှစ်ကိုယ်တူကျင့်ကြံတဲ့ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူက ဒဏ္ဍာရီထဲက ခရမ်းရောင်နန်းတော်အဆင််ကို ရောက်နိုင်တယ်။ နင်သာ ငါ့ကို အသက်ချမ်းသာပေးမယ်ဆိုရင် ငါနင့်ရဲ့ အစေခံလုပ်ပြီး ခရမ်းရောင်နန်းတော်အဆင့်ရောက်အောင် ကူညီပေးပါမယ်”

ကျိယွမ်သည် ရပ်တန့်သွားသည်။

“ခရမ်းရောင်နန်းတော်အဆင့်လား "

မျှော်လင့်ချက်ကို မြင်သောအခါ ယွီလင်လုံက အားတက်သွားက ဆက်ရှင်းပြသည်။

“နင်သာ အခု ငါနဲ့ စပ်ယှက်မယ်ဆိုရင် ဒီနေ့မှာပဲ နင်ကစိတ်ဝိညာဥ်အဆင့်ကို ရောက်နိုင်တယ်။ ဒါပေမဲ့ ငါ စိတ်ဝိညာဥ်အဆင့်ကို ရောက်တဲ့အထိ စောင့်နိုင်မယ်ဆိုရင်တော့ နင် ငါနဲ့အတူ တစ်ညတာကုန်ဆုံးရုံနဲ့ ခရမ်းရောင်နန်းတော်အဆင့်ထဲကို ဝင်ရောက်နိုင်ပါတယ်”

ကျိယွမ်သည် ခေတ္တမျှ စဉ်းစားပြီး သဘောပေါက်သွားတော့သည်။

“ဒီတော့ နင်က ​မဟူရာကြက်မိစ္ဆာကြီးရဲ့ ဝှက်ဖဲပေါ့ ၊နင်သာ စိတ်ဝိညာဥ်အဆင့်ကို ရောက်သွားရင် ......"

"မဖြစ်ဘူး နင်ကို အသက်ရှင်ခွင့် မပေးနိုင်ဘူး ၊၊ စိတ်ဝိညာဥ်အဆင့် ကြက်ဖတစ်ကောင်ကတင် တော်တော်ကြောက်စရာကောင်းနေပြီ၊ ခရမ်းရောင်နန်းတော်အဆင့်ဆိုရင်တော့ တစ်လောကလုံး ပုန်းအိပ်နေရမယ်”

ထိုသို့ပြောပြီးနောက် ကျိယွမ်၏ ဓားရောင်သည် လက်ခနဲတောက်ပသွားလေ၏။

သူက ယွီလင်လုံ၏ခေါင်းကိုသာမကဘဲ သူမ၏အမြုတေကိုပါ ခုတ်ခြမ်းပစ်သည်။

ယွီယင်လုံမှာ ပြန်လည်ရှင်သန်ရန် မဖြစ်နိုင်တော့ဘဲ အပြီးတိုင်သေဆုံးသွားလေ၏။

ကျိယွမ်က စိတ်သက်သာရာရစွာဖြင့် ရေရွတ်လိုက်သည်။

“သူက ခရမ်းရောင်အထူးကိုခန္ဓာကိုယ်အကြောင်းပြောခဲ့တာ ကံကောင်းတာပဲ။ ငါဒီအတိုင်းသတ်ရုံသတ်ပြီး ထားခဲ့ရင် ကြက်မိစ္ဆာကြီးက သူ့ခန္ဓာကိုယ်ကို ပြန်ရှင်သန်အောင်လုပ်ပြီး ခရမ်းရောင်နန်းတော်အဆင့်ကို ခြေချသွားနိုင်တယ်”

ကျိယွမ်က သူမ၏ခန္ဓာကိုယ်ပေါ်တွင် အထူးအလောင်းအရည်ဖျော်ဆေးရည်ကို လောင်းချလိုက်၏။ ထို့နောက် ၎င်းကို မီးရှို့ပြီးကျန်ခဲ့သော စွန့်ပစ်ပစ္စည်းများကိုသိုလှောင်အိတ်ထဲသို့ ထည့်ထားလိုက်သည်။

“ဒီနည်းနဲ့ ဆို မဟူရာကြက်မိစ္ဆာကြီး သူမကို အသုံးပြုလို့မရနိုင်တော့ဘူး"

သို့သော်သူက စိတ်မချရသလို ခံစားရသောကြောင့် ကျန်ရှိနေသော အပိုင်းအစများကို ထပ်မံမီးရှို့ပြီး လုံးဝပျက်စီးသွားအောင် လုပ်ဆောင်ပစ်သည်။

ထို့နောက် သူကမဟူရာတောင်တန်းဂိုဏ်းထဲသို့ သေစေလိုသော ရည်ရွယ်ချက်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် လှည့်ကြည့်သည်။

“ဂိုဏ်းသားနည်းနည်း အသက်ရှင်နေသေးတာပဲ။ ဒီကောင်တွေကိုပါရှင်းပြီးရင် စာကြည့်တိုက်ထဲက အသုံးလိုတာလေးတွေယူပြီး ထွက်ပြေးရမယ်"

ဂိုဏ်းအစီအရင်သည် ဂိုဏ်းသားများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ စွမ်းအားများစုပ်ယူသွားသောကြောင့် အများစုမှာ ခြောက်သွေ့သော ရုပ်အလောင်းများအဖြစ်သို့ ပြောင်းလဲသွားသော်လည်း အနည်းငယ်မှာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

ကျိယွမ်သည် သူ၏ဓားကို တည်ငြိမ်စွာကိုင်လျှက် မဟူရာတောင်တန်းဂိုဏ်းသားများထံသို့ တစ်လှမ်းချင်း လျှောက်သွားသည်။

"တစ်ယောက်မှ ချန်ခဲ့လို့ မရဘူး "

------

All Chapters