← Chapters

ကျိယွမ်၏ အကြံအစည်

Vol. 3 Ch. 37

ကျိယွမ်၏ အကြံအစည်

Vol. 3 Ch. 37

သူ၏နောက်ဆုံးရန်သူကို အဆုံးသတ်ပြီးနောက် ကျိယွမ်သည် လေမုန်တိုင်းတစ်ခုအလား မဟူရာတောင်တန်းဂိုဏ်းအတွင်း လှုပ်ရှားနေသည် ။ အချိန်သိပ်မရသောကြောင့် သူက စာကြည့်တိုက်ကို အဓိကထားပြီး ရှာဖွေခဲ့သည်။

ကျိယွမ်အတွက် ကျင့်ကြံနည်းစနစ်များသည် အရေးအကြီးဆုံးဖြစ်၏။ နည်းစနစ်များစွာရမှသာ သူ၏ "ကျိယွမ်ကျမ်း" ကို အဆက်မပြတ်ပြုပြင်ပြောင်းလဲပြီး အပြည့်စုံဆုံး ကိုယ်ပိုင်နည်းစနစ်တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည် ။

"သွားဖို့ အချိန်တန်ပြီ"

ကျိယွမ်က မဟူရာတောင်တန်းဂိုဏ်းအတွင်းမှ တစ္ဆေတစ်ကောင်အလားလျှင်မြန်စွာ ပျောက်ကွယ်သွားတော့သည် ။

.................

ရှောင်ရိုသည် ရိုးရှင်းပြီးလှပသောအဝတ်အစားကို ဝတ်ဆင်ထားပြီး ယူယွမ်ယုန်ရထားပေါ်တွင် ထိုင်နေသည်။

ယူယွမ်ယုန်သည် ခေါင်းသုံးလုံးနှင့် ခြေရှစ်ချောင်း ရှိသော သားရဲတစ်ကောင်ဖြစ်ပြီး မြေပေါ်မှာသာမက လေထဲတွင်ပါ ခရီးသွားနိုင်၏။ ၎င်းသည် အလွန်စိတ်ချရသဖြင့် ရထားဆွဲရန် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်သည်။

"အားလုံးပဲ၊ ဒီတစ်ခါ မဟူရာတောင်တန်းဂိုဏ်းနဲ့ ညှိနှိုင်းတဲ့အခါမှာ စည်းစည်းလုံးလုံးရပ်တည်ပြီး နောက်မဆုတ်ဘဲနေမှရမယ်။ ကျွန်တော်တို့ရဲ့ သွေးကျောက်ဆယ်ပုံနှစ်ပုံကို မဟူရာတောင်တန်းဂိုဏ်းကို ပေးတာက ကျွန်တော်တို့ရဲ့ ကန့်သတ်ချက်ဖြစ်နေပြီ၊ ဒီထက်ပိုပြီးပေးလို့ မရတော့ဘူး"

ခန္ဓာကိုယ်ထွားကြိုင်းသော အမျိုးသားတစ်ဦးက သူ၏ထင်မြင်ချက်ကိုစတင်သည်။

ယူယွမ်ယုန်ရထားထဲတွင် လိုက်ပါလာသူ စုစုပေါင်းဆယ်ယောက်ကျော် ပါရှိပြီး ၎င်းတို့အားလုံးသည် ဝူရွှဲ့မြို့ မှ မိုင်းတွင်းပိုင်ရှင်များ ဖြစ်ကြ​၏။

မကြာသေးမီက မဟူရာတောင်တန်းဂိုဏ်းသည် မိုင်းပိုင်ရှင်များ ပေးအပ်ရမည့် သွေးကျောက်ပမာဏကို ဆယ်ပုံနှစ်ပုံမှ ဆယ်ပုံသုံးပုံသို့ တိုးမြှင့်ရန် တောင်းဆိုခဲ့သည်။ ဤတောင်းဆိုချက်ကြောင့် မိုင်းတွင်းပိုင်ရှင်များ စိတ်ဆိုးဒေါသထွက်သွားကြသည်။

အမှန်ဆိုရလျှင် ဝူရွှဲ့မြို့သည် မဟူရာတောင်တန်းဂိုဏ်း၏ တရားစီရင်ပိုင်ခွင့်အောက်တွင် ရှိသောနေရာမဟုတ်ပေ ။ ဆယ်ပုံနှစ်ပုံ ပေးဆောင်ရသည်မှာပင် တော်တော်လွန်နေပြီဖြစ်သည် ။ ယခု ဆယ်ပုံသုံးပုံအထိ တောင်းဆိုသည်မှာတော့ အလွန်အကျွံ ဖြစ်သွားလေပြီ ။

"ဟာ၊ လောင်ဝမ်၊ ငါတို့ စည်းစည်းလုံးလုံး ရှိနေတာ ဘာအကျိုးရှိမှာလဲ။ မဟူရာတောင်တန်းဂိုဏ်းမှာ မဟူရာကြက်မိစ္ဆာကြီးရဲ့ နောက်ခံရှိတယ်။ဂိုဏ်းကြီးသုံးခုတောင် သူတို့ကို မျက်နှာသာပေးနေရတာ။ ငါတို့လို သာမန်ကျင့်ကြံသူတွေက သူတို့နဲ့ဘယ်လို တိုက်ခိုက်နိုင်မှာလဲ။ ငါတို့က ဆက်ကြေးကို မတိုးပေးရင် ဝူရွှဲ့မြို့ကိုတောင် အကုန်လုံးပြန်ရောက်နိုင်မှာ မဟုတ်ဘူး"

အသက်ကြီးသော ကျင့်ကြံသူတစ်ဦးက ကူကယ်ရာမဲ့သော လေသံဖြင့် ပြောခဲ့သည်။

ယူယွမ်လှည်းပေါ်မှ လူတိုင်း၏ မျက်နှာများတွင် ဝမ်းနည်းပူပန်မှုများ ဖြစ်ပေါ်လာခဲ့သည်။ မဟူရာတောင်တန်းဂိုဏ်းသည် အကြောင်းအကျိုးမဲ့ပြီး လူမဆန်အောင်ရက်စက်လွန်းကြောင်း သူတို့သိကြသည်။

အထူးသဖြင့် ထိုဂိုဏ်း၏ အကြီးအကဲပိုင်းများသည် သူတို့၏ ရက်စက်မှုအတွက် နာမည်ကြီးသည်။ အပြင်ပန်းတွင် ကြည့်လိုက်လျှင် နူးညံ့သိမ်မွေ့သော ယွီလင်လုံ ပင်လျှင် မဟူရာကြက်မိစ္ဆာကြီး၏ ကိုယ်လုပ်တော်အဖြစ် မခေါ်ဆောင်ခံရမီ သတ်ဖြတ်ခြင်းလမ်းစဥ်ကို ကျင့်ကြံခဲ့ရသည်။

မဟူရာတောင်တန်းဂိုဏ်း၏ တပည့်များကလည်း လက်စောင်းထက်သူများချည်းဖြစ်သည် ။ အများစုသည် ဂိုဏ်းသို့မဝင်မီကပင် သူခိုးဓားပြများဖြစ်ခဲ့ကြပြီး သူတို့၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် သက်ဆိူင်ရာဒေသများတွင် နာမည်ကျော်ကြားခဲ့သူများချည်းဖြစ်ပြန်၏။

မဟူရာတောင်တန်းဂိုဏ်းမှာ ဓာတ်တူရာလူယုတ်မာများချည်းစုပေါင်းကာ တည်ထောင်ထားသော လူဆိုးစခန်းသပ်သပ်သာဖြစ်သည် ။

"အင်း၊ ဓားနတ်ဘုရားတစ်ပါးပါး ဆင်းလာပြီး ဒီဂိုဏ်းစုတ်ကို ရှင်းပစ်လိုက်ရင် အရမ်းကောင်းမှာပဲ"

ကြံရာမရဖြစ်နေသူ မိုင်းတွင်းပိုင်ရှင်တစ်စုံတစ်ယောက်က ကြံမိကြံရာတောင့်တမိလေသည် ။

"ဂိုဏ်းကြီးသုံးခုတောင် မဟူရာတောင်တန်းဂိုဏ်းကို ဘာမှမလုပ်တာ ဓားနတ်ဘုရားက ဘယ်ကရောက်လာမှာလဲ"

"လောင်ဝမ်၊ မင်းအသံကို တိုးတိုးပြောစမ်းပါ ၊ မဟူရာတောင်တန်းဂိုဏ်းက လူတွေ ကြားသွားလို့ ငါတို့အားလုံးအိမ်အပြန် ခေါင်းမပါဖြစ်နေမယ်"

ရထားပေါ်တွင် ငြိမ်သက်လိုက်ပါလာသော ရှောင်ရိုက တစ်စုံတရာဝင်ရောက်​ပြောဆိုခြင်းမရှိခဲ့ပေ ။ သူမက ဝမ်းနည်းစွာဖြင့် ရထားအပြင်ဘက်သို့ ငေးနေခဲ့သည် ။

ထိုအချိန်တွင် ယူယွမ်ယုန်ရထားသည် နှေးကွေးသွားခဲ့သည်။ခရီးဆုံးသို့ ရောက်ခဲ့လေပြီ ။

ရထားအတွင်းရှိ လူတိုင်းသည် စိတ်အားငယ်လာကြပြီး မကြာမီကြုံတွေ့ရတော့မည်အ​ခြေအနေကို ကြောက်ရွံ့နေကြသည်။ သို့သော် ရှောင်လွှဲ၍လည်းမရ​သဖြင့် သူတို့အားလုံးက သက်ပြင်းကိုယ်စီချကာ ငြိမ်သက်သွားသည် ။

စိတ်အိုက်နေသော တစ်ယောက်က ရထားလုံး၏ ခန်းစည်းများကို ဆွဲဖွင့်ပစ်လိုက်၏ ။

ထိုအခါ ခန့်ညားသောလူငယ်တစ်ဦးကို အားလုံးကို မြင်လိုက်လေသည် ။

အခြားသူများက တုန်လှုပ်သွားသော်လည်း ရှောင်ရိုမှာမူ မျက်မှောင်ကျုံ့သွားလေ၏ ။

ထိုလူငယ်ကို သူမ သေချာသိပါသည် ။ ယနေ့မနက်ကပင် သူမ၏ မိခင်နှင့် စကားပြောနေသော ​လေလွင့်ကျင့်ကြံသူဆိုသော လူငယ်ဖြစ်သည်။

သူက မဟူရာတောင်တန်းဂိုဏ်းဌာနချုပ်နားမှာ ဘာလုပ်နေတာလဲ။

မဟူရာတောင်တန်းဂိုဏ်းတပည့်တစ်ဦးများလား ။

ငါ့အမေကိုပြောတုန်းကတော့ တစ်ကိုယ်တော်လေ့လွင့်ကျင့်ကြံသူဆိုပြီး လိမ်ခဲ့တာပဲ ။

သူမသည် ချက်ချင်းပင် စက်ဆုပ်ရွံရှာမှုများ ဖြစ်ပေါ်လာခဲ့သည်။ မဟူရာတောင်တန်းဂိုဏ်းတွင် လူကောင်းသူကောင်းဟူ၍ တစ်ယောက်မှမရှိပေ ။ယခုလူငယ်သည်လည်း သေချာပေါက်လူယုတ်မာတစ်ဦးသာဖြစ်မည် ။

မဟုတ်ဘူး သူကလူယုတ်မာထက်ဆိုးတယ် ။ လိမ်လည်တတ်ပြီး လှည့်ဖျားတတ်တဲ့သူပဲ ။

"တစ်ခုလောက်ခင်ဗျာ"

ကျိယွမ်က ယဉ်ကျေးစွာနှုတ်ဆက်လိုက်သည် ။

"ဒီအနီးအနားမှာ လင့်ထျန်းအရောင်းခန်းမ ရှိတဲ့ဈေးက ဘယ်နေရာမှာ ရှိလဲဆိုတာ ပြောပြပေးနိုင်မလား"

သူစိမ်းလူငယ် လမ်းညွှန်ချက်မေးရန် ချည်းကပ်လာခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ လူတိုင်း စိတ်သက်သာရာရသွားကြသည်။ သူတို့သည် အနိုင့်ကျင့်ရန် လာသောမဟူတောင်တန်းဂိုဏ်းသားတစ်ယောက်ဟုထင်နေခဲ့သည်မဟုတ်ပါလား။

"ထျန်းယွင်ဈေးမှာ အဲဒီအရောင်းပြခန်းတစ်ခု ရှိတယ်"

ရှောင်ရိုက ပြန်ဖြေလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ကျိယွမ်က ယဉ်ကျေးစွာဖြင့် ဦးညွတ်ကာ ကပြောခဲ့သည်။ ကမ္ဘာပေါ်၌ လူကောင်းအနည်းငယ် ရှိနိူင်သေးသည်ဟု သူယုံကြည်လေသည်။ထိုလူများက ယဥ်ကျေးစွာဆက်ဆံခံခြင်းနှင့် အမှန်တကယ်ပင် ထိုက်တန်၏။

ရှန်ရိုက သူမသိချင်နေသောအရာကို ဆက်မေးလိုက်သည် ။

"ရှင်ဘာလို့မဟူရာတောင်တန်းဂိုဏ်းကို ရောရောက်နေတာလဲ"

"ကျွန်တော်လား... ကြယ်တွေလာကြည့်တာပါ"

ချီယွမ်က လိမ်ရာတွင် ကျွမ်းကျင်သူမဟုတ်ပါ ။ ထို့ကြောင့် ပါးစပ်ထဲတွေ့ရာတစ်ခုကို ချက်ချင်း ဖြေပေးလိုက်သည်။

ရှန်ရိုက ဖွဖွကလေး ရယ်မိသွားသည်။

သူမက မယုံသော်လည်း တဖက်လူက သူ၏ကိုယ်ရေးကိုယ်တာကို ထုတ်မပြောချင်မှန်းတော့ ရိပ်မိပါသည် ။

"ကျွန်မက စကားလွန်သွားခဲ့တယ်။ မဟူရာတောင်တန်းဂိုဏ်းက အရမ်းအန္တရာယ်များတယ်။ မလိုအပ်ရင် ဒီက မြန်မြန်လေး ထွက်သွားသင့်တယ်"

"ဟုတ်တယ်၊ ဒီနေရာက အရမ်းအန္တရာယ်များတယ်။ ကျွန်တော်က ပြေးတောင်ပြေးသင့်တာ"

ကျိယွမ်က ပြောပြောဆိုဆိုပင် ရထားလှည်းအနီးမှ တဟုန်ထိုးပြေးသွားတော့သည် ။

ကျန်နေခဲ့သူများမှာ လူငယ်၏ မထင်မှတ်ထားသော တုန့်ပြန်မှုကြောင့် နားမလည်နိုင်စွာ ရှုပ်ထွေးလျှက်ကျန်ခဲ့လေ၏ ။

ကျိယွမ်နှင့်စကားပြောမိလျှင် စိတ်မရှုပ်ထွေးရသူဟူ၍ မရှိပေ ။ မရှုပ်ထွေးဘူးဆိုလျှင်သာ ထူးဆန်းနေမည်မဟုတ်ပါလား ။

"နင် အဲဒီကောင်လေးကို သိနေတာလား"

လောင်ဝမ်က ကျိယွမ်၏ ထူးခြားမှုကိုသတိထားမိသဖြင့် သိချင်သွားသည်။

"မသိပါဘူး"

ရှောင်ရိုက ခေါင်းယမ်းပြလေ၏ ။

လူတိုင်းက သူမ၏ စကားကိုသံသယမရှိပါ ။ သူမသည် စိတ်ကောင်းရှိသော မိန်းကလေးဖြစ်သောကြောင့် သတိပေးခဲ့ခြင်းဖြစ်သည်ဟုသာ ယူဆလိုက်ကြသည်။

သူတို့သည် ထိုထက်အရေးကြီးသောကိစ္စကြီးရှိနေသဖြင့် မဟူရာတောင်တန်းဂိုဏ်း၏ မုခ်ဝသို့ ဆက်သွားကြရန်သာ ဆန္ဒစောနေ၏ ။

"ဟေး၊ အရိုးတံတားက ဘာလို့ ကျိုးနေတာလဲ"

သူတို့ထဲမှ တစ်စုံတစ်ယောက်က အထိတ်တလန့်ထအော်လိုက်သည် ။

ဂိုဏ်းထဲသို့ရောက်ရန် အရိုးတံတားကို ဖြတ်ရမည် ဖြစ်သည်။ ယခုတော့ ထိုတံတားသည်ဆိုးဆိုးရွားရွား ပျက်စီးနေခဲ့သည်။

"ဟိုဘက်ကို ကြည့်ပါအုံး"

နောက်တစ်ယောက်က ပို၍ထိန်လန့်နေသောအသံမျိုးဖြင့် မဟူရာတောင်တန်းဂိုဏ်း အတွင်းသို့ လက်ညှိုးထိုးပြ​ပြန်သည်။

အားလုံးမှာ ကျင့်ကြံခြင်းကို အသုံးပြု၍ ဂိုဏ်းအတွင်းသို့ ကြည့်လိုက်သော် ထိတ်လန့်မှုက ပို၍မြင့်တက်သွားတော့သည် ။

မဟူရာတောင်တန်းဂိုဏ်းတစ်ခုလုံး အပျက်အစီးများပြည့်နှက်နေပြီး နေရာအနှံ့ ပြန့်ကျဲနေသော အလောင်းများကို မြင်လိုက်ရသောကြောင့်ဖြစ်သည် ။

"ဟို...ဟိုမှာ ... အဲဒါ အမြုတေအဆင့်အကြီးအကဲမဟုတ်လား "

မိုင်းတွင်းပိုင်ရှင်တစ်ယောက်မှာ ထိတ်လန့်လွန်း၍ စကားများပင် စကားထစ်နေ၏ ။

"မဟူရာတောင်တန်းဂိုဏ်းတစ်ခုလုံး အသတ်ခံလိုက်ရပြီ"

အားလုံးမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အိမ်မက်များထဲတွင် တွေ့ဆုံနေကြသလားဟု သံသယဝင်နေမိ၏ ။

မြင်နေရသောမြင်ကွင်းက မယုံနိုင်စရာကြီး ဖြစ်နေသည်မဟုတ်ပါလား ။

ယခုနေရာသည် သာမညဓားပြစခန်းလေးတစ်ခု မဟုတ်ပါ ။ရက်စက်ယုတ်မာမှုများနှင့် ကြမ်းကြုတ်မှုကြောင့် နာမည်ကြီးသော မဟူရာတောင်တန်းဂိုဏ်း ဌာနချုပ်ဖြစ်သည်။ သူတို့ကို ရှင်းပစ်ရန်အတွက် အနည်းဆုံးတော့ စိတ်ဝိဉာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် လိုအပ်သည်။

မဟူရာကြက်မိစ္ဆာအိုကြီးကို ဘယ်သူကများ ရန်စရဲတာလဲ ။

လူတိုင်း၏ အကြည့်များက လောင်ဝမ်ဆီသို့ ကျရောက်သွားခဲ့သည်။

သူသည် ဓားနတ်ဘုရားတစ်ပါးက မဟူရာတောင်တန်းဂိုဏ်းကို ဖျက်ဆီးပေးရန် ဆုတောင်းပေးခဲ့သူ ဖြစ်သည်။

"ငါ မဟုတ်ဘူး! ငါမလုပ်ခဲ့ဘူးနော် ၊ ငါနဲ့မဆိုင်ဘူး"

လောင်ဝမ်က ပြာပြာသလဲငြင်းလေသည် ။

ရှောင်ရိုကတော့ အခြားသူများနှင့် မတူပါ ။ယခုလေးတင် တွေ့ဆုံခဲ့သော လူငယ်ကို စဥ်းစားမိသွားသည်။

သူများ တစ်ခုခုကို မြင်ခဲ့မလားမသိဘူး ။

ယခုကိစ္စအပေါ် မိုင်းတွင်းပိုင်ရှင်များသည် မတူညီသော အတွေးကိုယ်စီရှိကြသော်လည်း တစ်စုံတစ်ခုကိုတော့ တူညီစွာလက်ခံမိကြသည် ။

သာ့ရှန်းတိုင်းပြည်ကြီးသည် မကြာမီမှာပင် မငြိမ်မသက်ဖြစ်လာတော့မည် ။

.......................

ထျန်းယွင်ဈေး။

ကျိယွမ်က အမှန်တကယ်ပင် ပြေးလာခဲ့သည်။

မဟူရာတောင်တန်းဂိုဏ်းမှ ထွက်ခွာနိုင်ခဲ့သော်လည်း လုံးဝစိတ်ချရအောင်အထိ သူခြေရာမဖျောက်နိုင်ခဲ့သည်ကို သဘောပေါက်လေသည် ။

မဟူရာကြက်မိစ္ဆာအိုကြီးက ကိုယ်လုပ်တော်ယွီလင်လုံ၏ခန္ဓာကိုယ်ကို အသုံးပြုကာ စိတ်ဝိဉာဉ်အထွတ်အထိပ် သို့မဟုတ် ခရမ်းရောင်နန်းတော်အဆင့်သို့ ချိုးဖြတ်ရန်ကြိုးစားနေသည်ကို သိခဲ့​ရသည် ။ထို့ကြောင့် သူက ယွီလင်လုံကိုပါ ရှင်းလင်းခဲ့သည် ။

သို့သော်လည်း မဟူရာတောင်တန်းဂိုဏ်းတွင် ယွီလင်လုံကဲ့သို့သော သင့်တော်သည့်ခခန္ဓာကိုယ်အမျိုးအစားရှိသူများ ကျန်ရှိနေမည်ကို သူစိတ်ပူမိသည်။

ဖြစ်လာနိုင်သော ရှုပ်ထွေးမှုများကို ရှောင်ရှားရန် မဟူရာတောင်တန်းဂိုဏ်း၏ ခရမ်းရောင်အထူးခန္ဓာကိုယ်များအကြောင်းကို ​ဖြန့်ဝေရန် ဆုံးဖြတ်ခဲ့သည်။

လောကတွင်မည်သူကမျှ မဟူရာတောင်တန်းဂိုဏ်းကို မနှစ်သက်ပါ ။ သတင်းကြားသူမှန်သမျှက မဟူရာတောင်တန်းဂိုဏ်းပြည်လည်ဦးမမော့နိုင်စေရန် ကြိုးစားကြပေလိမ့်မည် ။

ထို့အတူ အချို့သော ကျင့်ကြံသူများကလည်း ထိုသို့သောအစွမ်းထက် အထူးခန္ဓာများကို သူတို့၏အကျိုးအတွက် လိုချင်သွားကြမည်ဟု သူယုံကြည်နေသည် ။

ဤသို့ဖြင့် မဟူရာကြက်မိစ္ဆာအိုကြီး ထွက်လာသောအချိန်တွင် သူ၏ဂိုဏ်းကပျက်စီးနေပြီး ကျင့်ကြံရန်အတွက်အထူးခန္ဓာကိုယ်များလည်း မရှိတော့သည် ဖရိုဖရဲအခြေအနေကိုသာ မြင်သွားရမည်ဖြစ်၏ ။

ကျိယွမ်သည် လင်ထျန်းရောင်းဝယ်ရေးခန်းမမှတစ်ဆင့် အချက်အလက်များကို ဖြန့်ဝေရန်ရည်ရွယ်ခဲ့သည်။ လင်ထျန်းခန်းမသည် သာ့ရှန်တိုင်းပြည်အနှံ့အပြားတွင် ဆက်သွယ်ရေးနှင့် အချက်အလက်ဖလှယ်ရန် အသုံးပြုသည့် သတင်းပို့ကျောက်စိမ်းများကို အဓိကဖြန့်ချိသူ ဖြစ်သည်။

သူ၏အကြံအစည်ကို စဥ်းစားရင်းမှ ယခုနည်းလမ်းသည် သူ၏ဘေးကင်းရေးကို သေချာစေရန်နှင့် မဟူရာတောင်တန်းဂိုဏ်း၏ အကြွင်းအကျန်များကိုဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သဘောပေါက်လာကာ လင်ထျန်းခန်းမဆီသို့ အမြန်ဆုံးပြေးလာခဲ့တော့သည် ။

--------

All Chapters