စိတ်ဓာတ်ကျနေသော ယွင်ဝေ့
Vol. 21 Ch. 284
ဆယ်မိနစ်အကြာတွင်…
ရဲရှင်းဟွေ့နှင့် ရဲလန်ယွဲ့တို့မှာ နောက်ဆုံးတွင် ယွင်မိသားစု၏ အကြီးအကဲဖြစ်သူ ယွင်ဝေ့နှင့် တွေ့ဆုံခဲ့သည်။
သူတို့နှစ်ယောက်၏ ပုံပန်းသဏ္ဌာန်ကို မြင်သောအခါ ယွင်ဝေ့က ‘သူတို့က တကယ်ပဲ ဟိုကောင်ရဲချန်ရဲ့ ကလေးတွေလား…’ ဟု တွေးလိုက်၏။
ရှေ့မှ လျှောက်လာသော ယွင်မုန်ဇယ်က ရဲရှင်းဟွေ့နှင့် ရဲလန်ယွဲ့တို့ကို မိတ်ဆက်ပေးလိုက်သည်။ "ဒါက ကျွန်တော့်အဖေ ယွင်ဝေ့ပါ…"
ယွင်မုန်ဇယ် စကားပြောနေချိန်တွင် သူ၏အာရုံအများစုမှာ ရဲလန်ယွဲ့အပေါ်၌ ရှိနေ၏။
ဤမြင်ကွင်းကို မြင်သောအခါ ယွင်ဝေ့က ‘ရဲမိသားစုရဲ့ ဒီသမီးလေးက တော်တော်လေး ချောသားပဲ… ငါ့သားကို သူ့ဆီကနေ လှည့်စားပြီး လွှဲယူခိုင်းကြည့်ရင် ကောင်းမလား…’ ဟု တွေးလိုက်မိသည်။
တစ်ချိန်တည်းမှာပင် ရဲရှင်းဟွေ့နှင့် ရဲလန်ယွဲ့တို့ကလည်း မတ်တပ်ရပ်၍ မိမိကိုယ်ကို မိတ်ဆက်လိုက်ကြသည်။
"မင်္ဂလာပါ ဦးလေးယွင်… ကျွန်မနာမည် ရဲလန်ယွဲ့ပါ…"
"ကျွန်တော့်နာမည် ရဲရှင်းဟွေ့ပါ…"
"အင်း… အားလုံး ထိုင်ကြ…"
ယွင်ဝေ့က သူ၏လက်ကို ဝှေ့ယမ်းပြပြီးနောက် သူတို့နှစ်ယောက်ကို ထိုင်ရန် အမူအရာပြလိုက်ပြီး သူကိုယ်တိုင်က ဧည့်ခန်းရှိ အဓိကနေရာတွင် ဝင်ထိုင်လိုက်သည်။
ထိုင်ပြီးသောအခါ ယွင်ဝေ့က အဓိကမေးခွန်းကို တိုက်ရိုက်မေးလိုက်၏။
"ကဲ… မင်းတို့နှစ်ယောက် ငါ့ရဲ့ ယွင်မိသားစုကို ဘာကိစ္စနဲ့ ရောက်လာကြတာလဲ…"
"ကျွန်မတို့ ရဲထျန်းမင်ကို လာရှာတာပါ…" ဟု ရဲလန်ယွဲ့က ပြုံး၍ ပြန်ဖြေလိုက်သည်။
ရဲထျန်းမင်၏အမည်ကို ကြားသောအခါ ယွင်ဝေ့သာမက ရဲလန်ယွဲ့နှင့် စကားကောင်းနေခဲ့သော ယွင်မုန်ကျူပင် မှင်တက်သွားကြ၏။
"ရဲထျန်းမင်… မင်းတို့က ရဲထျန်းမင်ကို ဘာလို့ ရှာတာလဲ…"
သူက ဤမေးခွန်းကို မေးလိုက်သော်လည်း ယွင်ဝေ့မှာ အဖြေကို မှန်းဆမိနေပြီ ဖြစ်သည်။
သူရရှိထားသော သတင်းအချက်အလက်များအရ ရဲထျန်းမင်၏ ဖခင်မှာ မည်သူဖြစ်သည်ကို ဖော်ပြမထားချေ။ ရဲထျန်းမင်မှာ မိဘမဲ့ဂေဟာတွင် ကြီးပြင်းခဲ့ပြီး သူ၏မိခင်အမည်မှာ ရဲနျန်ချန် ဖြစ်ကြောင်းသာ ဖော်ပြထား၏။
ဤအချက်အလက်များအပေါ် အခြေခံ၍ သူက ရဲထျန်းမင်နှင့် ရဲချန်တို့မှာ ပတ်သက်နိုင်မည် မဟုတ်ဟု ယုံကြည်ခဲ့သည်။
သို့သော်လည်း ရဲချန်၏ ကလေးများက ရဲထျန်းမင်ကို လာတွေ့သဖြင့် သတင်းအချက်အလက် နှစ်ခုကို ပေါင်းစပ်ကြည့်လျှင်…
ယွင်ဝေ့မှာ ရဲထျန်းမင် မည်သူမည်ဝါဖြစ်သည်ကို မှန်းဆနိုင်သွား၏။
၎င်းက ရဲချန်၏ အပြင်ဘက်မှ အချစ်ကြွေးတစ်ခုထက် မပိုချေ။
ထို့ပြင်… ရဲနျန်ချန်… ဤအမည်… နျန်ချန်… တစ်ချက်ကြည့်ရုံနှင့် ရဲချန်နှင့် လိုက်ဖက်အောင် ပြောင်းထားမှန်း သိသာလှသည်။
ဤသို့တွေးမိသောအခါ ယွင်ဝေ့မှာ ပို၍ ဒေါသထွက်ကာ မနာလို ဖြစ်လာသည်။
…
ရဲလန်ယွဲ့မှာ ယွင်ဝေ့၏ အတွေးများကို မသိသော်လည်း သူမက ရဲထျန်းမင်၏ မည်သူမည်ဝါ ဖြစ်သည်ကို မဖော်ထုတ်ခဲ့ချေ။ ထိုအစား သူမက "ရဲထျန်းမင်က ကျွန်မတို့ ရဲမိသားစုနဲ့ ပတ်သက်ဆက်နွှယ်မှု တချို့ရှိပါတယ်… ဒါကြောင့် သူ့ကို မျိုးရိုးစဉ်ဆက် ပြန်အသိအမှတ်ပြုဖို့ ခေါ်သွားမလို့ လာလည်တာပါ…" ဟု ပြောလိုက်သည်။
"ဟွန့်… သူ ထွက်သွားပြီ… မင်းတို့ သူ့ကို ရှာချင်ရင် ငါ့ယွင်မိသားစုကို လာဖို့မလိုဘူး…" ဟု ယွင်ဝေ့က အေးစက်စွာ နှာမှုတ်လိုက်၏။
ယွင်ဝေ့ စကားဆုံးသည်နှင့် ယွင်မုန်ကျူက မတ်တပ်ထရပ်လိုက်သည်။
"ရှင်တို့က တကယ်ပဲ ရဲထျန်းမင်ရဲ့ မိသားစုဝင်တွေဆိုရင် သူ့ကို မြန်မြန်သွားရှာကြတော့… မနက်ဖြန်ဆို သူ အာဖရိကမှာ သတ္တုတူးဖို့ ထွက်တော့မှာ…"
ရဲထျန်းမင်မှာ အာဖရိကသို့ သတ္တုတူးရန် သွားမည်ဟု ကြားသောအခါ ရဲရှင်းဟွေ့နှင့် ရဲလန်ယွဲ့တို့ နှစ်ယောက်စလုံးက ယွင်ဝေ့ကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
သူတို့က ယွင်ဝေ့ကို ဤသို့ ကြည့်ရခြင်းအကြောင်းမှာ ယွင်ဝေ့က အလွန်အမင်း အကျိုးအကြောင်းမသိတတ်ဘဲ ကျေးဇူးကန်းလွန်းသည်ဟု ခံစားရသောကြောင့် ဖြစ်၏။
ရဲထျန်းမင်က သူ၏သမီး အသက်ကို ကယ်တင်ပေးထားသည်မှာ မကြာသေးသော်လည်း သူက အခြားတစ်ယောက်ကို အာဖရိကသို့ သတ္တုတူးရန် စေလွှတ်လိုက်သည်။
ဤသည်မှာ လူသားတစ်ယောက်၏ လုပ်ရပ်မှ ဟုတ်ပါလေစ။
သူတို့၏ အကြည့်များကို မြင်သောအခါ ယွင်ဝေ့ကလည်း ဘာဖြစ်နေသည်ကို သဘောပေါက်သွားသည်။
သူက ဦးစွာ သူ၏သမီးကို စကားမပြောနိုင်လောက်အောင် စိုက်ကြည့်လိုက်ပြီးနောက် ရဲလန်ယွဲ့နှင့် ရဲရှင်းဟွေ့ဘက်သို့ လှည့်၍ ပြောလိုက်၏။
"ငါက သူ့ကို သတ္တုတူးခိုင်းတာ မဟုတ်ဘဲ အာဖရိကမှာ သတ္တုတွင်းမန်နေဂျာ သွားလုပ်ခိုင်းတာ… လစာက ငါတို့နိုင်ငံက သာမန်ကုမ္ပဏီအရာရှိတွေထက်တောင် ပိုများသေးတယ်… လူငယ်တွေနဲ့ ပတ်သက်လာရင် ငါးပေးတာထက် ငါးဖမ်းနည်း သင်ပေးတာက ပိုကောင်းတာပေါ့… မင်းတို့ သူ့ကို ပိုက်ဆံနည်းနည်း ပေးလိုက်ရင် သူက မကြာခင် သုံးဖြုန်းပစ်မှာပဲ… သူ့ကို တည်ငြိမ်တဲ့ အလုပ်တစ်ခု ပေးတာက ပိုကောင်းတယ်…"
ရဲရှင်းဟွေ့က သူ့ကို ကြည့်၍ "အဲဒီလိုလား… ဒါဆိုရင်တော့ ဦးလေးယွင်ကို အလုပ်ရှုပ်စေရဦးမှာပဲ… ဒါပေမဲ့ ရဲထျန်းမင်ကို သတ္တုတူးခိုင်းတာတို့ ဘာတို့ကတော့ မေ့လိုက်ပါတော့… သူ အလုပ်မလုပ်ရင်တောင်မှ ကျွန်တော်တို့ ရဲမိသားစုက သူ့ကို ကျွေးမွေးဖို့ ဘာပြဿနာမှ မရှိပါဘူး…" ဟု ဆို၏။
ထို့နောက် ယွင်ဝေ့မှာ သူ၏သမီးဖြစ်သူက "ဒါဆို အကောင်းဆုံးပေါ့…" ဟု တုံ့ပြန်သည်ကို ကြားလိုက်ရသည်။
သူ၏သမီးဖြစ်သူ၏ ပျော်ရွှင်နေပုံကို မြင်သောအခါ သူမှာ ပို၍ မပျော်မရွှင် ဖြစ်လာသည်။
မပျော်မရွှင်နှင့်ပင် သူက ယဉ်ကျေးသော စကားအနည်းငယ် ပြောပြီးနောက် မယ်ရီဆူးဇာတ်လိုက်မ အသားပေး အွန်လိုင်းဝတ္ထုများကို ဆက်ဖတ်ရန် စာကြည့်ခန်းသို့ ပြန်သွားရန် စီစဉ်လိုက်သည်။
ယွင်ဝေ့မှာ ယခု ပို၍ အရေးတကြီး ဖြစ်နေသည်။ သူက သူ၏သမီးအတွက် ဇာတ်လမ်းအသစ်တစ်ခုကို မကြာမီ ဒါရိုက်တာလုပ်ပေးရန် လိုအပ်နေ၏။
ရဲချန်၏သားကို သူ၏သမီးအား ခေါ်သွားခွင့် မပြုနိုင်ပေ။
…
ရဲထျန်းမင်မှာ ယွင်မိသားစုတွင် မရှိတော့ကြောင်း သိသွားပြီဖြစ်သဖြင့် ရဲရှင်းဟွေ့နှင့် ရဲလန်ယွဲ့တို့က ထွက်ခွာရန် စီစဉ်လိုက်ကြသည်။
"မစ္စရဲ… ထမင်းတစ်နပ်လောက် စားသွားပါလား…"
ထိုအခိုက်တွင် ဧည့်ခန်းထဲ၌ ရှိနေမှန်းမသိသာဆုံးဖြစ်သော ယွင်မုန်ဇယ်က ပြုံး၍ ပြောလိုက်သည်။
"မလိုတော့ပါဘူး… ကျွန်မတို့ ရဲထျန်းမင်ကို သွားရှာရဦးမယ်…"
ငြင်းဆိုပြီးနောက် ရဲလန်ယွဲ့က ယွင်မုန်ကျူကို ကြည့်၍ ပြုံးကာ "မစ္စယွင်လည်း တစ်နေ့နေ့မှာ ကျွန်မတို့ ရဲမိသားစုကို အလည်လာခဲ့ပါဦး…" ဟု ဆို၏။
"ဟုတ်ကဲ့… ကျွန်မ နောက်ကျရင် ရဲထျန်းမင်ကို သွားတွေ့ပါဦးမယ်…"
ယခု သူမက ရဲထျန်းမင်၌ မိသားစုရှိကြောင်း သိသွားပြီ ဖြစ်ပြီး သူတို့၏ အင်အားမှာ ယွင်မိသားစုနှင့် တန်းတူ သို့မဟုတ် ပိုကြီးနိုင်ကြောင်း သိရှိသွား၏။
ဤသို့ဆိုလျှင် ယခင်က ယွင်ဝေ့ပြောခဲ့သော စမ်းသပ်မှုအခြေအနေများမှာ ချက်ချင်းပင် တိုက်ရိုက် ပြည့်စုံသွားပြီ ဖြစ်သည်။
အရေးကြီးဆုံးမှာ ရဲထျန်းမင်မှာ အာဖရိကသို့ သတ္တုတူးရန် သွားစရာမလိုတော့ခြင်း ဖြစ်သည်။
ဤသို့ တွေးမိသောအခါ ယွင်မုန်ကျူ၏ ရင်ထဲတွင် ပျော်ရွှင်မှုများ လှိုင်းလုံးထလာသည်။
…
သူတို့၏ ဆက်သွယ်ရန် အချက်အလက်များကို ထားခဲ့ပြီးနောက် ရဲလန်ယွဲ့နှင့် ရဲရှင်းဟွေ့တို့က ယွင်မိသားစုမှ ထွက်ခွာသွားကြသည်။
ထွက်ခွာပြီးနောက် ရဲလန်ယွဲ့က သူမ၏ ဖုန်းကို ထုတ်၍ စက္ကန့်အနည်းငယ်အတွင်း ရဲထျန်းမင်၏ တည်နေရာကို ရှာဖွေတွေ့ရှိသွား၏။
"အစ်မ… ကျွန်တော် ဝင်ပေါက်ကို သုံးလို့မရဘူးလား…" ဟု ရဲရှင်းဟွေ့က သူ့ထံသို့ မောင်းလာသော ရဲလန်ယွဲ့၏ ကားကို ကြည့်၍ မေးလိုက်သည်။
"ကားနဲ့ပဲ သွားကြမယ်…" စကားပြောနေစဉ်မှာပင် ရဲလန်ယွဲ့က ကားမောင်းသူနေရာသို့ ဝင်သွားပြီး ညင်သာစွာ ခေါ်လိုက်၏။ "လမ်းညွှန်… ခရမ်းချဉ်သီးမိဘမဲ့ဂေဟာကို သွားပါ…"
သူ၏ အစ်မဖြစ်သူ ပြောသည်ကို ကြားသောအခါ ရဲရှင်းဟွေ့မှာလည်း စိတ်အနည်းငယ်ညစ်ကာ ကားထဲသို့ ဝင်လိုက်သည်။
အမှန်အတိုင်းဆိုရလျှင် ဝင်ပေါက်နှင့်ဆိုလျှင် သူ သွားချင်သည့်နေရာတိုင်းသို့ ဝင်ပေါက်ဖွင့်၍ သွားခြင်းက ပို၍ အဆင်ပြေမည်ဟု ရဲရှင်းဟွေ့က ယုံကြည်၏။
ယွင်မိသားစုသို့ သွားရာလမ်းတွင် ရဲရှင်းဟွေ့ ဝင်ပေါက်ဖွင့်တော့မည်အပြု၌ ရဲလန်ယွဲ့က သူ့ကို တားမြစ်ခဲ့သည်။
အကြောင်းမှာ သာမန်လူတစ်ယောက်ဖြစ်သည့် ရဲထျန်းမင်ကို ကြောက်လန့်သွားစေမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
သူ၏ ဝင်ပေါက်မှာ သာမန်လူတစ်ယောက်၏ ဘဝအပေါ် ရှုမြင်ပုံကို အမှန်ပင် ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိသည်။
သို့သော်လည်း ရဲရှင်းဟွေ့ကမူ အလေးအနက် မထားခဲ့ချေ။ ရဲရှင်းဟွေ့က သူ မမြင်ဖူးသေးသော သူ၏အစ်ကိုကြီးမှာ သေချာပေါက် ထူးခြားသောအရာတစ်ခု ရှိမည်ဟု ယုံကြည်၏။
သို့သော်လည်း ရဲလန်ယွဲ့ကမူ သူမ စုံစမ်းထားသော အချက်အလက်များအရ ရဲထျန်းမင်မှာ သာမန်လူများထက် ခန္ဓာကိုယ်ပိုင်း ပိုသန်မာပြီး တိုက်ခိုက်ရေး ပိုကောင်းသည်မှလွဲ၍ သာမန်လူတစ်ယောက်သာဖြစ်ပြီး ထူးခြားသည့်အရာ တစ်စုံတစ်ရာ မပြသခဲ့ဟု ဆိုသည်။
…
တစ်ချိန်တည်းမှာပင်…
ခရမ်းချဉ်သီးမိဘမဲ့ဂေဟာ၌…
ရိုးရှင်းသောအဝတ်အစားများ ဝတ်ဆင်ထားသော အဘိုးအိုက ရဲထျန်းမင် ကမ်းပေးသော ဘဏ်ကတ်ကို ပြန်တွန်းဖယ်လိုက်ပြီး
"ဟေး… ထျန်းမင်… မိဘမဲ့ဂေဟာကို ပိုက်ဆံတွေ ထပ်မပို့ပါနဲ့တော့လို့ ငါ ပြောထားတယ်လေ… အခု ဘာလို့ ငါ့ကို ကတ်လာပေးနေတာလဲ… ပြီးတော့ မင်းပေးတဲ့ ပိုက်ဆံက ပင်လယ်ထဲ ဆားတစ်ပွင့် ပစ်ချသလိုပဲကွ… ကိုယ့်အတွက် ကောင်းကောင်းစား၊ ကောင်းကောင်းသောက်ဖို့သာ ထားလိုက်ပါ… မင်း ဘယ်လောက် ပိန်နေပြီလဲ ကြည့်စမ်း…"
ရဲထျန်းမင်၏ သန်မာသော ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်၍ အဘိုးအိုက သူ၏စကားများကို ပြန်မျိုချလိုက်ပြီး ထပ်ပြောလိုက်၏။ "မင်း ပိုက်ဆံစုပြီး မယားယူတာ ပိုကောင်းပါတယ်…"
"ကျောင်းအုပ်ကြီး… ဒီတစ်ခေါက် ပိုက်ဆံက ကျွန်တော့်ဟာ မဟုတ်ဘူး… သူဌေးကြီးတစ်ယောက်က မိဘမဲ့ဂေဟာအတွက် လှူလိုက်တာ… အထဲမှာ နှစ်သန်းပါတယ်… ဂေဟာတစ်ခုလုံးကို ပြန်ပြင်ဖို့ လုံလောက်သင့်တယ်… ကလေးတွေ ကျောင်းတက်ဖို့ ပိုက်ဆံလည်း လုံလောက်တယ်…"
ခရမ်းချဉ်သီးမိဘမဲ့ဂေဟာ၏ ဒါရိုက်တာမှာ ထိုကတ်ထဲတွင် နှစ်သန်းရှိသည်ဟု ကြားသောအခါ မှင်တက်သွား၏။
ကျောင်းအုပ်ကြီး သတိပြန်ဝင်လာပြီးနောက် သူက ချက်ချင်းပင် ရဲထျန်းမင်၏ နောက်ကျောဘက်သို့ လျှောက်သွားကာ သူ၏အဝတ်များကို မ၍ သူ၏ဗိုက်နှင့် နောက်ကျောတွင် ဒဏ်ရာဒဏ်ချက်များ ရှိမရှိ သေချာစွာ ကြည့်ရှုလိုက်သည်။
ဒဏ်ရာများ မတွေ့ရှိသောအခါ ကျောင်းအုပ်ကြီးမှာ သက်ပြင်းချလိုက်သည်။
"ကျောင်းအုပ်ကြီး… ဘာလုပ်နေတာလဲ…" ဟု ရဲထျန်းမင်က အနည်းငယ် နားမလည်စွာ မေးလိုက်သည်။
"အဟမ်း… မင်း ဂေဟာအတွက် ကျောက်ကပ် ရောင်းစားလိုက်လားလို့ ငါ လာကြည့်တာ…"
ရဲထျန်းမင်: "…"
ရဲထျန်းမင်က စကားမပြောနိုင်လောက်အောင် ဖြစ်သွားပြီး "ကျောင်းအုပ်ကြီး… ဘယ်သူ့ကျောက်ကပ်က နှစ်သန်းနဲ့ ရောင်းလို့ရတာကို တွေ့ဖူးလို့လဲဗျာ…" ဟု ဆို၏။