တိတ်တဆိတ်ခံစားခြင်း သို့မဟုတ် ဒေါသဖြင့် တုံ့ပြန်ခြင်း
Vol. 21 Ch. 292
ယွင်မိသားစု၏ ဧည့်ခန်းအတွင်း၌။
ရဲရှင်းဟွေ့၏ စကားများကို နားထောင်ရင်း ယွင်ဝေ့မှာ အလွန် ဒေါသထွက်နေမိ၏။
သို့သော် ဒေါသထွက်နေလျှင်ပင် သူ ဘာလုပ်နိုင်မည်နည်း။ သူ၏ရှေ့မှ မာနကြီးသော ကောင်လေးမှာ ရဲချန်၏ သားဖြစ်နေသည်။
“စိတ်မပူပါနဲ့... ငါ့သမီး ဒီတစ်သက်လုံး အိမ်ထောင်မပြုရရင်တောင် မင်းတို့ ရဲမိသားစုကိုတော့ လက်ထပ်မှာ မဟုတ်ဘူး...” ဟု ယွင်ဝေ့က ဒေါသတကြီး ပြောဆိုလိုက်သည်။
ယွင်ဝေ့၏ စကားကို ကြားသောအခါ ရဲရှင်းဟွေ့က ပြန်မချေပတော့ချေ။
ရဲရှင်းဟွေ့ စကားမပြောတော့သည်ကို မြင်သောအခါ ရဲထျန်းမင်မှာ သက်ပြင်းချနိုင်သွားသည်။
သူ့အတွက် ရန်လိုမှုများကို ဆွဲဆောင်လာသူ ရဲရှင်းဟွေ့က စကားမပြောတော့သော်လည်း နောက်တစ်ယောက်က သူ့အတွက် ပြဿနာရှာရန် ထွက်ပေါ်လာပြန်သည်။
“ဟားဟား... မင်းက ရဲထျန်းမင် ဟုတ်တယ်မလား...”
စကားပြောသူမှာ ယွင်ဝေ့၏ နောက်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သော ရှီထိုက်လုံ ဖြစ်၏။
“မင်းက ဘယ်သူလဲ...” ဟု ရဲထျန်းမင်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ငါ့နာမည်က ရှီထိုက်လုံ... မြို့တော်က ရှီမိသားစုကပဲ...”
မိမိကိုယ်ကို မိတ်ဆက်ပြီးနောက် ရှီထိုက်လုံက ရှေ့သို့တက်လာပြီး ရဲထျန်းမင်၏ ပခုံးပေါ်သို့ လက်တစ်ဖက်ကို ညင်သာစွာတင်၍ မာနကြီးသော လေသံဖြင့် ပြောလိုက်၏။
“မင်း ယွင်မုန်ကျူအပေါ်မှာ ဘာရည်ရွယ်ချက်ပဲ ရှိရှိ... စိတ်ကူးယဉ်မနေနဲ့တော့... မင်းလို အမှိုက်က ယွင်မုန်ကျူလို နတ်ဘုရားမတစ်ပါးနဲ့ မထိုက်တန်ဘူး...”
ရဲထျန်းမင် ဤစကားကို ကြားသောအခါ သူ၏ အမူအရာမှာ ရုတ်တရက် အလွန်ပင် အရုပ်ဆိုးသွားတော့သည်။
ဘေးမှ ကြည့်နေသော ယွင်ဝေ့၏ မျက်နှာပေါ်တွင်မူ အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာသည်။
‘ဟဲဟဲ... ငါကတော့ မင်းတို့ ရဲမိသားစုကို ရန်မစဘူး... ဒါပေမဲ့ တစ်ယောက်ယောက်ကတော့ ရန်စလိမ့်မယ်... တူလေး ရှီထိုက်လုံ... သူ့ကို ကောင်းကောင်းပက်စမ်း...’
ရှီထိုက်လုံမှာ တစ်ချိန်က မြို့တော်တွင် နာမည်ကြီးပြီး ဩဇာကြီးမားခဲ့သော ရဲချန်ကို မသိရှိချေ။
ရဲချန် မြို့တော်တွင် ထင်ပေါ်ကျော်ကြားနေချိန်က သူမှာ အကွဲပါသော ဘောင်းဘီကိုပင် ဝတ်ဆင်နေရသေးသည်။
ယွင်ဝေ့မှာ ရှီထိုက်လုံက ရဲမိသားစုကို ရန်စခြင်းအား ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ သူက ရှီထိုက်လုံကို သဘောမကျခဲ့ပေ။
ရဲရှင်းဟွေ့မှာမူ စကားမပြောနိုင်တော့ပေ။
‘သေစမ်း... ဒါဆို... ဇာတ်လိုက်တိုင်းက ဒီလို ငတုံးလူငယ်တစ်ယောက် နှစ်ယောက်နဲ့ ကြုံရမှာပဲလား...’
.......
ရဲထျန်းမင် ရန်စခံနေရစဉ်မှာပင် စနစ်က အချက်ပြသံတစ်ခု ထပ်မံထုတ်လွှင့်လိုက်သည်။
[ တင်... ဘဝရွေးချယ်မှုများ စတင်ပါပြီ…
ရွေးချယ်မှု ၁ - သည်းခံလိုက်ပြီး ဆုလာဘ် “ဘွဲ့အမည်: လိပ်စိမ်း” ကို ရယူပါ။
မှတ်ချက် - စနစ်လက်ခံထားသူတစ်ယောက်အနေနဲ့ ဒီလို စော်ကားတာကို ဘယ်လိုလုပ် ခံနိုင်ရမှာလဲ... မင်းသာ ခံနိုင်ရင် မင်းကို ငါ လိပ်စိမ်းတစ်ကောင်အဖြစ် လေးစားပါတယ် (ဒီဘွဲ့က ဘာ အရည်အသွေးမှ တိုးမပေးပါ)...
ရွေးချယ်မှု ၂ - ဒေါသဖြင့် တုံ့ပြန်ပြီး ဆုလာဘ် “ခွန်အား +၁၀၊ လျင်မြန်မှု +၁၀၊ အရှိန်အဟုန် +၁၀” ကို ရယူပါ။
မှတ်ချက် - ရှီထိုက်လုံ၏ လက်ခံထားသူအပေါ် မုန်းတီးမှုမှာ ၂၀၀% တိုးလာမည်ဖြစ်ပြီး သူ၏ သတ်ဖြတ်လိုစိတ်မှာလည်း ၂၀၀% တိုးလာမည်ဖြစ်သည်။ ]
ဤရွေးချယ်မှုနှစ်ခုကို မြင်သောအခါ ရဲထျန်းမင်မှာ မဆိုင်းမတွပင် ဒုတိယတစ်ခုကို ရွေးချယ်လိုက်သည်။
ဆုလာဘ်အဖြစ် အရည်အသွေးသုံးမျိုး တိုးမပေးလျှင်ပင် ရဲထျန်းမင်က ရွေးချယ်မှု ၂ ကိုသာ ရွေးချယ်ပေလိမ့်မည်။
သူသည် သူ၏ သူဌေးများစွာကိုပင် ရိုက်နှက်ခဲ့ဖူးရာ၊ အဘယ်ကြောင့် ဤသည်ကို သည်းခံနေရမည်နည်း။
...
ရဲထျန်းမင် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ရှီထိုက်လုံက ဤကောင်လေးမှာ သူရဲဘောကြောင်သူဟု ထင်မှတ်လိုက်သည်။
ရဲရှင်းဟွေ့မှာမူ အေးစက်သော မျက်လုံးများဖြင့် ကြည့်ရှုနေ၏။
အကယ်၍ ရဲထျန်းမင်က ဘာမှမလုပ်ပါက သူ ကိုယ်တိုင်ပင် ဝင်ရောက်၍ ဤ ရှီထိုက်လုံအမည်ရှိ လူအား ခေါင်းနှင့် ဖင်၊ ဖင်နှင့် ခေါင်း နေရာပြောင်းသွားသည့် ခံစားချက်ကို သိစေရန် စီစဉ်ထားသည်။
“ဟွန်း... အမှိုက်က အမှိုက်ပုံထဲမှာပဲ နေသင့်တယ်... လက်တွေ့မကျတဲ့အရာတွေကို အမြဲတမ်း စိတ်ကူးမယဉ်နေနဲ့...”
စကားဆုံးသောအခါ ရှီထိုက်လုံက သူ၏ ချက်လက်မှတ်စာအုပ်ကို ထုတ်၍ စားပွဲပေါ်သို့ ပစ်တင်ကာ ပြောလိုက်သည်။ “အထဲက ပမာဏကို မင်းကြိုက်သလို ဖြည့်လိုက်... အရင်က မင်း ယွင်မုန်ကျူကို ကယ်ခဲ့တဲ့အတွက် ဆုချတယ်လို့ သဘောထားလိုက်...”
ရှီထိုက်လုံက သူ၏ ချက်လက်မှတ်စာအုပ်ဖြင့် ကြွားဝါသော လှုပ်ရှားမှုမှာ အလွန်ပင် ခန့်ညားသည်ဟု ခံစားနေမိ၏။
တိတ်ဆိတ်နေခဲ့သော ရဲရှင်းဟွေ့မှာမူ ရဲထျန်းမင်ကိုသာ ကြည့်နေဆဲ ဖြစ်သည်။
ရဲထျန်းမင်က စကားတစ်ခွန်းမျှမဆိုဘဲ မတ်တပ်ထရပ်၍ ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ရှီထိုက်လုံထံသို့ လျှောက်သွားသည်။
“မင်းက အရည်အသွေးသုံးခု ပေးနိုင်တာပဲ... တော်တော် တန်ဖိုးရှိတာပဲ...”
ရဲထျန်းမင်၏ မရှင်းလင်းသော စကားများက ရှီထိုက်လုံကို ရှုပ်ထွေးသွားစေသည်။
ထိုအခိုက်တွင် ရဲထျန်းမင်၏ လက်သီးက သူ၏ နှာတံပေါ်သို့ ကျရောက်သွား၏။
ဤလက်သီးတစ်ချက်က ရှီထိုက်လုံကို မီတာပေါင်းများစွာ လွင့်ထွက်သွားစေသည်။ သူ မြေပြင်ပေါ်သို့ ကျသောအခါ နှာခေါင်းသွေးများမှာ ရပ်တန့်မရအောင် စီးကျနေပြီး သူ၏ နှာတံမှာလည်း သိသိသာသာပင် ကျိုးကျသွားသည်။
ဤမြင်ကွင်းကို မြင်သောအခါ ရဲရှင်းဟွေ့မှာ ပြုံးလိုက်မိ၏။
“ဒါမှ မှန်တာပေါ့...”
စကားပြောရင်းနှင့် ရဲရှင်းဟွေ့က စားပွဲပေါ်မှ ဗလာချက်လက်မှတ်စာအုပ်နှင့် ဘောပင်ကို ကောက်ယူလိုက်သည်။
ရဲရှင်းဟွေ့၏ လုပ်ရပ်များက ယွင်ဝေ့နှင့် ယွင်မုန်ဇယ်တို့ကို အနည်းငယ် ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်စေသည်။
ရဲထျန်းမင်နှင့် ရှီထိုက်လုံမှာမူ…
သူတို့၏ ချစ်ကြည်ရင်းနှီးသော ဖလှယ်မှုကို ဆက်လက်လုပ်ဆောင်နေကြသည်မှာ သေချာသည်။
ယခုအခါ ရဲထျန်းမင်က တိုက်ခိုက်လိုက်ပြီဖြစ်ရာ လက်သီးတစ်ချက်တည်းနှင့် အဆုံးသတ်မည့်ကိစ္စ မဟုတ်တော့ပေ။
ရဲရှင်းဟွေ့က ဗလာချက်လက်မှတ်နှင့် ဘောပင်ကို ကိုင်ကာ ရဲထျန်းမင်က ရှီထိုက်လုံကို ရိုက်နှက်နေသည်ကို ကြည့်နေ၏။
ရိုက်နှက်မှုမှာ ဆယ်မိနစ်ခန့် ကြာမြင့်ခဲ့သည်။
ရှီထိုက်လုံ၏ ခန့်ညားသော မျက်နှာမှာ ပုံပျက်နေပြီဖြစ်ပြီး ရဲထျန်းမင်၏ လက်သီးနှစ်ဖက်မှာလည်း သွေးများဖြင့် ဖုံးလွှမ်းနေသည်။
ရှီထိုက်လုံမှာ သနားစရာကောင်းသော်လည်း သူ သတိလစ်မသွားသေးပေ။
“မင်း... မင်း... မင်း ငါ့ကို ရိုက်ရဲတယ်... မင်းတော့ သွားပြီ... ငါ မင်းကို သေချာပေါက်...”
ရှီထိုက်လုံ စကားမဆုံးမီမှာပင် မလှမ်းမကမ်းမှ တစ်စုံတစ်ယောက်က တိုးတိုးလေး ရေရွတ်နေသည်ကို ကြားလိုက်ရသည်။
“ကိုးရာ့ကိုးဆယ့်ကိုးသန်း... ကိုးသိန်းကိုးသောင်းကိုးထောင်... ကိုးရာ့ကိုးဆယ့်ကိုးကျပ်နဲ့ ကိုးမူး...”
ရှီထိုက်လုံက အသံလာရာသို့ လိုက်ကြည့်သောအခါ ရဲရှင်းဟွေ့က ဗလာချက်လက်မှတ်ပေါ်တွင် ဘောပင်ဖြင့် ကိန်းဂဏန်းများကို ဖြည့်နေသည်ကို တွေ့လိုက်ရသည်။
တစ်ရွက်ဖြည့်ပြီးသောအခါ ရဲရှင်းဟွေ့က နောက်တစ်ရွက်သို့ လှန်၍ ဆက်လက်ဖြည့်စွက်နေ၏။
ရေးနေရင်းနှင့် သူက တိုးတိုးလေး ရေရွတ်နေသည်။
“အများဆုံးက ဘီလီယံမဟုတ်ဘဲ သန်းရာဂဏန်းပဲ ရေးလို့ရတာလား... တကယ်ကို စိတ်ရှုပ်ဖို့ကောင်းတာပဲ...”
ကိန်းဂဏန်းများ ဖြည့်နေသော ရဲရှင်းဟွေ့က ရှီထိုက်လုံက သူ့ကို ကြည့်နေသည်ကို မြင်သောအခါ သူ၏ လက်ထဲမှ ဗလာချက်လက်မှတ်စာအုပ်ကို လှုပ်ခါပြ၍ အပြုံးနှင့် ပြောလိုက်သည်။
“သခင်လေး ရှီထိုက်လုံရဲ့ ရက်ရောတဲ့ လှူဒါန်းမှုအတွက် ကျေးဇူးတင်ပါတယ်...”
ရှီထိုက်လုံ ဤစကားကို ကြားသောအခါ ငြိမ်သက်သောအသံနှင့်အတူ သတိလစ်မေ့မြောသွားတော့သည်။
…
ရှီထိုက်လုံ မျက်လုံးလန်၍ သတိလစ်သွားသည်ကို မြင်သောအခါ ရဲရှင်းဟွေ့က ရဲထျန်းမင်ကို စွပ်စွဲလိုက်သည်။
“အစ်ကိုကြီး... အစ်ကို့ရိုက်ချက်က ပြင်းလွန်းသွားပြီ... ဘယ်လိုပဲဖြစ်ဖြစ် သူက ကျွန်တော်တို့ကို ပိုက်ဆံအများကြီး ပေးခဲ့တာလေ...”
ရဲထျန်းမင်မှာ စကားမပြောနိုင်တော့ပေ။
“ကျွန်တော် မှန်မှန်ကန်ကန် ကြည့်မိတယ်ဆိုရင် သူက အစ်ကို့ကြောင့် ဒေါသထွက်ပြီး သတိလစ်သွားတာ ဖြစ်သင့်တယ်…”
ဘေးမှကြည့်နေသူ ယွင်မုန်ဇယ်က တုံ့ပြန်လိုက်သည်။ ထို့နောက် သူက သတိပေးလိုက်သေး၏။
“ပြီးတော့ အစ်ကို ဘယ်လောက်ပဲ ကိန်းဂဏန်းတွေ ဖြည့်ဖြည့်... ပိုက်ဆံထုတ်လို့ ရမှာမဟုတ်ဘူး... ရှီထိုက်လုံရဲ့ ပိုင်ဆိုင်မှုက အဲဒီလောက် မများသင့်ဘူး...”
ရှီထိုက်လုံက ရှီမိသားစုကို ကိုယ်စားမပြုဘဲ သူတစ်ဦးတစ်ယောက်တည်းကိုသာ ကိုယ်စားပြုရာ သူ၏ ပိုင်ဆိုင်မှုမှာ သဘာဝအတိုင်းပင် နည်းပါးပြီး သူက သူ၏ ချက်လက်မှတ်စာအုပ်ကို ကြွားဝါရန်အတွက်သာ ထုတ်သုံးခဲ့ခြင်း ဖြစ်သည်။
ဤသို့ ကြားသောအခါ ရဲရှင်းဟွေ့က ချက်လက်မှတ်စာအုပ်ကို မျက်နှာသွေးများဖြင့် ဖုံးလွှမ်းနေသော ရှီထိုက်လုံထံသို့ တိုက်ရိုက် ပစ်ပေါက်လိုက်ပြီး ပြောလိုက်သည်။
“ပိုက်ဆံမရှိဘဲနဲ့တောင် ကြွားချင်သေးတယ်... အရိုက်ခံရတာနဲ့ ထိုက်တန်တယ်...”
.......
“မုန်ဇယ်... လူနာတင်ယာဉ်ခေါ်ပြီး သခင်လေးရှီကို ခေါ်သွားလိုက်...”
ယွင်ဝေ့က ယွင်မုန်ဇယ်ကို ညွှန်ကြားပြီးနောက် ရဲထျန်းမင်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။
“လက်ထပ်ခွင့်တောင်းတဲ့ကိစ္စကို လက်လျှော့လိုက်တော့... တခြားကိစ္စမရှိရင် အမြန်ဆုံး ထွက်သွားကြတော့...”
ရဲထျန်းမင်က သူ့ကို ကြည့်၍ ပြင်ဆင်ပြောဆိုလိုက်၏။
“သခင်ကြီးယွင်... ကျွန်တော်တို့က လက်ထပ်ခွင့်တောင်းဖို့ လာတာမဟုတ်ပါဘူး... ခင်ဗျား ဘယ်တော့ လူတစ်ယောက်ကို အာဖရိကကို လိုက်ပို့ခိုင်းမလဲဆိုတာ မေးဖို့ လာတာပါ... ကျွန်တော် သတ္တုတွင်းဒါရိုက်တာ ဖြစ်လာတော့မှာ...”
ယွင်ဝေ့မှာ ဤသို့ကြားသောအခါ ကြက်သေသေသွားသည်။
“မင်းက သတ္တုတွင်းမန်နေဂျာ ဖြစ်ချင်သေးတာလား...”
ရဲထျန်းမင်က ခေါင်းညိတ်၍ ပြောလိုက်သည်။
“ဟုတ်ပါတယ်... ကျွန်တော် ခင်ဗျားကို အာဖရိကမှာ အလုပ်လုပ်မယ်လို့ ကတိပေးထားမှတော့ ကျွန်တော် ကတိမဖျက်ပါဘူး...”
“ရဲချန်က မင်းကို တကယ်လွှတ်လိုက်တာလား...” ဟု ယွင်ဝေ့က ထပ်မေးလိုက်၏။
ယွင်ဝေ့မှာ ရဲချန်၏ သဘောထားကို ပို၍ စိတ်ဝင်စားသည်။ ရဲချန်၏ သဘောတူညီချက်မရှိဘဲ ရဲချန်၏ သားကို အာဖရိကသို့ ပို့လိုက်ပါက သူ ဒုက္ခအကြီးအကျယ် ရောက်ပေလိမ့်မည်။
“ကျွန်တော့်ကိစ္စ ကျွန်တော် ဆုံးဖြတ်နိုင်တယ်... အခု ခင်ဗျား ကျွန်တော့်ကို အဲဒီကို လိုက်ပို့ဖို့ တစ်ယောက်ယောက် ရှာသင့်ပြီ...”
ယွင်ဝေ့က ချက်ချင်း သဘောမတူဘဲ ရဲရှင်းဟွေ့ကို ကြည့်၍ သူ၏ သဘောထားကို ကြားလိုသည့်အနေဖြင့် စောင့်နေလိုက်သည်။
ဤသည်ကိုမြင်သောအခါ ရဲရှင်းဟွေ့က ပခုံးတွန့်၍ ပြောလိုက်၏။
“စိတ်မပူပါနဲ့... ကျွန်တော်တို့ ရဲမိသားစုက မျိုးဆက်သစ်တွေကို သဘောထားကြီးပါတယ်... သူ အာဖရိကကို သတ္တုတူးဖို့ သွားချင်တာကို မပြောနဲ့ဦး... မာရီယာနာချောက်ထဲကို ပုစွန်သွားဖမ်းချင်တယ်ဆိုရင်တောင် ပြဿနာမရှိဘူး...”