← Chapters

သတ္တုတွင်းသို့ ရောက်ရှိခြင်း

Vol. 21 Ch. 295

သတ္တုတွင်းသို့ ရောက်ရှိခြင်း

Vol. 21 Ch. 295

တစ်နာရီကျော် ကြာပြီးနောက်၌ ရဲရှင်းဟွေ့တို့ အုပ်စု သူတို့၏ ပန်းတိုင်ဖြစ်သော အာဖရိကတိုက်ရှိ ယွင်မိသားစု၏ သတ္တုတွင်းသို့ နောက်ဆုံးတွင် ရောက်ရှိလာသည်။

ကားပေါ်မှ ဆင်းလိုက်ပြီးနောက် သူတို့ ပထမဆုံး မြင်လိုက်ရသည်မှာ အမိုးခုံးပုံ ရွှံ့စေးအိမ်များနှင့် မြေပြင်ပေါ်၌ ဖိနပ်မပါဘဲ ပြေးလွှားနေကြသော ကလေးငယ် အချို့ ဖြစ်၏။

“ဘုရားရေ… ကျွန်တော်တို့လည်း ဒီမှာ နေရမှာလား…”

ရဲထျန်းမင်က ယိုယွင်းနေသော တဲအိမ်များဟု ထင်ရသည့် ထိုအိမ်များကို ကြည့်၍ မေးလိုက်၏။

“မဟုတ်ဘူး… ငါတို့နေရာက ရှေ့မှာ…”

ထိုသို့ ပြောပြီးနောက် ယွင်ပိုင်ချီက ရဲရှင်းဟွေ့နှင့် ရဲထျန်းမင်ကို ရွာ၏ နောက်ဘက်သို့ ဦးဆောင် ခေါ်သွား၏။

ယွင်ပိုင်ချီက လူစိမ်း နှစ်ယောက်ကို ရွာထဲသို့ ခေါ်ဆောင်လာသည်ကို မြင်သော်လည်း နေပူစာ လှုံနေကြသော ရွာသားများမှာ အံ့အားသင့်သည့် အမူအရာ မပြကြချေ။ ဤရွာမှ ရွာသားအများစုမှာ ယွင်မိသားစု၏ သတ္တုတွင်း၌ အလုပ်လုပ်ကြသူများ ဖြစ်ပြီး သူတို့အတွက် ယွင်ပိုင်ချီမှာ လူစိမ်းတစ်ယောက် မဟုတ်ချေ။

.......

ဤရွာငယ်လေးကို ဖြတ်ကျော်ပြီးနောက် ရဲရှင်းဟွေ့နှင့် ရဲထျန်းမင်တို့မှာ အုတ်ကြွပ်မိုး အိမ်တစ်တန်းကို တွေ့လိုက်ရသည်။

ရွာငယ်လေးထဲမှ ရွှံ့စေးအိမ်များနှင့် နှိုင်းယှဉ်လိုက်လျှင် ဤအုတ်ကြွပ်မိုး အိမ်များက ပို၍ ခိုင်ခံ့ပြီး အားကိုးထိုက်သည့်ပုံ ပေါက်နေ၏။

ယွင်ပိုင်ချီက အုတ်ကြွပ်မိုး အိမ်တန်းကို လက်ညှိုးထိုး၍ ပြောလိုက်သည်။ “ဒါက ငါနေတဲ့နေရာပဲ… နောက်ပြီးတော့… အနာဂတ်မှာ မင်းတို့ နေရမယ့်နေရာလည်း ဖြစ်လာမှာပေါ့…”

ယွင်ပိုင်ချီ စကားဆုံးသည်နှင့် တရုတ်လူငယ်တစ်ယောက်က အိမ်တစ်လုံးထဲမှ ထွက်လာ၏။

“အစ်ကိုပိုင်ချီ… ပြန်လာပြီလား… သတ္တုတွင်းမန်နေဂျာ အသစ်က ဘယ်သူလဲ…”

ထိုစကားကို ကြားသောအခါ ယွင်ပိုင်ချီက ရဲထျန်းမင်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“ဒါက သတ္တုတွင်းမန်နေဂျာအသစ် ရဲထျန်းမင်ပဲ…”

ထို့နောက် သူက ရဲရှင်းဟွေ့ကို မိတ်ဆက်၍ ပြောလိုက်၏။

“ဒါကတော့ မန်နေဂျာအသစ်ရဲ့ ညီလေး ရဲရှင်းဟွေ့ပဲ…”

“မင်္ဂလာပါ မန်နေဂျာ… ကျွန်တော်က ဒီက ဘူမိဗေဒလေ့လာသူပါ… ကျွန်တော့်နာမည်က ကျန်းဟန်ပါ… ရှောင်ကျန်းလို့ပဲ ခေါ်ပါ…”

ထိုသို့ ပြောပြီးနောက် ကျန်းဟန်က သူတို့ သုံးယောက်ကို အိမ်ထဲသို့ ဦးဆောင် ခေါ်သွားသည်။

အပြင်မှ ကြည့်လျှင် ဤအိမ်များက သိပ်မကောင်းလှသော်လည်း အတွင်းဘက်၌မူ သန့်ရှင်းသပ်ရပ်လျက် ရှိ၏။

အိမ်ထဲသို့ ရောက်ပြီးနောက် ရဲထျန်းမင်က ဤနေရာမှ အလုပ်အခြေအနေများနှင့် သူ လုပ်ဆောင်ရမည့် အလုပ်များအကြောင်းကို စတင် မေးမြန်း လေ့လာလိုက်သည်။

.......

သူတို့၏ စကားပြောဆိုမှုမှတစ်ဆင့် ရဲထျန်းမင် တစ်ယောက် သိရှိလိုက်သည်မှာ ယွင်မိသားစု၏ သတ္တုတွင်း၌ သတ္တုတွင်းမန်နေဂျာဟူသော ရာထူး အမှန်တကယ် မရှိခြင်းပင် ဖြစ်သည်။

ဤနေရာကို ယွင်ပိုင်ချီက အမြဲတမ်း တာဝန်ယူ စီမံခန့်ခွဲလာခဲ့ခြင်း ဖြစ်၏။

သတ္တုတွင်းမန်နေဂျာ ရာထူးမှာ ရဲထျန်းမင် ရောက်လာပြီးမှသာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ တိတိကျကျ ဆိုရလျှင် ၎င်းမှာ ယွင်ဝေ့က ထပ်တိုးလိုက်သော ရာထူးတစ်ခု ဖြစ်၏။

ယွင်ပိုင်ချီကမူ ဤကိစ္စအတွက် မည်သို့မျှ မခံစားရသည့်အပြင် အနည်းငယ်ပင် ပျော်ရွှင်နေသေးသည်။

အမှန်စင်စစ် အာဖရိကကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် မည်သူမျှ အလုပ်လုပ်ချင်မည် မဟုတ်ချေ။ ရာသီဥတု ပူပြင်းသည်ကို ထားဦး၊ သွားရေးလာရေးက အဆင်မပြေသည့်အပြင် ဖုန်းလိုင်းပင် မရှိပေ။

အင်တာနက် သုံးရန်မှာ ပြောဖွယ်မရှိ၊ ဖုန်းခေါ်ဆိုရန်ပင် အနည်းငယ် အားစိုက်ထုတ်ရ၏။

ရဲထျန်းမင်က သတ္တုတွင်းမန်နေဂျာအဖြစ် ရောက်ရှိလာသဖြင့် ယွင်ပိုင်ချီက ဤနေရာမှ လွတ်မြောက်ရန် အခွင့်အရေးတစ်ခုဟု ယူဆလိုက်သည်။ သူက အလုပ်ကိစ္စ အားလုံးကို ရဲထျန်းမင်အား တတ်နိုင်သမျှ ရှင်းလင်းစွာ ရှင်းပြရန် စီစဉ်ထားပြီး သို့မှသာ သူ အိမ်ပြန်ရန် တိုက်ရိုက် လျှောက်ထားနိုင်မည် ဖြစ်သည်။

ရဲထျန်းမင်မှာ ယွင်ပိုင်ချီ ဘာတွေ စဉ်းစားနေသည်ကို မသိရှိသည့်အတွက် သူ့ကြောင့် ယွင်ပိုင်ချီ၏ ရာထူးကို လုယူလိုက်ရသဖြင့် အပြစ်ရှိသလို အနည်းငယ် ခံစားလိုက်ရသည်။

‘ကောင်းပြီ… ငါ လိုချင်တာကို အောင်အောင်မြင်မြင် တူးပြီးသွားရင်တော့ ထွက်သွားရမယ်… ပြီးတော့ ယွင်ပိုင်ချီရဲ့ ရာထူးကို ဘယ်သူမှ လုမသွားအောင်လည်း လုပ်ရမယ်…’

ဤသို့ တွေးမိသောအခါ ရဲထျန်းမင်က ယွင်ပိုင်ချီကို မေးလိုက်၏။

“သတ္တုတွင်းက ဘယ်မှာလဲ… သွားကြည့်ရအောင်…”

“သတ္တုတွင်းက ဒီကနေ တော်တော်လေး လှမ်းသေးတယ်… သတ္တုတွင်းမှာ မြေတူးစက်တွေ၊ သတ္တုတွင်းလှည်းတွေ အများကြီး အလုပ်လုပ်နေတာဆိုတော့ တော်တော်လေး ဆူညံတယ်လေ…”

“ဒါဆိုလည်း ကိစ္စမရှိပါဘူး… သွားကြည့်ကြတာပေါ့…”

“ကောင်းပြီလေ…”

ယွင်ပိုင်ချီက ပြန်ဖြေလိုက်၏။ သူတို့မှာ အစောက ရွာငယ်လေး၏ အဝင်ဝသို့ ပြန်သွားကြပြီး သူက သူတို့အား သတ္တုတွင်းသို့ ကားမောင်း ပို့ပေးသည်။

ကျန်းဟန်ဟု ခေါ်သော ဘူမိဗေဒလေ့လာသူမှာလည်း အတူ လိုက်ပါလာ၏။

........

ထိုအချိန်၌…

မြို့တော်ဆေးရုံတွင်…

လျိုလီယာက ဝက်ခေါင်းကဲ့သို့ ပတ်တီးများ စည်းထားသော ရှီထိုက်လုံကို ကြည့်၍ ပြောလိုက်သည်။

“သား… မသွားပါနဲ့… မားမားပဲ လူလွှတ်လိုက်မယ်…”

သူမက သူ့သားကို ရိုက်နှက်ခဲ့သည့် ရဲထျန်းမင်နှင့် ရဲရှင်းဟွေ့တို့ကို သတ်ပစ်ရန် ဆုံးဖြတ်ပြီးနောက် အာဖရိကသို့ လူလွှတ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

အာဖရိကတွင် လူအနည်းငယ်ကို သတ်ဖြတ်ရန်မှာ လွယ်ကူလှ၏။ လက်နက်ကိုင် မျိုးနွယ်စု အနည်းငယ်ကို ရှာဖွေ၍ လုံလောက်သော ငွေပမာဏ ပေးလိုက်လျှင် သူတို့က အရာအားလုံးကို ကူညီ ဖြေရှင်းပေးပေလိမ့်မည်။

လျိုလီယာက သူ့ကို မသွားရန် တားမြစ်သည်ကို ကြားသောအခါ ရှီထိုက်လုံမှာ ရုတ်တရက် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

လက်စားချေခြင်းဟူသည် အဘယ်နည်း။ ရန်သူက သူ့ရှေ့တွင် ဒူးထောက် တောင်းပန်နေသည်ကို မြင်ရခြင်းကသာ လက်စားချေခြင်းဟု ခေါ်ဆိုထိုက်၏။ သူသာ အိမ်၌ အေးအေးလူလူ ထိုင်စောင့်နေပြီး ရန်သူ သေဆုံးသည့် သတင်းကိုသာ နားထောင်နေရမည် ဆိုလျှင် ရှီထိုက်လုံမှာ လက်စားချေခြင်း၏ ပျော်ရွှင်မှုကို လုံးဝ ခံစားရမည် မဟုတ်ပေ။

“ဟင့်အင်း… မားမား… ကျွန်တော် အဲဒီ အကောင်နှစ်ကောင်ကို ကိုယ့်လက်နဲ့ကိုယ် သတ်ချင်တယ်… ပြီးတော့… မားမားလည်း လူတွေ ချိတ်ထားပြီးပြီ မဟုတ်လား… ကျွန်တော် လိုက်သွားလည်း ပြဿနာ မရှိလောက်ပါဘူး…”

ထိုစကားကို ကြားသောအခါ လျိုလီယာက သူ့သား အာဖရိကသို့ သွားရန် စိတ်ပိုင်းဖြတ်ထားကြောင်း သိလိုက်ရသည်။ နောက်ဆုံးတွင် သူမမှာ သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်ရ၏။

“ကောင်းပြီလေ… ဒါပေမဲ့… သား ကိုယ်ရံတော်နဲ့ အတူတူနေရမယ်… ကိုယ်ရံတော်စကားကို နားထောင်ရမယ်… စိတ်တိုင်းကျ မလုပ်ရဘူးနော်…”

.......

ရဲရှင်းဟွေ့နှင့် ရဲထျန်းမင်တို့မှာ ရှီထိုက်လုံက သူ့ကိုယ်သူ သေမင်းထံသို့ အဝေးကြီး လာပို့နေသည့် အဖြစ်ကို မသိရှိကြချေ။

အမှန်တကယ်တွင် သူတို့သာ ထိုအကြောင်းကို သိရှိခဲ့လျှင်ပင် ရဲရှင်းဟွေ့က သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်မည် ဖြစ်၏။

“ဇာတ်လိုက်၏ ဉာဏ်တုံးစေသောအရှိန်အဝါ သက်ရောက်နေမှတော့ ကယ်လို့ မရတော့ပါဘူး… မြှုပ်လိုက်တာပဲ ကောင်းတယ်…”

…

ရဲရှင်းဟွေ့နှင့် ရဲထျန်းမင်တို့ သတ္တုတွင်းသို့ ရောက်ရှိလာကြသည်။

ယွင်မိသားစု၏ သတ္တုတွင်းမှာ အလွန် ကျယ်ဝန်းပြီး ဌာနေတိုင်းရင်းသား အများအပြား အလုပ်လုပ်လျက် ရှိကြ၏။

သူတို့ကြားတွင် ယွင်မိသားစု၏ လက်အောက်မှ လူအချို့ကလည်း ကြီးကြပ်ကွပ်ကဲနေကြသည်။

ရဲရှင်းဟွေ့ သတ္တုတွင်းထဲသို့ ဝင်ရောက်သွားသောအခါ တစ်စုံတစ်ခု မှားယွင်းနေကြောင်း မသဲမကွဲ ခံစားလိုက်ရသည်။

တိတိကျကျ ဆိုရလျှင် သူ သတ္တုတွင်းနှင့် နီးကပ်လာလေလေ လေထုထဲမှ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုက မြင့်မားလာလေလေ ဖြစ်၏။

သို့သော်လည်း ရဲရှင်းဟွေ့မှာ ထိုကိစ္စကို သိပ်အာရုံမစိုက်ခဲ့ချေ။ မည်သို့ပင် ဆိုစေ ကမ္ဘာမြေက ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထခြင်း ခေတ်သို့ ဝင်ရောက်တော့မည် ဖြစ်ရာ ဤကဲ့သို့ လူနေကျဲပါးသော နေရာမျိုးတွင် ဝိညာဉ်စွမ်းအင် သိပ်သည်းမှု ပိုများနေခြင်းက အံ့ဩစရာ မဟုတ်ပေ။

.........

“ဒါက ကျွန်တော်တို့ ယွင်မိသားစုရဲ့ သတ္တုတွင်းပဲ… ဒီသတ္တုတွင်းမှာ သာမန်သတ္တုတွေနဲ့ ရှားပါးသတ္တု တချို့ကို တူးဖော်လို့ရတယ်… ဒါ့အပြင် ဒီနှစ်ထဲမှာ ရှားပါးသတ္တုရိုင်း တချို့ကိုလည်း အသစ်တွေ့ရှိထားသေးတယ်…”

ထိုစကားကို ကြားသောအခါ ရဲရှင်းဟွေ့က တိုးညင်းစွာ ရေရွတ်လိုက်သည်။

“ရွှေတို့ စိန်တို့လို အဖိုးတန်ဆုံး အမျိုးအစားတွေတော့ မဟုတ်ဘူးပေါ့လေ…”

အသံက ကျယ်လောင်ခြင်း မရှိသော်လည်း ယွင်ပိုင်ချီကမူ ကြားလိုက်သေး၏။

ယွင်ပိုင်ချီက ပြုံး၍ ပြောလိုက်သည်။

“အခုခေတ်မှာ အဖိုးတန်ဆုံး အရာတွေက ရွှေနဲ့စိန် မဟုတ်တော့ဘူး… ဒါ့အပြင် စိန်ကိုယ်တိုင်ကလည်း သိပ်တန်ဖိုးမရှိပါဘူး… အခု အဖိုးအထိုက်တန်ဆုံးက ဒီနှစ်ထဲမှာ အသစ်တွေ့ထားတဲ့ ရှားပါးသတ္တုရိုင်းတွေပဲ…”

“ရွှေထက်တောင် တန်ဖိုးရှိတဲ့ သတ္တုရိုင်းက ဘာလဲ…”

ရဲထျန်းမင်က အနည်းငယ် နားမလည်ဟန်ဖြင့် မေးလိုက်၏။

“ကျွန်တော့်နောက် လိုက်ခဲ့…”

ထို့နောက် ယွင်ပိုင်ချီက လူအချို့ကို သတ္တုတွင်းဂိုဒေါင်ဆီသို့ ဦးဆောင် ခေါ်သွားသည်။

ဂိုဒေါင်ထဲ၌ ပြုပြင်မထားရသေးသော သတ္တုရိုင်းများကို ထားရှိပြီး အတွင်းဘက်သို့ ဆက်သွားလျှင် ဧရာမ မီးခံသေတ္တာကြီး တစ်လုံး ရှိနေသည်။

စကားဝှက်ကို ရိုက်ထည့်၍ မီးခံသေတ္တာကို ဖွင့်လိုက်သောအခါ သူတို့ မြင်လိုက်ရသည်မှာ လက်သီးဆုပ်အရွယ် နို့နှစ်ရောင် ကျောက်တုံးများ ဖြစ်သည်။

မီးခံသေတ္တာ ပွင့်သွားသည့် တစ်ခဏတွင် ဂိုဒေါင်ထဲမှ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုမှာ နောက်တစ်ဆင့်သို့ ချက်ချင်း တိုးမြင့်သွား၏။

‘ဒါက ဘာကြီးလဲ… ဒဏ္ဍာရီထဲက ဝိညာဉ်ကျောက်တုံးတွေ မဟုတ်လား…’

သေတ္တာထဲမှ ကျောက်ဖြူများကို မြင်လိုက်ရသောအခါ ရဲရှင်းဟွေ့မှာ အနည်းငယ် အံ့အားသင့်သွား၏။

ကမ္ဘာမြေ၏ ဝိညာဉ်စွမ်းအင် နိုးထမှုက အပြည့်အဝပင် မစတင်သေးချေ။ သို့သော်လည်း သတ္တုတွင်းထဲတွင် ဝိညာဉ်ကျောက်တုံးများ တူးဖော် ရရှိနိုင်နေပြီလား

။

ဤသို့ တွေးမိသောအခါ ရဲရှင်းဟွေ့က ယွင်ပိုင်ချီကို ကြည့်၍ မေးလိုက်၏။ “ဒီပစ္စည်းတွေ ဘယ်လောက်များများ ရှိလဲ…”

“သိပ်မများဘူး… မဟုတ်ရင် ဒီလောက် တန်ဖိုးရှိမှာ မဟုတ်ဘူးပေါ့… ဒီသေတ္တာထဲက ပစ္စည်းတွေက ခြောက်လစာ တူးထားတာ… နောက်ထပ် လဝက်လောက်ကြာရင် မိသားစုခေါင်းဆောင်က လာယူသွားနိုင်တယ်…”

.......

ရဲထျန်းမင်မှာလည်း ထိုကျောက်တုံးများ၏ ထူးခြားမှုကို မြင်တွေ့လိုက်ရသည်။

သူ့စိတ်ထဲတွင် တွေးလိုက်မိ၏။ ‘စနစ်ပြောတဲ့ ရတနာတွေက ဒီကျောက်တုံးတွေပဲတော့ မဟုတ်လောက်ဘူးမလား… တကယ်လို့ ဒီကျောက်တုံးတွေသာ ဟုတ်နေရင် စနစ်ပြောတဲ့ ရတနာတွေက တော်တော် လိမ်ညာတာပဲ…’

သူက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး စိတ်ထဲတွင် တွေးလိုက်မိ၏။

‘ကတိပေးထားတဲ့ မှော်လက်နက်တွေက ဘယ်မှာလဲ… တစ်ချက်တည်းနဲ့ ကောင်းကင်ဘုံကို တက်လှမ်းနိုင်မယ်ဆိုတဲ့ လျှို့ဝှက်နည်းစနစ်တွေရော ဘယ်မှာလဲ… ကတိပေးထားတဲ့ အရှိန်အဝါတွေရော ဘယ်မှာလဲ…’

All Chapters