← Chapters

ဧကရီကျင်းလီထံ အကူအညီတောင်းခံခြင်း

Vol. 2 Ch. 16

ဧကရီကျင်းလီထံ အကူအညီတောင်းခံခြင်း

Vol. 2 Ch. 16

တစ်နာရီမျှ ကြာပြီးနောက်တွင် ကျိယွမ် သည် ဟောဟဲဆိုက်ကာ အသက်ကို ပြင်းပြင်းရှူနေရသည်။

သူ့နောက်တွင် မည်သူမျှပါမလာသည်ကို သေချာစေရန်လှည့်ကြည့်ပြီးမှ ကွင်းပြင်ထဲသို့ တုံးလုံးပစ်လှဲချလိုက်သည် ။

"ဒါက ဂိမ်းဆော့နေတာမှ မဟုတ်တော့တာ ၊ အသက်ဘေးကနေ ထွက်ပြေးနေရတာကြီး ဖြစ်နေပြီ"

ရေကန်ဘေးတစ်နေရာတွင် အဝတ်အစားကောင် တစ်ဒါဇင်ကျော်ခန့်ကို သတ်ပြီးနောက် အခြားအဝတ်အစားကောင်ထောင်ပေါင်းများစွာက သူ့ကို ဝိုင်းလိုက်ကြတော့သည် ။

သူ့တွင်ရှိရှိသမျှသော စွမ်းအာင်အားလုံးကို အသုံးပြုကာ ဆက်တိုက်မနားတမ်း ဖင်ထောင်နေအောင် ပြေးခဲ့၍သာ လွတ်မြောက်လာခဲ့ခြင်းပင် ။

ကျိယွမ်သည် ခေတ္တအမောဖြေပြီးနောက် ထထိုင်လိုက်ပြီး သူ၏မျက်နှာတွင် ရှုပ်ထွေးသောအသွင် ပေါ်လာ၏။

"နေစမ်းပါဦး တခြားမဆိုင်တဲ့ အဝတ်စုတ်တွေက ငါ့ကို ဘယ်လိုများ ရှာတွေ့သွားကြတာလဲ ၊ အဓိပ္ပါယ်မရှိတာ "

သူက ထိုဖြစ်ရပ် နားမလည်သလို အလွန်လည်း အံ့အားသင့်နေခဲ့သည်။

"အဝတ်အစားမကောင်းဆိုးရွားတွေက အမြင်အာရုံတစ်ခုတည်းကို မျှဝေသုံးစွဲနေကြတာများလား"

ကျိယွမ်သည် သူ၏အရင်ဘဝက ကြည့်ခဲ့ဖူးသည့် အနီမေးရှင်းများထဲမှ ဇက်မျိုးနွယ်ပိုးကောင်များအကြောင်း ပြန်တွေးလိုက်မိသွားသည်။

ထိုဇာတ်လမ်းများတွင် ဇက်ဟုခေါ်သောပိုးကောင်များကို မိခင်ပိုးကောင်၏ အာရုံတစ်ခုတည်းဖြင့် ချိတ်ဆက်ထားပြီး တစ်ကောင်မြင်တွေ့ရသည်များကို အခြားအကောင်များကလည်း သိနိုင်၏ ။

"အဲဒီလိုသာဆိုရင်တော့ ငါ့ဘဝက ဒုက္ခရောက်ပြီ"

ထိုသို့ဖြစ်ပါက အဝတ်အစားများကို လူခွဲပြီးတိုက်ခိုက်ရန် စဥ်းစားထားသော သူ၏မဟာနည်းဗျူဟာသည် လုံးဝကိုအချည်းနှီးဖြစ်သွားလေပြီ ။

ကျိယွမ်တစ်ယောက် ထိုအတွေးကြောင့် တော်တော်ပင် စိတ်သောက ရောက်သွားသည် ။

ရိကွမ်းတားမြစ်နယ်မြေသည် သူထင်ထားသည်ထက်အဆများစွာ ပိုမိုခက်ခဲနေသည်။

"ဧကရီကျင်းလီ ကို အကူအညီတောင်းကြည့်ရင် ကောင်းမလား ၊ သူမကဆီမှာ ဂိမ်းနည်းဗျူဟာတချို့များ ရှိနေမလားပဲ "

ကျိယွမ်သည် ထိသို့စဥ်းစားပြီးနောက် ချက်ချင်းပင် စာတစ်စောင်ကို ပို့လိုက်၏။

"ရိကွမ်းတားမြစ်နယ်မြေထဲမှာ အဝတ်အစားမကောင်းဆိုးရွာတွေက အရမ်းများနေတယ်။ ဒီနေ့ဆိုရင် ရောင်စုံဘရာစီယာနဲ့ အတွင်းခံဘောင်းဘီတွေ ပြည့်နေတဲ့ တောအုပ်တစ်ခုကိုတောင် တွေ့ခဲ့ရတယ်။ မြင်ကွင်းက အရမ်းကို ထိတ်လန့်စရာကောင်းလွန်းလို့ ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ် တင်လိုက်ရင် ရေပန်းစားသွားမှာ သေချာတယ်"

"ပြီးတော့ ဒီနေ့ အဝတ်အစားမကောင်းဆိုးရွားတွေကို လိုက်ရှာနေရင်း ပြဿနာတချို့နဲ့ ကြုံလို့ အသက်လုပြီး ပြေးရတယ် "

ကျိယွမ် သည် သူကြုံတွေ့ခဲ့ရသော ပြဿနာများကို ဖော်ပြပြီး စာကို ပေးပို့လိုက်သည်။

"နင့်ဆီမှာ နည်းဗျူဟာလေးတွေများ မရှိဘူးလား ၊ ရှိရင် ပို့ပေးပါဦး။ ကျေးဇူးအများကြီးတင်ပါမယ်"

------------------

"အမတ်ချုပ်ကြီး ၊ ဧကရီက နန်းတော်ကို ပြန်ရောက်လာပါပြီ"

ဝတ်ရုံရှည်ဝတ်ထားသည့် အမျိုးသားတစ်ဦးက ရိုသေစွာ ပြောသည်။

"ဒါပေမဲ့ ကျွန်တော်တို့ စေလွှတ်လိုက်တဲ့ လူတွေကတော့ ပျောက်ဆုံးသွားပါတယ်။"

ထိုအချိန် စစ်မာတျန်းသည် စစ်တုရင်ကစားနေခဲ့၏။ သူက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး ဝတ်ရုံဝတ်ထားသူကို ဂရုမစိုက်ဘဲ သူ့နှင့်အတူ စစ်တုရင်ကစားနေသော အရပ်ဘက်အရာရှိကို ပြောလိုက်သည်။

"ပိုချန် ၊ မင်းဒီနေရာမှာ ချတာက ငါ့ရဲ့စစ်သည်တစ်ကောင်ကို ယူသွားနိုင်မယ်လို့ သေချာရဲ့လား ၊ ငါ့ရဲ့ စစ်သည်တွေက အဆက်အစပ်တွေနဲ့ ဖြစ်နေပြီး နေရာတိုင်းမှာ ဟာကွက်မရှိဘူး ။ အားလုံးက ငါ့ထောက်ချောက်ထဲမှာပဲ ။ မင်းကတော့ အကျပ်အတည်းထဲ ရောက်နေပြီ။ ဟားဟားဟားဟား "

အရပ်ဘက်အရာရှိသည် ထိုစကားကိုကြားသောအခါ သက်ပျင်းချကာ ချေပလိုက်သည် ။

"အမတ်ချုပ်ကြီးရဲ့ စစ်တုရင်စွမ်းရည်က ကျွန်တော့ထက် အဆများစွာ သာလွန်ပါတယ် ။ အခု ကျွန်တော့်အခြေအနေက ဆိုးရွားနေတာဆိုတော့ ၊ မထူးတော့ပါဘူး ကျွန်တော်ရနိုင်သမျှ စစ်သည်တွေ လိုက်စားရပါမယ်။"

စစ်မာတျန်းက ပို၍ကျယ်လောင်စွာ ရယ်မောလိုက်သည်။

လက်ရှိ ဧကရီကျင်းလီသည်လည်း စစ်တုရင်ခုံပေါ်ရှိ အနက်ရောင်စစ်သည်တစ်ကောင်နှင့်တူပြီး လွတ်မြောက်ရန် လမ်းမရှိပေ။ချောင်ပိတ်နေသော သားရဲတစ်ကောင်သည် ပြန်လည်တိုက်ခိုက်ရန် ကြိုးစားလိမ့်မည်၊ သို့သော် အသုံးမဝင်ပါ ။ မသေခင် နောက်ဆုံးကြိုးစားမှုမျှသာ ဖြစ်၏ ။

ထို့နောက် ထိုအရပ်ဘက်အရာရှိက အခွင့်အရေးရခိုက် ပြောလိုက်သည်။

"ခြောက်ရက်မြောက်နေ့မှာ အဘွားကြီးချင် ရှုံးနိမ့်သွားပြီဆိုတာနဲ့ ကျွန်တော်တို့အားလုံး တိုက်ခိုက်ကြမယ် ။ ဒါဆိုရင် တောင်ပိုင်းချင်နယ်မြေတစ်ခုလုံးက အမတ်ချုပ်ကြီးရဲ့ နယ်မြေ ဖြစ်လာပြီပဲ ။"

ထိုစကားကို ကြားသောအခါ အမတ်ချုပ်ကြီးစစ်မာတျန်း ၏ မျက်လုံးများတွင် အားရကျေနပ်ခြင်းများ ပိုမိုပြည့်နှက်လာလေသည်။

တောင်ပိုင်းချင်နယ်မြေသည် သူ့အတွက် ဖြစ်နှင့်နေပြီးသား ဖြစ်သော်လည်း ဥပဒေအရ တရားဝင်ပိုင်ဆိုင်ခြင်းနှင့်တော့ နှိုင်းယှဉ်၍မရပေ။

--------

ထိုအချိန် ကျင်းလီမှာ စိတ်ကြည်နူးနေသည်။

သူမက ဒေါ်လေးချင်ဆီသို့ သွားရောက်ကာ ဧကရာဇ်အဆင့်ရှိသော ပန်းကိုးပွင့်နတ်သမီးချည်ဆေးပင်ကို ပေးခဲ့၏။ထိုဆေးဖြင့်ဆိုလျှင် ဒေါ်လေးချင်၏ ဒဏ်ရာများသည် ပြဿနာမရှိတော့ပါ။

ထို့အပြင် သူမသည် ဧကရာဇ်အဆင့်သို့ပင် ရောက်ရှိသွားနိုင်ပေသည်။ ထိုအောင်မြင်မှုမှာ ကျင်းလီအတွက် စိတ်လှုပ်ရှားဖွယ် အတိဖြစ်လေ၏ ။

ခွန်အားကိုသာ အလေးအမြတ်ထားသော ဤကမ္ဘာတွင် ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး ရရှိခြင်းက စစ်မာတျန်းကို ရင်ဆိုင်ရန် သူမအတွက် ပိုမိုယုံကြည်မှု ရှိလာစေသည် မဟုတ်ပါလား ။

ဤအရာအားလုံးကို ကျိယွမ်က သူမထံသို့ ယူဆောင်လာပေးခဲ့ခြင်း ဖြစ်ပါသည်။

ကျိယွမ်အကြောင်းကို စဥ်းစားမိသောအခါ သူမ၏စိတ်ခံစားမှုများ အနည်းငယ် ရှုပ်ထွေးသွားသည်။ ဤအချိန်တွင် လင်းလုံယွီရှီကျောက်ပြားသည် အလင်းတစ်ခုတောက်ပလာ၏ ။

သူမက ကျောက်ပြားကို ထုတ်ယူကြည့်လိုက်သောအခါ သူမ၏ပျော်ရွှင်မှုပြည်နူးမှုများ ပို၍ တိုးပွားသွားတော့သည်။ သူမက ကျိယွမ် မက်ဆေ့ပို့ထားသော အကြောင်းအရာများကို အရာရှိများတင်ပြသော စာရွက်စာတမ်းများထက် ပိုမိုအာရုံစိုက်ကာ တစ်လုံးချင်းစီ အသေးစိတ် ဖတ်ရှုလိုက်၏။

ကျိယွမ်သည် ရိကွမ်းတားမြစ်နယ်မြေတွင် အန္တရာယ်နှင့်ကြုံတွေ့နေရသည်ကို မြင်သောအခါ သူမ၏နှလုံးခုန်နှုန်း အဆမတန်မြန်သွားခဲ့သည်။

တဖန်ရိကွမ်းတားမြစ်နယ်မြေအတွင်း ရှိ သစ်ပင်များတွင် ရောင်စုံဘရာစီယာများနှင့် အမျိုးသမီးအတွင်းခံများ ပြည့်နေသည်ကို မြင်သောအခါ သူမသည် မပြုံးဘဲ မနေနိုင်တော့ပါ ။

" ရိကွမ်းတားမြစ်နယ်မြေအကြောင်း သတင်းအချက်အလက်လိုချင်တာလား"

ကျိယွမ်က သူမ၏အကူအညီကို လိုအပ်နေသည်ကို မြင်သောအခါ သူမသည် ချက်ချင်းပင် အလေးအနက်ဖြစ်သွား၏ ။

"ငါ နင့်အတွက် ရိကွမ်းတားမြစ်နယ်မြေနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို ချက်ချင်းရှာပေးပါ့မယ်။ ဒီအတောအတွင်းမှာ သတိထားပါနော်။"

ကျိယွမ်က မြန်ဆန်စွာ စာပြန်လိုက်သည် ။

"စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်"

"ငါ ပြောပြဦးမယ် ၊ ရိကွမ်းတားမြစ်နယ်မြေထဲက မကောင်းဆိုးရွားတွေက အရမ်းထူးဆန်းတယ်..."

ကျိယွမ်သည် အဆုံးမရှိ ဆက်တိုက် ပြောဆိုနေ၏။ကျင်းလီ သည် အာရုံစိုက်ကာ နားထောင်နေသည်။

ယခုအချိန်တွင် သူမသည် ဧကရီဘုရင်မ မဟုတ်တော့ဘဲ ကျိယွမ်သည်လည်း လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သူ မဟုတ်တော့ပါ၊ သူတို့နှစ်ဦးသည် ရင်ဖွင့်စကားပြောဆိုနိုင်သော မိတ်ဆွေဟောင်းများ သာ ဖြစ်ပါသည်။

.............

နာရီဝက်ကြာပြီးနောက် ကျင်းလီသည် အစေခံယူလာပေးသော စာအုပ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။

"ရိကွမ်းတားမြစ်နယ်မြေအကြောင်း မှတ်တမ်းတွေက နည်းပါးလိုက်တာ "

သူမ၏ရှေ့တွင် စာအုပ်ပါးပါးလေးတစ်အုပ်သာ ရှိနေပြီး ရိကွမ်းတားမြစ်နယ်မြေ အကြောင်း စာမျက်နှာအနည်းငယ်သာ ရှိသည်။ ထို့အပြင် ရေးထားသောအချက်များ အားလုံးကလည်း သူသူငါငါသိနိုင်သော အရာများသာဖြစ်ပြီး ကျိယွမ်အတွက် ကူညီနိုင်ခြင်း မရှိပါ။

"ဝမ်ယွန်မျှော်စင်က တော်ဝင်ပညာရှင် သုန်ရှစ်ရွှန်းကို ခေါ်လိုက်"

ကျင်းလီက အမိန့်ပေးလိုက်သည် ။ ဝမ်ယွန်မျှော်စင်၏ တော်ဝင်ပညာရှင်သုန်ရှစ်ရွှန်းသည် နန်းကန်တွင် အသိပညာအရှိဆုံးသူများထဲမှ တစ်ဦးဖြစ်သည်။ ထို့အပြင် သုန်ရှစ်ရွှန်းသည် ကျင်းလီအား သစ္စာခံနေဆဲပင်ရှိသည် ။ သူမက သူ့ထံမှ ရိကွမ်းတားမြစ်နယ်မြေအကြောင်းကို သိရှိရန် မျှော်လင့်ခဲ့သည်။

မကြာမီ တော်ဝင်ပညာရှင် ရောက်ရှိလာသည်။ကျင်းလီက အချိန်ဆွဲမနေဘဲ တိုက်ရိုက်မေးလိုက်သည် ။

"သုန်ပညာရှိကြီး ၊ သင် ရိကွမ်းတားမြစ်နယ်မြေအကြောင်းကို သိပါသလား၊ အထူးသဖြင့် အဝတ်အစားမကောင်းဆိုးရွားတွေအကြောင်းကိုပေါ့"

သုန်ရှစ်ရွှန်းသည် ထိုစကားကြောင့် အံ့အားသင့်သွားလေသည်။

ရိကွမ်းတားမြစ်နယ်မြေ သည် နာမည်ကြီးတားမြစ်နယ်မြေလေးခုထဲမှ တစ်ခုဖြစ်သပြီး နန်းတော်မှ မိုင်ပေါင်းတစ်သောင်းကျော် ကွာဝေး၏ ။

ဧကရီဘုရင်မသည် အဘယ်ကြောင့် ဤမျှဝေးသောနေရာအကြောင်းကို အရေးတကြီးမေးနေသနည်း ။

"ဘုရင်မကြီး ၊ ကျွန်တော်မျိုး မသိပါ"

သုန်ရှစ်ရွှန်းက အမှန်အတိုင်း ဖြေကြားလိုက်သည်။

ရိကွမ်းတားမြစ်နယ်မြေမှာ ယခုနေရာနှင့်အလွန်ဝေးကွာနေပြီး ၄င်းနှင့်ပတ်သက်သည့် အချက်အလက်များမှာလည်း အလွန်နည်းပါးသည် ။

ကျင်းလီသည် ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်ပျက်မိသွားသည် ။

သူမက ကျိယွမ်ကို မကူညီနိုင်တော့ဘူးလားဟု တွေးမိကာ စိတ်ပျက်သွားလေ၏ ။

ထိုအခိုက်တွင် သုန်ပညာရှိသည် တစ်ခုခုကို ပြောရန် တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင်

"ဘုရင်မကြီးခင်မျာ ..." ဟု ခေါ်လိုက်၏ ။

"ပြောပါ သုန်ပညာရှိ "

"ယွီစံအိမ် မှာတော့ ရိကွမ်းတားမြစ်နယ်မြေ နဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ ရှိနိုင်ပါတယ် ။ စံအိမ်သခင်ကြီး ငယ်ရွယ်စဉ်က ရိကွမ်းကို တစ်ခေါက်သွားခဲ့ဖူးပါတယ် "

သူက ယွီစံအိမ်တွင် ရိကွမ်းနှင့် ပတ်သက်သည့် စာအုပ်များ ရှိကြောင်း သိပါသည် ။

သို့သော် လျှောက်တင်ရန် တုံ့ဆိုင်းနေရသည့်အကြောင်းရင်းမှာ ယွီစံအိမ်နှင့် လက်ရှိဘုရင်မတို့၏ ဆက်ဆံရေးသည် အလွန်ဆိုးရွားပြီး တင်းမာနေသောကြောင့်ဖြစ်သည် ။

ယွီစံအိမ်သခင်၏ သမီးသည် ယခင်က မြင့်မြတ်သောကိုယ်လုပ်တော်တစ်ပါးဖြစ်ခဲ့ပြီး လက်ရှိဧကရီကျင်းလီ၏ မိခင်ဖြစ်သော မိဖုရားကြီးနှင့် ရန်ငြိုးရှိခဲ့ကြသည် ။ မထင်မှတ်ဘဲ မြင့်မြတ်သောကိုယ်လုပ်တော်သည် နန်းတော်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့သောအခါ စံအိမ်သခင်ကြီးက ဧကရီကျင်းလီ၏မိခင် မိဖုရားကြီးကို အပြစ်တင်ကာ မုန်းတီးသွားခဲ့သည် ။

အကယ်၍ ဧကရီကသာ ထိုစာအုပ်များကို တောင်းခံမည်ဆိုလျှင် သူမသည် ဒုက္ခရောက်မည်မှာ အမှန်ပင်ဖြစ်သည် ။

ကျင်းလီကိုယ်တိုင်လည်း ထိုပြဿနာကို သဘောပေါက်လေသည် ။ယွီစံအိမ်မှ အကူအညီရရန် မလွယ်ပါ။ သို့သော် ကျိယွမ်ကို ကူညီရန် သဲလွန်စတစ်ခုကို တွေ့ရှိခဲ့သည့်အတွက် ပျော်ရွှင်သွား၏ ။

သူမက တက်ကြွစွာ ဆုံးဖြတ်လိုက်သည်။

"ငါကိုယ်တော်တိုင် စံအိမ်သခင်ကို သွားတွေ့လိုက်မယ် "

သူမ၌ သစ္စာလက်အောက်ခံလူ သိပ်မရှိသော်လည်း ထိုစာအုပ်များကို တောင်းခံရန် တစ်စုံတစ်ဦးကို စေလွှတ်ပါက စံအ်မ်သခင်က အသိအမှတ်ပြုမည်မှာ အမှန်ပင်ဖြစ်သည် ။

သို့သော်သူမ ကိုယ်တိုင် သွားရောက်ခြင်းက ပို၍ ကောင်းသည် ။

ဤမျှလောက် ဒုက္ခခံရသည်မှာ မပြောပလောက်ပေ ။ရိကွမ်းတားမြစ်နယ်မြေနှင့် ပတ်သက်သည့် အချက်အလက်များကို ရှာတွေ့သရွေ့ ဒုက္ခခံရသည်က ထိုက်တန်သည်ဟု သူမခံယူထားလေသည် ။

ညဉ့်နက်ပိုင်းတွင် ကျင်းလီသည် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်၍ ယွီစံအိမ် မှ ထွက်ခွာလာနိုင်ခဲ့သည် ။

အလွန်အချိန်ကြာမြင့်စွာ ဒူးထောက်ထားခဲ့ရသည့်အတွက် သူမ၏ ခြေထောက်များသည် လမ်းလျှောက်သောအခါတိုင်း မသက်မသာခံစားနေရနေသော်လည်း သူမ၏ မျက်နှာပေါ်တွင် ပြုံးရိပ်များ ပြည့်နှက်နေသည် ။

တော်ဝင်အစောင့်တပ်မှူး ဟွာရှင်း သည် ကျင်းလီကို တွဲကူပေးနေရင်းမှ သူမ၏ လှပသောမျက်လုံးများတွင် ဒေါသများ ပြည့်နေသည် ။

"အဘိုးကြီးက အရမ်းလွန်လွန်းတယ် ၊ နှစ်အတော်ကြာကတည်းက ဘုရင်မကြီးရဲ့ ခြေထောက်တွေ ဒဏ်ရာရခဲ့တယ်ဆိုတာကို သူသိနေလျက်နဲ့ တမင်သက်သက် ဒုက္ခပေးနေတာ ။ ဘုရင်မကြီးက မြင့်မြတ်တဲ့ ဘုရင်မကြီးဖြစ်နေတာတောင် ကိုယ်လုပ်တော်စီရဲ့ ဝိညာဉ်ရှေ့မှာ သုံးနာရီကြာအောင် ဒူးထောက်ခိုင်းတယ် "

သူမသည် ဒေါသထွက်သော်လည်း အကူအညီမဲ့သလို ခံစား​နေရသည် ။

ယခင်ဘုရင်မြတ်နန်းစံချိန်မှာပင် တော်ဝင်အာဏာသည် ဆုတ်ယုတ်ခဲ့ပြီး စစ်မာတျန်းက အာဏာကို နောက်ကွယ်မှချုပ်ကိုင်ခဲ့သည် ။

နောက်ပိုင်းတွင် စစ်မာတျန်းက တော်ဝင်မိသားစုများကို တိတ်တဆိတ်လုပ်ကြံ သတ်ဖြတ်ပြီး မိန်းကလေးငယ်တစ်ဦးကို ရာဇပလ္လင်ပေါ်သို့ တင်ခဲ့သည် ။ သူမက ဧကရီကျင်းလီပင်ဖြစ်လေ၏ ။

တရားရုံးတွင်လည်း မည်သူမျှ ဧကရီကို မလေးစားကြပေ ။

ယခုအခါ ဘုရင်မသည် စာအုပ်တစ်အုပ်အတွက် နာရီများစွာ ဒူးထောက်နေရသည်ကို မြင်သောအခါ သူမသည် အလွန်နာကျင်ခံစားရသည် ။

သာမန်လူများအတွက် သုံးနာရီကြာ ဒူးထောက်ခိုင်းခြင်းမှာပင် ညှဉ်းပန်းနှိပ်စက်ခြင်းပင်ဖြစ်သည် ။ဘုရင်မတစ်ဦးအတွက်မူ ပြောစရာပင်မလိုတော့ပါ။

မလှုပ်မယှက်ဘဲ သုံးနာရီကြာ ဒူးထောက်ခြင်းသည် အလွန်နာကျင်ဖွယ်ကောင်းသော အတွေ့အကြုံဖြစ်မည်မှာ သံသယရှိစရာမလိုပေ ။

ဧကရီကျင်းလီသည် ပင်ကိုယ်ကပင် အားမကောင်းသည့်အပြင် သူမ၏ ခြေထောက်များသည်လည်း ဒဏ်ရာရရှိထားသည် ။ ထို့ကြောင့် သုံးနာရီကြာ ဒူးထောက်ခြင်းသည် သူမအတွက်လည်း အလွန်နာကျင် ခက်ခဲမည်မှာ သေချာလှသည် ။

"ကိစ္စမရှိဘူး ၊ အနည်းဆုံးတော့ ငါလိုချင်တာကို ရခဲ့တယ်လေ "

ကျင်းလီသည် စာအုပ်ကို တင်းတင်းဆုပ်ကိုင်ရင်း ကြည်နူးစွာ ကျေနပ်နေလေသည် ။

----------

All Chapters