ဂိမ်းထဲမှာဆို သူရဲကောင်း ၊ အပြင်ဘဝမှာဆိုရင်တော့ လူကြောက်
Vol. 2 Ch. 19
ကျိယွမ်သည် သူ၏ ဧရာမဓားကြီးကို ဝင့်ကြွားစွာ ကိုင်စွဲလျက် အဝတ်အစားမကောင်းဆိုးရွားများအကြား မနားတမ်းရွေ့လျားနေသည် ။
တစ်ချိန်တည်းမှာပင် ဂိမ်းမှရရှိထားသောအသေးစားစွမ်းရည်များကိုလည်း အဆက်မပြတ်အသုံးချနေ၏ ။
ရှောင်ရှင်းဓားမိုးရွာခြင်း စွမ်းရည်!
သွေးလွတ်မြောက်ခြင်း စွမ်းရည် !
အရိုးခေါင်းဖြတ် ဓားချက်စွမ်းရည် !
အတွေ့အကြုံ ရမှတ် +၃၀၀။
အတွေ့အကြုံရမှတ် +၂၀၀။
..............
အတွေ့အကြုံ ရမှတ် +၄၀၀။
ကျိယွမ်သည် အလွန်ကျေနပ်စွာ ဆက်တိုက်သတ်ဖြတ်နေပြီး ဂိမ်းကစားရခြင်း၏ လွတ်လပ်သောခံစားချက်ကို တွေ့ရှိခဲ့သည်။
သူ၏ရှေ့တွင်ရှိနေသော မကောင်းဆိုးရွားများသည် သူ၏အတွေ့အကြုံရမှတ်များချည်း ဖြစ်ကုန်သည်။
သူသည် ဂိမ်းထဲတွင် အရာအားလုံးကို သတ်ဖြတ်နေ၏။
ဘောင်းဘီတိုကြီးများကို ဓားဖြင့်ထိုး၏ ။
စကပ်ဖားဖားကြီးများကိုလည်းမညှာမတာ ခုတ်ပိုင်းပစ်သည် ။
ဘရာစီယာကြိုးများကို အပိုင်းအပိုင်းဖြစ်စေကာ ၊
ယုတ်စွအဆုံး အမျိုးသမီးအတွင်းခံဘောင်းဘီများပါမကျန် အစိတ်စိတ်အမြွာမြွာ ဖျက်ဆီးခံနေရလေ၏ ။
နေ့ဘက်တွင် ပုန်းခိုနေရသမျှ ညဘက်တွင်အတိုးချကာ ကျိယွမ်သည် ပျော်ပျော်ကြီး သတ်ဖြတ်နေသည်။
သူ၏ပတ်ဝန်းကျင်တွင် အဝတ်အစားမကောင်းဆိုးရွားများ၏အရေအတွက်မှာ လည်း အချိန်နှင့်အမျှ ပို၍များလာခဲ့သည်။
သစ်ပင်များကျိုးပဲ့သွားလျှက် သစ်ကိုင်းများတွင် တွဲလဲခိုနေသော အဝတ်အစားများလည်း ကြေမွသွားကုန်ပြန်၏ ။
သူသည် သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးနှင့်တူသည်။ အဝတ်အစားများအနီးသို့ ရောက်သွားသည်နှင့် ၎င်းသည် သူ၏အတွေ့အကြုံရမှတ်ကလေးများ ဖြစ်သွားတော့သည်။
ညအချိန်ဖြစ်သောကြောင့် အဝတ်အစားများသည် အလျင်အမြန် စုစည်းနိုင်ခြင်းမရှိဘဲ တစ်ဦးချင်းစီ တိုက်ခိုက်နေကြသည်။
ကျိယွမ်အတွက်မူ သိုးအုပ်ထဲသို့ ဝံပုလွေဝင်ရောက်သွားသကဲ့သို့ ဖြစ်နေပြီး မညှာမတာသတ်ဖြတ်၏ ။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ရိကွမ်းတားမြစ်နယ်မြေတွင်ရှိသော အဝတ်အစားများအားလုံး ဖြည်းဖြည်းချင်း နိုးထလာကြသည်။
အသစ်နိုးထလာသော အဝတ်များက ထိုင်းမှိုင်းနေဆဲ ဖြစ်သော်လည်း ကျိယွမ်အနီးတွင် အဝတ်အစားအရေအတွက် တစထက်တစ ၊ များသည်ထက် ပိုပိုများလာနေ၏ ။
အရပ်မျက်နှာပေါင်းစုံမှရောက်လာသော အဝတ်အစားများက ကျိယွမ်အား ဝိုင်းနေလေပြီ ။
"နေ့ခင်းဘက်လို စုပေါင်းပြီးမတိုက်ကြလို့သာ တော်တော့တယ် ၊ မဟုတ်ရင် ငါဖြေရှင်းဖို့ တော်တော်ခက်သွားပြီ"
အချိန်အတန်ကြာအထိ တိုက်ခိုက်ပြီးနောက် အဝတ်အစားများ၏ တိုက်ခိုက်မှုများက ပို၍
သွက်လက်လာကုန်၏ ။
ကျိယွမ်က အန္တရာယ်အငွေ့အသက်ကို ရသည်နှင့် ဆုံးဖြတ်လိုက်သည် ။
"မဖြစ်ဘူး၊ ငါပြေးရတော့မယ် "
အဝတ်အစားများသည် တပ်ဖွဲ့တစ်ခုအဖြစ် ဖြည်းဖြည်းချင်း ဖွဲ့စည်းလာပြီး ချီယွမ်ကို တိုက်ခိုက်နေ၏ ။
အခြေအနေက သေချာပေါက် ပြေးရမည့်အချိန်ပင် ။
ယခင်ကကဲ့သို့ပင် ကျိယွမ်သည် တွင်းတစ်တွင်းတူးပြီး သူ့ကိုယ်သူ မြှုပ်နှံလိုက်သည်။
"မဆိုးဘူး၊ ငါ အဆင့်က ၈၄ ကို ရောက်သွားပြီ။ ငါ့ရဲ့ခွန်အား သိသိသာသာ တိုးလာတာပဲ။"
ဂိမ်းကိုတစ်ညလုံး ကစားလိုက်ရာ အဆင့်နှစ်ဆင့် တိုးသွားခဲ့သည်။
"ငါ့ရည်ရွယ်ချက်က ရိကွမ်းတားမြစ်နယ်မြေတစ်ခုလုံးကို တစ်လခွဲအတွင်း သိမ်းပိုက်ဖို့ပဲကွ"
သူသာ ယခုကဲ့သို့ ညတိုင်းတိုက်ခိုက်နေပါက တစ်လခွဲအတွင်း အဝတ်အစားများ သိသိသာသာ အားနည်းသွားမည်ဟု မှန်းဆထားသည်။
ထိုအချိန်တွင် သူသည် အဆင့် ၉၀ ကိုပင် ရောက်ရှိသွားနိုင်သဖြင့် နောက်ထပ် အဓိကစွမ်းရည်အကြီးစားတစ်ခုကို နိုးထနိုင်မည် ဖြစ်သည်။
သို့သော် ရိကွမ်းတားမြစ်နယ်မြေအတွင်းပိုင်းသည် အလွန်အန္တရာယ်များ။ နေရာအကုန်လုံးကို သိမ်းယူပြီး ဆုလာဘ်ထုတ်ဟူရန်မှာ လုံးဝမလွယ်ကူသော အခြေအနေဖြစ်လေ၏ ။
ကျိယွမ် စိတ်ဓာတ်ကျသွားသည် ။
"မသေမျိုးဖြစ်ဖို့က အရမ်းခက်ခဲတာပဲ ၊ ကောင်းကင်ဘုံတာအိုအုတ်မြစ်တစ်ခု တည်ဆောက်ဖို့လေးအတွက်တောင်မှ ကမ္ဘာတစ်ခုလုံးကို ရှင်းပစ်ရမလိုဖြစ်နေတယ် ၊
ကောင်းကင်ဘုံတာအိုအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့ကြတဲ့ ဒဏ္ဍာရီလာ ပါရမီရှင်တွေ ဆိုရင် ဘယ်လောက်တောင် မှ စွမ်းအားကြီးကြမလဲ မသိဘူး ။ မဖြစ်ဘူး အနာဂတ်မှာ သူတို့နဲ့တွေ့ရင် ငါရှောင်ရမယ်။"
ကျိယွမ်သည် တွင်းထဲတွင် လဲလျောင်းနေရင်းမှ ထုံးစံအတိုင်း ကျင်းလီထံသို့ စာတစ်စောင် ပို့လိုက်သည်။
သူ၏ယခုည စီးနင်းတိုက်ခိုက်မှုအကြောင်းကို သူမအားပြောပြပြီးနောက် " Goodnight " ဟုပြောကာ ဂိမ်းမှထွက်ခဲ့တော့သည် ။
ဂိမ်းထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်းသည် သူ၏စိတ်ပိုင်းဆိုင်ရာအခြေအနေကို အလွန်ထိခိုက်စေသောကြောင့် ဖြစ်သည်။
သူသည် ယခင်က ထိုအရာကို စမ်းသပ်ခဲ့ဖူး၏။ ဂိမ်းထဲတွင် တစ်နေကုန်ထက် ပိုနေပါက အခြေအနေ ဆိုးရွားလာပေသည်။ မည်မျှပင် ဆိုးရွားသနည်းဆိုလျှင် သာမန်လူတစ်ယောက် သွေးတွင်းသကြားဓာတ်နည်းပါးသောအခါ ရုတ်တရက် သတိလစ်သွားသကဲ့သို့ သူလည်း သတိလစ်သွားခဲ့ဖူးသည်။
ထိုအချိန်မှစ၍ သူသည် ဂိမ်းထဲတွင် ၁၂ နာရီ သို့မဟုတ် ထိုထက်ပို၍ အချိန်ကြာအောင်နေထိုင်လေ့မရှိပါ။
ဂိမ်းထဲမှမထွက်မီ သူသည် သူ့ကိုယ်သူ ပြန်တွေးမိသွား၏ ။ ထို့ကြောင့်စိတ်ပျက်အားလျော့စွာဖြင့် သက်ပြင်းချလိုက်သည်။
"ဂိမ်းထဲမှာဆိုရင်တော့ ငါကသူရဲကောင်းပဲ အကုန်တိုက်ရဲတယ် ၊ ဒါပေမဲ့ အပြင်လက်တွေ့ဘဝမှာတော့ သာမန်လူကြောက်လေးတစ်ယောက်ပါလား "
မှန်ပါသည်။ သူသည် ဂိမ်းထဲတွင် သားရဲများ ၊ မကောင်းဆိုးရွားများကို သတ်ဖြတ်နိုင်သော်လည်း လက်တွေ့တွင်မူ ကြောက်ရွံ့နေပြီး ယွမ်ဒျန်အဆင့် တစ်ယောက်ကိုပင် မသတ်နိုင်ပါ။(ယွမ်ဒျန်အဆင့်=အမြုတေအဆင့်)
သူ၏ဓား၌ ကိုယ်ပိုင်စိတ်ဝိညာဥ်နိုးထလာသည့်အချိန်ရောက်မှသာ ယွမ်ဒျန်အဆင့်တစ်ယောက်ကို သတ်နိုင်ရန် အခွင့်အရေးရှိလိမ့်မည်။
သို့သော်၎င်းသည်လည်း လုံးဝသတ်နိုင်မည်ဟု အာမခံချက်မရှိပါ ။အခွင့်အရေးရှိကောင်းရှိနိုင်သည်ဟူသော အခြေအနေလေးသာ ဖြစ်၏
--------------
နောက်တစ်နေ့ အိပ်ယာမှ ကျိယွမ် နိုးလာသောချိန်တွင် ဘဲထောင်ပေါင်းများစွာ အော်နေသကဲ့သို့ အသံများကို ကြားလိုက်ရသည်။
သူက ကမန်းကတမ်း အဝတ်အစားဝတ်ဆင်ပြီး မျက်နှာသစ်ကာ အိမ်ရှေ့သို့ ထွက်လာချိန်တွင် မိနိးကလေးသုံးဦးကို တွေ့လိုက်ရလေသည် ။
ကျိယွမ်၏ မျက်ခုံးများက ကျုံ့သွားကာ မိန်းကလေးသုံးဦးကို ကြည့်လိုက်၏ ။
"မနက်စောစောစီးစီ နင်တို့က ဘာတွေလာအော်နေကြတာလဲ"
မိန်းကလေးသုံးဦးအနက် တစ်ဦးမှာ သူ၏ ဆရာတူညီမလေး ကျန်းလင်းစု ဖြစ်သည်။
နောက်တစ်ဦးမှာ သူအရင်က မြင်ဖူးသည့် မိန်းကလေးဖြစ်ပြီး ယခုနှစ်တွင် ဂိုဏ်းသို့ ဝင်ခဲ့သည့် ထိပ်တန်းကျောင်းသူတစ်ဦး ဖြစ်သည်။
ထို့နေ့က ကျိစယ်တောင်အတွက် တပည့် ရွေးချယ်စဉ်တွင် ဤမိန်းကလေးကို သူ ချန်လှပ်ထားခဲ့သည် ။
မိန်းကလေးသည် အပေါ်ယံတွင် အပြစ်ကင်းစင်ပုံရသော်လည်း သူမ၏မျက်လုံးများတွင် ဆွဲဆောင်မှုအရိပ်အယောင်တစ်ခု အမြဲရှိနေ၏ ။
ကျိယွမ်က သူမတွင် အထူးခန္ဓာတစ်ခုရှိပြီး မဟူရာကြက်မိစ္ဆာအိုကြီး၏ နှစ်သက်ခြင်းခံရသူဖြစ်ကြောင်းကို သေသေချာချာ မှတ်မိနေခဲ့သည် ။
နောက်ဆုံးမိန်းကလေးမှာ သာမန်ဂိုဏ်းသူတစ်ဦးဖြစ်ပြီး သူမ၏ အထင်ရှားဆုံးအင်္ဂါရပ်မှာ မျက်နှာပေါ်တွင် မှဲ့ခြောက်များစွာ ရှိနေခြင်းဖြစ်သည်။
ယေဘူယျအားဖြင့် ကျင့်ကြံသူများ၏ မျက်နှာအသားအရည်ပေါ်တွင် မှဲ့ခြောက်များ ရှိခဲလှသည်။
"ဂိုဏ်းတူအစ်ကိုကြီးကို ဂါရဝပြုပါတယ်"
မိန်းကလေးသုံးဦးလုံးက တညီတညွတ်တည်း ဦးညွတ်ကာ ဂါရဝပြုလိုက်ကြသည်။
ကျိယွမ်သည် အိပ်ချင်စုန်မွှားဖြစ်နေပြီး လန်းလန်းဆန်းဆန်း နိုးထခြင်းမရှိသေးသည်ကို မြင်သောအခါ ကျန်းလင်းစုက မနေနိုင်ဘဲ ပြောလိုက်၏ ။
"ဆရာတူအစ်ကိုကြီး နေ့လယ်တောင်ရောက်နေပြီ။ ဘယ်လိုလုပ် မနက်စောစော ဖြစ်မှာလဲ"
ကျိယွမ်က ကောင်းကင်ရှိ နေမင်းကို ကမန်းကတမ်း မော့ကြည့်လိုက်သည်။
နေမင်းသည် ကြီးမား၍ ဝိုင်းစက်နေ၏ ။
ဟ .. ငါအခုတလောက အမြုတေတစ်ခု ဖန်တီးဖို့ စဉ်းစားနေလို့များလားမသိဘူး ဘယ်အရာကိုမြင်မြင် ကြီးမားပြီး ဝိုင်းစက်နေသလိုချည်း ထင်နေတော့တာပဲ ။
သူက မိန်းကလေးသုံးဦးကို ထပ်မံကြည့်လိုက်သည်။
"နေစမ်းပါဦး ၊ နင်တို့က ဘယ်ကိစ္စကို ဒီလောက်စိတ်ပါလက်ပါ ငြင်းခုန် ဆွေးနွေးနေကြတာလဲ"
"ဘယ်ကိစ္စဖြစ်ရမှာလဲ မဟူရာတောင်တန်းဂိုဏ်းအကြောင်းပဲပေါ့"
အပြစ်ကင်းစင်ပုံရသည့် မိန်းကလေးက ထိုသို့ပြောပြီး သူမ၏မျက်နှာမှာ ဒေါသဖြင့် ပြည့်နှက်နေသည်။
ချီယွမ်သည် မနေ့ကတွေ့ခဲ့ရသော ကျန်းကျိဟောင် သည် ကျင်ကွမ်းခန်းမကို ဦးဆောင်၍ ကျူးရုန်မြို့သို့ သွားခဲ့သည်မှာ မဟူရာတောင်တန်းဂိုဏ်းနှင့် ပတ်သက်နေပုံရသည်ကို ရုတ်တရက် မှတ်မိသွားသည်။
"ဘာတွေ ဖြစ်ခဲ့တာလဲ"
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က မဟူရာတောင်တန်းဂိုဏ်းရဲ့ တပည့်ရင်းတစ်ဦးဖြစ်တဲ့ ချူကျန်းက ကျူးရုန် မြို့မှာ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်။ လက်ထပ်ပြီးကာစ သတို့သမီးလေးတွေကို စော်ကားပြီး သူတို့ရဲ့ မိသားစုတစ်ခုလုံးကို လည်း အကြောင်းမဲ့သတ်ဖြတ်ခဲ့တယ်။ တကယ်ကို ရွံစရာကောင်းတယ် "
" ဒါကြောင့် စီနီယာအစ်ကိုကျန်းကျိဟောင် ကတရားဥပဒေစိုးမိုးရေခန်းမကို ဦးဆောင်ပြီး ကျူးရုန် မြို့မှာ ချူကျန်း ကို ဖမ်းဆီးခဲ့တယ်လေ-- ပြီးတော့ -- ဒါပေမဲ့--"
အပြစ်ကင်းစင်သောမျက်နှာပိုင်ရှင် မိန်းကလေးသည် ပို၍ စိတ်လှုပ်ရှားလာပြီး စကားများပင် ရှုပ်ထွေးနေ၏ ။
ကျန်းလင်းစုက ဝင်၍ပြောလိုက်၏ ။
"ရှောင်ယင် အရမ်းစိတ်မလှုပ်ရှားနဲ့။ ငါရှင်းပြပေးလိုက်မယ် "
"ချူကျန်းကို ကျင်ကွမ်းခန်းမက ဖမ်းမိခဲ့ပေမဲ့ ဒီကောင်က အရမ်းကို မောက်မာတယ်တဲ့။ စီနီယာအစ်ကိုကျန်းကျိဟောင်က သူ့ကကို ဂိုဏ်းအထိ ခေါ်လာပြီး အပြစ်ပေးဖို့ ရည်ရွယ်ခဲ့ပေမဲ့ လမ်းတစ်ဝက်မှာ မဟူရာတောင်တန်းဂိုဏ်းက အကြီးအကဲတစ်ပါး ပေါ်လာပြီး လူယုတ်မာချူကျန်း ကို ကယ်သွားခဲ့တယ်... ပြီးတော့.စီနီယာကျန်းကို ထိခိုက်ဒဏ်ရာရစေခဲ့တယ် "
မိန်းကလေးသုံးဦးလုံးက ဒေါသထွက်နေကြပြီး မှဲ့ခြောက်များရှိသည့် မိန်းကလေးမှာ ချူကျုန်းကို သတ်ပစ်ချင်လွန်း၍ လက်သီးများပင် တင်းကျပ်နေအောင်ဆုပ်ထားခဲ့သည်။
စိတ်လှုပ်ရှားနေသော ရှောင်ယင် က ဝင်ပြောလိုက်၏ ။
"အဲဒီမဟူရာတောင်တန်းဂိုဏ်းက အရမ်းကို မောက်မာပြီး အောက်တန်းကျလွန်းတယ် "
မှဲ့ခြောက်များရှိသည့် မိန်းကလေးလည်း မပြောဘဲ မနေနိုင်တော့ပါ ။
"မဟူရာကြက်မိစ္ဆာအိုကြီးသာ မရှိရင် မဟူရာတောင်တန်း ဂိုဏ်းက ဒီလောက်မောက်မာဝံ့မှာ မဟုတ်ဘူး"
မဟူရာကြက်မိစ္ဆာအိုကြီးဟူသော နာမည်ကို ကြားသောအခါ ရှောင်ယင် ၏မျက်နှာသည် တည်ကြည်သွားသည်။
ကျိယွမ်က မိန်းခလေးများအား ဖြေသိပ်ပေးလိုက်၏ ။
"ငါ TV Show တွေ အများကြီး ကြည့်ခဲ့ဖူးတယ်။ ဗီလိန်တွေက ဘယ်တော့မှ အဆုံးသတ်မကောင်းဘူး "
မိန်းကလေးသုံးဦးလုံးက TV Show ဆိုတာ ကြီးကို နားမလည်ကြ၍ ရှုပ်ထွေးသွားကြသည်။ သို့သော်လည်း သူတို့သည် စကားစု၏ ဒုတိယပိုင်းကိုတော့ နားလည်ပါသည်။
သူတို့ အားလုံး တိတ်ဆိတ်သွားကြ၏။
" လူဆိုးတွေ တကယ်ပဲ အဆုံးသတ်မကောင်းဘူးလား "
ကျန်းလင်းစုသည် ကိစ္စတစ်ခုအား ပြန်သတိရမိ၏ ။
တစ်တိုင်းပြည်လုံးကို သတ်ဖြတ်ခဲ့သော နတ်ဆိုးကျင့်ကြံသူတစ်ဦးသည် သူမ၏မျိုးနွယ်စုသို့ ရောက်လာသောအချိန်က သူမ၏ဖခင်နှင့် အဘိုးသည် သူ့ကို အလွန်လေးစားစွာ ဆက်ဆံခဲ့ကြလေသည် ။
နောက်ဆုံးတွင်တော့ ဤနေရာသည် အင်အားကို လေးစားသော ကမ္ဘာတစ်ခု ဖြစ်သည်။
အင်အားရှိလျှင် လူဆိုးများက လူကောင်းများထက်ပင် ပို၍ကောင်းမွန်စွာ နေထိုင်နိုင်ပေလိမ့်မည်။
"ဆရာတူအစ်ကိုကြီး ပြောတာ မှန်ပါတယ်။ ကောင်းတဲ့အရာတွေအတွက် ဆုလာဘ်ရပြီး၊ မကောင်းတဲ့အရာတွေအတွက် အပြစ်ပေးခံရတယ်။ အချိန်မရောက်သေးရုံပဲ ရှိသေးတာပါ "
ကျန်းလင်းစုက လေးနက်စွာ တွေးနေခဲ့လေသည် ။
------