← Chapters

ထိပ်တန်းအဆင့်တစ် စိတ်ဝိညာဥ်ပစ္စည်း ၊ အဝါရောင်ပန်းသီး

Vol. 2 Ch. 20

ထိပ်တန်းအဆင့်တစ် စိတ်ဝိညာဥ်ပစ္စည်း ၊ အဝါရောင်ပန်းသီး

Vol. 2 Ch. 20

ကျိယွမ်သည် မိန်းကလေးသုံးဦးနှင့်အတူ မဟူရာတောင်တန်းဂိုဏ်း၏ကိစ္စကို ချန်ထားခဲ့လိုက်သည်။ သူက သူ၏ ဓားဖြင့် ဂိုဏ်းထဲ၌ ဟိုနားဒီနားလှည့်ကာ လမ်းလျှောက်နေသည်။

လမ်းတစ်လျှောက်တွင် တီးတိုးပြောသံများကို ခဏခဏ ကြားနေရပြီး အကြောင်းအရာမှာ ​မဟူရာတောင်တန်းဂိုဏ်းကို ဒေါသတကြီး ရှုတ်ချနေကြခြင်းသာ ဖြစ်၏။

"မဟူရာတောင်တန်းဂိုဏ်းက တကယ်ကို ရွံစရာကောင်းတာကွာ "

"သူတို့က စီနီယာအစ်ကိုကျန်းကိုတောင် ဒဏ်ရာရအောင်လုပ်တယ်ပေါ့ ၊ ငါတို့ ရှန်ကွမ်းဂိုဏ်းကို မလေးစားတာပဲ "

"ဒီကောင်တွေဂိုဏ်းခေါင်းဆောင်မှာ မွေးစားဖခင်ကောင်းကောင်းရှိလို့ အခုလိုဇောင်းကြွနေတာ"

"ပိုပြီးမုန်းစရာကောင်းတာကတော့ အဲဒီ ဂိုဏ်းစုတ်က တစ်လခွဲကြာရင် အုတ်မြစ်တည်ဆောက်ခြင်းအခမ်းအနားမှာ ပါဝင်ဖို့ စီစဥ်ထားတာပဲ "

"ဘာကွ ၊လူယုတ်မာဂိုဏ်းကပါ လာဦးမှာလား"

"ထိပ်တန်းတပည့်ကြီးတွေထဲက တချို့ဆိုရင် မနေ့ကတညက ဒီအကြောင်းနဲ့ပတ်သတ်ပြီး သေသေချာချာ ဆွေးနွေးနေကြတယ်လို့ ငါကြားမိတယ်၊ ဒါပေမဲ့ နေပါဦး --သူက ခုလိုအချိန်မှာတောင် ဘာလို့ ကြက်သွန်လှီးဓားကို လမ်းလျှောက်ပေးနေနိုင်သေးတာလဲ "

"တိတ်တိတ်နေစမ်း ၊ သူက အခြေတည်အဆင့်မရောက်သေးဘူး ။ အခြားထိပ်တန်းတပည့်တွေနဲ့ အုတ်မြစ်တည်ဆောက်ခြင်းအကြောင်း ဆွေးနွေးတာက ဘာအကျိုးရှိမှာလဲ"

"သူကတော့ ချူကျန်းကို ဘယ်လိုမှ ယှဥ်နိုင်မှာ မဟုတ်ဘူးထင်တယ်"

"အဲဒီလိုတော့ မပြောကြပါနဲ့၊ စီနီယာကျိယွမ်ကလည်း အုတ်မြစ်မတည်ချင်ဘဲတော့ ဘယ်ရှိမလဲ ၊ သူလည်းအကြောင်းရှိမှာပေါ့၊ဘယ်သူက တစ်သက်လုံး ချီသနိ့စင်ခြင်းထိပ်ဆုံးအဆင့်မှာပဲ နေချင်မှာလဲ "

ကျိယွမ်သည် ထိုစကားများကိုကြားနေသော်လည်း မည်သည့်တုံ့ပြန်မှုမှ မပြသခဲ့ပေ။

............

ဧကရီကျင်းလီ၏ မျက်နှာပေါ်တွင် ဝမ်းသာကြည်နူးခြင်း အရိပ်အယောင် ထင်ရှားစွာမြင်နေရသည်။

"ဒေါ်လေးချင် ၊ အခု ဒဏ်ရာတွေ ပျောက်ကင်းသွားပြီလား"

ဒေါ်လေးချင်က ခေါင်းညိတ်ကာ လျှောက်တင်လိုက်၏ ။

"အရှင်မင်းကြီးရဲ့ နန်းတွင်းဆေးကြောင့် ကျွန်မရဲ့ ဒဏ်ရာတွေ အားလုံးပျောက်ကင်းသွားပြီး ခွန်အားလည်း တော်တော် ပိုပြီးတိုးတက်လာပါတယ်"

"ကောင်းတယ်။"

ကျင်းလီ၏ ရင်ထဲတွင်ရှိသော ကျောက်တုံးကြီးသည် နောက်ဆုံး၌ ပြုတ်ကျသွားခဲ့လေပြီ ။

သူမ၏ ဖခင်နှင့် မိခင်ကို ဆုံးရှုံးပြီးသည့်အချိန်မှစ၍ ဒေါ်လေးချင်ကသာ သူမကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့သည် ။ ထို့ကြောင့်

သူမက ဒေါ်လေးချင်ကို အလွန်ယုံကြည်သလို မိခင်အရင်းပမာ အားကိုးခဲ့သည်။

ကျင်းလီက ကိစ္စတစ်ခုကို တွေးမိသွားသဖြင့် မေးလိုက်သည်။

"ဒေါ်လေးချင် ၊ နောက်ခြောက်ရက်ကြာရင် နန်ဖန်းတိုင်းပြည်ရဲ့ မင်းဆရာနဲ့ တိုက်ပွဲအတွက် ယုံကြည်မှု ရှိရဲ့လား"

ခြောက်ရက်အကြာတွင် ကျင်းပမည့် စီးချင်းထိုးပွဲသည် ကျင်းလီနှင့် သူမ၏သစ္စာခံနောက်လိုက်များအတွက် အသက်တမျှအရေးပါနေသည် ။

ထိုပွဲ၌ ရှုံးနိမ့်ခဲ့ပါက စစ်မာတျန်းသည် ဧကရီကျင်းလီအား ထိုးနှက်ရန်အခွင့်အရေးကို အမိအရ ရယူမှာ သေချာ၏ ။

ထိုအချိန်သို့ရောက်လျှင် ကျင်းလီတွင် ခုခံနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

သူမက အတင်းအကြပ် ခုခံလျှင်လည်း သူမ၏နောက်လိုက်များအားလုံးနီးပါး သေဆုံးခြင်းကိုသာ ဖြစ်ပေါ်စေလိမ့်မည်။

ကျင်းလီ၏စကားကို ကြားသောအခါ ဒေါ်လေးချင်၏ မျက်နှာသည် စိုးရိမ်ပူပန်မှုဖြင့် ညိုမှိုင်းသွားခဲ့သည်။

"မနေ့က နန်ဖန်းတိုင်းပြည်ရဲ့ အိမ်ရှေ့မင်းသားက လူယုတ်မာစစ်မာတျန်းဆီ လာလည်တယ်။ စစ်မာတျန်းက သူ့ကို ဒြပ်စင်ပေါင်းစုံသွေးထိန်းဆေးလုံးတစ်လုံးကို လက်ဆောင်ပေးလိုက်တယ်တဲ့ "

"ဘာ"

ကျင်းလီသည် ဒေါသထွက်လွန်း၍ သူမ၏ သွားများဖြင့် နှုတ်ခမ်းများကိုပင် ကိုက်မိသည်။

"စစ်မာတျန်းရဲ့ ရည်ရွယ်ချက်တွေကို လူတိုင်း သိနေကြပြီပဲ"

နန်ဖန်းတိုင်းပြည်၏ မင်းဆရာသည် ထိပ်တန်းဘုရင်အဆင့်ရှိသူ ဖြစ်၏။

သူလေ့ကျင့်သောနည်းစနစ်မှာ ဆင်နဂါးသွေးကြောပညာဖြစ်သည်။

သူ၏ သွေးနှင့်စွမ်းအင်က ပိုမိုအားကောင်းလေလေ သူသည် ပိုမိုအစွမ်းထက်လာလေလေဖြစ်သည်။ အမြင့်ဆုံးအဆင့်သို့ရောက်သွားလျှင် သူသည်နဂါးနှင့် ဆင်အကောင်တစ်ရာ၏ ခွန်အားကို ပိုင်ဆိုင်နိုင်လိမ့်မည်ဖြစ်၏ ။

ပန်းကိုးပွင့်နတ်သမီးပိုးချည်ဆေးပင်ကို သုံးခဲ့သော ဒေါ်လေချင်သည် ပြိုင်ဘက်ထက် အနည်းငယ် ပိုမိုအားကောင်းခဲ့သည်။

သို့သော်လည်း ယခုအခါ စစ်မာတျန်း ပေးခဲ့သော ဒြပ်စင်ပေါင်းစုံသွေးထိန်းဆေးလုံးကြောင့် နန်ဖန်းတိုင်းပြည်၏ မင်းဆရာသည် တောင်ပံပါသော ကျားတစ်ကောင်နှင့်တူသွားလေပြီ ။သူ၏ ခွန်အားမှာ မယုံနိုင်လောက်အောင် များစွာတိုးတက်သွားမည်မှာ သံသယရှိရန်မလိုပေ ။

ဘုရင်အဆင့်မှနေ၍ ဧကရာဇ်အဆင့်သို့ပင် ချိုးဖြတ်သွားနိုင်၏ ။

ယခုအတိုင်းသာဆိုလျှင် ဒေါ်လေးချင် သည်နန်ဖန်း၏ မင်းဆရာကို ယှဥ်နိုင်တော့မည် မဟုတ်ပေ။ ထိုအရာအားလုံးသည် နန်ကန်းတိုင်းပြည်၏ အမတ်ချုပ်ကြီး စစ်မျာတျန်း ကြောင့်သာဖြစ်လေ၏ ။

"စစ်မာတျန်းက ပြည်သူတွေရဲ့ အော်ဟစ်ဆန့်ကျင်မှုကို မကြောက်တော့ဘူးလား"

သူတို့ဘေးတွင်ရှိနေသော နန်းတွင်းအစောင့်အဖွဲ့၏တပ်မှူးဟွာရှင်းပင် အလွန်ဒေါသထွက်နေခဲ့သည်။ စစ်မာတျန်းသည် ယခင်ဆိုလျှင် တိတ်တဆိတ်ပင် မဟုတ်တော့ဘဲ ပိုမို၍ ပေါ်ပေါ်တင်တင် ဆောင်ရွက်နေလေသည်။

ကျင်းလီက မျက်မှောင်ကြုတ်ကာ စဥ်းစားနေပြီးနောက် ကျန်ရှိနေသေးသော နန်းတွင်းဆေးကို ထုတ်လိုက်သည်။

"ဒေါ်လေးချင် ၊ ဒီနန်းတွင်းဆေးတွေကို သောက်လိုက်ရင် ဒေါ်လေးရဲ့ ခွန်အား တိုးလာနိုင်မလား "

နန်းတွင်းဆေးကို မြင်သောအခါ ဒေါ်လေးချင်၏ မျက်လုံးများတွင် အံ့အားသင့်ဟန်ဖြင့် လင်းလက်သွားခဲ့သည်။

ဧကရီသည် ဤမျှလောက် တန်ဖိုးရှိသော နန်းတွင်းဆေးများကို မည်သည့်နေရာမှ ရလာသည်ကို သူမ မသိခဲ့ပေ။

"ဒီနန်းတွင်းဆေးတွေကို သောက်သုံးမယ်ဆိုရင် သုံးနှစ်အတွင်းမှာ ဧကရာဇ်အဆင့်ကို ချိုးဖြတ်နိုင်မယ်လို့ ကျွန်မယုံကြည်တယ်။ ဒါပေမဲ့... အချိန်က သုံးနှစ်မကျန်တော့ဘူး "

ဒေါ်လေးချင်၏အသံက ယူကျုံးမရဖြစ်ခြင်းများနှင့်အတူ ဝမ်းနည်းခြင်းကြောင့် တုန်ခါနေသည် ။

ကျင်းလီသည် လှပသောမျက်ခုံးများကို တင်းတင်းကြုံ့လျက် ချောင်ပိတ်နေသော အခြေအနေကို ဖြေရှင်းရန်နည်းလမ်းတစ်ခုကို စဥ်းစားနေဟန်တူသည် ။

ဧကရာဇ်အဆင့်ကျွမ်းကျင်သူကို နန်းတွင်းဆေးတွေပေးမယ်ဆိုပြီး ကြေးစားငှားရင် ရမလား ။

ချင်ချင်းပင် ထိုအကြံကို ပယ်ချခဲ့သည်။ ထိုအကြံက ဘေးမကင်းချေ ။၊ ကြေးစားများသည် စိတ်ချမရဘဲ အချိန်မရွေး ရန်သူနှင့် ပူးပေါင်းသွားနိုင်၏ ။

ခွန်အားကို အမြန်တိုးမြှင့်ပေးနိုင်တဲ့ ရှားပါးဆေးလုံးတစ်မျိုးကို ရှာမယ်ဆိုရင်ရော ။

မဖြစ်နိုင်ပါ ။

ကျင်းလီသည် ကောင်းမွန်သော နည်းလမ်းများကို စဥ်းစားမရဖြစ်ကာ ခေါင်းချည်းခဏခဏ ရမ်း​နေမိသည် ။

သူမသည် ကျိယွမ်၏ အကြံပြုချက်ကို ရုတ်တရက် ပြန်သတိရမိသည်။ သူသည် သူမကို ကူညီရန် ရိကွမ်းတားမြစ်နယ်မြေမှ မကောင်းဆိုးရွာအချို့ကို နောက်လိုက်အဖြစ်ခေါ်ယူရန် အကြံပြုခဲ့သည်။

သို့သော် ထိုအတွေးသည်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

အဝတ်အစားမကောင်းဆိုးရွားများကို ခေါ်ယူရန်မှာ ထင်သလောက် မလွယ်ကူပေ ။

သူမကို ကူညီချင်စိတ်ကြောင့် ပြောမိရုံသက်သက်သာ ဖြစ်သည်။

သူမသည် ကျင့်ကြံမှုအဆင့်ကို အမြန်ဆုံးတိုးမြှင့်ရန် နည်းလမ်းတစ်ခုခုကို မည်သည့်နေရာတွင် ရနိုင်သနည်းဟု စဥ်းစားပြန်သော်လည်း အဖြေထွက်မလာပါ ။

တွေးရင်းတွေးရင်းမှ နောက်ဆုံးတွင် ကျင်းလီတစ်ယောက် ထူပူကာ ဘာကိုမှစဥ်းစားမရတော့ပေ ။

"ဒေါ်လေးချင် လောလောဆယ်တော့ ဒေါ်လေးပြန်ကောင်းနေပြီဆိုတာကို လျှို့ဝှက်ထားလိုက်ပါ။ စစ်မာတျန်း လုံးဝမသိစေနဲ့။ ကျွန်မကဒေါ်လေးရဲ့ ခွန်အားကို တိုးမြှင့်ဖို့ နည်းလမ်းတစ်ခုကို စဥ်းစားပေးပါမယ်။"

"အရှင်မင်းကြီးရဲ့ အမိန့်အတိုင်းဆောင်ရွက်ပါ့မယ်။"

..............

"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"

အလွန်ကျယ်ဝန်းသော ခန်းမကြီးထဲတွင် ကျိယွမ်သည် အလယ်၌ရပ်လျက် အရိုအသေပြုလိုက်၏။

ကုမူကျန့်ကျွမ်းက ကျိယွမ်ကို သေချာကြည့်လိုက်သည်။ ထို့နောက်သူက လှောင်သလိုလို ပြောင်သလိုလိုမျက်နှာဖြင့် တုန့်ပြန်၏ ။

"မင်းက ငါ့ကို ဂိုဏ်းချုပ်အဖြစ်တော့ အသိအမှတ်ပြုသေးတယ်ပေါ့"

တစ်ချိန်က ကျိစယ်တောင်၏ ထိပ်တန်းတပည့်ကျိယွမ်က ရှန်ကွမ်းဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သော ကုမူကျန့်ကျွမ်းကို နတ်ဆိုးရမ္မက်ဂိုဏ်းမှ သူလျှိုဖြစ်ကြောင်း ရုတ်တရက် ဖော်ထုတ်ခဲ့သည်။

ထိုအချိန်တွင် အခြားသူများ မသိသော်လည်း ကုမူကျန့်ကျွမ်းမှာ အလွန်တုန်လှုပ်သွားခဲ့သည် ။ သူ၏ လျှို့ဝှက်ချက်များ ပေါ်ပေါက်သွားပြီး ကျိစယ်တောင်ထွတ်သခင်နှင့် အခြားထိပ်တန်းခေါင်းဆောင်များက သူ့ကို ဖယ်ရှားရန် စီစဥ်နေကြသည်ဟု တွေးခဲ့သည်။

သို့သော် ၄င်းကိစ္စသည် ကောလာဟလသာဖြစ်ပြီး ကျိယွမ်၏စကားကို မည်သူကမျှမယုံခဲ့သဖြင့် ကုမူကျန့်ကျွမ်း အလွန်ကံကောင်းသွားခဲ့၏ ။

အမှန်တကယ်တွင် သူသည် နတ်ဆိုးရမ္မက်ဂိုဏ်းနှင့် နက်ရှိုင်းသော ဆက်နွှယ်မှုများ ရှိခဲ့ပြီး ထိုဂိုဏ်း၏ အကြီးအကဲတစ်ဦးက သူ့အား ရှန်ကွမ်းဂိုဏ်းသို့ ကိုယ်တိုင်ပို့ခဲ့ခြင်း ဖြစ်သည်။

ထိုနောက်သာမန်တပည့်တစ်ဦးမှ၊ အပြင်စည်းတပည့်တစ်ဦးဖြစ်လာ၏ ။ ထို့နောက် စစ်မှန်တပည့်အထိ တိုးတက်လာခဲ့သော်လည်း နေ့ရက်တိုင်း သူသည် ကြောက်ရွံ့မှုဖြင့် နေထိုင်ခဲ့ရသည်။

သူက ထိုအကြီးအကဲကို မကြာခဏ ဆက်သွယ်ခဲ့၏ ။ ထိုအခါတိုင်း အကြီးအကဲက "နောက်ထပ် အချိန်အနည်းငယ် စောင့်ပါ" ဟုအမိန့်ပေးခဲ့ပြီး နေ့ရက်များနှင့် နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ပြီးနောက် သူသည် သူလျှိုတစ်ဦးဘဝမှ ရှန်ကွမ်းဂိုဏ်း၏ ဂိုဏ်းချုပ်အဖြစ်သတိကြီးစွာ ရောက်ရှိလာခဲ့သည်။

တစ်ချိန်တွင် သူက ထိုအကြီးအကဲနှင့် ပြန်လည်တွေ့ဆုံသောအခါ တိုက်ရိုက်ပြောဆိုခဲ့သည်။

"ခင်ဗျားလို နတ်ဆိုးလမ်းစဥ်တစ်ယောက်က ကျုပ်နဲ့ရှန်ကွမ်းဂိုဏ်းကြားမှာ သွေးထိုးပြီးရန်သူတွေဖြစ်အောင် လုပ်ရဲတယ်ပေါ့ ။"

ထိုအချိန်က နတ်ဆိုးရမ္မက်ဂိုဏ်း၏ ထိုအကြီးအကဲသည် ကျန်းမာရေးကြောင့် သေလုနီးပါး ဖြစ်နေပြီး သူ၏စကားကို ကြားသောအခါ ဒေါသထွက်လွန်း၍ သွေးအန်ကာ သေဆုံးသွားခဲ့လေသည် ။

ကျိယွမ်သည် ကုမူကျန့်ကျွမ်းကို ပြန်ကြည့်ကာ ပျင်းရိစွာ တုန့်ပြန်လိုက်၏။

"ခင်ဗျားက ရှန်ကွမ်းဂိုဏ်းကို ဆန့်ကျင်ပြီး ဒုက္ခရောက်အောင် ဘာမှ မလုပ်ခဲ့ဘူး။ ကျွန်တော်က ဘာလို့ ဂိုဏ်းချုပ်လို့ မခေါ်နိုင်ရမှာလဲ?"

ကုမူကျန့်ကျွမ်းသည် ကျိယွမ်ကိုကြည့်ကာ ခေါင်းကိုက်ချင်လာသည် ။ သူ၏ ခံစားချက်များက အလွန်ရှုပ်ထွေးနေလေပြီ။

အဓိပ္ပာယ်မရှိသောစကားများကို ခဏခဏ ပြောတတ်သော ဤထိပ်တန်းတပည့်သည် သူက နတ်ဆိုးရမ္မက်ဂိုဏ်းမှ သူလျှိုဖြစ်သည်ကို မည်သို့ သိခဲ့သလဲ။

ဥပါဒါန်သွေးမျိုးဆက်ဖြစ်သောကြောင့် အမှန်တကယ်ပင် စိတ်ကူးယဥ်ပြီး ဖန်တီးကာ လျှောက်ပြောခဲ့ခြင်းလား။ ဥပါဒါန်သွေးမျိုးဆက်များက ထူးထူးဆန်းဆန်းတွေးခေါ်တတ်ကြ၏ ။

ကုမူကျန့်ကျွမ်းက အတွေးများကိုခဏထားလိုက်သည် ။

"ကျိယွမ် ၊ မင်းအတွက် ငါ့မှာ တာဝန်တစ်ခု ရှိတယ်။"

သူက အဓိကကိစ္စကို ပြောတော့မည်ဖြစ်သည်။

ဒီတစ်ခါတော့ ကျိယွမ်က လေးနက်စွာ နားထောင်နေသည် ။

"တစ်လခွဲကြာရင် အုတ်မြစ်တည်ဆောက်ခြင်းအခမ်းအနား ရှိတယ်။"

ကုမူကျန့်ကျွမ်းက ဆက်ပြော၏ ။

"ဒီတစ်ခါ အုတ်မြစ်တည်ဆောက်ခြင်းအခမ်းအနားကို ငါတို့ရှန်ကွမ်းဂိုဏ်းက လက်ခံကျင်းပတာဖြစ်တယ် ။

အဲဒီအချိန်ရောက်ရင် သာ့ရှန်းနန်းတော် ၊ ကျူမျောလွင့်တောင်ဂိုဏ်း၊ နတ်ဆိုးရမ္မက်ဂိုဏ်းနဲ့ အခြားဂိုဏ်းတွေက တပည့်တွေ စေလွှတ်ပြီး ထိပ်တန်းဆင့်တစ် စိတ်ဝိညာဥ်ပစ္စည်းဖြစ်တဲ့ အဝါရောင်ပန်းသီး အတွက် ယှဥ်ပြိုင်ကြလိမ့်မယ် ။"

ထိပ်တန်းအဆင့်တစ် စိတ်ဝိညာဥ်ပစ္စည်းသည် အခြေတည် စိတ်ဝိညာဥ်ပစ္စည်းသုံးမျိုးအနက် အကောင်းဆုံးဖြစ်သည် ။ သာ့ရှန်းတိုင်းပြည်တွင် ထိပ်တန်းအဆင့် အခြေတည်စိတ်ဝိညာဥ်ပစ္စည်းသည် အလွန်တရာမှ ရှားပါးလှသည်။

သာ့ရှန်းတိုင်းပြည်တစ်ခုလုံးကို တွက်လျှင်ပင် ကျင့်ကြံသူအနည်းငယ်ကသာ ထိပ်တန်းအဆင့် စိတ်ဝိညာဥ်ပစ္စည်းများကို အသုံးပြု၍ အုတ်မြစ်တည်နိုင်ခဲ့သည်ဟု ဆိုသည် ။ သို့သော် သူတို့သုံးခဲ့ရသည်မှာလည်း ထိပ်တန်းအဆင့်တစ် မဟုတ်ပါ ။ ထိပ်တန်းသာမန်အဆင့် စိတ်ဝိညာဥ်ပစ္စည်းများသာဖြစ်သည် ။

ထို့ကြောင့် ထိပ်တန်းအဆင့်တစ် ဆိုသည်မှာ ကြားပင်မကြားဖူးသော စိတ်ဝိညာဥ်ပစ္စည်းဖြစ်သည်မှာ သေချာလှသည် ။

ဂိုဏ်းချုပ်၏ စကားကိုကြားသောအခါ ကျိယွမ်အမှန်တကယ် အံ့အားသင့်သွားသည်။

"ဂိုဏ်းတူအစ်ကိုတွေနဲ့ ဂိုဏ်းတူအစ်မတွေက ဘာလို့များ ဒီအဝါရောင်ပန်းသီးကို မစောင့်ဘဲ အုတ်မြစ်တည်ဆောက်ခဲ့တာလဲ "

ကုမူကျန့်ကျွမ်းက သက်ပြင်းချလိုက်သည် ။

"ဒီတစ်ခါ လျှို့ဝှက်နယ်မြေထဲမှာ ဒီအဝါရောင်ပန်းသီးနဲ့ အခြေတည် စိတ်ဝိညာဥ်ပစ္စည်းတွေ ပေါ်လာမယ်လို့ ငါတို့လည်း မထင်ထားခဲ့ဘူးလေ။"

ထိပ်တန်းအဆင့်တစ် အခြေတည်စိတ်ဝိညာဥ်ပစ္စည်း ပေါ်ပေါက်လာမည်ကိုသာ သူက ကြိုသိခဲ့ရင် ထိပ်တန်းတပည့်များကို စောစောစီးစီး အုတ်မြစ်တည်ဆောက်ရန် ခွင့်ပြုမှာ မဟုတ်ပေ။

ယခုတော့ ထိပ်တန်းတပည့်များအနက် ကျိယွမ်တစ်ဦးတည်းသာ အုတ်မြစ်မတည်ဆောက်ရသေးဘဲ ကျန်နေ၏ ။

ကုမူကျန့်ကျွမ်းသည် ၎င်းသည် ကံတရားအရ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်လိမ့်သည်ဟု ဖြေသိပ်ပြီး တွေးရတော့သည်။

သို့သော်လည်း ထိုအရာသည် ကျိစယ်တောင်ထွတ်သခင်မက တမင်စီစဥ်ထားခြင်းလည်း ဖြစ်နိုင်ပြန်၏ ။ သူမသည် သူမ၏ တပည့်အတွက် ထိပ်တန်းအဆင့်တစ် စိတ်ဝိညာဥ်ပစ္စည်းကို တမင်ချန်ထားခဲ့ခြင်းပင် ။

"ဒါကြောင့် ဒီတစ်ခါမှာတော့ မင်းက ငါတို့ ရှန်ကွမ်းဂိုဏ်းကို ဦးဆောင်ပြီး အုတ်မြစ်တည်ဆောက်ခြင်းအခမ်းအနား မှာ ပါဝင်ဖို့ တာဝန်ယူရမယ် ။"

"ကျိယွမ် ၊ ငါတို့ဂိုဏ်းရဲ့ ခွန်အားကို ပြသပြီး အဝါရောင်ပန်းသီးကို ရအောင်ယူနိုင်မယ်လို့ မျှော်လင့်တယ်။"

ထိုစကားကို ကြားသောအခါ ကျိယွမ် သည် အတော်လေး အကူအညီမဲ့သလို ခံစားလိုက်ရသည်။

"ကျွန်တော် မပါလို့ မရဘူးလား"

"မရဘူး"

ကျိယွမ်၏ မျက်နှာက ရှုံ့မဲ့သွားလေ၏ ။

ဒီအဘိုးကြီး အဖြေပေးတာကလည်း မြန်လိုက်တာ ၊ နည်းနည်းလေးတောင် မစဥ်းစားတော့ဘူး။

ကျိယွမ်၏အကျင့်ကို သိနေသောရှန်ကွမ်းဂိုဏ်းချုပ်က ထပ်မံဖြည့်စွတ်လိုက်သည် ။

"မင်းက နောက်ဆုံးအကြိမ်မှ သွားရုံပဲ ။အလွန်ဆုံးကြာမှ တစ်နာရီပဲ ၊ အဲဒီထက် ပိုကြာမှာ မဟုတ်ဘူး။"

မတတ်သာတော့သဖြင့် ကျိယွမ် သဘောတူလိုက်ရတော့သည် ။

"ကောင်းပါပြီ။"

"ဒါဆိုရင် ဂိုဏ်းချုပ် ၊ ကျွန်တော့်ကို သွားခွင့်ပြုပါဦး။"

ဂိုဏ်းချုပ်၏အဖြေကိုပင် မစောင့်ဘဲ ကျိယွမ်သည် ခန်းမအပြင်သို့ ​ပြန်လှည့်လိုက်သည် ။

ကျိယွမ်၏အပြုအမူကြောင့် ရှန်ကွမ်းဂိုဏ်းချုပ် ကုမူကျန့်ကျွမ်းသည် မတတ်နိုင်သလို ကြည့်နေလိုက်တော့သည် ။

ပြိိုင်ပွဲအတွက် ကျိယွမ်အပေါ် မျှော်လင့်ချက် ထားခြင်းသည် ယုံကြည်နိုင်ပါ့မလား ဆိုသည်ကို သူလည်း မသိခဲ့ပေ။

အဝါရောင်ပန်းသီးကို အခြားဂိုဏ်းမှ ရယူသွားပြီး မဟူရာကြက်မိစ္ဆာအိုကြီးကဲ့သို့သော အစွမ်းထက်သူ နောက်တစ်ယောက် ထပ်မံပေါ်ပေါက်လာပါက အရာအားလုံးက ခက်ခဲသွားနိုင်သည် ။

ကူမူကျန့်ကျွမ်း စဥ်းစားနေစဥ်မှာပင် ကျိယွမ် သည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

အရေးကြီးသောအရာတစ်ခုခုမေးရန်ဖြစ်လိမ့်မည်ဟု ရှန်ကွမ်းဂိုဏ်းချုပ်ကြီး သဘောပေါက်သွားကာ အနည်းငယ်ကျေနပ်သွား၏ ။ထိုတပည့်က ပြိုင်ပွဲ၏အရေးပါမှုကို လက်ခံသွားပုံရသည် ။

ကျိယွမ်က ရောက်သည့်နေရာမှပင် မေးလိုက်၏ ။

"ဂိုဏ်းချုပ်ကြီး ၊ သာ့ရှန်းတိုင်းပြည် ရဲ့ ဧကရီက လှလားဗျ "

"ဘာ---"

------------------

All Chapters