ချမ်းသာသော အရူး
Vol. 2 Ch. 21
ကျိယွမ်၏ မေးခွန်းကြောင့် ဂိုဏ်းချုပ်ကြီးကုမူကျန့်ကျွမ်း ပူစပ်ပူလောင်ခံစားနေရသည် ။
ပြိုင်ပွဲနှင့်သာ့ရှန်းတိုင်းပြည်၏ ဧကရီ လှခြင်း မလှခြင်းက ဘာဆိုင်သနည်း ။
ပြီးတော့ ကျိယွမ်က ထိုမေးခွန်းကို မည်သည့်သဘောနှင့် မေးလေသနည်း ။
(ကျိယွမ်မေးရသည့် အကြောင်းရင်းကိုသိလိုလျှင် အခန်း ၁ ကိုပြန်ဖတ်ပါ )
သူဘာမှမပြောနိုင်သေးခင်မှာပင် ကျိယွမ်က ခန်းမထဲမှာ ထွက်သွားခဲ့လေပြီ ။
ကုမူကျန့်ကျွမ်းက နေရာမှာပြန်ထိုင်လိုက်ပြီး ခရမ်းရောင်သစ်ကြံ့ပိုးဖြင့်ပြုလုပ်ထားသော ထိုင်ခုံကို အကြောင်းမဲ့ပွတ်နေမိသည် ။
သူက ကိစ္စတစ်ခုခုကို အလေးအနက်စဥ်းစားနေပုံရ၏ ။
သို့သော် မည်သည့်အကြောင်းကို စဥ်းစားနေသည်ကိုတော့ မည်သူမှ မသိနိုင်ခဲ့ချေ ။
ရှန်ကွမ်းဂိုဏ်းထဲမှာတော့ ကျိယွမ်သည် သူ၏ဓားကို ကြိုးဖြင့်ဆွဲကာ လှည့်လည်၍ လမ်းလျှောက်ပေးနေပြန်၏ ။
"ထိပ်တန်းအဆင့်တစ် အခြေတည်စိတ် ဝိညာဉ်ပစ္စည်း... အဝါရောင်ပန်းသီးတဲ့.."
ကျိယွမ်သည် တကယ်ပင် ဆွဲဆောင်ခြင်း ခံခဲ့ရသည်။ အခြေတည်အဆင့်အတွက် အုတ်မြစ်တည်ဆောက်ပေးသော ဝိညာဉ်ပစ္စည်းများ၏တန်ဖိုးက အလွန်ကြီးမားကြသည်။
"ဒါပေမဲ့ ဒီဆုကိုရဖို့အတွက် အုတ်မြစ်တည်ဆောက်ခြင်းအခမ်းအနားမှာ တခြားဂိုဏ်းက တပည့်တွေကို အနိုင်ယူရမယ်တဲ့... ဒါက အရမ်းခေါင်းရှုပ်ဖို့ကောင်းတယ် "
ယှဉ်ပြိုင်ရမည်ကို တွေးလိုက်ရုံနှင့် ကျိယွမ်သည် ပျင်းရိစိတ်များ ဖြစ်ပေါ်လာသည်။ သူက ဂိမ်းကစားရင်းနှင့်သာ အချိန်ကုန်ဆုံးချင်သည်။ ထိုသို့ပြုလုပ်မှသာ သူ၏စွမ်းအားက အမှန်တကယ်တိုးလာနိုင်သည်။
တပည့်တွေနဲ့တိုက်နေလို့ ဘာရမှာလဲ ၊ ကိုယ်လက်နာတာပဲ အဖက်တင်မှာပေါ့ ။
သို့သော် သူက ဂိုဏ်းတွင်းရှိ ရတနာပစ္စည်းဆိုင်တစ်ဆိုင်သို့ သွားပြီး ထိပ်တန်းအဆင့်တစ် စိတ်ဝိညာဉ်ပစ္စည်းတစ်ခု၏ ဈေးနှုန်းကို မေးမြန်းကြည့်မိသောအခါ သူ၏မျက်လုံးများ ပြူးကျယ်သွားတော့သည် ။
"ဘာ၊ ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ တန်တယ်ဟုတ်လား ၊ ပြီးတော့ ဈေးဖြတ်မရဘူး"
"ချမ်းသာတဲ့မျိုးနွယ်စုတစ်ခုက ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀ ပေးမယ်ဆိုပြီး ကြော်ငြာခဲ့ပေမဲ့ တစ်ခုတောင် ဝယ်မရခဲ့ဘူးတဲ့လား ၊ ထိပ်တန်းအဆင့်တစ်မပြောနဲ့ ထိပ်တန်းအဆင့်နှစ်တောင် မဝယ်နိုင်ခဲ့ဘူးပေါ့"
ကျိယွမ် အတော်လေး စိတ်ဝင်စားသွားသည်။
ကျိစယ်တောင်၏ အကြီးဆုံးတပည့်ဖြစ်သောကြောင့် သူက တစ်လလျှင် ဝိညာဉ်ကျောက်တုံး ၁၀ ခုနှင့်တန်ဖိုးညီမျှသော အရင်းအမြစ်များကိုသာ ရနိုင်သည်။
သို့သော် သူ၏ဆရာမနှင့် ဆန့်ကျင်ပြီးနောက် ဝိညာဉ်ကျောက်တုံးထောက်ပံ့မှုကို ရပ်တန့်လိုက်သဖြင့် သူ့ဘဝက နေ့ချင်းညချင်း မွဲတေသွားတော့သည် ။
သူသည် နေ့စဉ် ချွေတာ၍နေထိုင်နေရသည်။ မကြာသေးမီက သူ၏ကောက်ရိုးအိမ်လေးသည် မိုးယိုနေသဖြင့် ပြုပြင်ရန် ကျွမ်းကျင်သူကိုငှားချင်သော်လည်း ဝိညာဥ်ကျောက်တုံးမရှိသောကြောင့် မငှားနိုင်သဖြင့် သူကိုယ်တိုင် အမိုးပေါ်တက်ကာ ပြုပြင်ခဲ့ရသည်။
ငါ့ဘဝက ဘယ်လောက်တောင် ကံဆိုးတဲ့ တောင်ထွတ်တပည့်ကြီးလဲ။
ထို့အပြင် သူသာအခြေတည်အဆင့်သို့ရောက်ပါက သူလိုအပ်မည့် ဝိညာဉ်ကျောက်တုံးပမာဏမှာလည်း အလွန်ကြီးမားလာလိမ့်မည် ။ ထိုအဆင့်တွင် သူ၏စွမ်းအားကို မြှင့်တင်ရန်အတွက် ဝိညာဉ်ကျောက်တုံးများစွာ အသုံးပြုရမည်ဖြစ်သည် ။
ထို့ကြောင့် ရှန်ကွမ်းဂိုဏ်း၏ အခြေတည့်အဆင့်တပည့်များသည် ဝိညာဉ်ကျောက်တုံးများရရှိရန် မကြာခဏ အပြင်ထွက်၍ ဂိုဏ်းတာဝန်များကို ထမ်းဆောင်ရသည်။
"ငါ လုပ်ကြည့်ရင် ကောင်းမလား"
ကျိယွမ်ချက်ချင်းခေါင်းခါလိုက်၏ ။
"မဖြစ်ဘူး ၊ ဒါက အရမ်းဒုက္ခများတယ် "
"တကယ်လို့ လူဆိုးတစ်ယောက်ယောက်က အဲဒါကို အနိုင်ရသွားရင်တော့ ငါကအများအကျိုးအတွက်ဆိုပြီး တိတ်ိတ်လေးပြန်လုယူလိုက်မယ် "
ကျိယွမ်က စိတ်ကူးယဥ်ကာ အိပ်မက်မက်နေခြင်းသာဖြစ်လေသည် ၊ထိုသို့သောထိပ်တန်းအဆင့်မြင့် စိတ်ဝိညာဥ်ပစ္စည်းကို ရသွားလျှင် ရသွားသောဂိုဏ်းက အစွမ်းထက်ဆုံးကျင့်ကြံသူများကို အစောင့်အရှောက်အဖြစ်ထားရှိမည်မှာ သေချာပါသည်။
ယခုလက်ရှိ သူ၏အားနည်းသောစွမ်းအားလေးဖြင့် မည်သို့ လုယူနိုင်မည်နည်း။
ကျိယွမ်သည် အတွေးပေါင်းစုံယောက်ယက်ခပ်ကာ ရည်ရွယ်ချက်မရှိဘဲ လှည့်လည်သွားလာနေမိတော့သည် ။
နောက်ဆုံးတွင် သူသည်ကျိစယ်တောင်ထွတ် သို့ပြန်ရောက်လာခဲ့၏ ။
ထိုအခိုက်သူက သင်းပျံ့သော ရနံ့ကို ရုတ်တရတ် ခံစားမိလိုက်သည်။
"ဝိညာဉ်ငါးကြင်း၊ ရနံ့မှို၊ မြောက်ပိုင်းရတနာဖရဲသီး .."
သူ၏ နှာခေါင်းသည် အလွန်ထက်မြက်သည်။ မွှေးပျံ့နေသော ဟင်းရနံ့များကို ရသောအခါ သူက တံတွေးတမြားမြားဖြစ်လာပြီး သွားရည်များပင် ကြိတ်ကာ မျိုချမိတော့သည် ။
"ညီမလေး၊ မင်းရဲ့ဒီဟင်းက... ဈေးအများကြီး ပေးရမှာပဲ၊ ဟုတ်တယ်မလား"
ကျိယွမ်သည် ဤလောကသို့ ဘဝကူးပြောင်းလာပြီးနောက် အချိန်တစ်နှစ်ခွဲအတွင်း ဝိညာဉ်ဟင်းလျာကို တစ်ကြိမ်သာ စားဖူးသည် ။ ၎င်းဟင်းလျာ၏ တန်ဖိုးမှာလည်း ဝိညာဉ်ကျောက်တုံး တစ်ခုပင်မပြည့်သည်ကို မှတ်မိနေသေးသည်။
"မဆိုးပါဘူး၊ ဝိညာဉ်ကျောက်တုံး ဒါဇင်အနည်းငယ်ပဲ ပေးရပါတယ်"
ကျန်းလင်းစုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သူမသည် ရွှင်မြူးစွာ လက်ခုပ်တီးလိုက်ပြီး စကားဆက်၏ ။
"သိပ်မကြာခင် ကျွန်မက အခြေတည်အဆင့်ကို ရောက်တော့မှာ၊ ဒါကြောင့် ကောင်းကောင်းစားပြီး ခန္ဓာကိုယ်ကို အာဟာရဖြည့်ဖို့ လိုတယ်"
အမှန်တွင် ကျန်းလင်းစု၌ အခြားအကြံတစ်ခုလည်း ရှိပါသည် ။
သူမက ကျိစယ်တောင်ထွတ်ပေါ်မှ အေးစက်လှပသော နတ်သမီး၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်မလားဆိုသည်ကို သိရန် သူမ၏ကြွယ်ဝမှုကို အနည်းငယ်ပြသရန်စိတ်ကူးခဲ့သည်။
သူမတစ်ယောက်တည်းသာ ကြိုသိခဲ့ရသော ရက်စက်သည့် ကပ်ဆိုးကြီးကို ကယ်တင်ပေးနိုင်သူမှာ ကျိစယ်တောင်ထွတ်ပေါ်မှ ထိုနတ်သမီးဖြစ်နိုင်သည် ။
ကျိယွမ်က ဟင်းပွဲများကိုတလှည့် ကျန်းလင်းစုကိုတလှည့်ကြည့်ကာ အံ့သြနေ၏ ။
"နင် ဝိညာဉ်ကျောက်တုံးအများကြီးကို ဘယ်ကရခဲ့တာလဲ"
ကျန်းလင်းစုက ချိုသာစွာ ပြုံးပြသည်။
"မွေးကတည်းက ကံကောင်းတဲ့သူလေ "
"ချမ်းသာတဲ့ အရူးပဲ "
ကျိယွမ်က သွားများကိုကြိတ်လိုက်ပြီး သူဝယ်မစားနိုင်သော ဟင်းလျာကို မနာလိုစွာ ကြည့်လိုက်၏ ။ ထို့နောက် စပျစ်သီးချဥ်သော မြေခွေးလို အသံမျိုးဖြင့်ဝေဖန်လိုက်သည် ။
"နင့်ရဲ့ဝိညာဉ်ဟင်းလျာက ဟင်းခတ်အမွှေးအကြိုင် လိုနေတယ်၊ငါတော့ အရသာသိပ်ကောင်းမယ် မထင်ဘူး "
ဤဝိညာဉ်ဟင်းလျာ၏ ပါဝင်ပစ္စည်းများသည် သူ၏တတ်နိုင်စွမ်းထက် ကျော်လွန်နေသည်။ သူသည် ထိုပစ္စည်းများထဲမှ တန်ဖိုးအနိမ့်ဆုံးဖြစ်သော မှိုပွင့်ကိုပင် မတတ်နိုင်ခဲ့ပါ။
"ဆရာတူ အစ်ကိုကြီး၊ ပြီးခဲ့တဲ့တစ်ခေါက် တုန်းက အစ်ကိုကြီးက ကြက်စွပ်ပြုတ် လုပ်ပေးခဲ့တယ်၊ ဒီတစ်ခါ ငါက အစ်ကိုကြီးကို ဝိညာဉ်ဟင်းလျာ စွပ်ပြုတ်နဲ့ ဧည့်ခံပါ့မယ်"
"ဘာ--"
ကျိယွမ်၏မျက်နှာထားသည် ချက်ချင်း ပြောင်းလဲသွားသည်။
"သေချာအနံ့ခံကြည့်တော့ ဒီဟင်းက အရသာရှိမှာ သေချာတယ်၊ ဒီလိုမျိုး ကောင်းမွန်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ဆိုရင် သေချာပေါက် အရမ်းအရသာရှိမှာပဲ"
ကျန်းလင်းစုခမျာ သူမ၏ဟင်းအိုးကိုပင် သူမကိုယ်တိုင် မမှတ်မိတော့သလို ခံစားလိုက်ရသည် ။
ဘယ်ဟာကအမှန်လဲ ၊ ပထမဟာလား ၊ ဒုတိယဟာလား ။
ကျိယွမ်အား အရှက်မရှိလိုက်တာဟုတော့ ပြောမထွက်ပါ ။ ဥပါဒါန်သွေးမျိုးဆက်ရှိသူများ၏ခေါင်းထဲမှာ ပြဿနာနည်းနည်းစီတော့ အမြဲရှိကြသည်။ ၄င်းတို့အား သာမန်လူများနှင့်ထပ်တူ ယူဆ၍မရပေ ။
သူမသည် ကျိယွမ်ကို ဝိညာဉ်ဟင်းလျာများပြည့်နေသော ပန်းကန်လုံးတစ်လုံး ပေးလိုက်သည်။
သူမကိုယ်တိုင်လည်း ပန်းကန်လုံးတစ်လုံး ခပ်ယူလိုက်သည်။
ကျိယွမ်က မဆိုင်းမတွ တစ်ဇွန်းခပ်စားလိုက်သည်နှင့် သူ၏ပါးစပ်ထဲတွင် အရသာများ ပြည့်နှက်သွားပြီး တံတွေးများ စီးကျလာသည်။
"လူ့လောကရဲ့ အရသာအရှိဆုံး အစားအစာပဲ"
ကျိယွမ်က ချက်ချင်း မှတ်ချက်ပေးသည်။
သူ၏ယခင်ဘဝက ဝယ်ခဲ့ဖူးသော ဖိုက်စတားဟိုတယ်များမှ အစားအစာများထက် အများကြီး ပိုကောင်းသည်။
ထို့အပြင် တစ်ဇွန်းစားလိုက်ရုံနှင့်ပင် သူ၏စွမ်းအားများ အနည်းငယ် တိုးလာသည်ကို ခံစားရသည်။ ဂိမ်းထဲတွင် အဆင့် ၇၀ ရှိသော မကောင်းဆိုးရွားကြီးတစ်ကောင်ကို သတ်လိုက်၍ ရရှိလာသော တိုးတက်မှုနှင့် အနည်းငယ်ဆင်တူ၏ ။
သူက ဂိမ်းကစားခြင်းသည် သိပ်ပြီးပျော်စရာမကောင်းတော့ဘဲ ဝိညာဉ်အစားအစာ များ စားခြင်းက ပိုကောင်းသည်ဟု ရုတ်တရက် ခံစားမိသည်။
ဝိညာဥ်ဟင်းလျာများက အရသာလည်း ကောင်းသည်၊ အပင်ပန်းခံ၍ တိုက်ခိုက်နေစရာလည်း မလို ၊ စွမ်းအားလည်း မကုန်ပေ ။
ဘာလို့တိုက်ခိုက်နေတော့မှာလဲ ၊ အရသာရှိတာတွေစားပြီး အဆင့်တက်ရမယ် ။
ကျန်းလင်းစုက ဟင်းလျာကို တစ်ချက်ခပ်စားကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"အင်း --ကံမကောင်းစွာနဲ့ ဝိညာဉ်ပစ္စည်းတွေရဲ့ အဆင့်က နိမ့်လွန်းတော့ အရသာနည်းနည်း လိုနေတယ်"
"အဆင့်နိမ့်တွေလား "
ကျိယွမ်သည် သူ၏ပန်းကန်ထဲမှ ဝိညာဉ်ဟင်းလျာသည် အရသာသိပ်မရှိတော့ဟု ချက်ချင်း ခံစားလိုက်ရသည်။
သို့သော် သူကဟင်းပွဲကိုတော့ ပြန်မချပါ ။ ပို၍ပင် လျင်မြန်စွာ စားပစ်တော့သည် ။
.................
ညအချိန်သို့ရောက်သောအခါ ကျိယွမ်က ဂိမ်းကျောကိပြားကို ထုတ်ယူလိုက်သည် ။
"ဂိမ်းဆော့ရမဲ့ အချိန်ရောက်လာပြီ "
ထုံးစံအတိုင်းပင် ကျိယွမ်သည် မြေတွင်းတစ်ခုထဲမှ ပေတူးနေသောအဝတ်များဖြင့် လေးဘက်ထောက်၍ ထွက်လာ၏ ။
"ဒီနေ့ ငါ့အားတွေတော်တော်ပြည့်နေတယ် ၊ တွေ့ကြပြီပေါ့ကွာ "
သူသည် ကြီးမားသောဓားကြီးကိုကိုင်ကာ တောအုပ်ထဲတွင် ခိုးကြောင်ခိုးဝှက် ရွေ့လျားနေသည် ။
ရိကွမ်းတောအုပ်သည် ယခင်အတိုင်း ပုံမှန်ပင် ရှိနေ၏ ။ပြီးခဲ့သည့်ညက အဝတ်အစားများတိုက်ခိုက်ခံရခြင်းက ၄င်းတို့ကို ထိရောက်သောသင်ခန်းစာပေးနိုုင်ခဲ့ပုံ မရချေ ။
မကြာမီကျိယွမ်သည် တိုက်ခိုက်ရန်သင့်တော်သော နေရာသိူ့ရောက်လာ၏ ။ ထိုနေရာ၌ အဝတ်အစားအနည်းငယ်က သစ်ကိုင်းများတွင် ယီးလေးခိုကာ အေးအေးဆေးဆေး အိပ်စက်နေကြသည် ။
"ဓားသွားမုန်တိုင်းဖွင့်--"
"တောင်ကွဲလက်သီးထိုးချက်--"
ကျိယွမ်၏ သတ်ဖြတ်မှုများက အဆက်မပြတ် ထွက်ပေါ်လာတော့သည် ။
အဝတ်အစားမျိုးစုံသည် တစ်ကောင်ပြီးတစ်ကောင် သေဆုံးသွားကြ၏ ။တပြိုင်တည်းမှာပင် အခြားအဝတ်အစားများသည် လည်း သက်ဆိုင်ရာသစ်ပင်များပေါ်မှ နိုးထလာသည်။
သူတို့တွင် မျက်နှာများ၊ မျက်လုံးများ၊ နားများ၊ ပါးစပ်များ မရှိပေ။ သို့သော် ကျိယွမ်သည် သူတို့က မီးဝင်းဝင်းတောက်နေသောမျက်လုံးကြီးများဖြင့် ဒေါသတကြီး ဝိုင်းကြည့်နေသလို ခံစားရသည် ။
သူတို့တွင် ပါးစပ်များ ရှိခဲ့လျှင် ကျိယွမ်သည် သေချာပေါက် အဆဲခံနေရမည်ဖြစ်၏ ။
အဝတ်အစားများက စိတ်တိုလွန်း၍ မင်းမေ ၊ မင်းနှမစုံအောင်ပင် ကိုင်တုပ်နေကြမည်လား မသိနိုင်ပေ ။
ယခုတော့ သူတို့၏ဒေါသကို ကျိယွမ်အား တိုက်ခိုက်ခြင်းဖြင့်သာ ဖော်ထုတ်နိုင်ကြ၏ ။
ကံမကောင်းစွာဖြင့် သူတို့အားလုံးသည် ကျိယွမ်၏ အတွေ့အကြုံရမှတ်များ ဖြစ်သွားခဲ့သည်။
နာရီတော်တော်ကြာအထိ သတ်ဖြတ်ပြီးနောက် အဝတ်အစားများစွာက တပ်ဖွဲ့များကဲသို့ စတင်စုဖွဲ့နေသည်ကို မြင်သောအခါ ကျိယွမ်သည် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
သူပြေးလေပြီ။
အဝတ်အစားများကတော့ တိုက်ရင်းခိုက်ရင်း တို့လိုတန်းလန်းဖြစ်ကာကျန်ခဲ့ပြန်၏။သူတို့သာ ပါးစပ်ရှိလျှင် ကျိယွမ်အား တသ်တစ်ခွခွ အော်ဆဲမိကြမည်မှာ သေချာလှသည်။
ကျိယွမ်ကတော့ စိတ်ချရသောနေရာတစ်ခုတွင် တွင်းတစ်တွင်းတူးပြီး သူ့ကိုယ်သူ မြှုပ်နှံလိုက်၏ ။
သူသည် တိုက်ပွဲကို ပြန်လည်သုံးသပ်နေသည်။
"အဝတ်အစားတွေက ပိုပြီးမြန်မြန် စုဖွဲ့လာကြသလိုပဲ"
"သူတို့က အင်အားလည်းပိုကောင်းလာပုံရတယ်"
"ဒါပေမယ့် ငါလည်း သန်မာလာတာပဲကို၊ နောက်တစ်ဆင့်တက်သွားပြီ ၊သတိထားမိသလောက် ငါအဆင့်တတ်ဖို့က ပိုပြီးခက်လာတယ် ၊ အချိန်ပိုပေးရမယ်ထင်တယ် "
ကျိယွမ်သည် ဂိမ်၏စကားပြော စာမျက်နှာကို ဖွင့်လိုက်သည်။
သူက ကျင်းလီထံမှ မက်ဆေ့များစွာကို ပြန်လည်ဖြေကြားခဲ့သည်။
သူမ၏ စာများသည် ပြတ်တောင်းပြတ်တောင်း ဖြစ်နေပြီး ဒေသတစ်ခုတွင် ရေကြီးခြင်းကြောင့် သူမ စိုးရိမ်ကြောင်း၊ သို့မဟုတ် သူမ၏မြင်းသည် ယနေ့ တွင် ရုတ်တရက် ရူးသွပ်သွားပြီး သူမ အသက်အန္တရာယ်နီးပါး ကြုံခဲ့ရကြောင်း စသည်ဖြင့် ဖော်ပြထားသည်။
ကျိယွမ်သည် သူမအား စာများပြန်ပို့ပြီးနောက် အချိန်ကို သတိရသွားသည် ။
"ညဉ့်နက်နေပြီ၊ ဂိမ်းကနေ ထွက်မှရတော့မယ်"
သူကဂိမ်းထဲမှ ထွက်ရန်ပြင်လိုက်စဥ်မှာပင် အံ့အားသင့်သွားလေသည် ။
ကျင်းလီထံမှ မက်ဆေ့ချ်တစ်စောင် ရောက်လာခြင်းပင်။
"ဒီလောက်ညဉ့်နက်နေတာတောင် မအိပ်သေးဘူးလား"
ကျိယွမ်သည် ယောင်ယမ်းပြီး လမင်းကို မော့ကြည့်မိသော်လည်း တွင်းထဲမှာမို့ ဘာမှ မမြင်ရပေ။
"ဒီနေ့ လုပ်စရာတွေ အများကြီး ရှိခဲ့တယ်"
ကျင်းလီက ဆက်ပြောလာသည်။ သူမ၏ ပင်ပန်းသောနှလုံးသားထဲတွင် ငြိမ်းချမ်းမှုကို ခံစားရသည်။
"ဒီနေ့ ဒေါ်လေးချင်နဲ့ တွေ့ခဲ့တယ်၊ ရွှမ်းဟွမ်ကနေ ခူးလာတဲ့ အဆင့်မြင့်ဆေးတွေနဲ့ သူ့ရဲ့ဒဏ်ရာတွေက အများကြီး သက်သာသွားပြီ"
ကျင်းလီသည် ထိုနေ့မှ အဖြစ်အပျက်များကို ဖြည်းဖြည်းချင်း ပြန်ပြောပြခဲ့သည်။
"မင်းရဲ့တာဝန်က တော်တော်ခက်ခဲတာပဲ"
ကျိယွမ်က သူသာ ကျင်းလီနေရာတွင် ရှိခဲ့လျှင် သူမလောက် ကောင်းကောင်းလုပ်နိုင်မည်မဟုတ်ဟု တွေးလိုက်သည်။
နန်းတွင်းရေးနှင့်နိုင်ငံရေးများသည် လူအချင်းချင်း ဆက်ဆံရေးများနှင့် ပတ်သက်သော ပညာရပ်ဖြစ်၏ ။ ကျိယွမ်ကတော့ တိုက်ခိုက်ခြင်းနှင့်သတ်ဖြတ်ခြင်းကိုသာ သိလေသည် ။
"ပြေးတာလေးတော့ နည်းနည်းပါတာပေါ့"
-----