← Chapters

သန်မာချင်တာလား ၊ အဲဒါဆို ဒိုက်ထိုး

Vol. 2 Ch. 22

သန်မာချင်တာလား ၊ အဲဒါဆို ဒိုက်ထိုး

Vol. 2 Ch. 22

ကျိယွမ်စဥ်းစားနေစဥ် ကျင်းလီထံမှ မေးခွန်းတစ်ခု ရောက်လာသည် ။

"ပြောပါဦး၊ ဒီကမ္ဘာမှာခွန်အားကို အမြန်တိုးစေနိုင်တဲ့ နည်းလမ်းများ ရှိလား"

"အမြန်သန်မာလာအောင်လား"

အဖြေများစွာသည် သူ၏ ခေါင်းထဲ၌ ချက်ချင်းပေါ်လာသည်။ လူတိုင်းသိလွယ်သော နည်းလမ်းများပင်ဖြစ်သည် ။

သူဖတ်ဖူးသော စာစဥ်များနှင့်ဇာတ်လမ်းများအရဆိုလျှင် နတ်ဆိုးအမွေခံသစ်သီးစားလျှင်လည်း လျင်မြန်စွာ သန်မာ၏ ။

ဆရာတစ်ယောက်၏ ချီစွမ်းအားကိုတိုက်ရိုက်လက်ခံခွင့်ရလျှင်လည်း သန်မာနိုင်၏ ။

ယုတ်စွအဆုံး...ဒိုက်ထိုးလျှင်လည်း သန်မာနိုင်သည်မဟုတ်ပါလော ။

ပြဿနာမှာ ဤလောကတွင် နတ်ဆိုးအမွေခံသစ်သီးများ မရှိသလို၊ စွမ်းအားကို တိုက်ရိုက်သွင်းပေးနိုင်သူလည်း မရှိပေ။

ကျိယွမ်က အလွယ်ဆုံးနည်းကို ပြောလိုက်၏ ။

"ဒိုက်ထိုးတဲ့ လေ့ကျင့်ခန်းတွေလုပ်တာက မင်းကို ပိုသန်မာစေနိုင်တယ်"

သူက ယခင်ဘဝမှ မိတ်ဆွေတစ်ယောက်ကိုပင် ပြန်သတိရသွားသည် ။

"ငါသိတဲ့ သူတစ်ယောက်ရှိတယ်၊ သာမန်ပဲ၊ ဘာမှထူးခြားတာ မရှိဘူး။ ဒါပေမဲ့ သူက နေ့တိုင်း လေ့ကျင့်ခန်းလုပ်တာနော် ၊ ဒိုက်ထိုးလေ့ကျင့်တယ် ၊ စကွက်ထိုင်ထလုပ်တယ် ၊ အလေးမတဲ့ လေ့ကျင့်ခန်းတွေ လုပ်တယ်။"

"အကျိုးဆက်အနေနဲ့ သိပ်မကြာခင်မှာပဲ သူက ပိုသန်မာလာတယ်၊ ဒါပေမဲ့ အဲဒီကောင် ထိပ်တော့ပြောင်သွားတယ် ၊ ဟားဟားဟားဟား "

ကျိယွမ်က ရယ်နိုင်သော်လည်း ကျင်းလီခမျာ မရယ်နိုင်ပါ ။

"လေ့ကျင့်ခန်းလား ၊ ဒိုက်ထိုးလေ့ကျင့်ခန်း။ စကွက်ထိုင်ထလေ့ကျင့်ခန်း ။ အလေးမ လေ့ကျင့်ခန်းတွေလား။ အဲဒါတွေက ဘာတွေလဲ"

ကျင်းလီက နားမလည်သော မျက်နှာဖြင့် ကျောက်ပြားပေါ်မှ စာသားများကို ငေးကြည့်နေသည်။

"ဒါတွေက ထိပ်တန်းအဆင့် ကျင့်ကြံနည်းစနစ်တွေများလား"

ကျိယွမ်က သူမ၏မေးခွန်းကို အနည်းငယ်အံ့အားသင့်သွားသည်၊

"ဒါဆို မင်းက လေ့ကျင့်ခန်းလုပ်ရတာ မကြိုက်တဲ့ မိန်းကလေးတစ်ယောက်ပေါ့။ ငါမင်းကို လေ့ကျင့်ခန်းလုပ်နည်းကို သင်ပေးမယ်လေ"

"အဲဒါ-- အဲဒါက နည်းနည်း မသင့်တော်ဘူး မဟုတ်လား"

ကျင်းလီက ကျိယွမ်သည်သူမကို ဧကရာဇ်အဆင့်ကျင့်ကြံနည်းစနစ်အချို့ကို သင်ပေးတော့မည်ဟု ထင်နေသည်။

"စိတ်မပူပါနဲ့၊ ဒါတွေက သာမန်အရာတွေပါ၊ အရမ်းရိုးရှင်းပါတယ်"

ကျိယွမ်သည် ခဏတာ စဥ်းစားလိုက်ပြီးနောက် သူသိသော work out လေ့ကျင့်ခန်းများကို ကျင်းလီအား သင်ကြားပေးခဲ့သည်။

"ဒါတွေက... လူတစ်ဦးရဲ့ ခွန်အားကို တိုးစေနိုင်တာလား"

ကျင်းလီက မယုံကြည်နိုင်ဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော် သူမသိရသလောက် ထိုလှုပ်ရှားမှုများအားလုံးသည် အလွန်သာမန်လှုပ်ရှားမှုများဖြစ်နေပြီး လျှို့ဝှက်ဆန်းကြယ်ခြင်း လုံးဝမရှိပေ။

သို့သော်လည်း လှေကားကိုသယ်ဆောင်ခြင်းဖြင့် ရွှမ်းဟွမ်ထဲသို့ ဝင်ရောက်နိုင်ခဲ့သည်ကို ပြန်တွေးမိသောအခါ သူမက ကျိယွမ်၏ နည်းစနစ်များကို အထင်မသေးရဲတော့ပါ ။

"အင်း.. ဒါတွေက အင်အားကို သိသိသာသာကြီးတော့ မတိုးနိုင်ဘူးပေါ့ ၊ ဆယ်နှစ်လောက်လေ့ကျင့်ပြီးရင်တော့ ဝံပုလွေတစ်ကောင်ကို နိုင်ကောင်းနိုင်ပါလိမ့်မယ်"

ကျိယွမ်၏ အဖြေကြောင့် ကျင်းလီမှာ ခဏတာ မင်သက်သွားရပြန်သည် ။

ထို့နောက် သူမက ညင်သာစွာပြုံးလိုက်သည် ။

"ဒါဆို ဒီနည်းစနစ်တွေကို သာမန်စစ်သားတွေကိုပဲ သင်ပေးနိုင်တာပေါ့"

"ဒါပေမဲ့ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူး"

ကျိယွမ်က ထိုသို့ပြောပြီးနောက် စိတ္တဇစုတ်တံကို ထုတ်ယူလိုက်သည်။

ရွှမ်းဟွမ်တားမြစ်နယ်မြေသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး သူသည် ၄င်း၏ စည်းမျဥ်းများကို ပြောင်းလဲနိုင်၏ ။

"ဒါဆို ရွှမ်းဟွမ်၌ လေ့ကျင့်ခန်းလုပ်ခြင်းက ကျင့်ကြံမှုတွေကို တိုးတက်စေနိုင်၏လို့ ထည့်ကြည့်မယ်လေ "

ခဏစဥ်းစားပြီးနောက် ကျိယွမ်က စိတ္တဇစုတ်တံဖြင့် စတင်ရေးသားလိုက်သည် ။

"ဒိုက်ထိုးလေ့ကျင့်ခန်းများ"၊ "ထိုင်ထလေ့ကျင့်ခန်းများ" နှင့် အခြားသော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် ကျင့်ကြံမှုတိုးတက်စေသည်။

ထို့သို့ ရေးသားပြီးနောက် ကျိယွမ်က ဆက်လက် စဥ်းစားနေခဲ့သည်၊

"ဒါပေမဲ့ ဒါတွေက ဘေးထွက်ဆိုးကျိုးအချို့ ရှိနိုင်တယ် ထင်တယ်"

"ဆံပင်ကျွတ်တာလား"

"ဒါဆို... စည်းမျဥ်းတွေ ပြောင်းလဲတဲ့အခါမှာတောင် ငါ့ရဲ့နားလည်မှုအပေါ် အခြေခံနေတာလား ၊ ငါက စည်းမျဥ်းတွေရဲ့ ကောင်းကျိုး ဆိုးကျိုးအကုန်လုံးကို သိဖို့လိုတယ် "

"ထားတော့ ၊၊ ဒီကိစ္စကို ငါက ဥာဏ်ရှိရှိ နဲ့ကိုင်တွယ်ဖို့ပဲ လိုတယ်၊ အရမ်းမတွေးနဲ့"

ကျိယွမ်သည် ခေါင်းကိုက်နေသလို ခံစားလာရပြီး နိယာမစည်းမျဥ်းများကို ထပ်မံစဥ်းစားမနေတော့ပေ။

သူသည် ကျင်းလီးအား လျင်မြန်စွာ ပြောလိုက်သည်၊

"ရွှမ်းဟွမ်တားမြစ်နယ်မြေမှာ ငါပြောထားတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ရင် မင်းရဲ့ ကျင့်ကြံမှုတွေ မြန်မြန်တိုးတက်လာနိုင်တယ်၊ မင်းရဲ့လူတွေအများကြီး ခေါ်သွား ၊ ခွန်အားတိုးအောင်လုပ်ပြီး ငါ့ကို အဆင့်တွေရှင်းနိုင်အောင် မြန်မြန်လေးကူညီပေးဦး "

"အဲဒီလေ့ကျင့်ခန်းတွေကို ရွှမ်းဟွမ်တားမြစ်နယ်မြေမှာ လုပ်ရင် ခွန်အားအမြန်ဆုံးတိုးလာနိုင်တာလား"

ကျင်းလီသည် ရှင်းသလိုလိုနှင့် ရှုပ်နေ၏ ။

"ဟုတ်တယ်၊ ဘာလို့ မင်းကို လိမ်ရမှာလဲ။ ဒါပေမဲ့ သတိထားပါ၊ ဒီလေ့ကျင့်ခန်းတွေကို အရမ်းအများကြီးလုပ်ရင် ဆံပင်ကျွတ်နိုင်တယ်"

ကျင်းလီသည် အနည်းငယ် ပဟေဠိဖြစ်နေဆဲပင် ရှိသေးသည်။

စိတ်ပိုင်းဆိုင်ရာအရ သူမသည် ကျိယွမ်၏ စကားများကို ယုံကြည်သည် ။ သို့သော်လည်း ယုတ္တိဗေဒနှင့် ဆင်ခြင်တုံတရားအရ သူမက ကျိယွမ်သည် အဓိပ္ပါယ်မရှိသော စကားများ ပြောနေသည်ဟု ခံစားရပြန်သည်။

ဆံပင်ကျွတ်ခြင်းဆိုသော ဘေးထွက်ဆိုးကျိုးနှင့် ပတ်သက်၍မူ သူမက အာရုံမစိုက်ခဲ့ချေ ။

ကျင့်ကြံမှုတိုးတက်ခြင်းနှင့် နှိုင်းယှဥ်လျှင် ထိုအရာက မပြောပလောက်ပေ ။

သို့သော် ခဏတာ စဥ်းစားပြီးနောက် သူမ၏ နီဆွေးသော နှုတ်ခမ်းများကို ကိုက်လိုက်ကာ၊ "ကျေးဇူးတင်ပါတယ်"ဟု စာပြန်လိုက်၏ ။

"ငါ အခု ထွက်မှရတော့မယ်၊ အရမ်းနောက်ကျနေပြီ"

ထိုစာကိုမြင်သောအခါ ကျင်းလီစိတ်ဝင်စားသွားသည် ။

"ဘယ်ကိုသွားမလို့လဲ"

"ကျိစယ်တောင်ထွတ်ကိုလေ၊ ငါက ရှန်ကွမ်း ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါ"

ကျိယွမ်က ထိုသို့ပြောပြီးနောက် အိပ်ရန်အတွက် ဂိမ်းထဲမှ လော့ခ်အောက် လုပ်လိုက်တော့သည်။

ကျင်းလီသည် ကျိယွမ်ပြောသောနေရာကို မှတ်သားထားလိုက်၏ ။

"ရှန်ကွမ်းဂိုဏ်း၊ ကျိစယ်တောင်ထွတ်လား။ အဲဒါ ဘယ်မှာပါလိမ့်"

ကျင်းလီ တီးတိုးလေး ရေရွတ်သည်။

သို့သော်လည်း ကျိယွမ်ပြောခဲ့သော ခွန်အားတိုးတက်စေသည့် နည်းစနစ်များကို ပြန်တွေးမိသောအခါ သူမလေးနက်သွား၏ ။

နည်းလမ်းအားလုံးက ရယ်စရာကောင်းသလို အဓိပ္ပါယ်လည်း မရှိဟု ခံစားရသည် ။ သိူ့သော် ကျိယွမ်ကို ယုံကြည်သဖြင့် ထိုအတိုင်းလုပ်ရန် ဆုံးဖြတ်လိုက်သည် ။

"တစ်ယောက်ယောက်လာစမ်း ၊ မဟာစစ်သူကြီးအိမ်တော်ကို သွား"

----------------

ညသည် တဖြည်းဖြည်း နက်လာသည်။

လှည်းတစ်စင်းသည် ရွှမ်းဟွမ်းတားမြစ််မြေ အပြင်ဘက်တွင် ရပ်တန့်သွားသည်။

လှည်းထဲတွင် ကျင်းလီ ယုံကြည်ရသော နောက်လိုက်များဖြစ်သည့် ဒေါ်လေးချင်နှင့် အခြားသစ္စာရှိနောက်လိုက်များ ပါဝင်၏။

သူတို့သည် တစ်နေ့တာလုံးနှင့် ညလုံးပေါက် လုံး မရပ်နားဘဲ ခရီးဆက်ခဲ့ကြခြင်းပင် ။

ပင်ပန်းသောအခါတွင် ဧကရီကျင်းလီသည် လှည်းထဲ၌ပင် အိပ်စက်ခဲ့သည်။

လှည်းပေါ်မှဆင်းပြီးနောက် ကျင်းလီသည် သူမရှေ့တွင်ရှိနေသော လူသုံးဆယ်ခန့်ကို အလေးအနက်ထားသော မျက်နှာဖြင့် ကြည့်ကာ စတင်လိုက်သည် ။

"ငါပြောထားတာတွေကို နင်တို့အားလုံး မှတ်မိကြရဲ့လား"

ထိုလူသုံးဆယ်လုံးသည် သူမအတွက် အသက်ကိုပင်စွန့်ဝံ့ကြသည့် သစ္စာရှိ နောက်လိုက်များ ဖြစ်သည်။ ဒေါ်လေးချင်လည်း ထိုသူများထဲတွင် ပါဝင်နေသည်။

အားလုံးက ရိုသေစွာ တညီတညွှတ်တည်းခေါင်းညိတ်ပြကြ၏ ။

ဒေါ်လေးချင် သည် သူမ၏ လက်ထဲတွင် လှေကားတစ်စင်းကို ကိုင်ထားရင်း အနည်းငယ်စဥ်းစားကာ မေးသည် ။

"အရှင်မင်းကြီး ၊ တော်ဝင်ဆေးတွေကို ရွှမ်းဟွမ်းတားမြစ််နယ်မြေကနေ ရလာတာလား။ အရှင်မင်းကြီးက ရွှမ်းဟွမ်တားမြစ််မြေထဲကို ဝင်ရောက်တဲ့ နည်းလမ်းကို ကျွမ်းကျင်နေပြီနဲ့တူတယ်"

သူမရှေ့တွင်ရှိနေသော တားမြစ်နယ်မြေ၏ ကြောက်မက်ဖွယ်တားမြစ်စည်းကို ကြည့်ရင်း ဒေါ်လေးချင်သည် အတွင်းသို့ မည်သို့ဝင်ရမည်ကို သိချင်နေသည်။

သူမ၏ လက်ထဲတွင်ရှိသော လှေကားသည် မည့်သည်နေရာတွင် အသုံးချရမည်နည်း ။ လှေကားဖြင့်ကျော်တတ်စရာ နေရာကိုလည်း သူမ မတွေ့မိပါ ။

"အားလုံး ၊ လှေကားတစ်စင်းစီ သယ်ပြီး ရွှမ်းဟွမ်ထဲကို အတူတူဝင်ကြပါ။ ဘာကောင်နဲ့ပဲတွေ့တွေ့ လှေကားကို လွှတ်မချချမိစေနဲ့ ၊ အဲဒါကို ကြပ်ကြပ်သတိရပါ"

"ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး"

နောက်လိုက်များသည် နားမလည်သော်လည်း ကျင်းလီ၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ကြသည်။

အားလုံးက စကားမပြောကြသော်လည်း သူတို့၏ မျက်နှာများတွင် မေးခွန်းများ ပြည့်နှက်နေသည်။

တော်ဝင်အစောင့်တပ်မှူး ဟွာရှင်းသည် ၄င်းတို့၏အမူအယာများကို မြင်သောအခါ မပြုံးဘဲ မနေနိုင်တော့ချေ ။ သူမသည်လည်း ရွှမ်းဟွမ်တားမြစ််မြေထဲသို့ ဤနည်းလမ်းဖြင့် ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့စဥ်က ထိုသူများကဲ့သို့ပင် စိတ်ရှုပ်ထွေးခဲ့ရသည်မဟုတ်ပါလား ။

"အင်း-- သူတို့သာ အထဲရောက်သွားရင် ၊ ဖြစ်သွားမဲ့ မျက်နှာအမူအယာတွေကတော့ တော်တော်ရယ်ရမှာ "

သူမထင်ထားသည့်အတိုင်းဖြစ်လာ၏ ။

လှေကားများ သယ်ဆောင်လာသူ အားလုံးသည် မည်သည့် အတားအဆီးမျှမရှိဘဲ တားမြစ်််​နယ်မြေထဲသို့ ဝင်ရောက်နိုင်ခဲ့သည် ။

အားလုံးမှာ ပြောစရာစကားများပင် ပျောက်ဆုံးသွားသလိုဖြစ်ကာ လှေကားများကိုတစ်လှည့် တားမြစ်စည်းကိုတစ်လှည့်ကြည့်ကာ အံ့သြနေကြကုန်၏ ။

ထိုမြင်ကွင်းကို မြင်ရသောအခါ ဟွာရှင်း ကျေနပ်စွာ ပြုံးလိုက်သည်။

"လှေကားသယ်လာရင် ရွှမ်းဟွမ်တားမြစ််နယ်မြေ ထဲကို အစည်းအတားမရှိ ဝင်ခွင့်ရတယ်တဲ့။ ဒီအချက်ကို မိတ်ဆွေတစ်ယောက်က ငါ့ကိုပြောပြခဲ့တာ ၊၊ ဒီကိစ္စကို လုံးဝ ပေါက်ကြားလို့ မရဘူး"

"သဘောပေါက်ပါပြီ"

သစ္စာရှိနောက်လိုက်များသည် ယခုကိစ္စ၏ လေးနက်မှုကို နားလည်ကြသော်လည်း

သူတို့အားလုံးသည် မယုံနိုင်သလို ခံစားနေရဆဲပင် ရှိသည်။

ရွှမ်းဟွမ်တားမြစ််မြေထဲသို့ နှစ်ထောင်ပေါင်းများစွာကြာအောင် မည်သူမျှ မဝင်ရောက်နိုင်ခဲ့ပေ။

ထိုမျှပြင်းထန်သောနေရာက လှေကားတစ်ချောင်း သယ်လာရုံဖြင့် မည်သူမဆို အလွယ်လေးဝင်နိုင်သည်တဲ့လား ။

နှစ်ထောင်ပေါင်းများစွာအတွင်း မည်သူမျှ ဤနည်းလမ်းကို ကြိုးစားခဲ့ဖူးပုံမရပေ ။

သို့သော် မည်သည့်ဧကရာဇ်အဆင့် ကျွမ်းကျင်သူမဆို အမြင့်သို့တက်ရန် လှေကားမလိုပါ ။ သူတို့က ပေပေါင်းများစွာ ကို တစ်ချက်တည်းဖြင့် ခုန်တတ်နိုင်နေမှတော့ အလုပ်ရှုပ်ခံပြီး သွားလေရာမှာလှေကားကို သယ်ဆောင်နေမည်မဟုတ်ပေ ။

ကျင့်ကြံခြင်းလောကတွင် အပေါ်တတ်ရန် လှေကားကြီးထမ်းလာသော သိုင်းသမားကို မည်သူမြင်ဖူးသနည်း ။

သူတို့သည် တစ်ယောက်မျက်နှာ တစ်​​ယောက်ကြည့်ကာ ပဟေဠိဖြစ်နေကြသည်။

တားမြစ်နယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် သူတို့အဖွဲ့သည် ပိုမိုနက်ရှိုင်းသောနေရာသို့ ဆက်သွားကြသည်။

ကျင်းလီက ထပ်မံသတိပေး​လိုက်၏ ။

"လှေကားကို ဆက်သယ်ထား၊ လွှတ်မချမိစေနဲ့။ ခရီးလမ်းမှာ ငါသင်ပေးခဲ့တဲ့ လေ့ကျင့်ခန်းတွေကို မှတ်မိကြရဲ့လား"

"ဟုတ်ကဲ့ပါ"

"ကောင်းတယ် ၊ အဲဒါဆို အခုလူတွေအကုန်စုလိုက် ၊ ငါတို့ အခု ဒီနေရာမှာ အဲဒီလေ့ကျင့်ခန်းတွေကို လုပ်မယ် "

"ရှင်-"

"ခင်ဗျာ ---"

ထိုနေရာရှိ လူတိုင်းသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။သူတို့က ဧကရီအား မမြင်ဖူးသလို ကြည့်နေကြ၏ ။

ဒေါ်လေးချင်ပင် ချွင်းချက်မဟုတ်ပါ ။ သူမက ဧကရီကျင်းလီကို ကပျာကယာ မေးလိုက်၏ ။

"အရှင်မင်းမြတ် ၊၊ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ"

"ဒေါ်လေးချင် ၊ ကျွန်မကို ယုံကြည်လား"

ကျင်းလီ၏မျက်နှာက လေးနက်​နေသောကြောင့် ဒေါ်လေးချင် စောဒကတတ်ရန်ခက်သွားလေ၏ ။

"ဟုတ်ကဲ့ ၊ အရှင်မင်းမြတ် ပြောတာကို ကျွန်မ ယုံကြည်ပါတယ်"

" တားမြစ်နယ်မြေထဲမှာ ဒီလေ့ကျင့်ခန်းတွေကို လုပ်ခိုင်းတာက..."

ကျင်းလီက ကောင်းကင်ကို မော့ကြည့်ပြီး ခိုင်မာစွာပြောလိုက်သည် ။

"ဒါက ကျွန်မတို့ရဲ့ ကျင့်ကြံမှုတွေကို မြန်မြန်တိုးတက်စေနိုင်လို့ပဲ"

"ရှင်"

"ကျင့်ကြံမှု တိုးတက်တာလား"

သစ္စာရှိ နောက်လိုက်များမှာ ဧကရီ၏အမိန့်များကို ယခုထိ နားမလည်ကြသေးသော်လည်း မဝေဖန်ရဲကြပါ ။

ထိုစကားကိုသာ အခြားသူတစ်ဦးက ပြောခဲ့လျှင်တော့ သူတိူ့က ချက်ချင်း အားရပါးရရယ်မောမိမှာ သေချာ၏ ။ ယခုတော့ ပြောသူက ဧကရီဖြစ်နေသဖြင့် ရယ်၍လည်း မရပါ ။ထို့အတူ နားလည် မလည်ပါ ။

သူတို့က ငို၍ရယ်၍ မရသောမျက်နှာကြီးများ ဖြစ်နေကြတော့သည် ။

ဒေါ်လေးချင်သည်လည်း အလားတူပင် ခံစားရသည်။

ထိုအရာက လှေကားသယ်ဆောင်ခြင်းထက်ပင် လက်ခံရန် ပိုခက်ခဲနေသည်။

ကျင့်ကြံမှုကသာ ထိုမျှရိုးရှင်းလွယ်ကူနေလျှင် ကမ္ဘာကြီးတစ်ခုလုံး၌ အဆင့်မြင့်ကျင့်ကြံသူများဖြင့် ပြည့်နှက်နေမည် မဟုတ်ပါလား ။

ဒေါ်လေးချင်က မယုံကြည့်သော်လည်း ဧကရီ၏စကားကို မပယ်ရှားလိုသဖြင့် မယုတ်မလွန်မေးလိုက်၏ ။

"ဒီကျင့်ကြံနည်းကတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ ။ အရှင်မင်းမြတ် ဘယ်ကနေ သင်ယူခဲ့လဲ မသိဘူး"

"အဲဒီမိတ်ဆွေကပဲ ပြောပြခဲ့တာပါ"

ကျင်းလီက မဖုံးကွယ်ဘဲ ဖြေခဲ့သည်။

"ကြည့်ရတာ အဲဒီပုဂ္ဂိုလ်ကြီးက သူ့ဘဝကို ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ အစွမ်းထက် ကျင့်ကြံသူဖြစ်မယ် ထင်ပါတယ်"

ဒေါ်လေးချင်က တီးတိုးမှတ်ချက်ပြုပြီးနောက်၊ ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ဆက်ပြော၏ ။

" "ဒါဆိုရင်လည်း အိုမင်းနေတဲ့ ဒီအဘွားကြီးပဲ ပထမဆုံးစမ်းကြည့်လိုက်ပါ့မယ် "

သူမကလှေကားကို ကိုင်ထားရင်းမှ လေ့ကျင့်ခန်းကို စတင်လုပ်ဆောင်၏ ။

ထိုနေရာရှိ လူတိုင်းသည် သူတို့လုပ်နေသည်များကို ရပ်တန့်လိုက်ပြီး ဒေါ်လေးချင်ကို သနားသလို ကြည့်နေမိကြသည်။

-----

All Chapters