ရှေးဟောင်း စီးချောင်သစ်ပင်
Vol. 2 Ch. 24
စိတ်တိုင်းကျ သတ်ဖြတ်အပြီးတွင် ကျိယွမ်သည် တွင်းတစ်တွင်းကို တူး၍ သူ့ကိုယ်သူ မြှုပ်နှံခဲ့သည်။
"နောက်ထပ် ဆယ်ရက်လောက်ဆိုရင်ငါ အဆင့် ၉၀ ကို ရောက်လောက်ပြီ။ အဆင့် ၉၀ မှာ ဘယ်လို အကြီးစားကျွမ်းကျင်မှုစွမ်းရည်မျိုး နိုးထလာမှာပါလိမ့် "
ကျိယွမ်သည် အလွန် မျှော်လင့်နေ၏။
"ငါ အဆင့် ၉၀ ကို ရောက်တာနဲ့၊ ရိကွမ်းတားမြစ်နယ်မြေကို ရှင်းလင်းနိုင်မှာ သေချာတယ် ။ အဲဒီအချိန်ရောက်ရင် ဘယ်လိုအထူးစွမ်းရည်အသစ်တွေလည်း ထပ်ပြီးနိုးထလာမလား မသိဘူး"
ကျိယွမ်၏ အတွေးများသည် ဟိုဟိုဒီဒီ လွင့်မျောနေသည်။
သူဂိမ်းကျောက်ပြားကိုရကာစက မည်သည့်စွမ်းရည်မှ မရှိသေးပေ ။ထို့နောက် ဂိမ်းထဲသို့ ဝင်နိုင်သောအခါတွင် သူ၏မျက်လုံးများက ပြောင်းလဲသွားပြီး ပုန်းကွယ်နေသော အချက်အလက်များကို မြင်နိုင်သည့်စွမ်းရည်ရလာခဲ့သည်။
အကယ်၍ သူသာလက်ရှိဂိမ်းအဆင့်တစ်ခုကို ရှင်းလင်းနိုင်ခဲ့ပါက အခြားပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်လော။
"ဒီတစ်ခါ ငါအကြားစွမ်းရည်များ ရလာမလား ၊ အခြားသူတွေ မကြားနိုင်တဲ့ တီးတိုးသံတွေကို ကြားနိုင်တာတို့ ၊ လူသားတွေနားမလည်တဲ့ အသံတွေကို နားလည်တဲ့စွမ်းရည်တို့များ ရလာမလား"
ကျိယွမ်က ဖြစ်နိုင်ချေများကို မှန်းဆနေ၏ ။
"ဒါမှမဟုတ် အနံ့ခံကောင်းအောင် ခွေးလိုနှာခေါင်းရှည်ရှည်ကြီး ပေါက်လာရင် ဘယ်လိုလုပ်မလဲ"
ကျိယွမ်သည် စိတ်ကူးယဉ်ကာ အကုန်လျှောက်တွေးနေတော့သည် ။
သူက တွင်းထဲတွင် လှဲလျောင်းနေစဥ် မက်ဆေ့ချ်တစ်စောင် ရောက်လာ၏။
"ကျိယွမ် ၊ ကျေးဇူးတင်ပါတယ်။ ဒီနေ့ ဒေါ်လေးချင်က နန်ဖန်းတိုင်းပြည်ရဲ့ မင်းဆရာကို အနိုင်ယူလိုက်ပြီ ၊ဒေါ်လေးချင်က သူ့ရဲ့ ဧကရာဇ်အဆင့်စွမ်းအားကို ထုတ်ပြလိုက်တော့ စစ်မာတျန်းရဲ့ မျက်နှဖြစ်ပျက်သွားပုံက အားရစရာတော်တော်ကောင်းတယ်"
သူမကတကယ် ပျော်ရွှင်နေပုံရ၏ ။
"ကောင်းတာပေါ့၊ မင်းလည်း အလုပ်တွေ အတော်များများ ပြီးသွားပြီပဲ။ မြန်မြန်ပြီးအောင်လုပ်၊ ဒါဆို ငါတို့ တွေ့နိုင်ပြီ။
ဒါနဲ့၊ တွေ့မယ့်နေရာကို ဆုံးဖြတ်ထားပြီးပြီလား"
ကျိယွမ်က စိတ်ထဲ ပေါ်လာသည်ကို ပြောလိုက်သည်။
တစ်ဖက်တွင် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီး ပြန်စာတစ်စောင် ရောက်လာရန် အချိန်အတော်ကြာခဲ့သည်။
"ရှေးဟောင်း စီးချောင်သစ်ပင် အောက်မှာဆိုရင်ရော၊ ရှင်ဘယ်လိုသဘောရလဲ"
ကျင်းလီက တုန့်ပြန်လာသည် ။
ရှေးဟောင်း စီးချောင်သစ်ပင်သည် ဝမ်ယုကုန်းမြေတိုက်ကြီးပေါ်ရှိ ဒဏ္ဍာရီအဆန်ဆုံး နာမည်ကျော် သစ်ပင်ဖြစ်သည်။
ရှေးဟောင်းသစ်ပင်သည် ကောင်းကင်သို့ ထိုးဖောက်နေပြီး အမြင့်မည်မျှရှိသည်ကို မသိရပေ။ သစ်ပင်၏အပေါ်၌ ရပ်နေပါက ကြယ်များကိုပင် ဆုပ်ကိုင်နိုင်သည်ဟု ဒဏ္ဍာရီတွင် ဆိုထားသည်။
စီးချောင်ရှေးဟောင်းသစ်ပင်ကို နတ်ဘုရားတစ်ပါးက စိုက်ပျိုးခဲ့သည်ဟုလည်း ဆိုကြသည်။ ထိုနတ်ဘုရားသည် ကောင်းကင်ဘုံနတ်ဆိုးတစ်ကောင်ကို တိုက်ခိုက်ရန် မသွားမီ သူ၏ခြံထဲတွင် ရှေးဟောင်းသစ်ပင်တစ်ပင်ကို စိုက်ပျိုးခဲ့ပြီး ထိုသစ်ပင်အမြင့်ပေ သုံးကျန်း ရောက်သည့်အခါ သူပြန်လာမည်ဟု သူ၏ဇနီးကို ပြောခဲ့လေသည်။
( 丈 zhang ကျန်း = တရုတ်ရိုးရာအလျားအတိုင်းအတာ )
ထို့နေ့မှစ၍ သူ၏ဇနီးသည် ရှေးဟောင်း စီးချောင်သစ်ပင်အောက်တွင် ယောက်ျားဖြစ်သူကို နေ့စဥ်တမ်းတကာ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့သည်။
လူတစ်ဦး၏အရပ်အမြင့်ရှိသော သစ်ပင်သည် အမြင့်ပေသုံးကျန်းအထိ ရောက်ရှိလာခဲ့သော်လည်း သူမ ချစ်မြတ်နိုးရသူက ပြန်ရောက်မလာခဲ့ပေ ။
နောက်ပိုင်းတွင် ထိုသစ်ပင်သည် အမြင့်ပေ ကျန်းသုံးဆယ်၊ ထို့နောက် ကျန်းသုံးရာ ၊ ထို့နောက် ကျန်းသုံးသောင်းအထိပင် မြင့်မားလာခဲ့သည်။
ဇနီးသည်က သူမဘဝ၏ နောက်ဆုံးအချိန်ထိစောင့်စားနေခဲ့သော်လည်း သူမ၏ခင်ပွန်းပြန်လာသည်ကို မမြင်တွေ့သွားခဲ့ရရှာပါ ။
ရှေးဟောင်း စီးချောင်သစ်ပင်သည် ဝမ်ယုကုန်းမြေတိုက်ကြီးပေါ်ရှိ အထူးခြားဆုံး ဒဏ္ဍာရီဆန်သည့် သစ်ပင်ဖြစ်လာခဲ့သည်။
"ရှေးဟောင်းစီးချောင်သစ်ပင်လား"
ကျိယွမ် အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် ထိုသစ်ပင်မျိုးကို မြင်ဖူးပါသည် ။ ကျိစယ်တောင်ထွတ်၏ထိပ်တွင် တစ်ပင်ရှိသောကြောင့် ဖြစ်သည်။
သို့သော် ရှေးဟောင်းစီးချောင်သစ်ပင်ကို သူ က မည်သည်နေရာတွင် ရှာနိုင်မည်နည်း။
"ရှေးဟောင်းစီးချောင်သစ်ပင်က ဘယ်နားမှာလဲ"
ကျင်းလီ၏ လှပသောမျက်ခုံးများ ကျုံ့သွားရသည်။ သူမက နန်းဆောင်ထဲမှ ထွက်လာပြီး အဝေးသို့လှမ်းကြည့်လိုက်ရာ ဧရာမသစ်ပင်ကြီး၏ ပုံရိပ်သည် သူမ၏အမြင်အာရုံထဲသို့ ဝင်လာသည်။
ဝမ်ယုကုန်းမြေတိုက်ကြီးပေါ်တွင် ရှိသူမှန်သမျှ မည်သည့်နေရာတွင် ရောက်နေပါစေ အဝေးသို့လှမ်းကြည့်လိုက်သည့်အခါတိုင်းရှေးဟောင်းစီးချောင်သစ်ပင်ကို လှမ်း၍မြင်နိုင်သည်။
ရှေးဟောင်းသစ်ပင်သည် ကောင်းကင်သို့ ထိုးဖောက်နေပြီး ကြယ်များသည် ၎င်း၏အရွက်များပေါ်တွင် အစက်အပြောက်များကဲ့သို့ တောက်ပနေ၏ ။
"အပြင်ကိုထွက်ပြီး အနောက်တောင်ဘက်ကို ကြည့်လိုက်ပါ။ အပေါ်မှာရှင်မြင်ရတဲ့ ဧရာမသစ်ပင်ကြီးက ရှေးဟောင်းစီးချောင်သစ်ပင်ပဲလေ "
ကျိယွမ် ခေါင်းကုတ်လိုက်မိသည် ။
သူသည် တွင်းထဲမှ ပြန်ထွက်လာပြီး ကျင်းလီပြောသလို အနောက်တောင်ဘက်သို့ လှမ်းကြည့်၏ ။
အနောက်တောင်ဘက်တွင် ကောင်းကင်သို့ ထိုးဖောက်နေသော ဧရာမ ရှေးဟောင်းသစ်ပင်တစ်ပင်ကို သူမြင်လိုက်ရသည်။ ၎င်း၏ထိပ်ဖျားတွင် ကြယ်များသည် သစ်သီးများအလား လင်းလက်နေကြသည်။
"မင်းပြောနေတဲ့ ရှေးဟောင်းစီးချောင်သစ်ပင်က အဲဒါလား။ တကယ်ကို ကြီးတာပဲ။ နောက်ထပ် နည်းနည်းလေး ပိုမြင့်လာရင် ကောင်းကင်မှာရှိတဲ့ ကြယ်တွေကိုတောင် ထိတော့မယ်လို့ ခံစားရတယ်"
"အဲဒီအချိန်ကျရင် ငါက အကင်တချို့လုပ်ခဲ့မယ်၊ မင်းက ဝိုင်ကောင်းကောင်းတချို့ ယူလာခဲ့လေ ၊ ငါတို့ ရှေးဟောင်းစီးချောင်သစ်ပင်အောက်မှာ စခန်းချကြမယ်။ ဒါဟာ အတော်လေးကို ကြည်နူးဖို့ကောင်းတဲ့ အတွေ့အကြုံ ဖြစ်လာလိမ့်မယ်"
ကျိယွမ်ကတွင်းထဲသို့ လျှင်မြန်စွာ ပြန်ဝင်ရင်း အကြံပြုသည် ။
"ဟုတ်တာပေါ့"
သို့သော် ကျင်းလီ၏ မျက်နှာလေးမှာ ဝေခွဲမရဖြစ်နေပုံရ၏ ။သူမက စိတ်အေးလက်အေး မပျော်နိုင်သေးပါ။
ယနေ့ ဒေါ်လေးချင်သည် ကြီးမားသောအောင်ပွဲကို ရယူနိုင်ခဲ့သည် ။
သူမသည် စစ်မာတျန်း၏ နောက်လိုက်များကို ရှင်းလင်းရန် အခွင့်အရေးရှာခဲ့သော်လည်း မအောင်မြင်ခဲ့ပါ ။
စစ်မာတျန်းမကျရှုံးသေးသရွေ့ သူမ၏တိုက်ပွဲက မပြီးဆုံးသေးဟု သူမသေသေချာချာ သိနေသည်။
သူ၏ပတ်ဝန်းကျင်တွင် မမြင်ရသောအန္တရာယ်များစွာ ရှိနေဆဲသာဖြစ်လေသည်။
---------------
ရှန်ကွမ်းဂိုဏ်းတွင်ဖြစ်သည် ။
ကျိယွမ်သည် ဓားတစ်ချောင်းကို ကြိုးဖြင့်ဆွဲ၍ လမ်းလျှောက်နေသည်၊ ပို၍တိကျစွာဆိုရသော် မီးဖိုချောင်သုံးဓား တစ်ချောင်း ဖြစ်သည်။
ထိုအချိန်တွင် အသင်္ချေနိယာမတောင်ထွတ် မှ တပည့်တစ်ဦးက ကျိယွမ်ကိုနှုတ်ဆက်သည်၊
"ဂိုဏ်းတူအစ်ကိုကြီး၊ မနက်ဖြန်ဆို အုတ်မြစ်တည်ဆောက်ခြင်းအခမ်းအနား ရောက်ပြီလေ ၊အစ်ကိုကြီးကအခုထိ အိမ်မွေးတိရစ္ဆာန်နဲ့ လမ်းလျှောက်နေတုန်းပဲလား"
ကျိယွမ်က လမ်းလျှောက်နေသည်ကို မရပ်ဘဲ အဖြေပေးခဲ့၏ ။
"ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန်က မကြာခင်မှာ ကိုယ်ပိုင်စိတ်ဝိညာဥ်ရတော့မှာ ၊ ဒါကြောင့် ငါ ပေါ့ဆလို့မရဘူး။ အပြင်ထွက်တိုင်း လမ်းလျှောက်ဖို့ ခေါ်သွားရမယ်"
သူ၏ အဖြေကို ကြားသောအခါ ထိုတပည့်က အောင့်သက်သက်ဖြင့် ချီးမွမ်းလိုက်သည် ။
"ဂိုဏ်းတူအစ်ကိုကြီးက တကယ့်ကို ထူးချွန်ပါပေတယ်"
ကျိယွမ်သည် သူ၏ကြက်သွန်လှီးဓားကို အလွန်အလေးအနက်ထား၍ ဆက်လက်လမ်းလျှောက်နေသည်။
နောက်တွင်ကျန်ခဲ့သော ဂိုဏ်းတပည့်အချို့သည် ခေါင်းငုံ့၍ တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။
"ဒီကျိစယ်တောင်ထွတ်ကလူက တကယ့်ကို အေးဆေးပဲ ။ မနက်ဖြန် အရေးကြီးတဲ့ ပြိုင်ပွဲကြီးရှိတာတောင် သူ့အိမ်မွေးတိရစ္ဆာန်ကို လမ်းလျှောက်ခေါ်ဖို့ စိတ်ကူးရှိနေသေးတယ်၊ ပြီးတော့ ဘာမှအသုံးမကျတဲ့ မီးဖိုချောင်သုံးဓားကွာ ၊ ကြက်သွန်လှီးဓားကြီး "
"ငပိသည်ကအိပ်ပြီး ဆားသည်ကယင်ကောင် မောင်း ဆိုသလိုဖြစ်နေပြီ ၊ မင်းအဲဒီလောက် စိတ်ပူနေရင် ရှန်ကွမ်းဂိုဏ်းကို ကိုယ်စားပြုပြီး ပြိုင်ပွဲဝင်ဖို့ ဘာလို့မသွားတာလဲ"
"အမ်၊ ငါ့ရဲ့ ကျင့်ကြံမှုက မကောင်းလို့လေ"
"ဒီပြိုင်ပွဲကို အနိုင်ရရှိသူအတွက် ထိပ်တန်းအဆင့်တစ် စိတ်ဝိညာဉ်ပစ္စည်းကို ရမှာတဲ့ ၊ အဝါရောင်ပန်းသီးဆိုလား ကြားမိတယ်"
"ထိပ်တန်းအဆင့်တစ် စိတ်ဝိညာဉ်ပစ္စည်းလား ၊ ဘယ်သူပဲ အနိုင်ရရ ၊ ရတဲ့သူကတော့ စိတ်ဝိညာဥ်အုတ်မြစ်ကို ဖွဲ့စည်းနိုင်မှာ သေချာတယ် ၊ အနာဂတ်မှာသူတို့ဟာ သာရှန်းတိုင်းပြည်မှာမကဘူး ၊အခြားတိုင်းပြည်တွေမှာပါ နာမည်ကြီး ပါရမီရှင်တွေ ဖြစ်လာမှာသေချာတယ်"
" စိတ်ဝိညာဉ်အုတ်မြစ်တောင် အဲဒီလောက် အစွမ်းထက်တယ်ဆိုရင် မြေကမ္ဘာသွေးကြောအုတ်မြစ်တို့ ၊ ဒါမှမဟုတ် ကောင်းကင်ဘုံတာအိုအုတ်မြစ်တို့ဆိုရင် ဘယ်လောက်တောင် ခမ်းနားကြမ်းတမ်းမလဲ"
"စဉ်းတောင်မစဉ်းစားနဲ့။ အဲဒီလိုလူမျိုးတွေကို ငါတို့ တစ်ခါမှ တွေ့ရမှာ မဟုတ်ဘူး"
လူတိုင်း အားငယ်စွာ သက်ပြင်းချလိုက်ကြပြီး စကြဝဠာ၏ကျယ်ပြောမှုနှင့် သူတို့၏ သေးငယ်မှုတို့ကို ခံစားမိနေကြသည်။
ထိုအချိန်တွင် ယောကျာ်းလေးတပည့်တစ်ဦးက သွားများကိုစေ့၍ အံကြိတ်လိုက်၏ ။
"မဟူရာတောင်တန်းဂိုဏ်းက ချူကျန်း လည်း ဒီကိုလာလိမ့်မယ်လို့ ငါကြားတယ်"
"သူ လာရဲတယ်လား"
"ဘယ်လိုများ လာရဲရတာလဲ ၊၊ မကြာသေးခင်ကပဲ မဟူရာတောင်တန်းဂိုဏ်းက အကြီးအကဲတစ်ဦးက ကျန်းကျိဟောင်ကို ဒဏ်ရာရအောင် လုပ်ခဲ့တာ၊ သူတို့ အခုချိန် ဒီကို လာရဲသေးတယ်ပေါ့"
"ငါတို့ဂိုဏ်းက အမျိုးသမီးတပည့်တွေ သတိထားရမယ်၊ မဟုတ်ရင်... မဟုတ်ရင်..."
အမျိုးသမီးတပည့်အချို့၏ မျက်နှာများ ဖြူဖတ်ဖြူလျော်ဖြစ်သွားကြ၏ ။ ချူကျန်းကို အလွန်ကြောက်ရွံ့နေကြပုံပေါ်သည်။
"ဟွန့်၊ ဒါကသာ့ရှန်းတိုင်းပြည်ရဲ့ အဓိက ဂိုဏ်းကြီးသုံးခုထဲက တစ်ခုဖြစ်တဲ့ ရှန်ကွမ်း ဂိုဏ်းပဲ။ မဟူရာတောင်တန်းဂိုဏ်းက လုပ်ချင်တိုင်း လုပ်လို့ရမလား "
တပည့်မတစ်ဦးက ဒေါသကြီးစွာ တုန့်ပြန်သည်။
ရှန်ကွမ်းဂိုဏ်းတပည့်အားလုံးသည် မဟူရာတောင်တန်းဂိုဏ်းကို တညီတညွတ်တည်းဒေါသဖြစ်နေကြသော်လည်း အကူအညီမဲ့နေသလို ခံစားနေကြရ၏ ။
သူတို့အားလုံး၏နှလုံးသား၌ ဆူးညှောင့်တစ်ခုလို အမြစ်မှဆွဲထုတ်ပစ်ချင်နေသည် ။
အဝေးသို့ရောက်သွားသော ကျိယွမ်ကတော့ ထိုလူများ ပြောနေသည်ကို မကြားလိုက်ရပေ။
သူသည် ဓားကို လမ်းလျှောက်ပေးရင်း ကျိစယ်တောင်ထွတ်သို့ ဖြည်းဖြည်းချင်း ပြန်လာခဲ့သည်။
"ဟောဗျာ၊ မင်းက ဘာလို့ အခုထိ ကိုယ်ပိုင်ဝိညာဥ်မရသေးတာလဲ ၊ ငါတော်တော် ညောင်းနေပြီကွ "
ကျိယွမ်သည် ဓားကို ရိုက်ပုတ်ချင်ပစ်သော်လည်း သူ့လက်ကို ဖြတ်မိမည်ကို စိုးရိမ်သည်။
အကြီးမားဆုံးသော စိုးရိမ်မှုမှာ ဓားကို တုံးအ" သွားစေမည်ကို ဖြစ်သည်။
ကိုယ်ပိုင်ဥာဏ်တော့ရပါရဲ့ ၊ ဓားက တုံးအ' ပြီးမိုက်မဲသွားရင် ဘယ်လိုလုပ်မလဲ။
"ဒါပေမဲ့ ဒီတစ်ရက် နှစ်ရက်အတွင်းမှာတော့ ဖြစ်လာမှာပါ။ ဒီညတောင် ဖြစ်နိုင်တယ်"
သူသည် ခြံထဲသို့ ပြန်လာပြီး ဓားကို တိုင်တစ်ခုတွင် ချည်နှောင်ထားလိုက်သည်။
လွှတ်ပေးထားလို့မရဘူး ။ ဒီကောင်က ဆိုးလာနိုင်တယ် ။
"ဒီညတော့ ငါ ဂိမ်းကို မြန်မြန်ကစားပြီး စောစောအိပ်ရမယ် ။ မနက်ဖြန် အဲဒီ ရယ်စရာကောင်းတဲ့ အုတ်မြစ်တည်ဆောက်ခြင်းဆိုတာကြီးကို တက်ရဦးမယ် ၊ တော်တော် စိတ်ညစ်စရာကောင်းတယ် "
ကျိယွမ်သည် လူအများနှင့် ဆက်ဆံရမည်ကိုအလွန် စိုးရိမ်ထိတ်လန့်နေသည်။
သူသည် ဂိမ်းထဲမှ စကားမပြောတတ်သော မကောင်းဆိုးရွားများနှင့် ဆက်ဆံရသည်ကို ပိုနှစ်သက်ပြီး ၎င်းတို့အတွက် အသံသရုပ်ဆောင်ပင် လုပ်ပေးခဲ့သည်။
မနက်ဖြန်ကျင်းပမည့် အုတ်မြစ်တည်ဆောက်ခြင်းအခမ်းအနားတွင် သူသည် ရှန်ကွမ်းဂိုဏ်း၏ ကိုယ်စားပြုသူ ဖြစ်လာမည်ဖြစ်ပြီး အခြားဂိုဏ်းများမှ လူများကို ကြိုဆိုရမည်၊ သူတို့နှင့် အပြန်အလှန်ဆက်ဆံရမည်။ ဒီအကြောင်း တွေးရုံနှင့်ပင် တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်ရသည်။
"ငါ့ရဲ့ခန္ဓာကိုယ်သာ ကျယ်ပြောလှတဲ့ စကြဝဠာထဲက ကြယ်တစ်ပွင့် ဖြစ်နေပြီး ကောင်းကင်မှာ ငြိမ်ငြိမ်လေးနဲ့ ဘယ်သူ့ကိုမှ စကားပြောစရာမလိုဘဲ နေနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ"
မကျေမနပ်တွေးရင်း သူသည် ဂိမ်းထဲသို့ ဝင်သွားသည်။
သူဂိမ်းထဲသို့ရောက်နေသော ညအချိန်တွင် သူ၏ခြံဝင်းထဲမှ မီးဖိုချောင်သုံးဓားသည် ရုတ်တရက် ခုန်ထလာပြီး ၎င်းကို ချည်ထားသော ကြိုးကို ဖြတ်လိုက်သည်။
၎င်းသည် ကောက်ရိုးအိမ်အပြင်သို့ ထွက်ကာ ပတ်ဝန်းကျင်တွင် ရှာဖွေနေ၏ ။ သို့သော် စားစရာဟူ၍ ခြံဝန်းထဲတွင်ပေါက်နေသော မြက်အချို့ကိုသာ တွေ့လိုက်သည်။
ကြက်သွန်လှီးဓားက အလွန်ဆာလောင်နေသဖြင့် အနီးနားရှိ ကောက်ရိုးအိမ်လေးတစ်လုံးကို မျက်စိကျသွားသည်။
လရောင်အောက်တွင် ၎င်းက တိတ်တဆိတ်ချည်းကပ်သွားပြီး ကောက်ရိုးအိမ်လေးကို လောဘတကြီး ကြည့်နေသည်။ ၎င်းတွင် မျက်လုံးများသာရှိပါက တလက်လက်တောက်ပနေမှာ သေချာ၏ ၊
သို့သော် နောက်ဆုံးတွင် ၎င်းသည် ချီတုံချတုံဖြစ်ပြီး ထိုတဲအိမ်လေးအစား ခြံထောင့်မှ အမှိုက်ပုံကို စတင်မွှေနှောက်လေတော့သည် ။
နာရီဝက်ခန့်အကြာမှာတော့ ၎င်းသည် တဲအိမ်သို့ တိတ်တဆိတ် ပြန်လာပြီး သူ့ကိုယ်သူ ကြိုးဖြင့် ပြန်ချည်နှောင်ကာ သူမဟုတ်သလို ငြိမ်သက်နေလိုက်သည် ။
-------------