← Chapters

ကျန်းလင်းစု ၏ တောင်းဆိုချက်

Vol. 2 Ch. 25

ကျန်းလင်းစု ၏ တောင်းဆိုချက်

Vol. 2 Ch. 25

နံနက်ခင်း အရုဏ်တက်ချိန် ကျိစယ်တောင်ထွတ်ကို နေရောင်ခြည်နုနုက ထွန်းလင်းပေးနေသည်။

ကျန်းလင်းစုသည် အစိမ်းရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး အဝတ်အစားများ က ပိုးသားကဲ့သို့ လှုပ်ရှားနေသဖြင့် မြွေစိမ်းရောင်မိန်းမလှလေးကဲ့သို့ပင် ထင်မှတ်ရသည်။

သူမ၏ တက်ကြွသော မျက်လုံးများတွင် တော့ အိပ်ချင်စုံမွှားဖြစ်နေသည့် အရိပ်အယောင်လေးများ ရှိနေသေးသည်။ သူမက နားထင်မှ ဆံနွယ်များကို ဖယ်ရှားကာ အသက်ပြင်းပြင်း ရှူလိုက်၏ ။

သူမက နှမြောတသဖြစ်နေသည် ။

"မနေ့ညက ကျင်းယုံကျောက်စိမ်းတစ်ခု ပျောက်သွားတယ်ထင်တယ် ။ ဒါပေမဲ့ ရှန်ကွမ်းဂိုဏ်းမှာ ဒီပစ္စည်းမျိုး ဝယ်လို့မရတာက ကံဆိုးတာပဲ ”

ကျင်းယုံကျောက်စိမ်းဆိုသည်မှာ မီးညှိလိုက်သောအခါ မွှေးရနံ့များ ထွက်လာပြီးမျက်စိကို ကြည်လင်စေကာ စိတ်ကို ငြိမ်သက်စေသည့် စိတ်ဝိညာဥ်ရတနာတစ်မျိုးဖြစ်၏။

မနေ့က အိမ်စေရုပ်သေးသည် အိမ်ကို သန့်ရှင်းရေးလုပ်ရင်း အနည်းငယ်သာ သုံးရသေးသော ကျင်းယုံကျောက်စိမ်းပြားလေးကို အမှိုက်ပုံးထဲသို့ ပစ်လိုက်ခြင်း ဖြစ်သည်။

အတိတ်တုန်းကဆိုလျှင် သူမသည် ထိုမျှလောက်ကို ဂရုစိုက်မည် မဟုတ်ပါ။ သို့သော်ရှန်ကွမ်းဂိုဏ်းတွင် ထိုအရာမျိုးကို အစားထိုးဝယ်မရဖြစ်နေသဖြင့် အခက်တွေ့နေရသည် ။

နောက်ဆုံးတွင် သူမက ၄င်းကိုအမှိုက်ပုံတွင် ပြန်ရှာရန် ဆုံးဖြတ်လိုက်သည်။

သူမက အမှိုက်ပုံဆီသို့ သွား၏ ။အမှိုက်ပုံမှ အနံ့ဆိုးများကြောင့် နှာခေါင်းကို လက်မောင်းဖြင့်ပိတ်ထားရသည် ။

သူမက ကျောက်စိမ်းကို ရှာဖွေပေးရန် အခိုင်းစေရုပ်သေးကို ခေါ်မည်ဟု စိတ်ကူးနေစဥ်မှာပင် အမှိုက်ပုံကို မြင်လိုက်ရပြီးနောက် မျက်လုံးပြူးသွားလေသည် ။

“ဘယ်သူက ဒီအထဲကို မွှေနှောက်သွားတာလဲ”

ပုံမှန်ဆိုလျှင် အမှိုက်ပုံတွင် သူမ၏ အိမ်သုံးစွန့်ပစ်ပစ္စည်းများနှင့် အသုံးမဝင်တော့သည့် အရာအချို့သာ ပါဝင်၏။ တစ်ခါတရံ ကျင်းယုံကျောက်စိမ်းလို ပစ္စည်းများလည်း ပါသည်။

မမျှော်လင့်ဘဲ တစ်စုံတစ်ယောက်သည် သူမ၏အိမ်အပြင်ဘက်မှ အမှိုက်ပုံကို ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

သူမသည် ခဏကြာအောင် စဉ်းစားပြီးနောက် လှုပ်ရှားလိုက်သည် ။ သူမ၏ လက်ထဲတွင် မန္တာန်အဆောင်တစ်ခု ပေါ်လာသည်။

အာရုံခံအဆောင်ဟုခေါ်သည့် ဤအဆောင်သည် သူမပိုင်ဆိုင်သည့် အဆောင်များစွာထဲမှ တစ်ခုဖြစ်ပြီး အဆင့်မြင့်ကျင့်ကြံသူတစ်ဦးက ဖန်တီးခဲ့ခြင်း ဖြစ်၏။

သူမသည် ပုံမှန်အားဖြင့် ထိုအဆောင်ကို အန္တရာယ်အချက်ပေးရန် အိပ်ရာဘေးတွင် ထားရှိပြီး အိပ်လေ့ရှိသည် ။

အမှိုက်ပုံကို မွှေနှောက်ထားသည်ကို မြင်သောအခါ သူမသည် သဲလွန်စများကို စစ်ဆေးရန် အာရုံခံအဆောင်ကို ချက်ချင်း ထုတ်ယူလိုက်သည်။

အာရုံခံအဆောင်၏ အလယ်တွင် သေးငယ်သော မျဉ်းကြောင်းမှိန်မှိန်လေးတစ်ခုပေါ်လာသည်။

“မနေ့ညက နွားနာရီ (၁ နာရီနှင့် ၃နာရီကြား) မှာလား။ သက်ရှိတစ်ကောင်က ငါ့အိမ်အပြင်မှာ အမွှေးတိုင်တစ်တိုင်စိုက်ထားသလို တစ်ချိန်လုံး ရှိနေခဲ့တာလား”

ကျန်းလင်းစုသည် အာရုံခံအဆောင်မှ ကျန်ရှိနေသည့် အချက်အလက်များကို ခန့်မှန်းကြည့်၏ ။

မနေ့ညက သက်ရှိသတ္တဝါတစ်ကောင်သည် သူမ၏အိမ်အပြင်တွင် သေချာပေါက် အချိန်ကြာကြာ ရှိနေခဲ့သည်ကို သိလိုက်ရသည်။

သို့သော် မကောင်းသော ရည်ရွယ်ချက်ရှိပုံတော့ မရပေ ။ အန္တရာယ်အငွေ့အသက်ကို သတိထားမိလျှင် အာရုံခံအဆောင်က သူမကို သတိပေးမည်ဖြစ်၏ ။ ထိုအခါ သူမသည် အိပ်ရာမှအလိုလို နိုးလာမည် ။

ကျန်းလင်းစုသည် နားမလည်ဟန်ဖြင့် အမှိုက်ပုံကို မျက်မှောင်ကြုတ်ကာ ကြည့်မိ၏ ။

“ကျိစယ်တောင်ထွတ်မှာ ဆရာရယ် ၊ ငါနဲ့ ဆရာတူအစ်ကိုကြီးရယ် စုစုပေါင်းသုံးယောက်ပဲရှိတာလေ။ တခြားသာမန်တိရစ္ဆာန်တွေဆိုရင်လည်း အာရုံခံအဆောင်ကို လှုံ့ဆော်နိုင်မှာမဟုတ်ဘူး။ အနည်းဆုံးတော့ ဒါဟာ ဝိညာဉ်သတ္တဝါတစ်ကောင် ဖြစ်ရမယ်”

“ဒါဆို... ဖြစ်နိုင်တာက”

ရုတ်တရက် ကျန်းလင်းစုသည် ဘေးနားရှိ ကောက်ရိုးအိမ်ကလေးကို ကြည့်လိုက်၏။

ဆရာတူအစ်ကိုကြီး မနေ့က ဝိညာဉ်ဟင်းလျာများကို တဝတပြဲ စားခဲ့သည်အား သတိရလိုက်သောအခါ ရှင်းပြမရသော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။

သူက အဲဒီလောက်စားရတာကို မဝသေးလို့များလား ။ ဒါမှမဟုတ် တကယ်ပဲ ဝိညာဥ်သတ္တဝါတစ်ကောင်လား ။

"အာ..."

သူမသည် ခဏမျှ စဉ်းစားပြီးနောက် သူမ၏ အခန်းသို့ ပြန်လာလိုက်၏။

သို့သော် နာရီဝက်ကြာပြီးနောက် ကျန်းလင်းစုသည် ကျိယွမ်၏ ကောက်ရိုးအိမ်လေးသို့ ပြန်ရောက်ရှိလာသည်။

“ဆရာတူအစ်ကိုကြီး အိပ်ရာနိုးပြီလား”

ကျန်းလင်စုက ညင်သာစွာ ခေါ်လိုက်သည်။

“ဘာဖြစ်လို့လဲ ညီမလေး”

ကျိယွမ်သည် သစ်လွင်သော အဖြူရောင်ဝတ်ရုံကို ပြောင်းလဲဝတ်ဆင်ထားပြီး အတော်လေး ချောမောခန့်ညားနေသည်။

ယနေ့သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအခမ်းအနားနေ့ဖြစ်သောကြောင့် သူသည် ပုံမှန်ထက် စောစော အိပ်ယာထလာခဲ့သည် ။

ကျိယွမ်၏ ပုံပန်းသဏ္ဌာန်ကို မြင်လိုက်ရသောအခါ ကျန်းလင်းစုသည်ပင် လန်းဆန်းမှုကို ခံစားရ၏။

မည်သူမဆို လှပသောအရာများကို မြင်လိုက်ရလျှင် စိတ်အစဥ်က အမြဲတမ်းပျော်ရွှင်ကျေနပ်သွားမည်သာ ။

“ဂိုဏ်းတူအစ်ကိုကြီးကို ကျွန်မတစ်ခုလောက် အကူအညီတောင်းလို့ ရမလား”

“သြော် ၊ ဘာများလဲ ၊ပြောလေညီမလေး ”

ကျိယွမ်က ဆရာတူညီမလေး၏ ကျေးဇူးများကြောင့် ပြန်လည်ကူညီပေးရန် စိတ်အားထက်သန်နေသည် ။

“ဆရာတူအစ်ကိုကြီး ၊၊ ကျွန်မတို့ဂိုဏ်းမှာ ထူးခြားတဲ့သူတွေ ဒါမှမဟုတ် လျှို့ဝှက်ဆန်းကြယ်တဲ့သူတွေ ရှိလား ၊ ရှိတယ်ဆိုရင် သူတို့ကို အစ်ကိုသိလား”

ကျန်းလင်းစုသည် ကပ်ဘေးကို တွန်းလှန်နိုင်သူအဖြစ် ကျိစယ်ဆောင်ထွတ်သခင် ရွမ်ယူချမ်းအပေါ် အာရုံစိုက်ခဲ့သည် ။

သို့သော် ညမှအဖြစ်အပျက်အရ သူမက အခြားလူများကိုလည်း ထည့်သွင်းစဉ်းစားကြည့်လျှင် ကောင်းမည်ဟု အတွေးရလာ၏ ။

“ထူးခြားတဲ့သူတွေလား”

ကျိယွမ် တော်တော်လေး စဉ်းစားသွားသည်။

ထို့နောက် သူ၏မျက်လုံးများက တောက်ပလာပြီး “ငါ အရမ်းထူးခြားတဲ့လူတစ်ယောက်ကို သိတယ်” ဟု ပြောလိုက်သည်။

“ဘယ်သူလဲ”

ကျန်းလင်းစုမှာ စိတ်လှုပ်ရှားလွန်း၍ နှလုံးခုန်နှုန်းပင် တစ်ချက်မျှ ရပ်တန့်သွားသည်။သူမရှာနေသူများ ဖြစ်နေမည်လား ။

“ငါပဲလေ”

ကျိယွမ်က သူ့ကိုယ်သူ လက်ညှိုးပါထိုးပြလိုက်၏။

ကျန်းလင်းစုခမျာ နှလုံးခုန်ရပ်ရုံသာမက လဲပါ သေမလို ဖြစ်သွားရှာသည် ။

သူမ၏ဆရာတူအစ်ကိုကြီးက ထူးတော့ထူးခြားပါသည် ။ သို့သော် သူမပြောသော ထူးခြားသည့်သူဆိုသည်က ကျိယွမ်လို သွေးမျိုးဆက်ကြောင့် ရူးပေါပေါ ထူးခြားသူမျိုး မဟုတ်ပေ ။

ကျန်းလင်းစု စိတ်ပျက်အားငယ်သွားသည်။

ဆရာတူအစ်ကိုကြီးကို မေးမြန်းခြင်းသည် ယုံကြည်၍မရဘူးဟု သဘောပေါက်လိုက်၏ ။ သို့သော် အခြားယုံကြည်ရသူလည်း ရှာမတွေ့ပေ ။ ထို့အပြင် အမှိုက်ပုံကိစ္စကို တွေးမိသောအခါ သူမက ပို၍ခိုင်မာသွားလေသည် ။

သူမသည် သိုလှောင်အိတ်တစ်ခုကို ထုတ်ယူပြီး ကျိယွမ်အားပေးလိုက်၏ ။

“ဆရာတူအစ်ကိုကြီး ဒါက အစ်ကို့အတွက် ဆုငွေအဖြစ် ဝိညာဉ်ကျောက်တုံးတစ်ထောင်ပါ။ ထူးခြားတဲ့သူတွေကို သတိထားကြည့်ပေးပါဦး။ နောက်ပိုင်းမှာ ပိုပြီး ဆုချပါဦးမယ်”

ကျိယွမ်က သိုလှောင်အိတ်ကို မယူသေးဘဲ မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်၏။

“ညီမလေး ၊ နင်ဘာလို့ဒီလိုလုပ်ရတာလဲ”

ကျန်းလင်းစုသည် ကျိယွမ်က ဤသို့ပြန်မေးမြန်းလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သို့သော် ပြန်စဉ်းစားကြည့်ရာ ဥပါဒါန်သွေးမျိုးဆက်များသည် နည်းနည်း ပုံမှန်မဟုတ်ရုံသာ ဖြစ်ပြီး လူနုံလူအများတော့ မဟုတ်ပေ ။

သူတို့ကလည်း သာမန်လူများလို သံသဝင်စိတ်ရှိတတ်သည်မှာ သဘာဝပင်။

ကျန်းလင်းစုက သူမ ပြင်ဆင်ထားသည့် အကြောင်းပြချက်ကို မဆိုင်းမတွရွတ်ပြလိုက်ရသည် ။

“ရှန်ကွမ်းဂိုဏ်းကို မလာခင်မှာ ကျွန်မက ကံကြမ္မာဗေဒင်ဆရာတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူက ဂိုဏ်းထဲမှာ ထူးခြားတဲ့သူတစ်ယောက်ရှိပြီး အဲဒီလူက ကျွန်မရဲ့ ကျေးဇူးရှင်ဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် ဘယ်သူလဲဆိုတာ ရှာချင်တာပါ”

ကျန်းလင်းစု၏ စကားကို ကြားသောအခါ ကျိယွမ်သည် ရုတ်တရက် မှတ်ချက်ပြုလိုက်၏ ။

“နင့်ကို ယုံတာက ၊ ငါ့ကိုယ်ငါ ချင်ရှီဟောင် လို့ ယုံတာနဲ့ အတူတူပဲ”

(ချင်ရှီဟောင် = ရှီဟွမ်တီ = တရုတ်ပြည်ကြီးကို ပထမဆုံးတည်ထောင်ခဲ့သူ ၊ မဟာတံတိုင်းအားတည်ဆောက်ခဲ့သည်)

ကျိယွမ် ဆက်ပြောလိုက်၏ ။

“ဒီတာဝန်ကို ငါယူလိုက်မယ်”

သူက သိုလှောင်အိတ်ကို လက်ခံလိုက်သည်။

သူ၏မျက်လုံးများက အခြားသူများမမြင်နိုင်သော အချက်အလက်များကို မြင်နိုင်စွမ်းရှိသည်။ ထူးခြားသောလူကို ရှာပေးရမည့်တာဝန်က သူနှင့်အတော်လေး သင့်လျော်သည်။

“ဒီလူမှာ တခြားထူးခြားချက်တွေ ရှိသေးလား”

ကျိယွမ်က သေချာအောင် ထပ်မံမေးလိုက်သည်။

ကျင်းလင်းစုသည် ခေါင်းကို ငုံ့လိုက်ပြီး မရေရာသလိုဖြေ၏ ။

“သူ့ရဲ့ခွန်အားက အလွန်မြင့်မားမယ် ဒါမှမဟုတ် သူ့ရဲ့ အရည်အချင်းက အလွန်ထူးချွန်မယ်။ အဲ --- သူက လူမဟုတ်တာလည်း ဖြစ်နိုင်တယ်၊ ကျွန်မ အစ်ကိုကြီးကို အားကိုးပါတယ်နော် ၊ ရှာကူပါလို့ "

ထို့နောက် ကျန်းလင်းစုသည် စကားအနည်းငယ်ပြောပြီး ကျိယွမ်၏ ခြံထဲမှ ထွက်ခွာသွားသည်။

ကျိယွမ်က သိုလှောင်အိတ်ကိုဖွင့်ကာ အထဲမှ ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို ကြည့်နေသည်။

သူ့ဘဝတွင် ထိုမျှ များပြားသော ငွေပမာဏကို ပထမဆုံးအကြိမ် မြင်ဖူးသည်ဟု ဝန်ခံလိုက်ရသည်။

သို့သော်လည်း သူသည် အလွန်အမင်းစိတ်လှုပ်ရှားမှုမျိုးတော့ မခံစားရပေ။ထိုအစား သူကအတွေးနက်နေ၏ ။

“ဆရာတူညီမလေးက ဘာလို့များ ငါ့ကို ဒီလောက်များတဲ့ ဝိညာဉ်ကျောက်လုံးတွေ ပေးတာပါလိမ့်”

သူမသည် သူ့၏အကူအညီကို အမှန်တကယ်လိုအပ်နေပုံရသည်။သို့သော်လည်း ဝိညာဥ်ကျောက်တုံးများစွာ ပေးရန်တော့ မလိုပါ။

“ဒါက ဘာလဲ ၊ ဆရာတူညီမ​လေးက ငါ့ကိုစမ်းသပ်နေတာလား ၊ ဒါမှမဟုတ် ငါ့ကို ဂရုစိုက်ချင်တာလား”

သို့သော်လည်း သူသည် ထိုအကြောင်းကို ကြာရှည်စွာ အာရုံမစိုက်ဘဲ ကြိုးချည်ထားသည့် မီးဖိုချောင်ဓားကို အာရုံစိုက်လိုက်သည်။

“ဂိုဏ်းတူညီမလေးကတော့ ငါ့ကိုဝိညာဥ်ကျောက်တုံးတွေ ပေးသွားပြီ ၊ ဒါပေမဲ့ မင်းကရော-- ၊ ဓားလေး မင်းအဲဒါကို မြင်လိုက်ရဲ့လား”

ဓားသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် ရှိနေသည်။

“မင်းကို ဘယ်လိုနာမည် ပေးရင်ကောင်းမလဲ ”

ဓားသည် ငြိမ်သက်နေဆဲပင်။

“ဓားလို့ပဲ ခေါ်ရမလား”

“မီးဖိုချောင်ဓား ဆိုရင်ရော”

“ဓားငယ်လေးလား”

“ဓားသွား ဆိုရင်ရော ၊ ထက်မြတဲ့သဘောပဲ "

“မကောင်းသေးဘူး ၊၊နတ်ဆိုးဓားဆိုရင်ရော လူရှိန်မှာသေချာတယ်”

“မဖြစ်သေးပါဘူး "

"ကောင်းကင်ဘုံဓားဆိုရင်ရောကွာ”

နောက်ဆုံးတွင် ဓားသည် တုံ့ပြန်လိုက်ပြီး အနည်းငယ် တုန်ယင်သွားသည်။

ကျိယွမ်သည် ဓားကို ဆုပ်ကိုင်လိုက်၏ ။ သူ၏မျက်လုံးများက စိတ်ပျက်သလိုအမူအရာကို ပြသနေသည်။

“မင်း ဉာဏ်ရည်ရှိလာတာက ဒါလေးပဲလား ။ ဒီလောက်လေးကတော့ အရင့်ဘဝက ငါ့ရဲ့ Ai အရုပ်လေးလောက်တောင် စမက်မကျဘူး”

သူ၏အရင်ဘဝက Ai အရုပ်လေးသည် အနည်းဆုံးတော့ အမှိုက်သိမ်းခြင်း ၊ တီဗွီချန်နယ်ရွေးခြင်း ၊ သီချင်းဖွင့်ပြခြင်းများတွင် ကူညီနိုင်သေးသည် ။

သူရက်ပေါင်းများစွာ ဒူးညောင်းခံခဲ့ရသော ဤဓားသည် ဉာဏ်ရည်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အတူတူပင်ဖြစ်နေ၏ ။

သူက မည်သို့ကျေနပ်နိုင်မည်နည်း ။

သို့သော်သူသေချာ ထပ်စဉ်းစားကြည့်သောအခါ ထိုသို့ဖြစ်ခြင်းသည် ပုံမှန်ပင်ဖြစ်၏။သူက အရမ်းမျော်လင့်သွားမိခြင်းဖြစ်နိုင်၏။

သို့သော်လည်း သူက ဓားကို ကိုင်ကြည့်လိုက်သောအခါ သူ၏တိုက်ခိုက်ရေးစွမ်းအား တိုးလာသည်ကို ခံစားရသည်။

“နွေဦးရှစ်ကွက် ဓါးခုတ်ချက်နဲ့ဆို အမြုတေအဆင့် ဘယ်နှစ်ယောက်ကို ငါ သတ်နိုင်မလဲ”

ကံမကောင်းစွာဖြင့် ဤနေရာသည် ကျိစ

ယ်တောင်ထွတ် ဖြစ်သဖြင့် ဓားလေ့ကျင့်ရန် နေရာကောင်းမဟုတ်ပေ။

ထို့အပြင် သူသည် အုတ်မြစ်တည်ဆောက် ခြင်းအခမ်းအနားတွင် ရှန်ကွမ်းဂိုဏ်းကို ကိုယ်စားပြု ယှဥ်ပြိုင်ရတော့မည်ဖြစ်ပြီး လေ့ကျင့်ရန် အချိန်မရတော့ပါ ။

.................

နောက်ဆုံးတွင် ရှန်ကွမ်းဂိုဏ်း၏ အုတ်မြစ်တည်ဆောက်ခြင်းအခမ်းအနားက စတင်ခဲ့လေပြီ ။

ယခုနှစ်ပြိုင်ပွဲ၏ ဆုသည် ထိပ်တန်းအဆင့်တစ် ဝိညာဉ်ပစ္စည်း အဝါရောင်ပန်းသီးဖြစ်သောကြောင့် သာ့ရှန်းတိုင်းပြည်တွင်ရှိသော ဂိုဏ်းအသီးသီးမှ ပါဝင်သူများသည် မညံ့ကြပေ။ အစွမ်းထက်ဆုံးတပည့်များကို စေလွှတ်လိုက်သည်ဟု ပြောလျှင် ပိုမှန်လိမ့်မည် ။

“နတ်ဆိုးရမ္မက်ဂိုဏ်းမှ အကြီးအကဲ ဖေးဟွာ ရောက်ရှိလာပါပြီ”

“ကျူမျောလွင့်တောင်ဂိုဏ်းမှ အလင်းဖြာဓါးသခင် ရောက်ရှိလာပါပြီ”

"ချန်ရှန်ခရိုင်ဘုရင် ရောက်ရှိလာပါပြီ!”

“မဟူရာတောင်တန်းဂိုဏ်း မှ ဘိုးဘေးပူဇော်ကြက်မင်း ရောက်ရှိလာပါပြီ”

တပည့်တစ်ဦး၏ ကြေညာချက်နှင့်အတူ ရှန်ကွမ်းဂိုဏ်း၏ တောင်တံခါးဝတွင် ရောင်စုံတိမ်တိုက်များ စုဝေးလာကြသည်။

တစ်စီးပြီးတစ်စီးသော ဝိညာဉ်လှေများသည် ကောင်းကင်တွင် ရပ်တန့်ကာ ရှန်ကွမ်းဂိုဏ်း ၏ တောင်တံခါးဝရှေ့သို့ ဆင်းသက်လာကြ၏ ။

ကျိယွမ်သည် သန့်ရှင်းသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လေတိုက်ခတ်သောအခါ သူ၏အဝတ်များက တဖျပ်ဖျပ် လှုပ်ခတ်နေသည်။

သူသည် ရောက်ရှိလာသော ဂိုဏ်းဝင်များကို ညင်သာသောအပြုံးဖြင့် ကြည့်လိုက်ပြီး

"အုတ်မြစ်တည်ဆောက်ခြင်းအခမ်းအနားအတွက် ရှန်ကွမ်းဂိုဏ်းကို ရောက်ရှိလာသူအားလုံးကို ကြိုဆိုပါတယ် " ဟု နှုတ်ဆက်လိုက်သည် ။

အံ့သြစရာကောင်းစွာပင် ယခုအချိန်တွင် သူသည် လုံးဝပုံမှန်ဖြစ်နေပြီး ဂိုဏ်း၏ အရေးပါအရာရောက်သော ယုံကြည်စိတ်ချရသူကဲ့သို့ ဖြစ်နေသည် ။

-----------------

All Chapters