← Chapters

သွေးကပ်ဘေး

Vol. 2 Ch. 26

သွေးကပ်ဘေး

Vol. 2 Ch. 26

ဂိုဏ်းပေါင်းစုံမှ ကျင့်ကြံသူများက ဝိညာဥ်လှေများပေါ်မှ မြေပြင်သို့ဆင်းသက်လာကြသည် ။ ရုပ်ရည်များကလည်း အမျိုးအစားစုံသလို အမူအယာများကလည်း ကွဲပြားကြ၏ ။

ကျိယွမ်သည် ဘေးတစ်ဖက်တွင် ရပ်နေပြီး ဝင်လာသမျှ ဂိုဏ်းတစ်ခုစီမှ ခေါင်းဆောင်များကို စိတ်မပါဘဲ ပြုံးပြနေရသည်ကို ကြီးမားသော ဝဋ်ဒုက္ခအလား ခံစားနေရသည် ။

ယခုတစ်ကြိမ်၌ ဆုချမည့် အခြေခံအုတ်မြစ် တည်ထောင်ခြင်း ဝိညာဉ်ပစ္စည်းသည် ထိပ်တန်းအဆင့်တစ် ဖြစ်သောကြောင့် ဂိုဏ်းတစ်ခုစီမှ စေလွှတ်ခဲ့သောသူများသည် ပုံမှန်ထက် ပိုမိုအားကောင်းသူများချည်း ဖြစ်နေသည်။

ယခင်ကျင်းပခဲ့သော အခြေခံအုတ်မြစ်တည်ထောင်ခြင်းအခမ်းအနားများသို့ အမြုတေအဆင့်ကျင့်ကြံသူများ တက်ရောက်လေ့မရှိပါ ။

သို့သော် ယခုတစ်ကြိမ်တွင် လေးဦးအထိ ရောက်လာ၏ ။

၄င်းတို့မှ နှစ်ယောက်မှာ ကျူမျောလွင့်တောင်ဂိုဏ်းမှတစ်ယောက် နှင့် နတ်ဆိုးရမ္မက်ဂိုဏ်းမှ တစ်ယောက် ။

ကျန်သောနှစ်ယောက်မှာ သာ့ရှန်းတိုင်းပြည်ကို ကိုယ်စားပြုသော ချန်ရှန်ခရိုင်ဘုရင်နှင့် မဟူရာတောင်တန်းဂိုဏ်းမှ ဘိုးဘေးပူဇော်ကြက်ဆိုသော အကြီးအကဲတို့ ဖြစ်သည်။

ကျင့်ကြံခြင်းလောက၏ အများသဘောတူသတ်မှတ်ထားသော စည်းမျဥ်းများအရ အဓိက ဂိုဏ်းကြီးသုံးခုနှင့် သာ့ရှန်းတိုင်းပြည်မှလွဲ၍ အခြားဂိုဏ်းများသည် အမြုတေအဆင့်ကျင့်ကြံသူများကို စေလွှတ်ခွင့်မရှိပါ ။

သို့သော် မဟူရာတောင်တန်းဂိုဏ်းသည် မောက်မာပြီး သူတို့ကိုယ်သူတို့ စတုတ္ထမြောက်အဓိကဂိုဏ်းကြီး ဖြစ်လာရန် အမြဲတမ်းအရေးဆိုလေ့ရှိသည် ။

ယခုလည်း သူတို့က သဘာဝမကျစွာ အမြုတေအဆင့် ဘိုးဘေးပူဇော်ကြက်ကို စေလွှတ်ခဲ့၏ ။

ထိုလေးဦးမှလွဲ၍ ကျန်သောသူများကတော့ အခြေတည်အဆင့် အကြီးအကဲများနှင့် ချီသန့်စင်ခြင်းထိပ်တန်းအဆင့် တပည့်များဖြစ်ကြသည် ။

ချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသော တပည့်အများစု၏ မျက်လုံးများက စူးရှထက်မြက်နေ၏ ။သူတို့က ယခုအခမ်းအနားတွင် ဂုဏ်ယူလောက်ဖွယ်ရာ ဖြစ်ရပ်များကို ဖန်တီးပြနိုင်ရန် မျှော်လင့်နေကြမှန်း အလွန်သိသာ၏ ။

သို့သော် သာမန်ဂိုဏ်းငယ်လေးများမှ တပည့်အချို့ကတော့ အနည်းငယ်စိုးရိမ်ပူပန်နေကြပုံရသည် ။ သူတို့၏စွမ်းဆောင်ရည်က မလုံလောက်မှာကို ​ကြိုတင်ကြောက်ရွံ့နေခြင်း ဖြစ်နိုင်သည် ။

ချန်ရှန်ခရိုင်ဘုရင်သည် လှပသော မုတ်ဆိတ်မွေးနှင့် ခန့်ညားသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ပိုးနှင့် ဖဲသားအဝတ်အစားများ ဝတ်ဆင်ထားပြီး ကျိယွမ်ဆီသို့ လျှောက်လာကာ ဖော်ရွေစွာ ပြုံးပြလိုက်၏ ။

"မင်းတို့ရဲ့ ဂိုဏ်းချုပ်ကြီးရော ဘယ်မှာလဲ။ တံခါးပိတ်လေ့ကျင့်နေတာ မဟုတ်ဘူးလို့ မျှော်လင့်ရတာပဲ ။ အခြေခံအုတ်မြစ် တည်ထောင်ခြင်းအခမ်းအနားပြီးရင် ငါနဲ့အတူ အရက်နည်းနည်းသောက်ဖို့ သူ့ကို ဖိတ်လိုက်ပါဦး"

ချန်ရှန်ခရိုင်ဘုရင်သည် လွတ်လပ်စွာ ပေါ့ပေါ့ပါးပါး ပြောဆိုနေသည် ။ အမြုတေအဆင့်တစ်ယောက်ဖြစ်သော်လည်း သာမန်လူတစ်ဦးအလား ရှိလေ၏ ။

အခမ်းအနားသို့တက်ရောက်လာသော အခြားအမြုတေအဆင့်များက ချန်ရှန်ခရိုင်ဘုရင်ကို အနည်းငယ်လေးစားသော အကြည့်များဖြင့် ကြည့်နေကြသည်။

ချန်ရှန်ခရိုင်ဘုရင်သည် သာ့ရှန်တိုင်းပြည် လက်ရှိဘုရင်မ၏ ဖခင်ဖြစ်သည်၊ ဘုရင်မ၏ ခိုင်မာသော ယုံကြည်မှုကို ရရှိထားသူလည်း ဖြစ်လေသည်။

"အခြေခံအုတ်မြစ်တည်ထောင်ခြင်းအခမ်းအနားပြီးရင်တော့ ဘုရင်ကြီးက ဂိုဏ်းအကြီးအကဲတွေကို မေးမြန်းနိုင်ပါတယ်"

ကျိယွမ်က အံ့သြသလိုကြည့်ကာ ဖြေလိုက်သည် ။

ဒီဘုရင်ခံ ၊ သူ့သမီးနဲ့ ငါတို့ဂိုဏ်းချုပ် ပတ်သက်နေတာကို သိသွားရင် ဂိုဏ်းချုပ်နဲ့အတူ ပျော်ပျော်ကြီးအရက်သောက်နိုင်ပါ့ဦးမလား ။

(ရှန်ကွမ်းဂိုဏ်းချုပ်ကုမူနှင့်သာ့ရှန်းဘုရင်မတို့၏ ဆက်သွယ်မှုကို အခန်း ၁ တွင် ကြည့်ပါ )

ရှန်ကွမ်းဂိုဏ်းချုပ်သည် သာ့ရှန်းဘုရင်မ၏ ဖခင်ဖြစ်သော ချန်ရှန်ခရိုင်ဘုရင်ထက်ပင် အသက်များစွာ ပိုကြီးနေသည် မဟုတ်ပါလား ။

ကျိယွမ်စိတ်ထဲမှ ခေါင်းခါလိုက်၏ ။

သေချာပေါက် ဒီဘုရင်ခံ ပျော်မယ်မထင်ဘူး ။

ကျိယွမ်သည် ကျိစယ်တောင်ထွတ်၏ အကြီးဆုံးတပည့်ဖြစ်သည်၊ သူက ချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့်သာ ရှိသော်လည်း သူ၏အဆင့်အတန်းကတော့ အမြုတေအဆင့်ကျင့်ကြံသူများထက် အနည်းငယ်သာ နိမ့်သည်။

ထို့အပြင် သူသည် လက်ရှိ၌ရှန်ကွမ်းဂိုဏ်းကြီးကို ကိုယ်စားပြုသူလည်း ဖြစ်သည် ။

ထို့ကြောင့် အမြုတေအဆင့်များသည် သူ့အား တန်းတူသဘောထားကာ စကားပြောဆိုကြသည်။

ထိုအချိန်တွင် မဟူရာတောင်တန်းဂိုဏ်းမှ ဘိုးဘေးပူဇော်ကြက်က စိတ်မရှည်သလို ပြောသည်။

"ဘာလို့ အခြေခံအုတ်မြစ်တည်ထောင်ခြင်းအခမ်းအနား မစသေးတာလဲ။ ငါမအားဘူး ၊ ငါ့ကြက်ကလေးတွေကို ပြန်မွေးရဦးမယ်။"

ပွဲတော်သို့ တက်ရောက်လာသော အခြားဂိုဏ်းမှ အကြီးအကဲများ၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားသည် ။

အားလုံးက ဘိုးဘေးပူဇော်ကြက်၏ စကားကို မနှစ်သက်ကြသည်မှာ သိသာလှ၏။

ချန်ရှန်ခရိုင်ဘုရင်က ကျယ်လောင်စွာ ရယ်မောလိုက်၏ ။

"ဘာလို့ ဒီလောက် စိတ်မရှည်ဖြစ်နေရတာလဲ၊ ဘိုးဘေးပူဇော်ကြက်ရဲ့ ၊ သိပ်မကြာပါဘူး "

ချန်ရှန်ခရိုင်ဘုရင်၏ စကားကြောင့် ဘိုးဘေးပူဇော်ကြက်က နှုတ်ဆိတ်သွားသည် ။

အကယ်၍ အခြားသူတစ်စုံတစ်ယောက်ကသာ ထိုသို့ပြောခဲ့လျှင် သူသည်ပြန်လည် တုံ့ပြန်ခဲ့မည်ဖြစ်သည်။ ယခုတော့ ခရိုင်ဘုရင်ဖြစ်နေသောကြောင့် ရှေ့ရေးနောက်ရေးတွေးကာ သူကမျက်နှာသာပေးရန် လိုအပ်လေသည်။

ကျိယွမ်က လူအများကို ဦးဆောင်လိုက်သည် ။

"အားလုံးပဲ၊ လိုက်ခဲ့ကြပါ"

ဘိုးဘေးပူဇော်ကြက်၏ အမည်ရင်းမှာ

မှာ ခွန်ရှန်ဆရာသခင်ဖြစ်သည်၊ နောက်ပိုင်းတွင် သူသည် မဟူရာတောင်တန်းဂိုဏ်းချုပ် နှင့်အတူ မဟူ​ရာကြက်မိစ္ဆာအဘိုးအိုကို မွေးစားဖခင်အဖြစ် အသိအမှတ်ပြုခဲ့ပြီး နောက် သူ၏အမည်ကို ဘိုးဘေးပူဇော်ကြက်ဟု ပြောင်းလဲခဲ့ခြင်းပင်။

ဂိုဏ်းပေါင်းစုံမှ လူများသည် ကျိယွမ်နောက်မှလိုက်ကာ ရှန်ကွမ်းဂိုဏ်းအတွင်းသို့ ဖြည်းဖြည်းချင်း ဝင်လာကြသည်။

ခေါင်းဆောင်အကြီးအကဲများကတော့ လမ်းလျှောက်နေစဉ် သူတို့အချင်းချင်း သာကြောင်းမာကြောင်း နှုတ်ဆက်စကားပြောဆိုကြ၏ ။

"ဒါနဲ့ ၊ နင် ရှောင်ယင်မဟုတ်လား ၊ ရှန်ကွမ်းဂိုဏ်းကို ဘယ်လိုများ ရောက်လာတာလဲ"

ပေါ့ပေါ့ပါးပါးနှုတ်ဆက်သံကြောင့် အားလုံးက ပိန်ညောင်ညောင် အခြေတည်အဆင့်ဂိုဏ်းသားတစ်ဦးကို လှည့်ကြည့်မိကြသည် ။

ထိုအသံကြောင့် ရှန်ကွမ်းဂိုဏ်းသူ မိန်းမပျိုတစ်ဦးမှာ ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။

သူမသည် ရှောင်ယင် ဖြစ်လေ၏။

ကျိယွမ်သည် သူမကို နှစ်ကြိမ်တိတိ တွေ့ဆုံခဲ့ဖူးသည်။ ရှောင်ယင်တွင် အထူးခန္ဓာကိုယ် ရှိပြီး မဟူရာကြက်မိစ္ဆာအဘိုးအိုက သူမကို လူသားဒယ်တစ်ခုအဖြစ် သဘောကျနေကြောင်းသိခဲ့သည်။

ကျိယွမ်သည် ထိုပိန်ညောင်ညောင်ပုံစံရှိသော အမျိုးသားကိုကြည့်လိုက်သည်။

[သူသည် သာမန် နတ်ဆိုးကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူ၏ မျက်နှာသည် မှိန်ဖျော့သော အမည်းရောင်ဖြစ်နေသည်၊ ၎င်းသည် သွေးထွက်သံယို ကပ်ဘေးတစ်ခုကို ညွှန်ပြနေသည်။]

ရှန်ကွမ်းဂိုဏ်းမှ တပည့်များက ပိန်ညောင်ညောင်အမျိုးသားကို ဝိုင်းကြည့်ကြသည်၊

အားလုံးက သိသိသာသာဒေါသထွက်နေပြီးမေးကြောများထောင်မတတ် သွားများ ကြိတ်နေကြသည်။

"ချူကျန်း"

"မင်းလိုကောင်က ရှန်ကွမ်းဂိုဏ်းကို လာရဲတယ်ပေါ့"

"မင်းကို ခွင့်မလွှတ်နိုင်ဘူးကွ "

၄င်းပိန်ညောင်ညောင် အမျိုးသားမှာ ကျူးရုန်မြို့တွင် ဆိုးရွားသော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သော လူယုတ်မာချူကျန်း ဖြစ်လေသည်။

သူသည် မကြာသေးခင်က လက်ထပ်ထားသော အမျိုးသမီးများစွာကို အဓမ္မပြုကျင့်ခဲ့ပြီး ၎င်းတို့၏ မိသားစုများအားလုံးကို ရက်ရင်စက်စက် သတ်ပစ်ခဲ့သည်။

ထိုစဥ်က ကျန်းကျိဟောင်သည် ချူကျန်းကို ဖမ်းဆီးရန် တရားဥပဒေစိုးမိုးရေးအဖွဲ့ကို ဦးဆောင်ခဲ့သည်။ သို့သော် မဟူရာတောင်တန်းဂိုဏ်း မှ အကြီးအကဲတစ်ဦးရောက်လာပြီး ကျန်းကျိဟောင်ကို ဒဏ်ရာရအောင်တိုက်ခိုက်ကာ ချူကျန်း ကို ကယ်တင်သွားခဲ့လေသည်။

မဟူရာတောင်တန်းဂိုဏ်း၏ အလွန်မောက်မာသော အပြုအမူ ဖြစ်သည်။

ချူကျန်းသည် ရှန်ကွမ်းဂိုဏ်းမှ တပည့်များ ပြောသည်ကို ကြားသောအခါ ပို၍ပင် လှောင်ပြောင်သည် ။

"မင်းတို့ရဲ့ သွားကြိတ်နေတဲ့ ပုံစံက လွန်ခဲ့တဲ့ရက်ကကျန်းကျိဟောင်ရဲ့ အမူအယာ နဲ့ တော်တော်လေး တူတာပဲ။"

ရှန်ကွမ်းဂိုဏ်းမှ တပည့်များသည် ပို၍ပင် ဒေါသထွက်လာကြတော့သည်။

ကျန်းကျိဟောင်သည် လူယုတ်မာချူကျန်းကြောင့် ပြင်းထန်သောဒဏ်ရာရခဲ့သော်လည်း လူယုတ်မာချူကျန်းကတော့ လွတ်မြောက်နေ၏ ။ရာဇဝတ်မှုများအတွက် အပြစ်ပေးခံရခြင်းလည်း မရှိပေ ။

ရှန်ကွမ်းဂိုဏ်း၏ တောင်တံခါးဝတွင် ဆံပင်ဖြူနေသော အဘိုးအိုများစွာသည် နေ့စဥ်ဒူးထောက်ကာ တောင်းပန်နေကြ၏ ၊ သူတို့အားလုံးမှာ မတရားသတ်ဖြတ်ခြင်းခံခဲ့ရသူများ၏ ဆွေမျိုးများ ဖြစ်သည် ။

သတို့သားများဘက်မှ မိသားစုများမှာမူ မည်သူမျှ မရှင်သန်ခဲ့ပါ။

မည်မျှ သနားစရာကောင်းသော ဘဝများဖြစ်လေသနည်း ။

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ကျိယွမ်က ရုတ်တရက်ပြောလိုက်သည် ။

"ဒီက တာအိုရောင်းရင်း ၊ ဒီရက်ပိုင်းမှာပဲ မျက်နှာပြင်နိမိတ်ဖက်ပညာကို နည်းနည်းပါးပါး လေ့လာခဲ့တယ်။စမ်းသပ်တဲ့အနေနဲ့ မင်းရဲ့ ကံကြမ္မာကို နည်းနည်းလောက်ကြည့်ခွင့်ပေးပါလား"

ချူကျန်း စိတ်လှုပ်ရှားသွားသည် ။

"အားနာစရာမလိုဘူး ၊ လွတ်လွတ်လပ်သာ ကြည့်ပါ ဂျူနီယာညီလေး "

"မင်းရဲ့မျက်နှာမှာ အမည်း​ရောင်တွေလွှမ်းမိုးနေတာ မြင်ရတယ် ၊ ​ဒါက မကြာခင်မှာ ကြီးမားတဲ့သွေးကပ်ဆိုးကြီးနဲ့ ကြုံရနိုင်တယ်လို့ငါ့ရဲ့ပညာက ပြောနေတယ် "

အားလုံး တိတ်ဆိတ်ကုန်၏ ။ သူတို့က ထိုသို့ဟောလိမ့်မည်ဟု ထင်မထားကြပါ ။

ချူကျန်း၏ မျက်နှာက တင်းမာသွားသည် ။ သူသည် ဒေါသထွက်သွားပြီး တစ်ခုခုတုန့်ပြန်တော့မလို ပြင်လိုက်သည် ။

သို့သော် ပါးနပ်သော ဘိုးဘေးပူဇော်ကြက် က သူ့ကို တားဆီးခဲ့သည်။

"ကောင်းတယ် ၊ သိပ်ကောင်းတယ် ၊ အရမ်းကောင်းတယ် "

ချူကျန်းက ထိုစကားကို သုံးကြိမ် ဆက်တိုက် ပြောကာ ကျိယွမ်အား ကြည့်လိုက်သည် ။

"ကျေးဇူးတင်တယ် ဂျူနီယာညီလေး။ မင်းရဲ့ စကားတွေကို ငါမှတ်ထားလိုက်ပြီ"

ချူးကျန်က အောင့်သက်သက်နှင့်သည်းခံလိုက်ရ၏ ။

မဟူရာတောင်တန်းဂိုဏ်းသည် ရှန်ကွမ်းဂိုဏ်းကို မကြောက်သော်လည်း ကျိစယ်တောင်ထွတ်ကိုတော့ ရန်မစရဲပါ ။

မကြာမီပင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအခမ်းအနားစတင်ခဲ့သည် ။

ဂိုဏ်းပေါင်းစုံမှ ချီသန့်စင်ခြင်းအထွတ်အထိပ်သို့ ရောက်ရှိနေသော တပည့်များသည် စင်ပေါ်သို့ တစ်ဦးပြီး တစ်ဦး တက်လာကြသည်။

အခြေခံအုတ်မြစ် တည်ထောင်ခြင်းအခမ်းအနား၏ ပြိုင်ပွဲသည် ရိုးရှင်းသည်၊ ပြိုင်ပွဲဝင်များအချင်းချင်း တိုက်ခိုက်ခြင်းပင် ဖြစ်သည်။

ကျိယွမ်မှာမူ ၎င်းကို အတော်ပင်ပျင်းစရာကောင်းသည်ဟု တွေးနေမိသည် ။

ဂိမ်းထဲတွင် သူသည်မရှုံးနိမ့်သူ ဖြစ်သည်။ ကြောက်မက်ဖွယ်အဆင့် ရန်သူများကို ဘတပြန် ကျားတပြန်တိုက်ခိုက်ခဲ့ရ၏ ။

ယခုလို အဆင့်နိမ့်တိုက်ပွဲများကို ကြည့်ရသည်မှာ သူအတွက် အမှန်တကယ်ပင်ပျင်းစရာကောင်းလှသည်။

အကယ်၍ပတ်ဝန်းကျင်တွင် လူများစွာမရှိခဲ့ပါက ဂိမ်းကျောက်ပြားကို ထုတ်ယူပြီး ကစားမိမှာ သေချာသည် ။

ပျင်းသထက်ပျင်းလာသဖြင့် တဝါးဝါးသန်းနေသော ကျိယွမ်၏ နားထဲတွင် အသံတစ်သံ ကြားလိုက်ရသည် ။

"ဂိုဏ်းတူ အစ်ကိုကြီး၊ အစ်ကို့အလှည့်ရောက်ပါပြီ။"

ငြင်းမရသောတာဝန်ဖြစ်နေသောကြောင့် ကျိယွမ်က မတတ်နိုင်စွာပင် စင်ပေါ်သို့ လေးကန်စွာ တတ်သွားသည်။

အမြုတေအဆင့်ကျင့်ကြံသူများနှင့်အခြေတည်အဆင့်များအားလုံးက ကျိယွမ်ကို အာရုံစိုက်ကာ အကဲခတ်နေကြသည် ။

ကျိယွမ်သည် ကျိစယ်တောင်ထွတ် ၏ အကြီးဆုံးတပည့်ဖြစ်သည်၊ အလွန်အထူးခြားသော အဆင့်အတန်းရှိသည်။

"နတ်ဆိုးရမ္မက်ဂိုဏ်းက သွမ့်ထျန်ကျောင်းက စီနီယာကို နှုတ်ဆက်ပါတယ်"

သူမသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လှပသော ခန္ဓာကိုယ်ရှိသည်၊ သူမ၏ ဘယ်ဘက်မျက်လုံးအောက်တွင် မျက်ရည်ခံမှဲ့လေးတစ်ခု ရှိနေပြီး အလွန်ဆွဲဆောင်မှု ရှိသော မိန်းမလှလေးဖြစ်သည်။

"ရှန်ကွမ်းဂိုဏ်းမှ ကျိယွမ်ပါ "

ကျိယွမ်ကလည်း သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

သူက သွမ့်ထျန်ကျောင်းကို တစ်ချက်အကဲခတ်၏ ။

[သူမသည် သာမန်ကျင့်ကြံသူတစ်ဦးဖြစ်သည်၊ သို့သော် အနည်းငယ် ထူးခြားသော အကျင့်ရှိသည် ။

သူမသည် သူမ၏ ခြေထောက်များကိုအသုံးပြုရသည်ကို နှစ်သက်၏ ။ သူမ၏ ခြေထောက်နှင့် ကန်ခြင်းကို သတိထားပါ၊ မဟုတ်ရင် သင်၏ခြေထောက် မှိုပေါက်နိုင်ပါသည်။]

ကျိယွမ် မှာ ခဏတာမျှ ငေးကြောင်သွားလေ၏ ။

သူ၏ရှေ့တွင်ရှိသော လှပသော မိန်းကလေးက သူမ၏လှပသောရုပ်ကလေးနှင့်ပင် မလိုက် ၊၊ဇီဝဓာတုဖြင့် တိုက်ခိုက်မှုများတွင် ကျွမ်းကျင်နေသည်။ သူသည် အမှန်တကယ်ပင် သတိထားရန်လိုအပ်နေသည် ။

မဟုတ်လျှင် နေရင်းထိုင်ရင်း ဝဲပေါက်သွားနိုင်၏ ။

"စကြ "

ခေါင်းလောင်းသံနှင့်အတူ တိုက်ပွဲ စတင်ခဲ့သည်။

ကျိယွမ်သည် အလွန်သတိထားနေသည်၊ သွမ့်ထျန်ကျောင်း၏ ခြေထောက်များကိုသာ မနားတမ်းအာရုံစိုက်နေ၏ ။

သွမ့်ထျန်ကျောင်းက သူ့ဆီသို့ ပျံသန်းလာသည်ကို မြင်သောအခါ သူသည် ကာကွယ်ရန် သူ့လက်ကို ပေါ့ပါးစွာ မြှောက်လိုက်သည်။

သို့သော် သူ၏ စွမ်းအားကို အသုံးမပြုမီ အံ့အားသင့်စရာတစ်ခု ဖြစ်ပွားခဲ့သည်။

"အွတ်..."

သွမ့်ထျန်​ကျောင်း သည် နောက်သို့ ပျံထွက်သွား၏ ။ သူမက ရင်ဘက်ကိုဖိကာ သွေးတစ်ချက်အန်သွားသည် ။

"စီနီယာအစ်ကို ၊ ကျိစယ်တောင်ထွတ် ရဲ့ အကြီးဆုံးတပည့် ပီသပါပေတယ် ၊ ရှင့်ရဲ့ အဝေးရောက် အကြောပိတ်ပညာဟာ အစွမ်းထက်လွန်းလှတယ်။ကျွန်မအရှုံးကို ဝန်ခံပါတယ်"

သွမ့်ထျန်ကျောင်းက ထရပ်ပြီး အရှုံးပေးလိုက်သည်။

ကျိယွမ် ပါးစပ်အဟောင်းသားဖြစ်သွားသည် ။

"ငါက အားတောင်မထုတ်ရသေးဘူး၊ နင်က သွေးတွေပါအန်ပြီး လဲကျသွားတာလား"

မဖြစ်နိုင်စရာပင် ။ သူက လှုပ်ပင်မလှုပ်ရသေး ၊၊ပြိုင်ဘက်က ရှုံးနိမ့်သွားလေ၏ ။

ယခုကျင်းပနေသော အခြေခံအုတ်မြစ် တည်ထောင်ခြင်းအခမ်းအနားတွင် သူမသိလိုက်ဘဲ လျှို့ဝှက်အကြံအစည်များ ရှိနေသလား။

အခြားဂိုဏ်းမှ အကြီးအကဲများနှင့် ချီသန့်စင်ခြင်းအထွတ်အထိပ်တပည့်များကတော့ ထူးထူးခြားခြား မအံ့ဩကြပါ။

သို့သော် အချို့သော တပည့်များကတော့ ကျိယွမ်ကို မနာလိုသော အကြည့်များဖြင့် ကြည့်နေကြလေပြီ။

-----

All Chapters