← Chapters

အာဏာပြတတ်တဲ့ဆရာမက ကျွန်တော့်ကို ချစ်နေတာများလား

Vol. 2 Ch. 27

အာဏာပြတတ်တဲ့ဆရာမက ကျွန်တော့်ကို ချစ်နေတာများလား

Vol. 2 Ch. 27

ကျိယွမ်သည် စင်ပေါ်တွင် တည်ငြိမ်စွာ ရပ်နေသည်၊ သူ၏အင်္ကျီလက်စများက လေထဲတွင် တဖျပ်ဖျပ်လွင့်ပျံနေ၏။

ဖြစ်နိုင်တာက... ငါ အရမ်းချောနေလို့များလား။

ပြိုင်ဘက်က ငါ့ကိုအရမ်းကြွေသွားလို့ မတိုက်ခိုက်ရက်တော့ဘဲ တိုက်ရိုက်အရှုံးပေးလိုက်တာလား။

ကျိယွမ်သည် သူ့အားအရှုံးပေးသွားသော သွမ့်တျန်ကျောင်းကို သေသေချာချာ စစ်ဆေးကာ အမျိုးသမီးတစ်ဦး ဟုတ်မဟုတ် အတည်ပြုလိုက်၏ ။သေချာပေါက် အမျိုးသမီးတစ်ဦး ဖြစ်သည် ။

သူ၏ရုပ်ရည်ကြောင့် တပ်မက်သွားသည်ဆိုလျှင်လည်း ထူးဆန်းသောကိစ္စမဟုတ်ပါ ။

မတတ်နိုင်ဘူး ။ ငါကလည်းတော်တော် ချောနေတာကိုး ။

သူ့အပေါ်သို့ စူးစိုက်လာသော အခြားသူများ၏ အကြည့်များကိုမူ သူကအရေးမစိုက်သည့်အလား လျစ်လျူရှုထားလေသည်။

"ဒီပွဲကို ကျိယွမ်အနိုင်ရပါတယ် "

ကျိယွမ်သည် စင်ပေါ်မှ သက်သက်သာသာ အမူအယာဖြင့် ဆင်းခဲ့သည်။

ထို့နောက် အခြားကျင့်ကြံသူများ၏ အလှည့်များ ကျရောက်ကာ တစ်ဦးချင်းတိုက်ပွဲများကို ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကြ၏ ။

ကျိယွမ်သည် ပရိသတ်များကြားတွင် ထိုင်ကာ ကြည့်ရင်းကြည့်ရင်းမှ မျက်တောင်များစင်းလာပြီး ငုတ်တုပ်ကြီး အိပ်ငိုက်နေတော့သည် ။

ဤမျှအရေးကြီးသောအခြေအနေတွင် ပြိုင်ဘက်များကို မလေ့လာဘဲ အိပ်ငိုက်နေသည်မှာ တော်တော်ပင် ပေါ့ဆကာ အသိဉာဏ်နည်းသော အပြုအမူပင်ဖြစ်လေ၏ ။

ချန်ရှန်ခရိုင်ဘုရင်ခံသည် သူ၏ခန့်ညားသောနှုတ်ခမ်းမွှေးကို ပွတ်သပ်ပြီး ပြုံးလိုက်သည် ။

"လူငယ်လေး ကျိ၊ ထိပ်တန်းအဆင့်တစ် အခြေတည်ပစ္စည်းဖြစ်တဲ့ အဝါရောင်ပန်းသီးနဲ့ဆိုရင် မင်းရဲ့အနာဂတ်က သေချာပေါက် တောက်ပနေမှာ သေချာတယ် "

ကျိယွမ်သည် ဘုရင်ခံကို စိတ်ရှုပ်ထွေးသွားပုံဖြင့် ကြည့်လိုက်၏ ။

"တိုက်ပွဲတွေက မပြီးသေးပါဘူး၊ ဘယ်လိုလုပ်ပြီး ခရိုင်ဘုရင်ခံက ကျွန်တော်ထိပ်ဆုံးဆုကို ယူနိုင်မယ်ဆိုတာ သေချာနေရတာလဲ။"

ချန်ရှန်ခရိုင်ဘုရင်ခံက ပြန်မဖြေပဲ ပြုံးရုံသာပြုံးနေလိုက်သည် ။ သူက ကျိယွမ်အား ကြည့်ကာ ခေါင်းတညိတ်ညိတ်ပင် လုပ်နေသေးသည် ။

ကျိယွမ်လည်း အရေးမစိုက်တော့ဘဲ အရေးကြီးသော အိပ်ငိုက်ခြင်းအမှုကို ပြန်ပြုနေလိုက်၏ ။

သူမှေးခနဲ မှေးခနဲဖြစ်နေစဥ်မှာပင် အချိန်များကုန်ဆုံးသွားပြီး သူ၏ အလှည့်သို့ ပြန်ရောက်လာသည်။

ယခုတစ်ကြိမ်တွင် ကျိယွမ်သည် ကျူမျောလွင့်တောင်ဂိုဏ်းမှ ဓားကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရသည်။

ဓားကျင့်ကြံသူများသည်အစွမ်းထက်သလို သာ့ရှန်းတိုင်ပြည်တွင် အတော်လေး ရှားပါးသည်။

ကျိယွမ်သည် ထိုတိုက်ပွဲကို အလေးအနက်ထားရန် ဆုံးဖြတ်လိုက်၏ ။

သူသည် ဓားကျင့်ကြံသူများသည် ဓားကိုစီးနင်း၍ပျံသန်းခြင်း သို့မဟုတ် ဓားအလင်းတန်းအဖြစ် ပြောင်းလဲနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်မလားဆိုသည်ကို အမှန်တကယ် သိချင်နေသည်။

လက်ရှိ သူ၏ ပြိုင်ဘက်သည် ချီသန့်စင်ခြင်းအဆင့်သာ ရှိသေးရာ ဓားဖြင့်ပျံသန်းနိုင်ဦးမည်မဟုတ်ကြောင်းကိုတော့ သူနားလည်ပါသည်။

"ကျေးဇူးပြုပြီး ၊၊ကျွန်တော့်ကို လမ်းညွှန်ပေးပါဦး"

ဓားသည် သူရဲကောင်းတို့၏လက်နက်ဖြစ်သည်၊ ထို့ကြောင့် ကျိယွမ်သည် ထက်မြက်သော မျက်လုံးများရှိသော လူငယ်ကို လေးလေးစားစား ရင်ဆိုင်လိုက်သည်။

ကျူမျောလွင့်တောင်ဂိုဏ်းမှ လူငယ်ဓားကျင့်ကြံသူသည် သူ၏သံဓားကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး အေးစက်သော အလင်းရောင်များ လင်းလက်စေကာ ကျိယွမ်ကို ချိန်ရွယ်ထားသည်။

သူ၏မျက်နှာပြင်က ပြတ်သားမှုနှင့်အတူ ရက်စက်စွာတိုက်ခိုက်တော့မည်ကို သိသာစေသည် ။

ကျိယွမ် အထူးလေးနက်သွား၏ ။

သူကလည်း သူ၏လက်ကို ဆန့်ထုတ်ပြီး ဓားပုံစံပြုလုပ်လိုက်သည်။

ဂိမ်းလောကတွင် သူ၏အဓိကလက်နက်သည် ကြီးမားသောဓားတစ်လက်ဖြစ်သည်။

ဓား လမ်းစဉ် ။

မှန်ပါသည် ၊ကျိယွမ်ကလည်း ပြိုင်ဘက်လူငယ်အတိုင်း ဓားလမ်းစဥ်ကို ထုတ်ဖော်လိုက်ခြင်းပင် ။

ပြိုင်ပွဲကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွား၏ ။

ဓားကျင့်ကြံသူများ၏ တိုက်ပွဲသည် သွေးမထွက်ဘဲ ပြီးဆုံးသည် မရှိပေ ။ယခုလို အရေးကြီးတိုက်ပွဲမျိုးဆိုလျှင် အသက်မသေလျှင်တောင် ခြေပျက်လက်ပျက်များ ဖြစ်သွားနိုင်သည် ။

အားလုံးမှာ နှလုံးခုန်သံများပင် တိတ်သွားသလို ခံစားနေရသည် ။ယနေ့၏ ပထမဆုံးသော အသက်လုပွဲကို ကြည့်ရတော့မည် ။

ထိုအချိန်တွင် လူငယ်ဓားကျင့်ကြံသူ၏ မျက်နှာသည် ဖြူဖျော့သွားပြီး သူ၏ဗိုက်ကို လက်ဖြင့် တင်းကျပ်စွာ ဖိကိုင်လိုက်သည်။

"အား---"

စူးရှသော အော်သံနှင့်အတူ သူက ခါးကုန်းသွားလေသည် ။

သူက ကျိယွမ်အားကြောက်လန့်စွာ ကြည့်ပြီး ။

" မန္တာန် --မန္တာန်ပညာရှင်ပဲ ၊ မမြင်ရတဲ့ စွမ်းအားတွေ ၊ အရမ်းကြောက်ဖို့ကောင်းတယ် ၊ စီနီယာအစ်ကို... ကျွန်တော် အရှုံးပေးပါပြီ"

ထိုလူငယ်သည် တိုက်ရိုက်အရှုံးပေးပြီး စင်ပေါ်မှ ကြောက်လန့်စွာ ဆင်းပြေးသွားသည်။

ကျိယွမ်မှာ မြှောက်ထားသော လက်တစ်ဖက်ကိုပင် ပြန်မချရသေးပါ ။ သူက အံ့သြလွန်း၍ ကြက်သေသေနေမိ၏ ။

ဒါ -- ဒါကြီးက ၊ နည်းနည်းတော့ ထူးဆန်းနေသလိုပဲ။

သူ့ရဲ့ဆွဲဆောင်မှုက ယောကျ်ားများကိုပင် ဖမ်းစားနိုင်နေပြီလား။

ထိုသို့တွေးမိသောအခါ ကျိယွမ်က ယနေ့မှစ၍ တစ်ယောက်တည်း အပြင်သိပ်မထွက်တာ အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။

နောက်ထပ်နိုင်ပွဲနှင့်အတူ ကျိယွမ်သည် စင်မြင့်ပေါ်မှ အူကြောင်ကြောင်ဖြစ်ကာ ဆင်းလာသည်။

သူက မျက်လုံးများကိုမှေးစင်းပြီး အဝေးရှိကျိစယ်တောင်ထွတ်ကို ကြည့်လိုက်သည်။

တောင်ထိပ်ဖျားသည် မိုးကောင်းကင်ကို ထိုးဖောက်ကာ တိမ်တိုက်များနှင့်ထိစပ်နေ၏ ။ အဝေးမှပင် တိမ်ဆိုင်များကြားမှ ဖြူဖွေးသည့် ကျောက်စိမ်းနန်းတော်များကို မှိန်ပျပျ မြင်နေရသည်။

ဆရာမ။

ကျိယွမ်သည် ထိုထူးခြားသည့်အမျိုးသမီးကို စဉ်းစားလိုက်သည်။

ဖြစ်နိုင်သည်မှာ ရှန်ကွမ်းဂိုဏ်းတစ်ခုလုံးတွင် သူမတစ်ဦးတည်းသာ ယခုကဲ့သို့သော "အရှက်မရှိသည့် " လုပ်ရပ်မျိုးကို လုပ်နိုင်လိမ့်မည် ဖြစ်သည်။

"ညီလေးကျိ ၊ အဝါရောင်ပန်းသီးက မင်းအတွက် အကောင်းဆုံးမဟုတ်ဘူးလား "

ချန်ရှန်းခရိုင်ဘုရင်က ပြုံးကာ ပြောလိုက်သည် ။

"ဒီလိုဆရာမျိုးရှိတာက တစ်သက်တာလုံးအတွက် ကောင်းချီးပါပဲ။"

ထိပ်တန်းအဆင့်တစ် အခြေတည်စိတ်ဝိညာပစ္စည်းဖြစ်သော အဝါရောင်ပန်းသီး၏ သတင်းကို ကြားရပြီးနောက် ထင်ရှားသောဂိုဏ်းကြီးများနှင့် ချမ်းသာသောမျိုးနွယ်စုများမှ ကျင့်ကြံသူများသည် စိတ်လှုပ်ရှားလွန်း၍ လက်တပြင်ပြင် ဖြစ်နေခဲ့ကြသည် ။

သို့သော် မထင်မှတ်စွာပင် ထိပ်တန်းဂိုဏ်းကြီးများထံသို့ ကျိစယ်တောင်ထွတ်သခင်မ၏ စာများရောက်ရှိလာခဲ့၏ ။

လာဘ်ငွေများတော့မဟုတ်ပါ ။ ခြိမ်းချောက်မှုများနှင့်ကျေးဇူးတရားအကြောင်းအနည်းငယ်သာပါ၏ ။

အဓိကဂိုဏ်းကြီးများ ဘာတတ်နိုင်တော့မည်နည်း ။ ဘာမှမတတ်နိုင်သလို ထိုလုပ်ရပ်အား အောင့်အီးသည်းခံလိုက်ရတော့သည်။

သူမသည် အရှက်မရှိသလောက် ခွန်အားကလည်း ပြိုင်ဘက်မရှိအောင် ကြီးမားလှသည် မဟုတ်ပါလား။

မတတ်သာသဖြင့် သူတို့သည်ကျိစယ်တောင်ထွတ်၏ တောင်ထွတ်သခင်ကို မျက်နှာသာပေးရသည်။ ထို့ကြောင့် ယခုနေရာသို့ မပျက်မကွက်လာရောက်ကာ ယခုကဲ့သို့သော ပြပွဲမျိုးကို လုပ်ပြခဲ့ကြသည်။

သို့သော် အခြားချီသန့်စင်ခြင်းတပည့်များကတော့ တိုက်ပွဲများ၌ အကောင်းဆုံး ကြိုးစားကြသေးသည်။

ဆုလာဘ်က အဝါရောင်ပန်းသီးတစ်မျိုးတည်းသာ မဟုတ်ပေ ။ အခြားဆုများဖြစ်သော စိတ်ဝိညာဥ်ပစ္စည်းများသည်လည်း တန်ဖိုးကြီးလေ၏ ။

ကျိယွမ်သည် ခရိုင်ဘုရင်ကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်

"ကျွန်တော့်ဆရာရဲ့ မျက်နှာက ဒီလောက်ကြီးတာလား။"

"သူမရဲ့ မျက်နှာက ကြီးတယ်လို့ ပြောတာထက် သူမရဲ့ခွန်အားက သန်မာတယ်လို့ ပြောတာက ပိုကောင်းပါလိမ့်မယ်။"

ချန်ရှန်ပြည်နယ်ဘုရင်က အတိတ်ကို သတိရဟန်ဖြင့် ပြောပြသည်။

"လွန်ခဲ့တဲ့ နှစ်သုံးဆယ်တုန်းက နတ်ဆိုးရမ္မက်ဂိုဏ်းက ရည်မှန်းချက်ကြီးခဲ့ပြီး ကြီးမြတ်သော သာ့ရှန်နယ်မြေတွေကို ပေါင်းစည်းပြီး နတ်လမ်းရဲ့ ခေါင်းဆောင်ဖြစ်လာဖို့ ဆန္ဒရှိခဲ့ကြတယ်။"

"နောက်မှာ ဘာဖြစ်သွားလဲဆိုတာ မင်းသိလား။"

ကျိယွမ်သည် သိလိုစိတ်ပြင်းပြနေသဖြင့် အာရုံစိုက်ပြီး နားထောင်သည်။

ရိုးရိုးသားသားပြောရရင် သူသည် ယခုလောကသို့ ရောက်လာသည်မှာ တစ်နှစ်ကျောကျော်သာရှိသေးသည်။

သူ၏ဆရာနှင့် တွေ့ဆုံချိန်များကလည်း များများစားစား မရှိပါ ၊ သူမအကြောင်းကို သူက မည်မည်ရရမသိချေ ။

သူမက အရမ်းလှသည်ဆိုတာကိုသာ သူသိလေသည် ။

"မင်းရဲ့ဆရာဖြစ်တဲ့ ကျိစယ်တောင်ထွတ်သခင်မက နတ်ဆိုးရမ္မက်ဂိုဏ်းကို တစ်ယောက်တည်း သွားခဲ့တယ်။"

"သူမက နတ်ဆိုးဂိုဏ်းမှာ စိုက်ထားတဲ့ရှေးဟောင်း စီးချောင်သစ်ပင်ကို သဘောကျလို့ သွားခဲ့တယ်လို့ ပြောတာပဲ"

"အဲဒီအချိန်တုန်းက နတ်ဆိုးရမ္မက်ဂိုဏ်းကလည်း စိတ်ဓာတ်တွေအလွန်မြင့်မားနေတော့ တိုက်ပွဲတစ်ခုက ရှောင်လွှဲလို့မရဘူး။"

"အဲဒီနောက် ဘာတွေဖြစ်ခဲ့တယ်ဆိုတာတော့ ဘယ်သူမှမသိဘူး၊ ဒါပေမဲ့ မင်းရဲ့ဆရာက အဲဒီစီးချောင်ရှေးဟောင်းသစ်ပင် ကို ကျိစယ်တောင်ထွတ်မှာ ရွှေ့ပြောင်းစိုက်ပျိုးခဲ့တယ်ဆိုတာတော့ လူတိုင်းသိကြတယ်။"

ချန်ရှန်ခရိုင်ဘုရင်က သဘောကျသလိုပြုံးလိုက်ပြီး စကားဆက်၏ ။

"အဲဒီအချိန်ကစပြီး နတ်ဆိုးရမ္မက်ဂိုဏ်း က သာ့ရှန်းမှာ နတ်လမ်းစဥ်ရဲ့ ခေါင်းဆောင်ဖြစ်လာဖို့အကြောင်းကို ဘယ်တော့မှ ထပ်မပြောတော့ဘူး။"

ထိုလုပ်ရပ်ကြောင့် ကျိစယ်တောင်ထွတ်သခင်မသည် ဂိုဏ်းအသီးသီး၏ ကျေးဇူးတင်မှုများစွာကို ရရှိခဲ့၏ ။

ထိုမျက်နှာကြောင့်ပင် သူတို့က သူမ၏တပည့်ကို ထိပ်တန်းအဆင့်တစ် စိတ်ဝိညာဥ်ပစ္စည်းရရှိစေရန် မျက်နှာသာပေးလိုခြင်း ဖြစ်လေသည်။

ချန်ရှနမခရိုင်ဘုရင်၏ စကားအဆုံးတွင် ကျိယွမ်က သဘောပေါက်သွားပုံဖြင့် မှတ်ချက်ချလိုက်သည် ။

"ဒီလိုလုပ်ပေးနေမှတော့ အရမ်းအာဏာပြတတ်တဲ့ဆရာမက ကျွန်တော့်ကိုချစ်နေတာများဖြစ်နေမလား ၊ ခင်ဗျားဘယ်လိုထင်လဲ ။"

ချန်ရှန်ခရိုင်ဘုရင်၏ မျက်နှာပေါ်မှ အပြုံးပျောက်ကွယ်သွားသည် ။ သူက ကျိယွမ်နှင့်ဝေးရာသို့ အနည်းငယ်ခွာလိုက်၏ ။

"မင်း ! ကောင်လေး၊ မင်းအသံကို တိုးထားစမ်း ၊ ငါ့ကို မပါစေနဲ့ ၊ မင်းနဲ့ငါ မသိဘူး "

သူသည် ခရိုင်ဘုရင်ဖြစ်သော်လည်း ကျိစယ်တောင်ထွတ်သခင်မကို အတော်လေး ကြောက်သည်။

သူမသည် စိတ်ဝိညာဥ်အဆင့်၏ အထွတ်အထိပ်အဆင့်သို့ ရောက်နေသောကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်၊ သူမသာ ဒဏ်ရာမရခဲ့ပါက ခရမ်းရောင်နန်းတော်အဆင့်သို့ပင် ဝင်ရောက်ပြီးဖြစ်လိမ့်မည်။

နောက်ဆက်တွဲ ပြိုင်ပွဲတွင်တော့ ကျိယွမ်၏တိုက်ပွဲများက အဆင်ပြေချောမွေ့ခဲ့သည်။

သူက စင်ပေါ်သို့ တက်လိုက်သည်နှင့် သူ၏ပြိုင်ဘက်များက လက်မြှောက်အရှုံးပေးကြသည်။

ဖြစ်နိုင်သည်မှာ သူတို့အားလုံးသည် ကျိစယ်တောင်ထွတ်သခင်မ၏ အချစ်ဆုံးတပည့်ကို မထိခိုက်စေရန် သူတို့၏ဂိုဏ်းအကြီးအကဲများထံမှ ညွှန်ကြားချက်များ ရရှိခဲ့ကြခြင်း ဖြစ်လိမ့်မည်။

သို့သော် ကျိယွမ်သည် နောက်ဆုံးအဆင့်သို့ ရောက်သောအခါ မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။

"မဟူရာတောင်တန်းဂိုဏ်းက ချူးယွင်သုန်း ပါ ၊ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး"

ချူးယွင်သုန်းသည် အနက်ရောင်ဝတ်ဆင်ထားပြီး ဆိုးယုတ်သောအော်ရာ၏ ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သူသည် ချက်ချင်းလက်မြှောက်အရှုံးမပေးဘဲ ကျိယွမ်ကို လေးနက်စွာ ကြည့်နေသည်။

ကျိယွမ်က အံ့ဩခြင်းမရှိပါ။

"ကျေးဇူးပြု၍ လမ်းညွှန်ပေးပါဦးဗျ။"

သူသည် ထိုစကားကို ပြောနေရင်း ချူးယွင်သုန်း၏လက်ထဲမှ ထူးခြားသောပုံသဏ္ဌာန်ရှိသည့် မှော်လက်နက်ကို ကြည့်လိုက်သည်။

၎င်းသည် ဖုန်သုတ်ကြက်မွှေးတံနှင့်တူသော်လည်း အနက်ရောင်အမွှေးများချည်း အသုံးပြုထားကာ အလွန်မာကျောပုံရလေသည်။

[ထိုအရာက အခြေတည်အဆင့် မှော်လက်နက် တစ်ခုဖြစ်သည်။ အသုံးပြုသောအခါ အနက်ရောင်အမွှေးများက ပန်းများလို ပျံ့ကျဲသွားပြီး အခြေတည်အဆင့် ကျင့်ကြံသူများကို ပင် ထိခိုက်စေနိုင်သည်]။

ပရိသတ်ထဲရှိ ဂိုဏ်းအသီးသီးမှ အကြီးအကဲများအားလုံး အံ့ဩသွားကြ၏ ။ အချို့မှာ ဘိုးဘေးပူဇော်ကြက်ကို ကြည့်ကာ တစ်ခုခုကို စဉ်းစားနေကြသည်။

"မဟူရာတောင်တန်းဂိုဏ်းရဲ့ ရည်မှန်းချက်က မသေးဘူးပဲ။"

နတ်ဆိုးရမ္မက်ဂိုဏ်းမှ အကြီးအကဲဖေးဟွာသည် ဘိုးဘေးပူဇော်ကြက်ကို ကြည့်လိုက်သည်။

ဘိုးဘေးပူဇော်ကြက် က ပြုံးလိုက်သည်။

"အခြေခံအုတ်မြစ်ပစ္စည်းက လူတိုင်းယှဉ်ပြိုင်ဖို့ပါ။"

"မဟုတ်ရင် ဒီ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအခမ်းအနားကို ဘာအတွက် လုပ်နေတာလဲ။"

"အခြေတည်အဆင့် မှော်လက်နက်ကိုတောင် သုံးလာတယ်ပေါ့"

ကျူမျောလွင့်တောင်ဂိုဏ်း မှ အလင်းဖြာဓားသခင်က ဘိုးဘေးပူဇော်ကြက်ကို မျက်လုံးမှေးစင်းပြီး ကြည့်လိုက်သည် ။ သူက တစ်စုံတစ်ခုကို သဘောပေါက်သွားပုံ ရလေ၏ ။

"ဧကန္တ ၊ မဟူရာကြက်မိစ္ဆာကြီးက သူ့ရဲ့ကျင့်ကြံမှုကို နောက်တစ်ဆင့်တက်နိုင်သွားပြီထင်တယ်။"

အခြားသူများလည်း ဘိုးဘေးပူဇော်ကြက်ကို ကြည့်ပြီး မဟူရာကြက်မိစ္ဆာအဘိုးကြီး၏အကြောင်းကို ပိုမိုသိရှိရန် ကြိုးစားကြသည်။

မဟူရာတောင်တန်းဂိုဏ်း၏ ယခုလုပ်ရပ်သည် နောက်ကွယ်၌ ကြက်မိစ္ဆာအဘိုးကြီး သေချာပေါက် ပါဝင်ပတ်သတ်နေမည်ဟု လူတိုင်းက သံသယရှိနေကြသည် ။

မဟူရာကြက်မိစ္ဆာအဘိုးကြီးသည် စိတ်ဝိညာဥ် အလယ်ပိုင်းအဆင့် ကျင့်ကြံသူဖြစ်၏ ။ ကျိစယ်တောင်ထွတ်သခင်မသည် စိတ်ဝိညာဥ်နှောင်းပိုင်းအဆင့်ဖြစ်သော်လည်း ပြင်းထန်သောဒဏ်ရာ ရနေသည်ဟု ကောလာဟလများ ထွက်ပေါ်နေသည် ။

ကြည့်ရသည်မှာ မဟူရာကြက်မိစ္ဆာအဘိုးကြီးသည် စိတ်ဝိညာဥ် နှောင်းပိုင်းအဆင့်ကို ရောက်ရှိသွားပုံရသည် ။

ပရိသတ်ထဲမှ လူတိုင်းသည် မြင်တွေ့နေရသော​အကြောင်းအရာများအပေါ် အခြေခံ၍ ဖြစ်နိုင်ချေအားလုံးကို မှန်းဆရန် ကြိုးစားနေကြ၏ ။။

ချူကျန်းကတော့ ကျေနပ်စွာပြုံးနေသည် ။ အခမ်းအနားသို့ရောက်စက ကျိယွမ်သည် သူ့အား ကံဆိုးစေမည့် ဟောကိန်းတစ်ခုကို ထုတ်ခဲ့သည် ။ သူက တုန့်ပြန်ချင်သော်လည်း အကြီးအကဲက တားမြစ်ခဲ့သောကြောင့် ဘာမှမတတ်နိုင်ခဲ့ချေ ။

ယခု ကျိယွမ် ကံဆိုးတော့မည့် မြင်ကွင်းကို မြင်ရသောအခါ သူအလွန်ကျေနပ်၏ ။

ချူးယွင်သုန်းသည် အခြေတည်အဆင့် ဝိညာဥ်လက်နက်ကိုအသုံးပြုကာ ကျိယွမ်ကို ခွေးလိုနွားလို ရိုက်နှက်အနိုင်ယူပြီး ထိပ်တန်းအဆင့်တစ်ဆုလာဘ်ကို လုယူသွားသည်အား မြင်တွေ့ချင်နေသည် ။

ဂိုဏ်းအကြီးအကဲများကတော့တိုက်ပွဲ၏ရလဒ်ကို အာရုံစိုက်မနေတော့ဘဲ မိမိတို့ရရှိလိုက်သော အချက်အလက်အသစ်များကို သူတို့၏ဂိုဏ်းများသို့ မည်သို့ပြန်ပို့ရမည်နည်းဟုသာ အာရုံစိုက်နေကြသည်။

ချန်ရှန်ခရိုင်ဘုရင်တစ်ဦးတည်းသာလျှင် ပြိုင်ပွဲစင်ပေါ်သို့ အာရုံစိုက်လျှက်ရှိသည် ။

စည်းကမ်းများကြောင့် သူသည် ပြိုင်ဘက်၏ မှော်လက်နက်ကို သတိထားရန် ကျိယွမ် ကို သတိပေးခွင့်မရှိဖြစ်နေသည် ။

" ခက်ပြီ ၊ သူကချီသန့်စင်ခြင်းအဆင့်ပဲရှိသေးတော့ ဒီလက်နက်အကြောင်းကို သိမှာမဟုတ်ဘူး ။"

-------------

All Chapters