ငါ ငါးစားချင်တယ်
Vol. 2 Ch. 29
ကျိယွမ်သည် ထိပ်တန်းအဆင့်တစ်ဝိညာဥ်ပစ္စည်းဖြစ်သော အဝါရောင်ပန်းသီးကို ယူကာ ကျိစယ်သို့ပြန်လာခဲ့သည် ။
ရောက်သည်နှင့် သူကခြံဝင်းထဲသို့ လျှင်မြန်စွာ ဝင်သွား၏ ။
ထိုအချိန်တွင် သူ၏ဆရာတူညီမလေး ကျန်းလင်းစုသည် ကျင့်ကြံနေပြီး အရေးကြီးသောအဆင့်သို့ ရောက်ရှိနေပုံရသည် ။
ကျိယွမ်သည် သူမ၏ကောက်ရိုးအိမ်လေးကို ကြည့်လိုက်ရာ အဖြူရောင်အခိုးအငွေ့များဖြင့်ပြည့်နေပြီး ထိုအရာကကျင့်ကြံခြင်း၏ အရေးကြီးအဆင့်တွင် ရောက်ရှိနေကြောင်း ဖော်ပြလေသည် ။
သူသည် ကောက်ရိုးအိမ်လေးဘေးမှ ဖြတ်၍ တောင်ထွတ်ပေါ်သို့ ဆက်တက်သွားသည် ။
မကြာခင်တွင် သူ၏ရှေ့၌ အတားအဆီးတစ်ခု ပေါ်လာ၏ ။ ၄င်းမှာသူ၏ဆရာမရွမ်းယူချမ်း ချမှတ်ထားသော ကန့်သတ်စည်းပင်ဖြစ်လေသည် ။
"အိုးပင်း ဆက်ဆာမီ "
ကျိယွမ်က ကြားဖူးနားဝမန္တာန်အား အော်လိုက်၏ ။ သို့သော် အတားအဆီးက တုပ်တုပ်ပင်မလှုပ်ခဲ့ပါ ။သူက ယခုအကြိမ်တွင် ထိုအတားအဆီးကို ဖွင့်ပေးမည်ဟု ထင်ထားခဲ့သည်။
"ဆရာမရဲ့ ရည်ရွယ်ချက်ကို ငါနားလည်မှုများလွဲနေတာလား"
တားမြစ်စည်းအားကြည့်ကာ ကျိယွမ်ပြန်လည်တွေးမိသည် ။
သူ့အတွက် ထိပ်တန်းအဆင့်တစ် အခြေတည်ဝိညာဥ်ပစ္စည်းကို ရရှိအောင်ပြုလုပ်ပေးခဲ့ကတည်းက ဆရာမ၏ ရည်ရွယ်ချက်ကို ခန့်မှန်းနေရန် မလိုတော့ပါ ။ဆရာမက သူ့အားဒေါသထွက်မနေသည်မှာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေလေပြီ ။
ဧကန္တ ၊ ငါအရမ်းထိန်းချုပ်မိနေတာများလား ။
ထို့သို့တွေးမိပြီးနောက် ကျိယွမ်သည် အဝါရောင်ပန်းသီးကို လက်နှစ်ဖက်နှင့် မြှောက်ကိုင်လိုက်သည် ။
"ဆရာမ၊ တပည့်ကျိယွမ်က စေ့စပ်လက်ဖွဲ့ ယူလာပါပြီ"
အတားအဆီးက ယခင်အတိုင်းပင် မလှုပ်မယှက်ရှိနေ၏ ။ ပျောက်ကွယ်သွားမည့်အရိပ်အရောင် မရှိပေ ။
ကျိယွမ်က တောင်ထွတ်အပေါ်သို့ မျှော်ကြည့်လိုက်ရာ ကောင်းကင်ယံတွင် ရုတ်တရက် တိမ်များစုဝေးလာသည်ကို မြင်လိုက်ရသည် ။တိမ်များက နန်းတော်အထက် တစ်နေရာတည်းတွင် စုဖွဲ့နေပြီး ၄င်းတို့နောက်၌ ပြိုင်ဘက်ကင်းသားရဲတစ်ကောင်ကို ဖုံးကွယ်ထားပုံရှိလေသည် ။
အေးစိမ့်သောလေတစ်ချက် ကြမ်းကြမ်းတိုက်ခတ်လာပြီး ကျိယွမ်၏ မျက်နှာကို စပ်ဖျဥ်းဖျဥ်းဖြစ်သွားစေသည် ။သို့သော် ထိခိုက်ဒဏ်ရာတော့ မရခဲ့ပါ။
သူက နားမလည်နိုင်ဖြစ်နေစဥ်မှာပင် ထူးဆန်းသောဖြစ်စဥ်များက ချက်ချင်းပျောက်ကွယ်သွားလေ၏။
ကျိယွမ်မှာ စိတ်ဓာတ်ကျသွားသလို အလွန် လည်း စိတ်ရှုပ်ထွေးသွားသည် ။
"ဆရာမရဲ့ ရည်ရွယ်ချက်ကို ငါတကယ်ပဲ နားလည်မှုလွဲနေတာလား"
"မဟုတ်ဘူး၊ ဖြစ်နိုင်တာက အဝါရောင်ပန်းသီးက အဓိပ္ပာယ်မကောင်းတာ ဖြစ်လောက်တယ် ။အဝါရောင်ပန်းတွေ ၊ အဝါရောင်သစ်သီးတွေက မင်္ဂမောင်နှံအတွက် နိမိတ်မကောင်းလို့များလား "
"ဒါမှမဟုတ်၊ သူမက ငါ့ဇနီး ဖြစ်နေပြီးသားမို့ စေ့စပ်လက်ဖွဲ့ ယူလာစရာမလိုတော့တာများလား"
ထိုသို့တွေးမိသောအခါ ကျိယွမ် ပြန်ပြီး စိတ်လှုပ်ရှားလာသည် ။
ထိုအချိန်က သူ၏မျက်လုံးများဖြင့် မြင်နေခဲ့ရသည်က----
.
[သူမ၏အမည်မှာ ရွမ်ယူချမ်း ဖြစ်သည် ။ သူမသည် သင်၏လှပသောဆရာမဖြစ်ပုံရသော်လည်း တကယ်တမ်းမှာ သင်၏ ဇနီးတစ်ယောက် ဖြစ်နိုင်သည် ။]
သူ၏မျက်လုံးများနှင့် သေသေချာချာ မြင်ခဲ့ရတာက ဘယ်လိုမှ မမှားနိုင်ပေ ။သူ့မျက်လုံးများက သူ့အား မည်သည့်အခါကမှ မလိမ်ညာခဲ့ဖူးပါ။
ကျိယွမ် ထိုနေရာတွင် ငြိမ်သက်စွာရပ်လျှက် စဥ်းစားနေမိသည် ။ အချိန်အတော်ကြာပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်ကာ တောင်ထွတ်ဆီသို့ နှုတိဆက်သလို ကြည့်လိုက်၏ ။
ကျိယွမ်သည် အဝါရောင်ပန်းသီးကို ချထားခဲ့ပြီး သူ၏ကောက်ရိုးအိမ်လေးဆီ ပြန်ဆင်းလာခဲ့သည် ။
ထိုအချိန်တွင် ကျန်းလင်းစုသည် သူမ၏ ကောက်ရိုးအိမ်ထဲမှ အရေးတကြီး ထွက်လာပြီး သူမ၏မျက်နှာက တစ်ခုခုကို သံသယဝင်နေပုံရှိသည် ။
"ဆရာတူအစ်ကိုကြီး၊ ခုနက ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုခု ခံစားလိုက်ရလား"
ကျင့်ကြံနေစဥ် သူမသည် ရုတ်တရက်ကြီး ရာသီဥတုလေးပါးပြောင်းလဲမှုကို ခံစားလိုက်ရသည် ။ အလွန်စွမ်းအားကြီးမားသူတစ်ဦး၏ စိတ်လှုပ်ရှားမှုများကြောင့် ရိုက်ခတ်လာသော စွမ်းအင်လှိုင်းများနှင့် ဆင်တူလှသည် ။
"ဆရာမ ဖြစ်နိုင်တယ်"
ကျိယွမ်က အမှန်တရားကို မဖုံးကွယ်ထားခဲ့ပါ ။
"ဆရာမလား"
ကျန်းလင်းစုက ဖြစ်နိုင်သည်ဟု တွေးလိုက်သည် ။ သူမသည် ကျိယွမ်ကို ကြည့်လိုက်ပြီး သူမရဲ့ထူးဆန်းသော အစ်ကိုကြီးက ဆရာမကို တစ်နည်းနည်းနဲ့ စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မိခဲ့ခြင်း ဖြစ်နိုင်သည်ဟု သဘောပေါက်လိုက်၏ ။
ကျန်းလင်းစု၏ အကြည့်သည် ကျိယွမ်၏ လက်ထဲမှ သေတ္တာပေါ်သို့ ကျရောက်သွားသည် ။
သူမ၏နူးညံ့သော နှာခေါင်းကို ရှုံ့ပွရှုံ့ပွလုပ်ကာ အနံ့ခံလိုက်ပြီး ချီးမွမ်းလိုက်မိသည် ။
"ထိပ်တန်းအဆင့်တစ် အခြေတည်စိတ်ဝိညာဥ်ပစ္စည်းဖြစ်တဲ့ အဝါရောင်ပန်းသီးလား "
"ဆရာတူအစ်ကိုကြီးက အထင်ကြီးစရာပဲ"
သူမရဲ့အမြင်အရ ဆရာတူအစ်ကိုကြီးက အရည်အချင်အနည်းငယ်ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကတော့ အလွန်အားနည်းလှသည် ။ သူက ဂိမ်းများကို စွဲလမ်းနေသဖြင့် လက်တွေ့တိုက်ခိုက်ရေးစွမ်းရည်ကို တိုးတက်ဖို့ အခွင့်အရေးသိပ်မရှိ၍ ဖြစ်သည် ။
ကျိယွမ်သည် ကျန်းလင်းစုကို စိတ်ရှုပ်နေသောမျက်နှာဖြင့် ကြည့်လိုက်ပြီး ။
"နင့်ရဲ့ မျိုးရိုးနာမည်က "ကျိုး" ဆိုတာနဲ့ပတ်သတ်နေရမယ် ၊ ဟုတ််တယ်မှတ်လား "
"ဟမ် ---"
ကျန်းလင်းစုသည် ကျိယွမ်၏ ထူးဆန်းသော အတွေးကြောင့် အံ့အားသင့်သွားပုံရသည် ။
" လူတစ်ယောက်လေ ၊ ရှားလော့ရဲ့ အရိပ်အောက်မှာ နေတဲ့သူလေ၊ အဲဒီတစ်ယောက်ကို နင်သိတယ်မှတ်လား"
ကျိယွမ်က တစ်ခုခုကို ပြန်သတိရဖို့ အသည်းအသန်တွေးကာ ကြိုးစားနေပုံရသည် ။
ကျန်းလင်းစုမှာ စကားမပြောနိုင်တော့ပါ ။ သူမက ကျိယွမ်ကို ကြောင်တောင်တောင်လေး ကြည့်နေ၏ ။
သူမ၏ဆရာတူအစ်ကိုကြီးသည် ဂိမ်းများကို အလွန်အကျူးစွဲလမ်းကာ နေ့နေ့ညညဆော့လွန်းသဖြင့် ဂိမ်းထဲမှ ဇာတ်ကောင်များနှင့် လက်တွေ့ဘဝမှလူများကို ရောထွေးနေသည်ဟု ကျန်းလင်းစု တွေးလိုက်သည် ။
"အစ်ကိုကြီး၊ ဒီနေ့ ဓားကို လမ်းလျှောက်မပေးတော့ဘူးလား "
ကျန်းလင်းစုက အကြောင်းအရာပြောင်းကာ စကားလွှဲလိုက်သည် ။
"ဒီနေ့တော့ မသွားတော့ဘူး "
"ဘာလို့လဲ ၊ နေ့တိုင်းသွားနေကျမဟုတ်ဘူးလား"
"ဒီနေ့ ငါ့ဓားကို သွေးရမယ်"
ကျိယွမ်၏အမူအယာက သူမဟုတ်တော့သလို အေးစက်သွားပြန်၏ ။
"ဘာလုပ်ဖို့လဲ"
"ငါ ၊ ငါးစားချင်တယ်"
"ဆရာတူအစ်ကိုကြီး... ဘာကြောင့်မှန်းမသိပေမယ့် အစ်ကိုကြီးပြောနေတာတွေက ကျွန်မကို ကျောချမ်းစေတယ်"
----------------
ရှန်ကွမ်းဂိုဏ်းတစ်နေရာတွင် ရှိနေသော ကျန်းကျိဟောင်၏ မျက်နှာသည် အလွန်ဖျော့တော့နေသည် ။ ချူကျန်းကြောင့် ရရှိခဲ့သော ဒဏ်ရာများ အပြည့်အဝမပျောက်သေးကြောင်း သိသာသည် ။
ကောင်းကင်ဘုံဆေးဝါးတောင်ထွတ်မှ သမားတော်တစ်ဦးက ညင်သာစွာ ပြောသည် ။
"မင်းရဲ့ဒဏ်ရာတွေက အပြည့်အဝ မပျောက်သေးဘူး ။ မင်းက ထွက်သွားချင်နေသေးတာလား"
ကျန်းကျိဟောင်၏ မျက်နှာမှာ မဲမှောင်နေသည် ။သူက ဆုံးဖြတ်ချက်အခိုင်အမာ ချထားပုံရ၏ ။
"တရားဥပဒေစိုးမိုးရေးခန်းမက တပည့်တစ်ဦးအနေနဲ့ ငါသွားကိုသွားရမယ် ။ကျူးရုန် မြို့မှာ အဲ့လိုမျိုးတစ်ခုခု ထပ်ဖြစ်ခဲ့ရင် မြို့သူမြို့သားတွေကို ငါဘယ်လို မျက်နှာပြရတော့မှာလဲ"
သမားတော်က သက်ပြင်းချလိုက်၏ ။
"မင်းက အရမ်းခေါင်းမာလွန်းတယ်" ဟု ညည်းလိုက်ရင်း ကျန်းကျိဟောင်၏ ဒဏ်ရာများကို ပြင်ဆင်ထားသော ဆေးရည်များ လိမ်းပေးလိုက်သည် ။
ကျန်းကျိဟောင်သည် အခြေတည်အဆင့် ကို မကြာသေးမီကမှ ချိုးဖျက်နိုင်ခဲ့သူဖြစ်သည် ။ ပြန်လည်ကုသခြင်း နည်းစနစ်များကို မသင်ယူရသေးပါ ။
ထို့အပြင် သစ်သားဒြပ်စင်နှင့် ရေဒြပ်စင်ကိုအခြေခံသော ဆေးပညာများကိုလည်း ကျွမ်းကျင်မှုမရှိသေး၍ သူ့ဒဏ်ရာပျောက်ကင်းမှုက အလွန်နှေးကွေးနေသည် ။
"ဒီနေ့ မဟူရာတောင်တန်းဂိုဏ်းက ပြဿနာရှာပြီး မောက်မာခဲ့ကြတယ် ။ တောင်ထွတ်က အကြီးအကဲတွေ ပြောတာကတော့ မဟူရာကြက်မိစ္ဆာအဘိုးကြီး က စိတ်ဝိညာဥ် နှောင်းပိုင်းအဆင့်ကို ရောက်နေလောက်ပြီတဲ့ ။ အဲ့ဒီ လူယုတ်မာ ချူကျန်းဆိုတဲ့ကောင်က ပိုပြီး မောက်မာလာမှာ သေချာတယ် ။ ကျူးရုန် မြို့မှာ ညအိပ်ဖို့ ရွေးချယ်တာကိုက နောက်ကွယ်က ရည်ရွယ်ချက်တွေ ဖုံးကွယ်ထားတာ ဖြစ်နိုင်တယ်"
သမားတော်က ကျန်းကျိဟောင်အတွက် စိုးရိမ်နေသည် ။
ကျန်းကျိဟောင်၏ မျက်လုံးများတွင် အလွန်ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေသည် ။
"မဟူရာတောင်တန်းဂိုဏ်းက လူတိုင်း သေသင့်တယ်"
မဟူရောင်တောင်တန်းဂိုဏ်းသည် မည်သို့သော နာမည်ဆိုးဖြင့် ကျော်ကြားသော အဖွဲ့အစည်းဖြစ်သည်ကို သူကောင်းစွာသိသည် ။
ထိုဂိုဏ်း၏ ဂိုဏ်းချုပ်မှအစ အကြီးအကဲများအလယ် တပည့်များအဆုံး လူကောင်းသူကောင်း တစ်ယောက်မှ မပါပါ ။
သူတို့အားလုံးသည် သွေးစွန်းသော လက်များဖြင့် နတ်ဆိုးကျင့်ကြံသူများသာ ဖြစ်ကြသည် ။
လွန်ခဲ့သောနှစ်အနည်းငယ်က မဟူရာတောင်တန်းဂိုဏ်း မှ အမြုတေအဆင့်အကြီးအကဲတစ်ဦးသည် မြို့တစ်မြို့လုံးမှ လူများ၏ ဝိညာဥ်များကို ထုတ်ယူပြီး ဝိညာဥ်စုဆောင်းရေးတံခွန်တစ်ခုကို ပြုလုပ်ခဲ့သည် ။
ထိုအမြုတေအဆင့် အကြီးအကဲသည် ယုတ်မာရက်စက်သောလုပ်ရပ်အတွက် ရှက်ရွံ့မှုမရှိဘဲ သူသည် အလုပ်လက်မဲ့ဖြစ်နေသော မြို့သူမြို့သားများကို လုပ်စရာတစ်ခုပေးခဲ့ခြင်းဖြစ်သည်ဟု အဓိပ္ပါယ်မဲ့သော အကြောင်းပြချက်တစ်ခုပေးခဲ့၏ ။
မဟူရာတောင်တန်းဂိုဏ်းသား နတ်ဆိုးကိုးကွယ်သူများက လူသားဆန်မှု ကို ဆုံးရှုံးသွားသည်မှာ ကြာပြီ ဖြစ်သည် ။
သမားတော်သည် ကျန်းကျိဟောင်၏ ခံစားချက်များကို နားလည်သော်လည်း သတိမပေးဘဲ မနေနိုင်ပေ ။
"သူတို့ က မင်းကို သတ်ရဲမှာမဟုတ်ပေမယ့် မင်းကို ထိခိုက်အောင်တော့လုပ်နိုင်တယ် ။ ဒီတစ်ခါ ကောင်းကောင်းဂရုစိုက်ပါ"
-------------
ကျူးရုန်မြို့--
ကျယ်ဝန်းသော ခြံဝင်းတစ်ခုသည် ယခုအခါ လူသူမရှိတော့ပါ ။ အားလုံးတိတ်ဆိတ်လျှက် လူသူကင်းမဲ့နေသည် ။
ကျိုးပဲ့ ပျက်စီးနေသောပြတင်းပေါက်များတွင် အနီရောင်စက္ကူများ၏ အကြွင်းအကျန်များ ရှိနေသေးသည် ။
ခြံဝင်းထဲရှိရေကန်တွင် ငါးအနည်းငယ်သည် ခေါင်းများဖော်ကာ ရေကူးနေပြီး အစာကျွေးမည့်သူ့ကို စောင့်နေပုံရသည် ။
ရေကန်အနီးတွင် ရေညှိများဖုံးနေသော စကျင်ကျောက်များပေါ်၌ စွန်းထင်းနေသော သွေးစများကို အဝေးမှပင် မြင်နေရ၏ ။
ပိန်ညောင်ညောင်ချူကျန်းသည် ခြံဝင်းထဲသို့ ဝင်လာပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည် ။
"အကြီးအကဲ ၊ ဒီညတော့ ဒီမှာပဲ နေကြစို့"
ဘိုးဘေးပူဇော်ကြက်က ခြံဝင်းကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်သည် ။
"ချူကျန်း၊ မင်းကတကယ်ပဲ အရာရာကို ကိုင်တွယ်တတ်တာပဲ ။ငါတို့သာ ဒီမှာနေလိုက်ရင် အဲ့ဒီသန့်ရှင်းဖြူစင်သလိုလို ဟန်လုပ်နေတဲ့ကောင်တွေကို တကယ်ပဲ စိတ်ပျက်သွားစေလိမ့်မယ် ၊ ဟား ဟားဟားဟား "
မဟူရာတောင်တန်းဂိုဏ်းမှ တခြားတပည့်များက နားမလည်ဟန်ရှိနေကြသည် ။
"ဆရာချူကျန်း ၊ ဒီနေရာက ဘာများထူးခြားလို့လဲ ။ကျွန်တော်တို့ ဒီမှာနေတာက ရှန်ကွမ်းဂိုဏ်းကို ဘာလိုလုပ်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေမှာလဲ"
ချူကျန်းက အားရပါးရရယ်မောလိုက်သည် ။
"လွန်ခဲ့တဲ့တစ်လခွဲလောက်က ဒီအိမ်ရှင်အမျိုးသားက လက်ထပ်ခဲ့တယ် ။ သူလက်ထပ်ခဲ့တဲ့ သတို့သမီးကအရမ်းလှတယ် ။ပြောရင်မင်းတို့ယုံမှာ မဟုတ်ဘူး ၊ငါ့ဆရာရဲ့ဇနီးထက်တောင် ပိုလှသေးတယ်"
ထိုစကားကို ကြားသောအခါ မဟူရာတောင်တန်းဂိုဏ်းတပည့်များ၏ မျက်လုံးများ လင်းလက်သွားသည် ။
"ဆရာ့ဇနီးထက် ပိုလှတာလား ၊ အစ်ကိုချုကျန်း ၊ခင်ဗျားက တော်တော်ကံကောင်းတာပဲ"
"သူမယောက်ျားရှေ့မှာပဲ ငါကသူ့ကို -----ဟင်းဟင်း"
ချူကျန်းက ထိုအရသာကို ပြန်သတိရလာပုံရ၏ ။
" ဒါပေမယ့် အဲ့ဒီမိန်းမက အရမ်းစိတ်မာလွန်းတယ် ၊ တိုင်ကို ခေါင်းနဲ့တိုက်ပြီး ကိုယ့်ကိုကိုယ် သတ်သေသွားတာ ။ ဟိုမှာကြည့်၊ သွေးတွေပေနေတာ တွေ့လား ၊ အဲဒီတိုင်ပဲ ။ ငါလည်း ကျန်တဲ့သူတွေကိုပါသတ်ပစ်လိုက်တယ် ၊ ပြီးတော့ သူမရဲ့ ရုပ်အလောင်းနဲ့ တစ်ညလုံး အတူနေခဲ့တယ်"
"ဆရာချူကျန်း , လူသေအလောင်းနဲ့အတူနေရတာ ဘယ်လိုလဲ"
"ဟွန်း"
ချူကျန်းက အေးစက်စွာ နှာမှုတ်လိုက်သည် ။
"ငါက စိတ်ဆိုးပြီး တွေ့သမျှလူတွေကို သတ်တဲ့သူလို့ မင်းတို့အားလုံးက တွေးနေကြတာလား ။ မင်းတို့သာ အဲ့လိုတွေးရင် ငါ့ကို အထင်သေးတာပဲ ။ ငါက လက်ထပ်ပြီးကာစ သတို့သမီးတစ်ယောက်ကို အတင်းအဓမ္မ ဆက်ဆံပြီး မိသားစုဝင်အကုန်လုံးကို သတ်လိုက်တာက ရိုးရှင်းတဲ့ ကာမဆန္ဒအတွက် မဟုတ်ဘူးကွ ၊ ငါ့ရဲ့ မြင့်မြတ်တဲ့ တာအိုပညာကို လေ့ကျင့်ဖို့ဖြစ်တယ် ။"
" လူတစ်ယောက်ဟာ သာမန်ရမ္မက်ဆန္ဒတွေရဲ့ ထိန်းချုပ်မှုကို ခံနေရရင် ကျင့်ကြံတဲ့လမ်းစဥ်ကို လိုက်ဖို့ မထိုက်တန်ဘူး"
မဟူရာတောင်တန်းဂိုဏ် တပည့်များက ချူကျန်းကို လေးစားသောမျက်လုံးများဖြင့် ကြည့်လိုက်ကြသည် ။
"ဆရာချူကျန်း ပြောသွားတာ အရမ်းကောင်းတာပဲ "
"မှန်လိုက်တာ"
"ကြီးမြတ်တဲ့ တာအိုပညာရရှိဖို့ကသာ အဓိကပဲ ၊တာအိုကအရာအားလုံးရဲ့ အထက်မှာ ရှိတယ် "
------------------