← Chapters

ငါးသတ်ခြင်း

Vol. 2 Ch. 30

ငါးသတ်ခြင်း

Vol. 2 Ch. 30

"ဆရာချူကျန်း ​၊ ဒီနေ့ ကျွန်တော်တို့ မြို့ထဲဝင်လာတော့ မင်္ဂလာဆောင်တဲ့အသံတွေကြားခဲ့သေးတယ် ၊ မီးပန်းတွေနဲ့ ဗျောက်အိုးဖောက်သံတွေဆူညံနေတာပဲ ၊ ဆွေကြီးမျိုးကြီးထဲက သတို့သမီး​ဖြစ်မယ် ထင်တယ်"

မဟူရာတောင်တန်းဂိုဏ်းမှ တပည့်တစ်ဦးက ချုကျန်းကို တို့လိုက်သည် ။

"ကျွန်တော်က သူတို့ကိုလိုက်ဖို့ ဝိညာဥ်ပိုးကောင်ကိုလွှတ်ပြီး လိပ်စာကို မှတ်လာခဲ့ပါတယ်။ ဆရာချူကျန်း ၊ ဒီညမှာ တပည့်လေးတွေကိုခေါ်ပြီး မြင့်မြတ်တဲ့တာအိုပညာရပ်အချို့ကို လေ့ကျင့်ချင်မလား မသိဘူး "

ဂိုဏ်းတပည့်၏ မြှောက်ထိုးပင့်ကော်စကားကို ကြားသောအခါ ချူကျန်းက မိန့်မိန့်ကြီးပြုံးလိုက်၏ ။

"မင်းနာမည်က လွီဝေနော် ၊ ဟုတ်လား"

ချူကျန်းက ခေါင်းတညိတ်ညိတ်လုပ်ကာ ဆက်ပြောသည် ။

"မင်းက လုပ်တတ်ကိုင်တတ်ရှိသားပဲ ၊ မင်းကို ငါမှတ်ထားလိုက်မယ် ။ ညကျရင် တာအိုပညာလေ့ကျင့်တဲ့အခါ မင်းက သတို့သမီးကို ပထမဆုံး မြည်းစမ်းရမယ်"

"ကျေးဇူးတင်ပါတယ် ၊ ဆရာချူကျန်း ၊ ကျေးဇူးတင်ပါတယ် "

လွီဝေက ပျော်ရွှင်သွားပြီး အကြိမ်ကြိမ်ဦးညွှတ်နေတော့သည် ။

အခြားတပည့်များကလည်း ဝမ်းသာစွာရယ်မောလိုက်ကြသည်။မင်္ဂဆောင်အခမ်းနားတွင် မိန်းမသားဟူ၍ သတို့သမီးတစ်ဦးတည်းရှိမည် မဟုတ်ပေ ။ မိသားစုဆွေမျိုးသားချင်းများတွင်လည်း လှပသောမိန်းကလေးများ သေချာပေါက်ရှိမည်သာ ။

ထို့အခိုက် ချူကျန်း၏ မျက်နှာသည် တစ်စုံတစ်ခုကို သတိရသွားသောအခါ ရုတ်တရက် ခက်ထန်သွားသည်။

"ကျိစယ်တောင်ထွတ်က ကျိယွမ်ဆိုတဲ့ကောင်က ၊၊ ဒီနေ့ တော်တော် ဒေါသထွက်စရာကောင်းတယ် "

"သူ့မှာ ဆရာကောင်းကောင်းသာ မရှိခဲ့ရင် အဲဒီကောင်တစ်ကိုယ်လုံး သွေးချောင်းစီးပြီး ငရဲပြည်ဖြစ်သွားအောင် ငါလုပ်ပြခဲ့ပြီးပြီ"

ချူကျန်းက တွေးရင်းဒေါသထွက်ကာ လက်သီးများပင် တင်းတင်းဆုပ်ထားမိသည် ။

တပည့်တစ်ဦးက ဖြေသိမ့်ပေးလိုက်သည် ။

"ဆရာချူကျန်း ၊၊ ကျိယွမ်ဆိုတဲ့ကောင်က ဥပါဒါန်သွေးမျိုးဆက်ဖြစ်နေလို့ ဉာဏ်ရည်မပြည့်ဘူးလို့ ကျွန်တော်ကြားတယ်။ ဘာလို့ အဲဒီလို အရူးနဲ့ ဒုက္ခခံနေမလဲ"

"ကျွန်တော်တို့ မဟူရာတောင်တန်းဂိုဏ်းက သာ့ရှန်းရဲ့ ကျင့်ကြံခြင်းလောကကို သိမ်းပိုက်ပြီးသွားတဲ့အချိန်ရောက်ရင် အဲဒီအရူးကို ဆရာချူကျန်း ဘာလုပ်ချင်လဲ ၊ ကြိုက်တာလုပ်လို့ ရတယ် "

"ငါသိတယ် "

ချူကျန်း၏အသံက ဒေါသကြောင့် မာထန်နေ၏ ။

သူတို့စကားကောင်းနေစဥ်မှာပင် ညအချိန်သို့ ရောက်မှန်းမသိရောက်လာသည် ။ ကံဆိုးရှာတော့မည် သတို့သားနှင့်သတို့သမီးမိသားစုကတော့ သူတို့နေအိမ်၌ ပျော်ရွှင်နေမည်မှာ သေချာလေသည် ။

ထိုအချိန်တွင် တံခါးခေါက်သံတစ်ခုကို စည်းချက်ညီစွာ ကြားလိုက်ရသည်။

"ဒေါက် ၊ဒေါက်ဒေါက်ဒေါက်"

"ဒေါက် ၊ဒေါက်ဒေါ်က်ဒေါက်"

စကားကောင်းနေသော မဟူရာတောင်တန်းဂိုဏ်းသားများ၏ အသံများ ရပ်တန့်သွားသည်။

ချူကျန်းက တံခါးဘက်သို့ ကြည့်လိုက်ပြီး "လွီဝေ ၊ သွားကြည့်လိုက်" ဟုခိုင်းစေလိုက်သည်။

လွီဝေက နေရာမှ ပြာပြာသလဲထကာ တံခါးဆီသို့ ပြေးသွားလေ၏ ။ သူက ချူကျန်းညိုညင်သွားမည်ကို အလွန်စိတ်ပူနေပုံရသည် ။

လွီဝေ တံခါးဖွင့်လိုက်သောအခါ မျက်နှာဖုံးစွပ်ထားသော အမျိုးသားတစ်ဦးသည် လူတိုင်း၏ မြင်ကွင်းထဲ၌ ပေါ်လာခဲ့လေသည်။

မျက်နှာဖုံးကအလွန်ရိုးရှင်းပြီး ဆေးချယ်ထားခြင်း အရုပ်တစ်ခုခုဆွဲထားခြင်းမျိုးပင် မရှိပါ ။ မျက်လုံးနှင့် ပါးစပ်နေရာများ၌သာ ရိုးရှင်းစွာ အပေါက်ဖောက်ထားသည် ။

လွီဝေက လူစိမ်းကို မြင်သောအခါ သဘောကျသလို မခိုးမခန့်ရယ်လိုက်၏ ။

ထိုသတ္တဝါက တမင်သပ်သပ် အသတ်ခံချင်၍ တကူးတကရောက်လာခြင်းပင်ဖြစ်လိမ့်မည် ။

"မင်း ဒီကို ဘာလာလုပ်တာလဲ"

မျက်နှာဖုံးစွပ်ထားသော အမျိုးသားက ဓားတစ်ချောင်းကို ဖြေးညင်းစွာ ဆွဲထုတ်လိုက်၏ ။

လွီဝေမှာ ထိုဓားကိုမြင်လိုက်ရသောအခါ ပဟေဋိ ဖြစ်သွားရသည် ။

မီးဖိုချောင်သုံး ကြက်သွန်လှီးဓားလား ။ သူက ဒီဓားနဲ့ ငါတို့နေတဲ့ခြံထဲကို ဘာလာလုပ်တာလဲ ။

မျက်နှာဖုံးစွပ်ထားသူက ဗလုံးဗထွေးအသံဖြင့် ပြောလိုက်သည် ။

"ကျွန်တော်နည်းနည်းဗိုက်ဆာနေလို့ ၊ ငါးသတ်ပြီး စားမလို့"

"ဒီကောင်က အရူးလား"

လွီဝေသည် တခဏမျှ ကြောင်သွားသည်။

ချူကျန်းက တံခါးမှ အခြေအနေကို သတိပြုမိပြီး အော်ပြောလိုက်၏ ။

"ကန်ထဲမှာ ငါးနည်းနည်းပါးပါးရှိတယ်၊ သူ့ကို ဝင်ခိုင်းလိုက်"

လွီဝေက မျက်နှာဖုံးစွပ်ဝင်နိုင်စေရန် ​နေရာဖယ်ပေးလိုက်သည် ။

"ဆရာချုကျန်းက ကြင်နာတတ်တဲ့သူပဲ။ ဒါကြောင့် မင်းကို ငါးဖမ်းခွင့်ပေးလိုက်တာ"

သို့သော် ခြံဝင်းအတွင်းမှ တပည့်တစ်ဦးက နားမလည်သ​ဖြင့် မေး၏ ။

"ဆရာချုကျန်း ၊ ဘာဖြစ်လို့ သူ့ကို ဝင်ခွင့်ပြုတာလဲ"

ချူကျန်းက အရေးမကြီးသလို ​တုန့်ပြန်လိုက်သည် ။

"ဒီမှာ ပျင်းစရာကောင်းနေတာ ။ ဖျော်ဖြေရေးတစ်ခုခု ရှာရအောင်။ ဒီကောင်က ရူးနေပုံရတယ်၊ ဒါပေမယ့် သူ့အသားအရေက... အင်း --- တော်တော်လေး ဖြူနေတယ်လေ"

သူတို့အားလုံးက တိုက်ခိုက်ရဲသလို အစွမ်းထက်သူများဖြစ်နေသောကြောင့် ရူးပေါပေါလူစိမ်းတစ်ယောက်ကို ကြောက်လန့်နေခြင်းမျိုးတော့ မရှိပါ ။ ထို့အပြင် မျက်နှာဖုံးစွပ်ထားသော လူစိမ်းထံမှ မည်သည့်အန္တရာယ်အငွေ့အသက်ကိုမှ သူတို့ မခံစားမိပါပေ။

မီးဖိုချောင်သုံးဓားကို ကိုင်ဆောင်ထားသော မျက်နှာဖုံးစွပ်သည် ခြံဝင်းထဲသို့ ဝင်လာခဲ့သည်။

အတွင်းဘက်ခြံဝင်းထဲ၌ ငြိမ်သက်စွာထိုင်ပြီး ကျင့်ကြံနေသော ဘိုးဘေးပူဇော်ကြက်က ထိုဖြစ်ရပ်ကို အစအဆုံးသိနေသော်လည်း ချူကျန်းအား မဟန့်တားခဲ့ပါ ။ သူက ခြံထဲသို့ မစဥ်းစားမဆင်ခြင်ဘဲ ဝင်လာသော မျက်နှာဖုံးစွပ်ကို လှောင်ပြောင်သလို ပြုံးလိုက်ပြီးနောက် မျက်လုံးများပြန်မှိတ်ကာ ကျင့်ကြံနေလိုက်သည် ။

အသေးအဖွဲကိစ္စများကို သူစိတ်မဝင်စားပါ ။

သူက ကျင့်ကြံခြင်း၏ အရေးကြီးသောအဆင့်ကို ရောက်နေသဖြင့် အာရုံမပျံ့လွင့်ရန် ဆုံးဖြတ်လိုက်သည် ။

ချူကျန်းက သူတို့အနီးသို့ရောက်လာသော မျက်နှာဖုံးကို ရပ်ခိုင်းလိုက်၏ ။

"မင်းရဲ့မျက်နှာဖုံးကို ချွတ်လိုက် ၊ မင်းရုပ်က ဘယ်လိုလဲဆိုတာ ငါတို့ကို ပြစမ်း "

မျက်နှာဖုံးစွပ်က စကားပြန်မပြောခင် ခဏလောက်တုန့်ဆိုင်းသွားသည် ။ ပြီးမှ စိတ်မပါသလို ပြောလိုက်သည် ။

"မင်းက တကယ်ပဲ မြင်ချင်လို့လား"

"ဟားဟားဟား ၊ ဘာလို့ မမြင်ချင်ရမှာလဲ ။ ဘာလဲ ၊ မင်းက ကြောက်စရာကောင်းလောက်အောင် အရုပ်ဆိုးနေလို့လား"

"မင်းက အဲဒီလောက်ရုပ်ဆိုးနေရင် မင်းကို မျက်နှာအသစ်တစ်ခု ငါတို့က လဲပေးမှာပေါ့"

"ချွတ်မှာသာချွတ်စမ်း ၊ မင်းကို ခေါင်းလှလှလေးနဲ့ လဲတပ်ပေးမလို့ "

မဟူရာတောင်တန်းဂိုဏ်းတပည့်များက မျက်နှာဖုံးစွပ်အနီးသို့ဝိုင်းလာပြီး အားရပါးရ ရယ်မောလိုက်ကြလေသည် ။

ခြံဝင်းထဲသို့ ကျရောက်နေသော မှိန်ပျပျလရောင်ကြောင့် သူတို့၏မျက်နှာများပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော ရက်စက်သည့် အမူအယာများကို ဝိုးတဝါး​မြင်နေရ၏ ။

၄င်းတို့က သွေးဆာနေသော မကောင်းဆိုးရွားအလား ရှိလေသည်။

"ဟူး၊ ဒီနေ့ အိမ်ကထွက်မလာခင်က တွေးမိနေတာ ၊ မျက်နှာဖုံးအောက်က ငါ့မျက်နှာကို မြင်လိုက်သူတွေက အဆုံးသတ်ကောင်းမှာ မဟုတ်ဘူးလို့ ငါထင်နေတယ် "

"ဟုတ်လား ၊ ဘယ်လိုအဆုံးသတ် မကောင်းတာမျိုးလဲ၊ ပြောစမ်းပါဦး "

ချုကျန်းက မခန့်လေးစား ပြောလိုက်သည် ။

သို့သော် သူ၏စကားပင်ကောင်းစွာအဆုံးမသတ်သေးခင် မျက်နှာဖုံးစွပ်လူစိမ်းက သူ၏မီးဖိုချောင်သုံး ဓားကို မြှောက်လိုက်၏ ။

ဓားသွားမှ အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး မည်သူမျှ မတုံ့ပြန်နိုင်မီမှာပင် ချူကျန်း၏ ဦးခေါင်းကြီးသည် မြေပြင်ပေါ်သို့ ဖုတ်ခနဲ ပြုတ်ကျသွားတော့သည်။

ချူကျန်း ခေါင်းပြတ်သွားလေပြီ ။

သူ၏မျက်နှာပေါ်တွင် မခန့်လေးစားနိုင်သော အပြုံးကို ဖော်ပြနေဆဲဖြစ်ပြီး မျက်လုံးများပင် ပိတ်မသွားခဲ့ပါ ။

ခြံဝင်းထဲတွင်ရှိနေသူများအားလုံး မယုံနိုင်သလို ငေးကြောင်သွားကြသည်။

အဖြစ်အပျက်က အလွန်လျင်မြန်ပြီး ရုတ်တရက် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

မျက်နှာဖုံးစွပ်က ချူကျန်း၏ ခေါင်းပြတ်ကို စဉ်းစားဟန်ဖြင့် ကြည့်လိုက်၏ ။

"ဒါဆို မင်းရဲ့ သွေးကပ်ဘေးက ငါ့လက်ထဲမှာပဲ ရှိခဲ့တာကိုး။ငါနဲ့တွေ့ရတာက မင်းအတွက် ကပ်ဆိုးဖြစ်သွားတယ်"

"နောက်ဘဝဆိုတာရှိခဲ့ရင် ပုရွက်ဆိတ်တစ်ကောင်အဖြစ် ပြန်ဝင်စားလိုက်၊ငါက စေတနာကောင်းတဲ့သူဆိုတော့ ပုရွက်ဆိတ်အိမ်ကို ရေနွေးနဲ့ လောင်းသတ်တာမျိုး ဘယ်တော့မှမလုပ်ဘူး၊မင်းသေချာပေါက် ငါ့လက်ကလွတ်မှာပဲ "

ခြံထဲရှိတပည့်များအားလုံး သတိဝင်လာပြီး ဒေါသတကြီးဟိန်းဟောက်လိုက်ကြသည် ။

"ဆရာ ချူကျန်း "

"မင်း ခွေးမျိုး ၊ ဘယ်လိုလုပ်ရဲတာလဲ"

"သတ်ကြ"

တပည့်များက မျက်နှာဖုံးစွပ်အား စုပေါင်း၍ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြတော့သည်။ ချူကျန်းကိုပင် တစ်ချက်တည်းနှင့်ခေါင်းပြတ်စေခဲ့သဖြင့် တစ်ဦးချင်းတိုက်ခိုက်ရန်တော့ မည်သူမှ မဝံ့ရဲကြပေ ။

မျက်နှာဖုံးစွပ်က သူ့အားဝိုင်းလာသော မဟူရာတောင်တန်းဂိုဏ်းသားများကို ကြည့်ကာ ပေါ့ပါးစွာ ပြုံးလေသည် ။

"ဂိမ်းထဲက မကောင်းဆိုးရွားတွေ ခေါင်းပေါ်မှာလည်း သွေးအားပြတဲ့ ဘားတန်းမရှိဘူး ။ မင်းတို့ခေါင်းပေါ်မှာလည်း သွေးအားပြတဲ့ ဘားတန်းမရှိဘူး။ မင်းတို့နဲ့ မကောင်းဆိုးရွားတွေကြားမှာ ကွာခြားချက်မရှိဘူးပဲ "

သို့သော် သူက ချက်ချင်းခေါင်းခါလိုက်၏ ။

"အော်၊ ဟုတ်သားပဲ၊ ကွာခြားချက်ရှိတယ်လေ"

"မင်းတို့က ပါးစပ်ပါတော့ အော်နိုင်ဟစ်နိုင်တယ် ၊ ဒီတော့ ငါကအသံသရုပ်ဆောင်လုပ်ပေးဖို့ မလိုတော့ဘူး"

"ဟားဟားဟားဟား ၊ ငါက တကယ်ကို ပါရမီရှင်ပဲ"

မဟူရာတောင်းတန်းဂိုဏ်းတပည့်များက စိတ်ရှုပ်ထွေးသွားကြပြီး ဒေါသပိုထွက်လာကာ ပို၍ကြမ်းတမ်းစွာ တိုက်ခိုက်ကြသည် ။

မျက်နှာဖုံးစွပ်သည် သူ၏မီးဖိုချောင်သုံး ဓားကို ကိုင်ဆောင်ပြီး အလှပဆုံး အကသမားကဲ့သို့ စည်းချက်ကျကျ လှုပ်ရှားနေသည်။

ဓားသည် ရုတ်တရက် မြင့်တက်သွား၏ ။ ထို့နောက် ပြင်းထန်စွာ ခုတ်ချလာသည် ။

နွေဦးရှစ်ကွက် ဓါးခုတ်ချက် ပင်ဖြစ်တော့သည် ။

"အား "

"ပြေးကြ "

"ငါတို့သူ့ကို မနိုင်ဘူး "

"မင်း ၊ မင်း ဘယ်သူလဲ"

တစ်ခဏအတွင်းမှာပင် ထိုနေရာ၌ရှိနေသည့် မဟူရာတောင်တန်း ဂိုဏ်းသားအများစုသည် သေဆုံးသွားခဲ့ကြသည်။

လေးငါးယောက်သာ ကျန်ရှိပြီး အလွန်ကြောက်ရွံ့တုန်လှုပ်နေကာ ​ထွက်​ပြေးရန်ပင်မေ့လျော့နေကြသည် ။ ပြေးလျှင်လည်း လွတ်မည်မဟုတ်ဟု အလိုလိုသိနေသည် ။

ထိုအချိန်တွင် အတွင်းဘက် ခြံဝင်းမှ ဒေါသတကြီး ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

"အရူးကောင် ၊ စော်ကားလှချည်လား "

အရေကြီးသောအဆင့်ကို ကျင့်ကြံနေသောဘိုးဘေးပူဇော်ကြက်အဘိုးအိုသည် နောက်ဆုံးတွင် ကျင့်ကြံရာမှ နိုးလာပြီး အခင်းဖြစ်ရာသို့ ချက်ချင်းရောက်လာ၏ ။

မသေဘဲကျန်ရှိနေသော မဟူရာတောင်တန်းဂိုဏ်းသားများ ဝမ်းသာသွားကြသည် ။

ငါတို့မသေတော့ဘူး ။ အကြီးအကဲဘိုးဘေးပူဇော်ကြက်ရှိသေးတယ် ။

အကြီးအကဲ ဘိုးဘေးပူဇော်ကြက်သည် အမြုတေအဆင့် ဖြစ်သည် ။လူသတ်သမား မျက်နှာဖုံးကတော့ အမြုတေအဆင့်မဟုတ်သည်မှာ သေချာ၏ ။

ဘိုးဘေးပူဇော်ကြက်၏ အော်သံနှင့်အတူ ချီအလင်းတန်းတစ်ခုသည် မျက်နှာဖုံးစွပ်သမား၏ ရင်ဝသို့ လျှပ်စီးတစ်ခုအလား ထိုးစိုက်သွားသည် ။

မျက်နှာဖုံးစွပ်က သူ၏မီးဖိုချောင်သုံးဓားကို ရိုးရှင်းစွာ မြှောက်ကာ မာန်သွင်းလိုက်၏ ။

"ကောင်းကင်ပိုင်းဖြတ် ဓားချက် "

ထိုသိုင်းကွက်က သူ၏အကြီးစားစွမ်းရည်ကို လက်တွေ့ဘဝတွင် ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်လေသည် ။

အင်အားကြီးမားသော ပြိုင်ဘက်ကို ရင်ဆိုင်ရာတွင် မိမိဘက်ကလည်း ကြီးမားသောသိုင်းကွက်ကို အသုံးပြုရန် လိုအပ်သည်ဟု မှတ်ယူထား၏ ။

သူကဓားကို မြှောက်လျှက် လေထဲသို့ ပေါ့ပါးစွာ ခုန်တက်လိုက်သည် ။

ထိုလှုပ်ရှားမှုကြောင့် သူ၏အဖြူရောင်ဝတ်ရုံက လရောင်အောက်တွင် ရေလှိုင်းသဏ္ဍာန် လွန့်လူးသွား၏ ။ မှိန်ပျပျလရောင်နောက်ခံတွင် သူ၏ပုံသဏ္ဍာန်သည် အဖြူရောင် အလင်းတန်းတစ်ခုအလား ရိပ်ခနဲရွေ့လျားသွားလေသည် ။

ဘိုးဘေးပူဇော်ကြက်၏ မျက်လုံးများတွင် လမင်းထဲမှ ဓားတစ်ချောင်း ရုတ်တရက်ထွက်လာသည်ဟု ထင်လိုက်ပြီး အလွန်လွှမ်းမိုးနိုင်ကာ စိတ်ကူးမယဥ်နိုင်လောက်အောင် ပြင်းထန်သည် ဓားအလင်းတန်းတစ်ခုက သူ့ဆီသို့ ချက်ချင်းလိုလို ရောက်လာ၏ ။

အကြောင်းပြချက်မရှိဘဲ ဘိုးဘေးပူဇော်ကြက်အဘိုးအိုသည် နှလုံးသားထဲမှ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

သူသည် အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ပြိုင်ဘက်... သည် သေချာပေါက် အမြုတေအဆင့် မဟုတ်ခဲ့ပါ ။

ကြောက်မက်ဖွယ်ဓားအလင်းသည် ၄င်း၏လမ်းတွင်ရှိသမျှသော အရာအားလုံးကို ဖြိုခွင်းလာပြီး ဘိုးဘေးကြက်၏ ချီအလင်းတန်ကို ချက်ချင်းဖျက်ဆီးပစ်လေသည်။

"အမြုတေ အကာအကွယ် "

အခြေအနေမဟန်မှန်းသိလိုက်သော ဘိုးဘေးကြက်က အမြုတေအဆင့် အကာအကွယ်ကို ချက်ချင်းဖန်တီးကာ ဓားအလင်းတန်းကို ရင်ဆိုင်လိုက်သည် ။

သို့သောဓားအလင်းတန်းက ဘိုးဘေးပူဇော်ကြက်၏ အမြုတေအဆင့် ချီအကာအကွယ်ကို တိုးဟူးလှီးသလို လွယ်ကူစွာထိုးဖောက်လာပြီး နောက်မှာတော့ ---။

" အား--"

တစ်ချိန်က အင်အားကြီးမားခဲ့သော ဘိုးဘေးကြက်သည် တစ်ချက်တည်းသော ဓားချက်ဖြင့် သတ်ဖြတ်ခံလိုက်ရလေသည် ။

သူ၏ ရွှေရောင်အမြုတေသည် အပေါက်ငယ်များစွာ ဖြစ်ပေါ်လာပြီးနောက် ဆင်နင်းခံရသော ဖရဲသီးတစ်လုံးလို အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည် ။

ထိုမြင်ကွင်းကြောင့် ကာယကံရှင်မျက်နှာဖုံးစွပ်ပင် ခေတ္တခဏမျှ ကြောင်သွားသည်။

"ဒါပဲလား"

"တစ်ချက်တည်းနဲ့ သေသွားတယ်"

သူက အနိုင်ရမည်ကို သိနေသော်လည်း ဤမျှလောက်ကြီး လွယ်ကူမည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ ။

သူက အလွန်အစွမ်းထက်သောကြောင့် ဖြစ်နိုင်သည်။

သူ့ဓားကလည်း တော်တော်ကောင်းသောကြောင့်လည်း ဖြစ်နိုင်၏ ။

သို့မဟုတ်ပါက --

.

သူက မြေပြင်ပေါ်ရှိ သေးငယ်သော ရွှေရောင်အမြုတေကို ကြည့်လိုက်သည် ။

"သူ့ရဲ့အမြုတေက အရမ်းသေးလို့ပဲ ဖြစ်ရမယ် ၊ သူ့ ချီအလင်းက မလုံလောက်ဘူးဖြစ်သွားတာ ။ ဓားချက်တစ်ချက်တောင် မခံနိုင်ဘူး။ မဖြစ်ဘူး အနာဂတ်မှာ ငါအမြုတေ ထူထောင်ရင် အမြုတေကို ကြီးကြီး လုပ်ရမယ် ၊ အခုလိုသေးနေရင် သူ့လိုပဲ တစ်ချက်တည်းနဲ့ သေနေမှာ "

သူက ထို့သို့မှတ်ချက်ချပြီးနောက် ကောင်းကင်တွင်ရှိသော လကိုမော့ကြည့်လိုက်သည် ။

"အမြုတေကထုတ်တဲ့ ချီအလင်းတန်းကလည်း အနည်းဆုံးတော့လရောင်လောက်တော့ များမှရမယ် ၊၊ဟုတ်တယ်မလား"

ထိုအချိန်တွင် မသေဘဲကျန်နေသော မဟူရာတောင်တန်းဂိုဏ်းသားအနည်းငယ်သည် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့အောင် တုန်လှုပ်နေကြပြီး အချို့မှာ ထွက်ပြေးကြကုန်၏ ။

မျက်နှာဖုံးစွပ်က ထိုဂိုဏ်းသားများကို ကြည့်ကာ မှတ်ချက်ချလိုက်သည် ။

" ငါကြားတာတော့ မင်းတို့က မိသားစုလိုက် တစ်ယောက်မကျန်သတ်ရတာကို သဘောကျတယ်ဆိုပဲ ၊ ငါကလည်း သဘောကောင်းတဲ့သူပါ ၊ မင်းတို့ကို ဘာလို့ မကူညီဘဲ နေနိုင်မလဲ "

သူ၏လက်ထဲမှ မီးဖိုချောင်သုံးဓားသည် လက်ခနဲ တောက်ပသွားလေ၏ ။

စူးရှသောအော်ဟစ်သံနှင့်အတူ ကျန်ရှိနေသေးသော မဟူရာတောင်တန်းတပည့်များအားလုံး သေဆုံးသွားကြတော့သည် ။

သူက မြေပြင်ပေါ်တွင် ပြန့်ကျဲနေသောအလောင်းများကို တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် ရေကန်ဘေးသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။

"ငါးဖမ်းပြီး စားဖို့ အချိန်ရောက်ပြီ"

သူက အက်ျီလက်ကို ခေါက်တင်လိုက်၏ ။ မီးဖိုချောင်သုံးဓားကို ကန်ဘောင်အနီးတွင် အနည်းငယ် ဆေးကြောပြီးနောက် ရေကန်ထဲမှ အနက်ရောင်ငါးတစ်ကောင်ကို ဖမ်းရန် ပြင်လိုက်လေသည် ။

-----------

All Chapters