← Chapters

ရိကွမ်းတားမြစ်နယ်မြေမှ မမျှော်လင့်ထားသော ပြောင်းလဲမှု

Vol. 3 Ch. 40

ရိကွမ်းတားမြစ်နယ်မြေမှ မမျှော်လင့်ထားသော ပြောင်းလဲမှု

Vol. 3 Ch. 40

ကျိစယ်တောင်ခြေ​သို့ ပြန်ရောက်သောအခါကျိယွမ် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိသည်။

“ကံကောင်းလို့ ဘယ်သူမှ ငါ့ကိုသံသယမဝင်ဘူး။”

“လင်ထျန်းခန်းမကတော့ တကယ်ကို အထင်ကြီးစရာပါပဲ သတင်းကညတွင်းချင်း နာမည်ကြီးသွားတယ် ။မနေ့ညက စွမ်းအားကြီးတဲ့သူတစ်ယောက်ယော​က်က မဟူရောင်တောင်တန်းဂိုဏ်း​ကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်ပြီပဲ”

“ဘယ်လို စိတ်ဝိညာဥ်အဆင့်အကြီးအကဲက လုပ်လိုက်သလဲဆိုတာတော့ သိချင်သား၊ ငါတို့ရှန်ကွမ်းဂိုဏ်းက အကြီးအကဲတွေရော သွားခဲ့သေးသလား မသိဘူး။”

“သေချာတာကတော့ လူအများစုဟာ ခရမ်းရောက်အထူးခန္ဓကိုယ်အပေါ်မှာပဲ အာရုံစိုက်နေကြပြီ။”

“အခုချိန် ကြက်မိစ္ဆာကြီး​အပြင်ထွက်လာရင်တောင် သဲလွန်စတွေများလွန်းလို့ တရားခံကို ရှာနိုင်မှာ မဟုတ်လောက်တော့ဘူး။”

ထို့နောက်ကျိယွမ်သည် သူ၏ကောက်ရိုးအိမ်လေးသို့ ပြန်သွားကာ ညအချိန်ကိုစောင့်နေတော့သည် ။ သူဂိမ်းမဆော့ရသည်မှာ ကြာခဲ့လေပြီ ။

ညရောက်သည်နှင့် ကျိယွမ်သည်ဂိမ်းထဲသို့ ချကိချင်းဝင်သွားသည်။

သူ ပထမဆုံးလုပ်ခဲ့သည်က သူ၏တစ်ဦးတည်းသော အွန်လိုင်းသူငယ်ချင်း ကျင်းလီနှင့်စကားပြောခြင်းဖြစ်၏။

လက်ရှိအချိန်တွင် နန်းကန်တိုင်းပြည်၏ စီးချင်းထိုးပွဲ၌ ဒေါ်လေးချင်သည် ဧကရာဇ်အဆင့်စွမ်းအားကို ပြသပြီး နန်ဖန်းတိုင်းပြည်မှ မင်းဆရာကို အနိုင်ယူပြခဲ့သည်။

အမတ်ချုပ်ကြီး စစ်မာတျန်းတစ်ယောက် သူ၏အကြံအစဥ်များ လွဲချော်ကုန်သဖြင့် အလွန်မကျေမနပ်ဖြစ်သွားတော့သည်။

ကျင်းလီ​၏ ရေတိုတာဝန်တစ်ခု ပြီးဆုံးသွားခဲ့သော်လည် အန္တရာယ်ကတော့ မပြီးဆုံးသေးပါ။

“ငါက အရည်အချင်းပြည့်မီတဲ့ ဘုရင်မတစ်ယောက် မဟုတ်ခဲ့ဘူး”

“နန်းကန်မှာ အခြေအနေတွေတည်ငြိမ်သွားရင် ငါဒီကနေ ထွက်သွားတော့မယ်။ နင်ဘယ်လို သဘောရလဲ”

လင်လုံယွီရှီကျောက်ပြားမှတစ်ဆင့် ကျင်းလီက ကျိယွမ်ဆီ ပို့လိုက်သည်။

သူမက ကျောက်ပြားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး စိတ်ပျက်ခြင်း ဝမ်းနည်းခြင်းများနှင့်အတူ ပင်ပန်းခြင်းများကို ခံစားနေရ၏ ။ယခုဘဝကို သူမစိတ်ကုန်နေလေပြီ။

ကျိယွမ်၏ပြန်စာက ဆယ်မိနစ်လောက်ကြာမှ ရောက်လာသည်။

ကျင်းလီက အမြန်ဖတ်ကြည့်လိုက်သည်။

“ဘုရင်မဖြစ်ရတာ ဘာပျော်စရာရှိလို့လဲ။ တာဝန်ပြီးတာနဲ့ ထွက်သွားလိုက်ပေါ့၊

ငါနဲ့အတူ မကောင်းဆိုးရွာတွေလိုက်ရှာတာကမှ ပိုပျော်စရာကောင်းဦးမယ် ဟုတ်တယ်မှတ်လား”

နောက်ဆုံးဝါကျကို မြင်လိုက်ရသောအခါ ကျင်းလီ၏ လှပသောနှုတ်ခမ်းဖူးဖူးလေး၌ အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

“ကောင်းပြီ၊ နင်နဲ့အတူပေါ့။”

ထို့နောက်စကားအနည်းငယ်ပြောကာ ကျိယွမ်က နှုတ်ဆက်သွားလေသည် ။

"ဟင်း"

ဧကရီကျင်းလီသည် သက်ပြင်းတစ်ခုကို လေးပင်စွာ ချလိုက်မိ၏ ။ သူမ ထုံးစံအတိုင်း အိပ်မပျော်သောညတစ်ညကို အထီးကျန်စွာ ဖြတ်သန်းရပေဦးတော့မည်။

................

တစ်ချိန်တည်းမှာပင် ရိကွမ်းနယ်မြေထဲ၌ သူရဲကောင်းကြီးကျိယွမ်သည် သူ့၏ဓားကြီးကို ဟန်ပါပါဆွဲကိုင်လျှက် မကောင်းဆိုးရွားများကို တစ်အိမ်ဆင်းတစ်အိမ်တက်....မဟုတ်ဘူး...တစ်တောဝင်တစ်တောင်ထွက် လိုက်ရှာနေသည်။

သူသည် ရှာရင်းရှာရင်းဖြင့် ရိကွမ်းတားမြစ်နယ်မြေ၏ နက်ရှိုင်းသောအပိုင်းထဲသို့ ရောက်လာခဲ့လေသည် ။

“တစ်ခုခုတော့ မှားနေပြီ။”

ကျိယွမ်က မျက်လုံးများကို မှေးကြည့်ကာ ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်သည်။

ယနေ့ည၌ ရိကွမ်းတားမြစ်နယ်မြေက ပုံမှန်နဲ့မတူဘူးဆိုတာကို သူ သတိထားမိသည်။

ခပ်ကိုင်းကိုင်းသစ်ပင်ကြီးတစ်ပင်၏ အကိုင်းအခက်အများစုမှာ ကျိုးပဲ့နေ၏ ။ပင်စည်မှထွက်ပေါ်နေသော ဆူးရှည်ကြီးများပေါ်တွင် မီးခိုးရောင်ဘောင်းဘီတစ်ထည် တွဲလွဲကျနေသည် ။ထူးဆန်းစွာပင် ထိုဘောင်းဘီက စုတ်ပြဲနေခဲ့သည် ။

“ဒါက… ငါ့လက်ချက် မဟုတ်ဘူး။”

“ဒီနေရာ တခြားသူတစ်ယောက်ယောက် ရှိနေသလား။”

သူသတ်ခဲ့သော အဝတ်အစားအားလုံးသည် ပြာမှုန့်များဖြစ်သွားပြီး သူ၏အတွေ့အကြုံရမှတ်များ ဖြစ်သွားသည်။

ယခုကဲ့သို့ စုတ်ပြဲနေသော အဝတ်စအပိုင်းအစများ ကျန်နေခဲ့လေ့မရှိပါ။ထိုအဝတ်စများ တင်ကျန်နေသောသစ်ပင်၏အကိုင်းအခက်များမှာလည်း ကျိုးပဲ့နေကြ၏။

ကျိယွမ်၏ အကြည့်များက ပို၍ပြင်းထန်လာပြီး ပိုသတိထားလာသည်။

ယခုဂိမ်းထဲ၌စစ်မာတျန်း လိုမျိုး သစ္စာဖောက်အမတ်များ ရှိနေသည်ကို သူသတိရလိုက်၏ ။ ထို့ကြောင့် ရိကွမ်းတားမြစ်နယ်မြေထဲတွင်လည်း ထိုသို့သော NPC များရှိနေနိုင်၏ ။

(TN-NPC သည် ဂိမ်းမှဖန်တီးထားသော ဇာတ်ကောင်များဖြစ်သည်၊ အလွယ်ပြောရလျှင် Bot များဖြစ်၏)

ကျိယွမ်သည် ရောက်နေသောနေရာတွင် ခေတ္တရပ်ကာ သတိကြီးစွာထားလျှက် အခြေအနေကိုအကဲခတ်နေသည်။

သို့သော်လည်း သူသည် အဝတ်အစားမကောင်းဆိုးရွာအချို့ကိုသာ ရှာတွေ့ခဲ့ပြီး ထိုအဝတ်အစားများကတော့ ပုံမှန်အတိုင်းရှိကြသည်။

ငါဆက်ပြီးသွားသင့်လား ၊ပြန်လှည့်ရင်ကောင်းမလား။

တိကျသောအဖြေတစ်ခုမရမချင်း သူကစိတ်အေးရမည် မဟုတ်ပေ။

ရှာမယ်ကွာ၊အန္တရာယ်ဆိုတာကြာကြာထားလို့မရဘူး၊စောစောရှာ စောစောရှင်း။

သို့သော် သူကံမကောင်းခဲ့ပါ၊ညလုံး ပေါက်ခိုးကြောင်ခိုးဝှက်လှုပ်ရှားပြီး စေ့စေ့စပ်စပ် ရှာဖွေခဲ့သော်လည်း နောက်ထပ် ထူးခြားသည့်အရာတစ်ခုမှ ထပ်မတွေ့ရတော့ပေ။

အဝတ်အစားမျိုးစုံသည် ယခင်ညများအတိုင်း သစ်ကိုင်းများတွင် ယီးလေးခိုကာ အိပ်စက်နေကြ၏ ။

“ငါ့ဘာသာ အတွေးလွန်ပြီး ပြန်ကြောက်နေတာများလား။”

ကျိယွမ်သည် တားမြစ်နယ်မြေအတွင်းပိုင်းမှပြန်ထွက်ပြီး မြေကြီးထဲ၌ တွင်းတူးပြီးပုန်းနေရန် ဆုံးဖြတ်လိုက်သည်။

ဘာပြဲပြောပြော ကြောက်ရွံ့နေချိန်တွင် စောင်ခေါင်းမြီးခြုံကာပုန်းနေလျှင် သူ၏ကြောက်စိတ်ကပျောက်သွားတတ်သည် မဟုတ်ပါလား။

သရဲတစ္ဆေတွေများ၏ ပထမဆုံးနိယာမအရ သူတို့က စောင်အောက်မှာ ပုန်းနေသူများကို မခြောက်လှန့်တတ်ကြပါ။

ကျိယွမ်သည် မြေတွင်းထဲ၌ ပုန်းနေဖို့ ဆုံးဖြတ်လိုက်သည်။

အေးမြသောလရောင်သည် သစ်ပင်များပေါ်သို့ ထွန်းလင်းနေ၏ ။ကျိယွမ်နှင့် သိပ်မဝေးသောနေရာရှိ သစ်ပင်တစ်ပင်၌ အစိမ်းရောင်ဝတ်ရုံတစ်ပိုင်း ချိတ်ဆွဲထားသည်။ ထိုဝတ်ရုံက အပြည့်အဝမကျန်ရှိတော့ဘဲ တိရစ္ဆာန်တစ်ကောင်၏ လက်သည်းများဖြင့် ဆုတ်ဖြဲခံထားရသလို အစိတ်စိတ်ကွဲနေပြီး လေထဲ၌ ဘယ်ညာယိမ်ကာ လွင့်နေသည်။

ကျိယွမ်က ၄င်းကိုမမြင်ပါ ။ သူ့၏ဓားကြီးကို အသုံးပြု၍ တွင်းတစ်ခုကို လျှင်မြန်စွာတူးလိုက်သည်။

တူးပြီးသည်နှင့်သူက ချက်ချင်းပင် တွင်းထဲသို့ ဝင်လိုက်၏။

ဘေးပတ်ပတ်လည်၌ မြေကြီးများသာရှိပြီး တခြားနေရာလွတ်မရှိသည်ကို မြင်လိုက်ရမှ ကျိယွမ်သည် မျက်လုံးများကို စိတ်ချလက်ချမှိတ်ပြီး သက်ပြင်းကြီးစွာ ချလိုက်သည်။

“အခုမှပဲ စိတ်အေးရတော့တယ် ၊ အပေါက်ဝကိုပဲ ပိတ်လိုက်ရုံပဲ။”

သူက တွင်းထဲမှထွက်ကာ ​မြေကြီးများကို ယက်ယူပြီး သူကိုသူ ပြန်ဖုံးရန် စိတ်ကူးလိုက်၏။

သို့သော် သူခေါင်းထောင်လိုက်သောအခါ နက်မှောင်ပြီး ဟောင်းလောင်းကြီးဖြစ်နေသော မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။

တွင်း၏အဝ၌ ဦးခေါင်းတစ်ခုက ကျိယွမ်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။

"အောင်မလေး ၊ သရဲကြီး "

ကျိယွမ် ခေါင်းကြီးသွား၏ ။တစ်ကိုယ်လုံးကြက်သီးများ တဖြန်းဖြန်းထသွားပြီး ရှိသမျှအမွှေးများ အကုန်ထောင်သွားသလို ခံစားလိုက်ရသည်။

ယခုလိုကြီး ထိုင်ကြည့်နေမှတော့ မည်သူကမကြောက်လန့်ဘဲ နေနိုင်မည်နည်း။

"ဖိနှိပ်စွမ်းရည်"

သရဲကိုမြင်လိုက်သောအခါ ကျိယွမ်ကအကြောက်လွန်သွားပြီး သူ၏အကြီးစားစွမ်းရည်တစ်ခုကို အလိုအလျောက်အသက်သွင်းမိသွားလေ၏ ။

ခဏအတွင်းမှာပင် ကျိယွမ်၏ ခွန်အားသည် ရူးသွပ်စွာ မြင့်တက်လာသည်။

နှစ်ဆ..

သုံးဆ..

လေးဆ..

ငါးဆ....

သူ၏ဓားကြီးကို လျှပ်တပြတ်ဆွဲထုတ်ကာ မျက်နှာဖုံးသရဲကို လွှဲခုတ်ထည့်လိုက်သည်။

ကြောက်တတ်သူများလက်ထဲတွင် လက်နက်ရှိလျှင် သရဲများက မခြောက်လှန့်သင့်ပေ ။သရဲများအတွက် အန္တရာယ်ရှိနိုင်၏ ။

“သတ်"

ဓားကြီးကို တအားကုန်ခုတ်ချလိုက်သည်။

သူ၏ဂိမ်းသက်တမ်းတလျောက် အပြင်းထန်ဆုံးခုတ်ချက်ဟုပင် သတ်မှတ်နိုင်၏ ။ ဖိနှိပ်စွမ်းရည်ကြောင့် သူ၏ခွန်အားများက

ငါးဆအထိ တိုးနေသည်မဟုတ်ပါလား ။

မျက်နှာဖုံးသရဲထံမှ အနီရောင်လိုလို အညိုရောင်လိုလို အငွေ့များကို သူမြင်လိုက်ရသည်။

မျက်နှာဖုံးသရဲကတော့ ကျိယွမ်ကို ဆက်ပြီး စိုက်ကြည့်နေဆဲဖြစ်သည်။

ဟောင်းလောင်းဖြစ်နေသောမျက်လုံးများက ထူးဆန်းသောအရိပ်အမြွက်တစ်ခုကို ဖော်ပြနေသလိုလို ရှိလေ၏ ။

ဓာတ်ငွေ့ဘူးထဲက ဓာတုဓာတ်ငွေ့နှင့်ဆင်တူသော အနီရောင်အငွေ့တစ်ခု ပျံ့နှံ့လာပြီး ကျိယွမ်ဆီသို့ ပုံရိပ်တစ်ခုက တိုးဝင်လာ၏ ။

ကျိယွမ်သည် ထိုအရာ၏ ပုံပန်းသဏ္ဌာန်ကို အပြည့်အစုံမြင်လိုက်ရလေ၏ ။

အနက်ရောင်နှင့်အဖြူရောင်တစ်ခြမ်းစီခြယ်ထားသော မျက်နှာဖုံးမျက်နှာနှင့်အတူ အဖြူရောင်နှင့်အနီရောင်အစင်းပါသော အဝတ်အစားကို ဝတ်ဆင်ထား၏ ။ အင်္ကျီလက်တစ်ဖက်တွင် လူသားလက်မောင်းတစ်ခုရှိနေပြီး မှင်ကဲ့သို့နက်မှောင်သော လက်သည်းရှည်ကြီးများ ရှိနေသည်။

[ကျရှုံးထားသော နယ်မြေသခင် ၊အကျည်းတန်ဝတ်စုံမကောင်းဆိုးရွားဘုရင် ၊ အဆင့် ၉၅ ရှိသည်]

ငါ့လခွမ်း ဘော့စ်ကြီးလား။

"ယား"

မထူးတော့ပြီမို့ တွင်းထဲသို့ခုန်ဆင်းလာသော အဝတ်အစားဘုရင်ဆိုတာကြီးကို သူ၏ဓားကြီးဖြင့် ဆီးကြိုကာထိုးစိုက်လိုက်သည်။

ဖိနှိပ်စွမ်းရည်ဖြင့် အားဖြည့်ထားသော ဓားချက်က အဆင့် ၉၀ တစ်ကောင်ကို ဒဏ်ရာရစေဖို့ လုံလောက်လေ၏။

သို့သော် ထိုဓားချက်က အဝတ်အစားဘုရင်ဆိုသော တားမြစ်နယ်မြေသခင်ကြီးကို ခြေတစ်လှမ်းခန့်သာ နောက်ဆုတ်သွားစေသည်။

တစ်ချိန်တည်းမှာပဲ အနီရောင်အငွေ့များက ကျိယွမ်ဆီတိုးဝင်လာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားတော့သည်။

"အား.....မလုပ်နဲ့.."

ကျိယွမ်က သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်ကို ခံစားလိုက်ရသည်။

အနီရောင်အငွေ့များသည် အနီရောင်ချည်မျှင်များအဖြစ် ပြောင်းလဲသွားပြီး ကျိယွမ်၏ အတွင်းပိုင်းအင်္ဂါများကို တစ်ခုမကျန် ချည်နှောင်ကာ သူ့ကိုရုပ်သေးရုပ်အဖြစ် ပြောင်းလဲဖို့ ကြိုးစားနေသည်။

“မသေချင်ရင် ပြေး”

တားမြစ်နယ်မြေသခင် အဝတ်အစားဘုရင်ကြီးက အဆငိ့ ၉၅ ဖြစ်သည် ။

သူက အဆင့် ၈၈ ပဲရှိပြီး အဆင့် ၇ ဆင့် ကွာခြားနေ၏ ။ ထို့အပြင့် စွမ်းရည်အကြီးစားတစ်ခုလည်း ကွာနေသည်။ကျိယွမ်တွင် အကြီးစားစွမ်းရည် ၂ ခုသာရှိသော်လည်း ၄င်းအရာတွင် ၃ ခုရှိနေ၏ ။ သေချာပေါက် ဆိုးဆိုးရွားရွားစွမ်းရည်ဖြစ်မှာ သေချာသည်။

ပြေးရမယ်!

သို့သော်လည်း ရိကွမ်းတားမြစ်နယ်မြေသခင်ဆိုတာကို သိလိုက်ရသဖြင့် ကျိယွမ်သည် စိတ်သက်သာရာ အနည်းငယ်တော့ရသွားသည်။

NPC တစ်ယောက်ဖြစ်နေလျှင် သူ့၏​​ခေါင်းပေါ်မှ သွေးအားဘားတန်ကို မြင်နိုင်ပြီး သူ့ထက်လယ်ဗယ်နိမ့်နေသော ကစားသမားမှန်သိနေပါက အလွတ်မပေးတမ်းလိုက်သတ်နိုင်သည် မဟုတ်ပါလား ။

သို့သော် ယခုလည်း ပြေးကိုပြေးရမည်​။

ကျိယွမ်သည် ဖိနှိပ်စွမ်းရည်ကို အသုံးပြုကာ ဖနှောင့်နှင့်တင်ပါးတသားတည်းကျအောင် ပြေးတော့သည်။

ထူးဆန်းစွာပင် အကျည်းတန်းဝတ်စုံမကောင်းဆိုးရွာဘုရင်ကလည်း ခပ်လှမ်းလှမ်းမှလိုက်လာပြီး ကျိယွမ်ကို လိုက်ဖမ်းရန် အလျင်လိုပုံမရှိချေ။

မည်မျှကြာကြာ ပြေးခဲ့လဲ မသိတော့ပါ၊ ကျိယွမ်သည် အဆမတန်မောပန်းနွမ်းနယ်နေပြီး အင်အားများကုန်ခမ်းပြီး ဗလာဖြစ်သွားသလို ခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာပင် အကျည်းတန်ဝတ်စုံကြီးသည် သူ၏နောက်မှပါမလာတော့ကြောင်းကို သူသတိထားမိလိုက်သည်။

သို့သော် သူမရပ်ရဲသေးပါ ။ ထိုသတ္တဝါက တစ္ဆေ သရဲတစ်ကောင်လို ဘွားခနဲပေါ်လာတတ်သည် ။

"ပြေးထား ကျိယွမ်၊ ​မသေချင်ရင် ဆက်ပြေး"

နောက်ထပ် မိုင်တော်တော်များ ပြေးပြီးနောက် ဗိုက်များအောင့်လာပြီး နားများအူလာ၏။ ခြေထောက်ကြွက်သားများတောင့်တင်လာကာ ကြွက်တတ်တော့မလို ဖြစ်နေလေပြီ။

“မဟုတ်ဘူး၊ တွင်းတူးပြီး အိပ်ရမယ်၊ ငါအရမ်း ပင်ပန်းနေပြီ၊မခံနိုင်တော့ဘူး”

သူသည်တွင်းတူးရန် သူ့၏ဓားကြီးကို အမြန်ဆုံ ဆွဲထုတ်လိုက်သည်။

သို့သော် သူအံ့သြသွားကာ ကြက်သေသေသွား၏ဟ

“ဒါက သင်္ချိုင်းလား။”

“မြေပုံတွေချည်းပဲ။”

“မတတ်နိုင်ဘူးကွာ ၊ အခုမတူးရင် ငါသေလိမ့်မယ် "

“အဘိုးအဘွားများ ၊ ခင်ဗျားတို့ရဲ့ အဖိုးတန်မြေကို ခဏလောက် ငှားပါရစေ၊ တစ်ညလောက် အိမ်နီးနားချင်းတွေ လုပ်ကြတာပေါ့။”

သင်္ချိုင်းကုန်းထဲ၌ မြူခိုးများက နေရာအနှံ့ ထူထဲစွာရှိနေသည်။ ဟောင်းနွမ်းကာ ပျက်စီးနေသော သင်္ချိုင်းကျောက်တိုင်များက လဲကျသည်က လဲကျ ၊ ယိုင်နဲ့သည်က ယိုင်နဲ့၊ အက်ကွဲနေသည်များလည်း ရှိသည်။

အုတ်ဂူတစ်ခုကတော့ ပေါင်းပင်များ ဖုံးလွှမ်းနေသည်။ အောက်မှာတော့ ခြေထောက်များစွာရှိသော တွားသွားကောင်များနှင့် ကျွတ်လိုလို မျှော့လိုလိုအကောင်များ ရှိနေသောအပေါက်တစ်ခု ရှိသည်။

ကျိယွမ်သည် ခေါင်းတစ်ချက်ယမ်းကာ သင်္ချိုင်းဂူများနှင့်ဝေးသော နေရာတစ်ခုကို ရှာပြီး တွင်းကြီးတစ်ခု တူးလိုက်သည်။

မည်သည့် မသာကျင်းဟောင်းကိုမှ မတူးမိသည်ကို သိလိုက်ရမှ ကျိယွမ်ခမျာ စိတ်သက်သာရာရသွားသည်။

သူသည် ယခင်တစ်ခါလိုမဖြစ်စေရန် တွင်းကိုအမြန်မြှုပ်လိုက်ပြီး အထဲ၌ သက်တောင့်သက်သာ လှဲလျောင်းလိုက်သည်။

သို့သော် သူသည်မျက်လုံးများကို မှိတ်လိုက်ချိန်မှာပင် ချောမွေ့သောအရာတစ်ခုကို လက်ကထိမိသွားသလို ခံစားလိုက်ရသည်။

“အဘိုးကြီးတစ်ယောက်ယောက်ရဲ့ ခေါင်းခွံကို ထိမိတာလား ၊ ငါတူးတုန်းက ဘာမှမရှိပါဘူး ”

"မတတ်နိုင်တော့ဘူး ၊ထားလိုက်တော့"

ကျိယွမ်သည် ဂိမ်းထဲမှ အမြန်ဆုံးထွက်လိုက်သည်။

အပြင်လောကသို့ ပြန်ရောက်သောအခါ ပင်ပန်းလွန်းသဖြင့် ​ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

..................

ရိကွမ်းတားမြစ်နယ်မြေ၏ သင်္ချိုင်းထဲ၌ ။

မီးရှုးမီးပန်းဖောက်သံများနှင့်မောင်းသံများ ဆူညံစွာ ပဲ့တင်ထပ်နေသည်။

မြင်ကွင်းက အသုဘပွဲတစ်ခုနှင့် ဆင်တူနေသလို မင်္ဂလာပွဲတစ်ခုနှင့်လည်း ဆင်တူလှ၏။

အဝတ်အစားမကောင်းဆိုးရွားတစ်စုသည် မြူခိုးများကြားတွင် အုပ်လိုက်ကြီးရောက်လာပြီး ကခုန်နေကြ၏ ။ သူတို့၏ ကိုယ်ပိုင်အဝတ်အစားများကိုလည်း မီးရှို့နေကြသည်။

သင်္ချိုင်းကုန်းသည် မီးရောင်များလင်းထိန်နေပြီး အဝတ်အစားများက ပျော်ရွှင်စွာ အော်ဟစ်နေကြသည်။

--------

All Chapters