ရှောင်လင်ကျောင်းသို့
Vol. 4 Ch. 1
" ဒီတစ်ခေါက် ရှောင်လင်ကျောင်းကိုသွားတာ တကယ့်ကိုစိတ်မချမ်းသာစရာပဲ...."
ရှေ့နားရှိသိုင်းသမားအုပ်စုအတွင်းမှတစ်ယောက်၏စကားကြောင့် ရှောင်ယောင်လည်း သက်ပြင်းချလိုက်မိသည်။
လက်ရှိအချိန်၌ သူတို့လူစုလည်း အခြားလူများနည်းတူ ရှောင်လင်ကျောင်းတော်သို့ဦးတည်သွားနေခြင်းဖြစ်ပြီး ကျောင်းထိုင်ဆရာတော်ကြီး၏ရုပ်အလောင်းကိုခုနစ်ရက်ပြည့်မြောက်သည့်နေ့အထိထားရှိမည်ဖြစ်သည်။
ထို့ကြောင့် သိုင်းလောကတစ်ခုလုံးရှိအဖြူအနက်သိုင်းသမားပေါင်းစုံက ကျောင်းထိုင်ဆရာတော်ကြီးကိုနောက်ဆုံးအနေဖြင့်ဖူးမျှော်ရန်သွားရောက်နေကြခြင်းဖြစ်ပြီး ရှောင်ယောင်တို့လည်း ထိုနည်းတူပင်ဖြစ်၏။
လက်ရှိအချိန်၌ ရှောင်ယောင် ၊ ကြွယ်ယန်၊ကြွယ်စင်း၊ ဟောင်ရန်နှင့် စန်းဟုန်းလျန်တို့သာ အတူခရီးထွက်လာခြင်းဖြစ်သည်။
လွီချင်းအာက ရှောင်ယောင်နှင့်အတူသွားလိုသော်လည်း သူမအဒေါ်၏တင်းကြပ်မှုကြောင့် ကြာပန်းဖြူဂိုဏ်းသူများနှင့်အတူ ရှောင်လင်ကျောင်းတော်သို့သွားနှင့်ပြီဖြစ်သည်။
ထိုနည်းတူ စီးတုယွမ်ချင်းသည်လည်း သူမ၏ဂိုဏ်းသူများကိုဦးဆောင်ရန်တာဝန်ရှိနေသေး၍ ထိုနေ့ညနေပိုင်းကပင် အော့မေ့ဂိုဏ်းမှလူများနှင့်အတူရှောင်လင်ကျောင်းတော်သို့ထွက်သွားခဲ့သည်။
ရှောင်ယောင်တို့လူစုကတော့ နောက်တစ်ရက်နံနက်ခင်းရောက်မှ စီးမင်မြို့မှစတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ယခု နှစ်ရက်မြောက်နေ့ဖြစ်သလို ရှောင်လင်ကျောင်းတော်တည်ရှိရာဟိုနန်နယ်အတွင်းသို့ပင် စတင်ဝင်ရောက်လာပြီဖြစ်သည်။
" ကျောင်းထိုင်ဆရာတော်ကြီးက ရောဂါတစ်ခုခုများဖြစ်လို့လား...."
ရှောင်ယောင်က လေးပင်သည့်လေသံဖြင့်ကြွယ်ယန်တို့ကိုမေးလိုက်သည်။
သူ၏မေးခွန်းကြောင့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခေါင်းယမ်းပြလိုက်ကြသည်။
" ကျုပ်တို့ရှောင်လင်ကထွက်လာတုန်းကတော့ ဘာမှမဖြစ်သေးပါဘူး။ ပြီးတော့ အစ်ကိုကြီးလည်းသိတဲ့အတိုင်း ကျောင်းထိုင်ဆရာတော်ကို ကျုပ်တို့တောင်ဆယ်နှစ်ကျော်အတွင်းနှစ်ကြိမ်ပဲဖူးမျှော်ခွင့်ရခဲ့တာကို...."
ကြွယ်ယန်၏စကားကြောင့် ရှောင်ယောင်လည်း ခေါင်းညိမ့်လိုက်မိသည်။
ဓမ္မဆောင်ထဲတွင် တစ်ပါးထဲသီတင်းသုံးနေသည့် ကျောင်းထိုင်ဆရာတော်က အဆောင်ပြင်ပသို့ထွက်လေ့မရှိသလို ကျောင်းတော်ရှိဘုန်းကြီးကိုရင်များပင် အကြိမ်များစွာမတွေ့ဖူးကြပေ။
ရှောင်ယောင်သည်လည်း ငယ်စဉ်က ကျောင်းထိုင်ဆရာတော်ကိုနှစ်ကြိမ်သူဆုံဖူးခြင်းဖြစ်သော်လည်း ဆရာတော်ကြီး၏စေတနာမေတ္တာကိုကောင်းစွာ သိရှိ၍ ယခုအခါ သူ၏စိတ်ထဲတွင် နှစိပေါင်းများစွာသိကျွမ်းလာသည့်မိတ်ဆွေကောင်းတစ်ဦးသေဆူံးသလို ဝမ်းနည်းကြေကွဲမှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။
အမြဲလိုလိုစနောက်ကြွားဝါသည့်ကြွယ်ယန်မှ ယခုရက်ပိုင်းတွင် မှိုင်တွေလျက်ရှိ၏။ ကြွယ်စင်းသည်လည်းထိုနည်းတူပင်။
သူတို့နှစ်ယောက်က ကျောင်းထိုင်ဆရာတော်ကြီးနှင့်အကြိမ်များစွာ မတွေ့ခဲ့ရသည့်တိုင် ရှောင်လင်ကျောင်းတွင် ဆယ်နှစ်ကျော်ပညာသင်ခဲ့သူများမဟုတ်ပါလား။
သူတို့စိတ်ထဲတွင်ကျောင်းတော်၏ပုံရိပ်က ဖျောက်ဖျက်မရလောက်အောင်စွဲထင်နေသလို ရှောင်လင်ကျောင်းရှိလူတိုင်းကို စိတ်ရင်းဖြင့် ခင်မင်ရင်းနှီးကြပေသည် ။
ကြွယ်ယန်တို့ကြွယ်စင်းတို့လို ရှောင်လင်ဂိုဏ်းသားများမဆိုထားနှင့် ရှောင်လင်ကျောင်းတော်သို့တစ်ကြိမ်မှမရောက်ဖူးသည့်ဟောင်ရန်ပင်ထိုသတင်းကြောင့် စိတမကောင်းဖြစ်ရသေးသည်။
" တကယ်တော့ ကျောင်းထိုင် ဆရာတော်ကြီးက မီးစာကုန်ဆီခမ်းတဲ့အရွယ်ကိုရောက်နေပြီ ။
ဆရာကလည်း ဒါကိုမကြာခဏပြောဖူးတယ်။ ဆရာတော်ရဲ့သိုင်းပညာနဲ့ဆို သဘာဝနဲ့တစ်သားထဲအဆင့်ကိုတက်ရောက်နိုင်ပေမယ့် ဆရာတော်က အဲလိုမျိုးမလုပ်ဆောင်ခဲ့ဖူးထင်တယ်...."
စန်းဟုန်းလျန်က ရှောင်ယောင်တို့ကိုရှင်းပြသလိုဖြင့် တစ်ကိုယ်တည်းခပ်တိုးတိုးရေရွတ်လိုက်သညိ။
သူ၏စကားကို ရှောင်ယောင်တို့အနေဖြင့်နားမလည်သည့်တိုင် စန်းဟုန်းလျန်က ရှင်းပြခြင်းမပြုသလို သူတို့ကလည်း မေးမြန်းခြင်းမရှိပေ။
ဤသို့ဖြင့် သူတို့ငါးယောက်သား လမ်းမထက်တွင်လူတန်းကြီးနှငိ့အတူခရီးဆက်ရင်း ရှောင်လင်ကျောင်းတော်သို့ဦးတည်သွားလျက်ရှိပေသည် ။
&&&
ညနေဆည်းဆာ၏ ရွှေအိုရောင်နေခြည်တန်းများက သက်ရှိသက်မဲ့အရာအားလုံးပေါ်သို့ လှပစွာပတ်ဖြန်းကျရောက်လျက်ရှိသည် ။
တောအုပ်အတွင်းရှိ ရိုးတံရှည်ပင်သစ်အိုကြီးများမှာ လေအဝှေ့တွင် ရွက်ဟောင်းများတဖြုတ်ဖြုတ်ကြွေကျနေပြီး လွမ်းမောဖွယ်နွေဦးပန်းချီကားတစ်ချပ်ကိုဖော်ဆောင်လျက်ရှိပေသည်။
သို့သော် တောအုပ်ထဲတွင်ရှိနေသည့်လူသားများကား လှပသည့်နွေဦး၏သဘာဝကိုခံစားနိုင်ခြင်းမရှိကြပေ။
တောအုပ်၏အတွင်းဘက်တစ်နေရာတွင် ထူးခြားသည့်မြင်ကွင်းတစ်ခုဖြစ်နေသည် ။
အစိမ်းရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး ပိတုန်းရောင်ကေသာများကိုစုစည်းထားသည့်မိန်းမပျိုတစ်ဦးက သွေးစွန်းနေသည့်ပဝါဖြင့်မျက်နှာကိုဖုံးကွယ်ထားကာ သူမ၏ရှေ့တွင်ရှိသည့် လူနှစ်ယောက်ကို အေးစက်စူးရှသည့်အကည့်များဖြင့်ကြည့်ရှုလျက်ရှိသည်။
သူမ၏ခန္တာကိုယ်က လှပခြင်းဆိုသည်ထက်ပို၍ပြီးပြည့်စုံနေကာ အဖြူရောင်ပဝါပါးဖြင့်ဖုံးကွယ်ထားသည့်တိုင် ပြိုင်ဘက်ကင်းသည့်မျက်နှာကလေးကိုဝေဝါးစွာတွေ့မြင်နိုင်သေးသည် ။
ကြည်လင်သည့်မျက်ဝန်းကလေးများက အေးစက်နေသော်လည်း ထိုပုံစံကလေးကပင် စိတ်ခံစားချက်ကင်းမဲ့ပြီးမြင့်မြတ်တင့်တယ်သည့်နတ်ဘုရားမတစ်ပါးနှင့်ဆင်တူလျက်ရှိသည် ။
ထိုမိန်းကလေး၏အလှက လူ့လောကနှင့်မအပ်စပ်ဘဲ သူမ၏ရန်သူပင်ဖြစ်လင့်ကစား အလျော့ပေးဒူးထောက်လိုစိတ်များဖြစ်ပေါ်လာနိုင်သည်။
ယခုလည်း သူမနှင့်မျက်နှာချင်းဆိုင်ရှိအနက်ရောင်ဝတ်စုံဝတ်သက်လက်ပိုင်းလူမှာ ထိုသို့ခံစားမိနေသည်။
လက်ထဲတွင်ဓားရှည်တစ်ချောင်းကိုကိုင်စွဲထားသည့်ထိုလူက တင်းမာပြက်သားသည့်သွင်ပြင်ရှိသော်လည်း ယခုအခါ သူ၏မျက်နှာထက်တွင်စိတ်ရှုပ်ထွေးသည့်အရိပ်အယောင်များရှိနေသည်။
အမြဲလိုလိုစူးရှတောက်ပပြီး ထက်ရှသည့်ဓားတစ်စင်းလိုအရှိန်အဝါရှိသူမှာ ယခုအခါ ပထမဆုံးအကြိမ်အဖြစ်တွန့်ဆုတ်နေမိခြင်းဖြစ်၏။
အကြောင်းကား သူ၏ရှေ့ရှိမိန်းမပျိုလေးကို သူလေးစားရသည့်လူတစ်ယောက်၏အမိန့်ကြောင့်တိုက်ခိုက်ရခြင်းဖြစ်သည့်တိုင် မိန်းမပျိုလေး၏ပုံရိပ်ကလေးကိုမြင်သည်နှင့်ဆက်လက်တိုက်ခိုက်ရန်အသဲမမာနိုင်ဘဲဖြစ်နေမိ၏။
မိန်းမပျိုလေး၏ဘေးတွင် ထက်ပိုင်းပြတ်နေသည့် ခမောက်ကြီးတစ်လုံးရှိနေပြီး ထူထဲသည့်ပိတ်စများဖြင့်ကာရံထားသည့်ထိုခမောက်က မူလက မိန်းမပျိုလေး၏ဦးခေါင်းပေါ်တွင်ရှိနေခြင်းဖြစ်သည်။
သက်လက်ပိုင်းလူ၏ဓားချက်ကြောင့် မိန်းမပျိုလေး၏သွင်ပြင်ကိုဖူံးကွယ်ထားသည့်ခမောက်ကြီးကပျက်စီးသွားခြင်းဖြစ်ပြီး ထို့ကြောင့်ပင် သူမ၏ပြိုင်ဘက်ကင်းသည့်သွင်ပြင်လေးကိုမြင်တွေ့ခွင့်ရခြင်းဖြစ်၏။
သူမ၏မျက်နှာထက်တွင်ပဝါပါးတစ်ထည်ကျန်ရှိနေသေးသည့်တိုင် ပြိုင်ဘက်ကင်းသည့်အလှအပကိုသိရှိနိုင်ကာ ယခုအခါ ဖြူဖွေးသည့်ဇာပဝါလေးက မိန်းမပျိုလေး၏သွေးများဖြင့်နီရဲနေပေသည်။
သို့သော် ထိုသွေးစများက အနက်ရောင်ဝတ်စုံဝတ်လူ၏ဓားချက်ကြောင့်မဟုတ်ဘဲ သူမဘာသာအန်ထုတ်ထားခြင်းသာဖြစ်သည် ။
အနက်ရောင်ဝတ်စုံဝတ်လူ၏သိုင်းပညာက သိုင်းဝိဇ္ဇာအဆင့်ရှိပြီး သိုင်းလောကထဲတွင်ထိပ်တန်းနေရာ၌ရှိသည့်တိုင် မိန်းမပျိုလေးကိုတော့ အနိုင်ယူနိုင်မစွမ်းနိုင်ခဲ့ပေ။
သူတို့နှစ်ယောက် တိုက်ကွက်ငါးရာကျော်အထိတိုက်ခိုက်ခဲ့ပြီးမှ မိန်းမပျိုလေးကတစ်စုံတစ်ခုဖြစ်ပွားလာခဲ့ပြီးအလိုလိုနေရင်းသွေးအန်လာခြင်းဖြစ်သည်။
ထို့ကြောင့်ပင် အနက်ရောင်ဝတ်စုံဝတ်လူ၏ဓားချက်က သူမ၏ခမောက်ကိုပိုင်းဖြတ်မိခြင်းဖြစ်ကာ သို့မဟုတ်ပါကထိုလူအစွမ်းကုန်ကြိုးစားလျှင်ပင် သူမ၏အင်္ကျီစကိုထိအောင်တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
ယခုအချိန်တွင်တော့ မိန်းမပျိုလေးက အတွင်းဒဏ်ရာတစ်ခုခုပြန်လည်ထကြွဟန်ဖြင့်အားနည်းစွာရှိနေသလို အနက်ရောင်ဝတ်စုံဝတ်လူသည်လည်း ဆက်လက်တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ ထူးဆန်းသည့်အခြေအနေဖြင့်ငြိမ်သက်သွားခြင်းဖြစ်သည်။
သူတို့နှင့်မလှမ်းမကမ်းရှိ သစ်ပင်အိုကြီးတစ်ပင်အောက်တွင် အဖြူရောင်ဝတ်စုံဝတ်လူကြီးတစ်ယောက်ရှိနေသည်။
သူ၏အသက်အရွယ်က ခြောက်ဆယ်ကျော်ပြီဟုခန့်မှန်းရသည့်တိုင် ငါးဆယ်ဝန်းကျင်ဟုသာထင်ရမည်ဖြစ်ပြီး လွန်စွာနုပျိုခန့်ညားသူတစ်ဦးဖြစ်သည်။
ခန့်ညားပြီးတည်ကြည်သည့်မျက်နှာသွင်ပြင်က အေးချမ်းတည်ငြိမ်သည့်သူ၏ပုံစံနှင့်လိုက်ဖက်နေကာ ကန်ရေပြင်လိုနက်ရှိုင်းသည့်မျက်ဝန်းအစုံက ခန့်မှန်းမရပေ။
သူ၏ခန္တာကိုယ်မှအလိုလိုနေရင်းလွှမ်းမိုးနိုင်စွမ်းရှိသည့်အရှိန်အဝါတစ်ခုထွက်ပေါ်နေကာ ထိုအရှိန်အဝါက လုပ်ယူ၍ရနိုင်သည့်အရာမဟုတ်ပေ။
ယခုအခါ အဖြူရောင်ဝတ်စုံဝတ်လူကြီး၏တည်ငြိမ်သည့်မျက်နှာက အနည်းငယ်ပြုံးယောင်သမ်းနေပြီး နက်ရှိုင်းသည့်သူ၏အကြည့်များက မလှမ်းမကမ်းရှိမိန်းမပျိုလေးဆီသို့ကျရောက်လျက်ရှိသည်။
အစိမ်းရောင်ဝတ်စုံဝတ်မိန်းမပျိုလေးသည်လည်း အပြင်ပန်းတွင်အေးစက်တည်ငြိမ်နေသော်လည်း သူမ၏စိတ်ထဲတွင်ရှုပ်ထွေးလျက်ရှိသည်။
အကြောင်းကား သူမ၏ရှေ့ရှိသိုင်းဝိဇ္ဇာက ရန်ငြိုးရန်စမရှိဘဲ အလိုလိုနေရင်းဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကာ ထိုလူ့ထက်ပင်ပို၍အဆင့်အတန်းမြင့်ဟန်တူသည့် လူတစ်ယောက်လည်းရှိနေသေးသည်။
အနက်ရောင်ဝတ်စုံဝတ်လူက သိုင်းဝိဇ္ဇာအဆင့်သိုင်းသမားတစ်ဦးဖြစ်သည့်အပြင်အစွမ်းထက်ဓားသမားတစ်ဦးလည်းဖြစ်နေသေးသည်။
ထိုလူ၏ရှုပ်ထွေးသည့်ခြေလှမ်းကွက်များနှင့် လျှင်မြန်သည့်ဓားသိုင်းက သာမန်သိုင်းဝိဇ္ဇာများကိုအနိုင်ယူနိုင်မည်ဖြစ်သော်လည်း သူမကိုချိန်းခြောက်နိုင်သည့်အဆင့်သို့မရောက်ခဲ့ပေ။
မိန်းမပျိုလေး၏စိတ်ထဲတွင် အမှန်တကယ်သတိထားနေသည်က ခပ်လှမ်းလှမ်းရှိပုဂ္ဂိုလ်သာဖြစ်ပြီး တည်ငြိမ်အေးဆေးပြီး သာမန်လူတစ်ဦးနှင့်ဆင်တူသည့်ထိုလူက အမှန်ပင်ခန့်မှန်းမရသူတစ်ဦးလည်းဖြစ်သည်။
လက်ရှိ သူမ၏အဆင့်ဖြင့်ဆိုလျှင် သိုင်းဝိဇ္ဇာအလယ်အဆင့်တစ်ယောက်ပင် သူမကိုဖူံးကွယ်နိုင်မည်မဟုတ်သော်လည်း ထိုလူ၏သိုင်းပညာကိုလုံးဝခန့်မှန်းမရဘဲဖြစ်နေသည်။
ထိုအဖြစ်ကြောင့်မိန်းမပျိုလေး၏စိတ်ထဲတွင်သတိထားနေခြင်းဖြစ်ပြီး အနက်ရောင်ဝတ်စုံဝတ်လူကို အာရုံအပြည့်စူးစိုက်မတိုက်ခိုက်နိုင်ခြင်းဖြစ်သည်။
အကျိုးဆက်အနေဖြင့် သူတို့၏တိုက်ပွဲကမကြာသင့်ဘဲကြာရှည်သွားကာ အတွင်းဒဏ်ရာပြန်ထချိန်တွင် တစ်ဖက်လူကအသာစီးရသွားခြင်းဖြစ်သည်။
သူမ၏အကောင်းဆုံးအခြေအနေတွင်ရှိပါက ထိုသို့သောလူသုံးယောက်ရှိလျှင်ပင် သူမ၏ပြိုင်ဘက်မဟုတ်ပေ။
ယခု အနက်ရောင်ဝတ်စုံဝတ်လူကမည်သည့်အတွက်ဆက်လက်တိုက်ခိုက်ခြင်းမပြုသည်ကိုမသိသော်လည်း သူမကတော့အလျော့ပေးမည်မဟုတ်ပေ။
သူမ၏စိတ်ထဲတွင်အမုန်းတီးဆုံးလူများက သူမကိုအလကားနေရင်း လာရောက်ပြဿနာရှာသူများပင်ဖြစ်သည်။
ထို့ကြောင့် အနက်ရောင်ဝတ်စုံဝတ်လူနှင့် အဖြူရောင်ဝတ်စုံဝတ်လူကြီးတို့၏ဇာတ်မြစ်နှင့်သူမကိုလာရောက်တိုက်ခိုက်ရသည့်အကြောင်းရင်းကိုမသိရှိသော်လည်း မိန်းမပျိုလေးမှာ အစွမ်းကုန်ပြန်လည်တိုက်ခိုက်ရန်ဆုံးဖြတ်ပြီးဖြစ်သည်။
မိန်းမပျိုလေး၏စိတ်ထဲတွင် အတွေးများစွာဖြတ်ပြေးနေစဉ် အဖြူရောင်ဝတ်စုံဝတ်လူကြီးက ခေါင်းတစ်ချက်ညိမ့်လိုက်ပြီး ဖြေးညင်းစွာပြောလိုက်သည်။
" စုန်းယောင် တော်လိုက်တော့...."
အဖြူရောင်ဝတ်စုံဝတ်လူကြီး၏ဟန့်တားမှုကြောင့် မူလကပင်မိန်းမပျိုလေးကိုဆက်လက်တိုက်ခိုက်လိုစိတ်မရှိတော့သည့်လူမှာ ချက်ခြင်းနောက်သို့ပြန်ဆုတ်လိုက်သည်။
မိန်းမပျိုလေးမှာ တစ်ဖက်လူများ၏လုပ်ရပ်ကိုနားမလည်နိုင်လဲဖြစ်နေစဉ် သူမမြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် စိတ်ထဲတွင်တုန်လှူပ်သွားမိ၏ ။
အဖြူရောင်ဝတ်စုံဝတ်လူကြီးက သူ၏လူကိုဟန့်တားပြီးနောက် ခန္တာကိုယ်ကိုတစ်ချက်လှုပ်လိုက်သည်။
ထိုအခါ ခပ်လှမ်းလှမ်းရှိသစ်ပင်အိုကြီး၏အောက်တွင်ရပ်နေသည့်သူ၏ခန္တာကိုယ်က ဝေဝါးသွားပြီး မိန်းမပျိုလေးနှင့်ခြေလှမ်းအနည်းငယ်အကွာသို့ရောက်ရှိလာပေသည်။
ထိုမျှအဆင့်အတန်းမြင့်မားသည့်ကိုယ်ဖော့ပညာက သူမထက်ပင် ပို၍သာလွန်နေရာ မိန်းမပျိုလေး၏စိတ်ထဲ၌ အံ့သြတုန်လှုပ်မိသော်လည်း သူမ၏ခံစားချက်ကင်းမဲ့သည့်ပုံစံက ပြောင်းလဲခြင်းမရှိပေ။
" ရှင်တို့က ဘာလို့ ကျမကိုတိုက်ခိုက်ရတာလဲ...."
မိန်းမပျိုလေး၏အသံက ကြည်လင်ခြင်းပီသခြင်းစသည့်အသံ၏ကောင်းခြင်းနှင့်ပြည့်စုံကာ ကျောက်စက်ကြားမှစိမ့်စမ်းရေလို အေးစက်စက်ဖြစ်နေသော်လည်း လွန်စွာနားဝင်ချိုလျက်ရှိသည်။
&&&&