← Chapters

စည်းရုံးခြင်း

Vol. 4 Ch. 2

စည်းရုံးခြင်း

Vol. 4 Ch. 2

မိန်းမပျိုလေး၏ချိုလွင်ကြည်သာလှသည့်အသံကြောင့် နောက်ဘက်ရှိအနက်ရောင်ဝတ်စုံဝတ်လူ၏အမူအယာပင်အနည်းငယ်ပြောင်းလဲသွားသည်။

အနှစ်သုံးဆယ်ကျော်အောင်ငြိမ်သက်နေသည့် သူ၏နှလုံးသားက ထိုမိန်းကလေး၏သွင်ပြင်ကိုမြင်ရချိန်မှစ၍ စတင်လှုပ်ရှားလာခြင်းဖြစ်ကာ ယခုဆိုလျှင် ရင်ဘက်တွင်းတဒိန်းဒိန်းခုန်ပေါက်နေလျက်ရှိသည်။။

သို့သော် အနက်ရောင်ဝတ်စုံဝတ်လူမှာ သူ၏မျက်နှာကိုပြန်ပြင်လိုက်ရင်း မည်သို့မှမဖြစ်သည့်အလား ပုံမှန်အမူအယာပြန်ဖြစ်သွားသည် ။

အကြောင်းကား သူ၏ရှေ့မှောက်ရှိ အဖြူရောင်ဝတ်စုံဝတ်လူကြီးက သူ၏သေခြင်းရှင်ခြင်းကိုပင်ဆုံးဖြတ်နိုင်သည့်အရှင်သခင်တစ်ယောက်ဖြစ်နေ၍ပင်။

အဖြူရောင်ဝတ်စုံဝတ်လူကြီး၏မျက်နှာက မိန်းမပျိုလေး၏မေးခွန်းကြောင့်ပြုံးယောင်သမ်းသွားသည်။

" ကျုပ်ကိုစိတ်မကွက်ပါနဲ့မိန်းကလေး ကျုပ်က အတည်ပြုစရာလေးရှိလို့ပါ ....."

အဖြူရောင်ဝတ်စုံဝတ်လူကြီး၏လေသံက ညင်သာနွေးထွေးသော်လည်း တစ်ဖက်လူမငြင်းဆန်နိုင်ပေမည့် ဩဇာမျိုးပါဝင်လျက်ရှိသည်။

သို့သော် သူ၏စကားက မိန်းမပျိုလေူ၏အမူအယာကို တစ်စက်ကလေးမှပြောင်းလဲနိုင်စွမ်းမရှိပါချေ။

အဖြူရောင်ဝတ်စုံဝတ်လူကြီးကဆက်ပြောလိုက်သည်။

" အဲဒါက ဘာလဲဆိုတော့ လွန်ခဲ့တဲ့ဆယ်နှစ်က မြောက်ပိုင်းမှာပေါ်ထွက်ခဲ့တဲ့ကျောက်စိမ်းနတ်မိမယ်ဆိုတာ မင်းများဖြစ်နေမလားလို့ပေါ့....."

သူ၏စကားအဆုံး၌ နောက်ဘက်ရှိအနက်ရောင်ဝတ်စုံဝတ်လူ၏အမူအယာပြောင်းလဲသွားသလို မိန်းမပျိုလေး၏မျက်နှာကလည်း ပထမဆုံးအကြိမ်အဖြစ် ကွက်ခနဲပျက်သွားသည်။

ထို့နောက် သူမ၏မျက်ဝန်းများက အစောပိုင်းကထက်ပို၍အေးစက်လာပြီး အဖြူရောင်ဝတ်စုံဝတ်လူကြီးကိုအနိမ့်အမြင့်မရှိသည့်လေသံဖြင့်မေးလိုက်သည်။

" ရှင်က ဟိုလူတွေနဲ့အတူတူပဲလား...."

မိန်းမပျိုလေး၏လေသံက အေးစက်ကြည်လင်နေဆဲဖြစ်သော်လည်း သူမ၏လေသံထဲတွင်ပါဝင်သည့်သတ်ဖြတ်လိုသည့်အငွေ့အသက်တို့ကိုကောင်းစွာခံစားနိုင်ပေသည်။

သူမ၏စကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူကြီးက ခေါင်းယမ်း၍အလျှင်အမြန်ပြောလိုက်သည်။

" အဲလိုမဟုတ်ပါဘူး မင်းပဲတွေးကြည့်တာ ဒီလိုထိပ်တန်းအင်အားစုလေးတွေက သာမန်သိုင်းသမားလေးတွေက ငါ့လိုလူတစ်ယောက်ရဲ့အပေါင်းအသင်းဖြစ်နိုင်မလားလို့...."

သူ၏စကားက ညင်သာနေဆဲဖြစ်သော်လည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုပြည့်ဝလှသည်ကိုတွေ့မြင်နိုင်ပြီး အရိုးထဲမှလာသည့်မာနတရားကိုခံစားမိနိုင်သည်။

မိန်းမပျိုလည်း ထိုလူ့ကိုအသေအချာစူးစိုက်ကြည့်ပြီးမှ ခေါင်းညိမ့်လိုက်မိသည်။

အကြောင်းကား ထိုလူ၏အဆင့်က လက်ရှိသိုင်းလောကတွင်ပြိုင်ဘက်များစွာမရှိဘဲ သူမ၏ရန်သူများထံတွင် ထိုသို့သောလူမျိူးမရှိနိုင်၍ဖြစ်သည်။

မိန်းမပျိုလေးအမူအယာကိုအကဲခပ်၍ အဖြူရောင်ဝတ်စုံဝတ်လူကြီးက ထပ်ပြောလိုက်သည်။

" အမှန်အတိုင်းပြောရရင် အဲဒီအချိန်က မင်းရဲ့သတင်းကိုကြားပြီး ငါတောင်အတော်လေးအံ့အားသင့်သွားတာ ။

လူငယ်မျိုးဆက်ကမိန်းကလေးတစ်ယောက်က ထိပ်တန်းအင်အားစုနှစ်ခုရဲ့အမဲလိုက်တာကို ပြန်ပြီးတုန့်ပြန်နိုင်သေးတယ်ဆိုပြီး။

ဒါပေမယ့် နောက်ဆုံးတော့သူတို့ရဲ့အင်အားက များပြားလွန်းလို့ မင်းအရှုံးပေးလိုက်ရတယ်မလား။

ငါလည်း အဲဒီအကြောင်းကိုနောက်မှကြားလိုက်ရလို့ နောင်တရနေခဲ့တာ...."

အဖြူရောင်ဝတ်စုံဝတ်လူကြီး၏လေသံကစစ်မှန်လှပြီး မိန်းမပျိုလေးအတွက် ခံပြင်းနေဟန်တူသည်။

သူ၏စကားများကိုနားထောင်နေရင်း မိန်းမပျိုလေး၏စိတ်ထဲတွင်ထိုစဉ်က အဖြစ်အပျက်များကို

ပြန်မြင်ယောင်လာမိကာ ပြိုင်ဘက်ကင်းသည့်မျက်နှာလှလှလေးက ရေခဲနတ်ဘုရားမတစ်ပါးလိုအေးစက်လာပြီး ကြည်လင်သည့်မျက်ဝန်းလှလှလေးထဲတွင် ဒေါသမီးတောက်များတောက်လောင်လာသည်။

ထိုစဉ်က သူမကိုဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသူများမှာ လွန်စွာအစွမ်းထက်လှပြီး သူတို့၏နောက်ရှိအင်အားစုနှစ်ခုသည်လည်း ကြောက်စရာကောင်းပေသည်။

သူမ၏လက်ရှိအဆင့်ဖြင့်ဆိုလျှင် ထိုအကြွေးကို လက်တုန့်ပြန်ရန်က ပြဿနာတစ်ခုမဟုတ်ပေ။

သို့‌သော် မိန်းမပျိုလေးက သူမ၏ရှေ့ရှိ ထူးခြားဆန်းကြယ်သည့်လူကြီးကိုပို၍ပင်သတိထားသေးသည်။

" ရှင်ကဘာလို့ ကျမကိုဒါတွေလာပြောပြနေရတာလဲ ..."

မိန်းမပျိုလေး၏မေးခွန်းကြောင့် အဖြူရောင်ဝတ်စုံဝတ်လူကြီး၏အမူအယာက တည်ကြည်သွားပြီး သူမ၏မျက်လုံးများကိုတည့်တည့်ကြည့်ကာ လေးနက်သည့်ဟန်ဖြင့်ပြောလိုက်သည်။

" ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ ။ ငါက အင်အားစုတစ်ခုရဲ့ခေါင်း‌ဆောင်ပဲ။ ဘယ်အင်အားစုဆိုတာကိုတော့ မပြောနိုင်သေးဘူး။

ဒါပေမယ့်ငါ့ရဲ့အင်အားစုက ဂိုဏ်းကြီးခြောက်ဂိုဏ်းအပါအဝင်လက်ရှိသိုင်းလောကမှာရှိတဲ့ ဘယ်ထိပ်တန်းအင်အားစုကိုမဆို ဖျက်ဆီးနိုင်စွမ်းရှိတယ် ..."

သူ၏စကားကြောင့်မိန်းမပျိုလေး၏အေးစက်စက်မျက်ဝန်းများကအနည်းငယ်တုန်ယင်သွားသည်။

အဖြူရောင်ဝတ်စုံဝတ်လူကြီးညွှန်းဆိုသည့်အင်အားစုကမည်သည့်အင်အားစုဖြစ်သည်ကို သူမသိသော်လည်း ဂိုဏ်းကြီးခြောက်ဂိုဏ်းလို နှစ်ရာပေါင်းများစွာတည်ရှိခဲ့သည့်သိုင်းလောကအဓိပတိအင်အားစုများကိုဖျက်ဆီးနိုင်မည်ဟုဆိုခြင်းက သူ၏ယုံကြည်မှုကိုဖော်ပြလျက်ရှိသည်။

ဂိုဏ်းကြီးခြောက်ဂိုဏ်မှာ သိုင်းလောကတွင်းရှိအခြားအင်အားစုများနှင့်မတူဘဲ ရှည်ကြာသည့်သမိုင်းကြောင်းရှိပြီး အုတ်မြစ်ခိုင်ခန့်လှသည့်အင်အားစုများဖြစ်သည် ။

ထို့ကြောင့်ပင် ထန်ပြည်ထောင်ခေတ်မှယနေ့အချိန်တည်ရှိနေနိုင်ခြင်းဖြစ်ပြီးကြားထဲတွင် မရေမတွက်နိုင်သည့်ထိပ်တန်းအင်အားစုများ ပေါ်ထွက်လာ ၊ ပျောက်ကွယ်သွားသော်လည်း ဂိုဏ်းကြီးခြောက်ဂိုဏ်းကကျန်ရှိနေဆဲဖြစ်၏။

ထိုအချက်ကိုကြည့်၍ ဂိုဏ်းကြီးခြောက်ဂိုဏ်း၏အင်အားကိုမှန်းဆနိုင်ကာ အဖြူရောင်ဝတ်စုံဝတ်လူကြီး၏စကားအရ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှ တစ်ခုခုကိုဖျက်ဆီးရန်က သူ့အတွက် များစွာခက်ခဲမည့်ဟန်မတူပေ။

ပို၍ကြောက်စရာကောင်းသည့်အရာက ထိုလူကြီး၏စကားမှာ အမှနိအတိုင်းပြောဆိုနေခြင်းဖြစ်သည်ဟု သူမအလိုလိုခံစားမိနေခြင်းဖြစ်သည်။

" ရှင်က ဘယ်သူလဲ...."

မိန်းမပျိုလေး၏လေသံက အံ့အားသင့်ခြင်းနှင့်သိလိုခြင်းတို့ရောယှက်နေပြီး သံသယအနည်းငယ်လည်းပါဝင်နေသည်။။

အကြောင်းကား ထိုလူကြီး၏ပြောပုံအရ သူ၏အင်အားစုမှ သူမသိရှိထားသည့်အင်အားစုတစ်ခုခုဖြစ်သည်လောဟု တွေးမိနေခြင်းဖြစ်သည်။

သူမ၏အမူအယာကိုအကဲခပ်မိ၍ အဖြူရောင်ဝတ်စုံဝတ်လူကြီးက ရှင်းပြလိုက်သည်။

" ကျုပ်က ဒဏ္ဍာရီလာအင်အားစုကြီးလေးခုနဲ့လုံးမပတ်သတ်ပါဘူး။ ဒါပေမယ့် ငါးခုမြောက်အင်အားစုကြီးဖြစ်အောင် တည်ထောင်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်...."

သူ၏စကားကြောင့် မိန်းမပျိုလေး၏မျက်ဝန်းများကျဉ်းမြောင်းသွားပြီး ပြန်မေးလိုက်သည်။

" ရှင်က ဘာလို့အင်အားစုကြီးလေးခုအကြောင်းကိုသိနေရတာလဲ ...."

လွန်ခဲ့သည့်ဆယ်နှစ်က ဖြူစင်ရိုးသားပြီးကြင်နာတတ်သည့်မိန်းကလေးမှာ သိုင်းလောက၏အမှောက်ဘက်ခြမ်းကိုတွေ့ကြုံခဲ့ပြီးဖြစ်၍ အေးစက်ပြီးခံစားချက်ကင်းမဲ့ကာ သံသယများသူတစ်ယောက်အဖြစ်ပြောင်းလဲသွားပေသည်။

ယခုလည်း အဖြူရောင်ဝတ်စုံဝတ်လူကြီး၏စကားထဲမှ ဟာကွက်တစ်ခုကိုတွေ့ရှိ၍ သူမ၏စိတ်ထဲရှိသံသယများပို၍ပင်တိုးပွားလာလေသည်။

ထိုလူကြီးကမည်သည့်အတွက် သူမကိုလာရောက်စည်းရုံးနေသနည်း။ မည်သည့်အတွက် လျှို့ဝှက်အင်အားစုကြီးတစ်ခုကိုတည်ထောင်ထားသနည်း။

စသည်ဖြင့် သို့သော သို့သော မေးခွန်းများစွာက သူမ၏စိတ်ထဲတွင် ထွက်ပေါ်လာလေသည်။

သူမ၏မေးခွန်းကို အဖြူရောင်ဝတ်စုံဝတ်လူကြီးကအိန္ဒြေမပျက်ပြန်ဖြေလိုက်သည်။

" ဒါက သိပ်ပြီးထူးဆန်းတာတော့မဟုတ်ပါဘူး ကျုံဟွာတောင်တိုက်ပွဲတုန်းက ကျုပ်လည်း တောင်‌ပေါ်မှာရှိနေခဲ့တယ်လေ။

ဒါကြောင့် အမှောင်ကျေးရွာသခင်မနဲ့ ရှောင်လက်ကျောင်း‌ထိုင်ဆရာတော်ကြီးရဲ့တိုက်ပွဲကိုတွေ့မြင်ခဲ့ရရုံသာမကဘဲ ပထမဓားသခင်က ဓားစံအိမ်ကလူတစ်ယောက်ဖြစ်တယ်ဆိုတာပါသိခဲ့ရတယ်...."

သူ၏ရှင်းပြချက်ကို နားထောင်နေရင်းမိန်းမပျိုလေး၏ မည်းနက်ဖြောင့်တန်းနေသည့် မျက်ခုံးများက အနည်းငယ်တွ့န်ကွေးသွားသည် ။

ထို့နောက် အဖြူရောင်ဝတ်စုံဝတ်လူကြီးကို စူးစိုက်ကြည့်ကာ အနိမ့်အမြင့်မရှိသည့်လေသံဖြင့်ပြောလိုက်သည်။

" ဘာပဲဖြစ်ဖြစ် ရှင့်ရဲ့စည်းရုံးမှုကို ကျမလက်မခံဘူး ဘယ်အဖွဲ့အစည်းကိုမှ ကျမဝင်မှာမဟုတ်ဘူး....."

မိန်းမပျိုလေး၏စကားကို အံ့ဩဟန်မပြဘဲ အဖြူရောင်ဝတ်စုံဝတ်လူကြီးက ပြုံး၍ပြောလိုက်သည်။

" သေချာစဥ်းစားပါဦးမိန်းကလေး မင်းသာ ငါ့ရဲ့အဖွဲ့အစည်းထဲကိုဝင်ဖိူ့သဘောတူမယ်ဆိုရင် မင်းရဲ့ရန်သူတွေဖြစ်တဲ့ သိုင်းမဟာမိတ်နဲ့ ချန်ချင်းဂိုဏ်းကိုဖျက်ဆီးဖို့ငါကူညီပေးမယ်။

ပြီးတော့ လွန်ခဲ့တဲ့ဆယ်နှစ်က မင်းကိုဝိုင်းဝန်းတိုက်ခိုက်ခဲ့တဲ့လူတွေကလည်းသိုင်းပညာအများကြီးတိုးတက်လာကြတယ်။

သူတို့ထဲက ခုံတုံဂိုဏ်းချုပ်စီးတုမင်ဆိုရင် သိုင်းဝိဇ္ဇာအဆင့်ကိုရောက်ရှိနေပြီ...."

မိန်းမပျိုလေး၏ အေးစက်စက်မျက်ဝန်းထဲတွင် တင်းမာသည့်အရိပ်အယောင်များဖြတ်ပြေးသွားပြီး ထိုစဉ်အကြောင်းအရာများကိုတွေးတောမိတိုင်း သူမ၏စိတ်ထဲတွင် ဒေါသတရားကိုခံစားမိပြီး လက်စားချေလိုစိတ်က ဖွဲ့မီးလိုတမြေ့မြေ့စွဲလောင်လျက်ရှိသည်။

အဖြူရောင်ဝတ်စုံဝတ်လူကြီးက တည်ကြည်လေးနက်သည့်ဟန်ဖြင့်ဆက်ပြောလိုက်သည်။

" မင်းလည်း ဆယ်နှစ်လောက်ပျောက်သွားပြီးတဲ့နောက်ပိုင်းမှာ သိုင်းဝိဇ္ဇာအဆင့်ကိုရောက်လာပြီးတာငါရိပ်မိပါတယ်။

ဒါပေမယ့် မင်းမှာ အတွင်းဒဏ်ရာတစ်ခုရှိနေပြီး အဲဒီဒဏ်ရာက အချိန်အကြာကြီးတိုက်ခိုက်ဖို့မဖြစ်နိုင်ဘူးမလား။

ပြီးတော့ မင်းတစ်ယောက်ထဲနဲ့ထိပ်တန်းအဆင့်အင်အားစုနှစ်ခုကိုရင်ဆိုင်ဖို့မဖြစ်နိူင်ဘူးလေ။ မဟုတ်ရင် လွန်ခဲ့တဲ့ဆယ်နှစ်ကလိုမျိူး နောက်တစ်ကြိမ်ပြန်ဖြစ်သွားလိမ့်မယ် ... "

သူ၏စကားမဆုံးမီ မိန်းမပျိုလေးက အေးစက်တင်းမာသည့်လေသံဖြင့်ဖြတ်ပြောလိုက်သည်။

" ရှင်က ကျမကိုချိန်းခြောက်နေတာလား....."

သူမ၏စကားကိုခေါင်းယမ်းပြရင်း လူကြီးက ညင်သာစွာပြောလိုက်သည်။

" မဟုတ်ပါဘူး ငါက ဖြစ်လာနိုင်မယ့်အရာတွေကိုထောက်ပြနေတာ ....."

ထို့နောက် အဖြူရောင်ဝတ်စုံဝတ်လူကြီးက လက်နောက်ပစ်၍ခေါင်းမော့လိုက်ရင်း ယူံကြည်မှုရှိစွာပြောလိုက်သည်။

" သိပ်မကြာခင်အချိန်အတွင်းမှာ သိုင်းလောကကြီးတစ်ခုလူံးကသောင်းကနင်းဖြစ်လာလိမ့်မယ် ။

အဲဒီအချိန်ရောက်ရင် ငါ့ရဲ့အင်အားနဲ့ သိုင်းလောကကိုအုပ်စိုးဖို့ဆိုတာလွယ်လွယ်လေးပဲ။ ပြီးတော့ နှင်းငွေ့မိစ္ဆာသခင်မှားတဲ့အမှားမျိုးကို ငါထပ်ပြီးမှားမှာမဟုတ်ဘူး ။

ဒါကြောင့် ငါနဲ့ပူးပေါင်းပါ ။ သိုင်းလောကကိုအုပ်စိုးနိုင်တဲ့အချိန်ကျရင် မင်းဖြစ်ချင်တာတွေဖြစ်စေရမယ်....."

အဖြူရောင်ဝတ်စုံဝတ်လူကြီး၏စကားများက မက်လုံးပေးနေခြင်းမဟုတ်ဘဲ အမှန်အတိုင်းပြောဆိုနေခြင်းဖြစ်ကြောင်းသိသာပေသည် ။

&&&&

All Chapters