အစီအစဉ်
Vol. 4 Ch. 3
အဖြူရောင်ဝတ်စုံဝတ်လူကြီး၏စကားများက မက်လုံးပေးနေခြင်းမဟုတ်ဘဲ အမှန်အတိုင်းပြောဆိုနေခြင်းဖြစ်ကြောင်းသိသာပေသည် ။
လွှမ်းမိုးနိုင်စွမ်းရှိသည့်အရှိန်အဝါများထွက်ပေါ်နေကာ အရာအားလုံးကိုသူ၏လက်ထဲတွင်ချုပ်ကိုင်ထားနိုင်သည့်ဟန်ပန်က သာမန်လူတစ်ယောက်ကို ဒူးထောက်ကျသွားစေသည်အထိ အရှိန်အဝါပြင်းထန်လှသည်။
ကံမကောင်းစွာဖြင့် မိန်းမပျိုလေးကခေါင်းမာသူတစ်ဦးဖြစ်လျက်ရှိသည်။
" ကျမရဲ့အဖြေကို ပြောင်းလဲမှာမဟုတ်ဘူး ရှင်ကျမကို တိုက်ခိုက်ချင်ရင်လာလို့ရတယ်....."
မိန်းမပျိုလေးက သူမ၏အတွင်းအားများကိုနှိူးဆွရင်း ပြောလိုက်သည်။
အတွင်းအားလှည့်ပတ်စဉ် ရင်ဝမှအောင့်တက်လာပြီး ချိုမြိန်သည့်သွေးတစ်လုပ်ဆောင့်တက်လာသော်လည်း ပြိုင်ဘက်၏ရှေ့တွင်ဖြစ်၍ ကြိတ်မှိတ်မြိုချလိုက်ရသည် ။
ထိုလူ၏စကားမှာမှန်ကန်ပြီး သူမ၏အတွင်းဒဏ်ရာက မသေးလှပေ။
ထို့အပြင် တစ်ဖက်လူ၏သိုင်းပညာက သူမထက်များစွာသာလွန်ကြောင်းသံသယဖြစ်ဖွယ်မရှိဘဲ နောက်ထပ်သိုင်းဝိဇ္ဇာတစ်ယောက်လည်းရှိနေသေးသည်။
ထို့ကြောင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပါက သူမအနေဖြင့်ကျိန်းသေပေါက်ရှုံးနိမ့်မည်ဖြစ်သော်လည်း တစ်ဖက်လူကိုဒူးထောက်အလျော့ပေးသည်ကညသူမ၏စရိုက်မဟုတ်ပေ။
မိန်းမပျိုလေး၏ပုံစံက ရဲရင့်ပြက်သားလှပြီး ထိုခဏတွင် နောက်ဘက်ရှိအနက်ရောင်ဝတ်စုံဝတ်လူပင် သူမကိုငေးခနဲဖြစ်သွားမိသည်။
သို့သော် ချက်ခြင်းပင် ထိုမိန်းကလေးအတွက် စိုးရိမ်ပူပန်သွားကာ ရှေ့တွင်ရှိနေသည့် အဖြူရောင်ဝတ်စုံဝတ်လူကြီကိုကြည့်လိုက်မိသည်။
သူ၏ခေါင်းဆောင်သာမကဘဲ အရှင်သခင်ပါဖြစ်သည့် ထိုလူက နူးညံ့အေးဆေးဟန်တူသော်လည်း လူပေါင်းများစွာ၏ သေခြင်းရှင်ခြင်းကိုပင် မျက်တောက်မခတ်ဘဲအဆုံးအဖြတ်ပေးတတ်သည်။
ထိုနည်းတူ သူနှင့်ဆန့်ကျင်ဘက်ဖြစ်လာမည့်လူမှန်သမျှကိုလည်းတုံ့ဆိုင်းခြင်းမရှိရှင်းပစ်တတ်ကာ ထိုအကျင့်ကိုကောင်းစွာသိနေ၍ မိန်းမပျိုလေးအတွက်စိုးရိမ်သွားခြင်းဖြစ်သည်။
အမှန်တွင် သူတို့နှစ်ဦးကသည့်မတိုင်မီက တစ်ကြိမ်မှမတွေ့ဖူးသလို ယခု ပထမဆုံးအကြိမ်တွေ့ဆုံစဉ်တွင်လည်း ဆန့်ကျင်ဘက်များဖြစ်သည် ။
ထိုသို့သောအခြေအနေမျိူးတွင်ပင်မည်သည့်အတွက် မိန်းမပျိုလေးကို သူယခုလိူစိုးရိမ်နေသည်ကို အနက်ရောင်ဝတ်စုံဝတ်လူကိုယ်တိုင်ပင်ဝေခွဲမရဘဲဖြစ်နေသည်။
မည်သို့ပင်ဖြစ်စေ ထိုမိန်းကလေး၏ပြိုင်ဘက်ကင်းသည့်သွင်ပြင်ကလေးက သူ၏စိတ်နှလုံးသား တစ်နေရာတွင်နက်ရှိုင်းစွာထွင်းထုထားပြီးဖြစ်သည်။
အံ့သြဖွယ်ကောင်းစွာဖြင့်အဖြူရောင်ဝတ်စုံဝတ်လူကြီးက တစ်စုံတစ်ရာလှုပ်ရှားမည့်ဟန်မတူဘဲ ပြုံး၍ခေါင်းယမ်းပြလိုက်သည်။
" ငါက လူတွေရဲ့ဆန္ဒနဲ့ဆန့်ကျင်ပြီးလုပ်တတ်တဲ့လူတစ်ယောက်မဟုတ်ပါဘူး။ မင်းငါတို့နဲ့မပူးပေါင်းချင်ဘူးဆိုလည်းလွတ်လပ်စွာထွက်ခွာသွားလို့ရပါတယ်....."'
သူ၏စကားကြောင့် မိန်းမပျိုလေးအံ့အားသင့်သွားရုံသာမက အနက်ရောင်ဝတ်စုံဝတ်လူပင်မယုံကြည်နိူင်လောက်အောင်ဖြစ်သွားသည်။
အကြောင်းကား သူ၏ခေါင်းဆောင်ထိုမျှသဘောမကောင်းသည်ကို သူကောင်းစွာသိထား၍ဖြစ်သည်။
ထို့နောက် မိန်းမပျိုလေးက ထိုလူကြီးကို သံသယဝင်သည့်ဟန်ဖြင့်ကြည့်လိုက်သော်လည်း ဖြေးညင်းစွာနောက်ဆုတ်လိုက်သည်။
မည်သည့်အတွက်တစ်ဖက်လူက သူမကိုအလွတ်ပေးရန်ဆုံးဖြတ်ထားသည်ကိုမသိသော်လည်း ယခုလိုအခွင့်အရေးမျိုးကိုလက်လွတ်ခံမည်မဟုတ်ပေ။
သူမက လွန်ခဲ့သည့်ဆယ်နှစ်ကလို အဆုံးစွန်အထိခေါင်းမာသူတစ်ယောက်မဟုတ်ဘဲ အခြေအနေနှင့်လိုက်လျောညီထွေစွာလှုပ်ရှားတတ်သူတစ်ယောက်ဖြစ်လာပေသည် ။
ထိုသို့ဖြစ်လာစေရန်ကလည်း မြောက်များလှစွာသောသိုင်းသမားများ၏လိုက်လံတိုက်ခိုက်ခြင်းခံရပြီးမှရရှိလာသည့် ခါးသီးဖွယ်အတွေ့အကြုံများဖြစ်ပေတော့သည်။
မိန်းမပျိုလေး၏ကိုယ်ဖော့ပညာက သရဲတစ္ဆေတစ်ကောင်အလားထင်ရပြီး တခဏအတွင်း တောအုပ်တွင်းသို့တိုးဝင်ပျောက်ကွယ်သွားလေသည်။
အဖြူရောင်ဝတ်စုံဝတ်လူကြီးက မိန်းမပျိုလေးထွက်ခွာသွားသည်ကို တားဆီးခြင်းမရှိဘဲ သည်အတိုင်းရပ်ကြည့်လျက်ရှိသည် ။
ထို့နောက် မိန်းမပျိုလေးလုံးဝပျောက်ကွယ်သွားမှ အနက်ရောင်ဝတ်စုံဝတ်လူကြီးက မနေနိုင်ဘဲမေးလိုက်မိသည်။
" ခေါင်းဆောင် သူ့ကို ဒီလိုပဲလွှတ်ပေးလိုက်တော့မှာလား...."
အနက်ရောင်ဝတ်စုံဝတ်လူမှာ ထိုမေးခွန်းကိုမေးမြန်းပြီးမှ သူ့ကိုယ်သူပါးပိတ်ရိုက်လိုစိတ်များပေါ်လာမိသည်။
မည်သည့်အတွက် ယခုလို အာချောင်မိသနည်း။
အဖြူရောင်ဝတ်စုံဝတ်လူကြီးသာစိတ်ပြောင်းပြီးမိန်းမပျိုကိုလိုက်လံတိုက်ခိုက်လျှင်မခက်ပေလော။
အနက်ရောင်ဝတ်စုံဝတ်လူမှာ အတွေးများစွာဖြင့်ရှုပ်ထွေးနေသော်လည်း အဖြူရောင်ဝတ်စုံဝတ်လူကြီးက ရိုးရှင်းစွာပြန်ဖြေလိုက်သည်။
" ငါကိုယ်တိုင်လှုပ်ရှားစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ မကြာခင်မှာ သူက ချန်ချင်းဂိုဏ်းချုပ် ချန်စန်ရဲ့လက်ချက်ကြောင့် သေရမှာမလို့ပဲ။
ပြီးတော့ သူသေပြီးတာနဲ့ သူ့နောက်က အင်အားစုရဲ့လက်ချက်ကြောင့် ချန်ချင်းဂိုဏ်းလည်း သေချာပေါက်ဖျက်ဆီးခံရလိမ့်မယ် ...."
သူ၏အဖြေကြောင့် အနက်ရောင်ဝတ်စုံဝတ်လူ၏မျက်နှာထက်တွင်ပင် အံ့သြတုန်လှူပ်ဟန်များပေါ်ထွက်လာပြီး တစ်စုံတစ်ခုကို ပြန်သတိရသွားကာ အနည်းငယ်မယူံကြည်နိုင်သည့်လေသံဖြင့်ပြောလိုက်သည်။
" ခေါင်းဆောင် ဒါဆိုရင် လွန်ခဲ့တဲ့ဆယ်နှစ်လုံးခေါင်းဆောင်စောင့်ကြည့်နေတဲ့လူက သူပဲပေါ့ ။ ဘာဖြစ်လို့ အခုလိုလုပ်ခဲ့တာလဲ ....."
ထိုမေးခွန်းကိုလည်းအဖြူရောင်ဝတ်စုံဝတ်လူကြီးက ထူးဆန်းစွာပြုံး၍ပြန်ဖြေလိုက်သည်။
" သူစပြီးပေါ်ထွက်လာထဲက သူ့ကြောင့် ကြီးကြီးမားမားတစ်ခုဖြစ်တော့မည်ဆိုတာ ငါရိပ်မိနေခဲ့တယ်။
ဒါကြောင့်လည်း သူ့ကိူအဆက်မပြက်စောင့်ကြည့်ပြီး သူအန္တာယ်ကြားထဲရောက်ရင် ကယ်တင်ပြီး ငါ့လက်အောက်ကိုသိမ်းသွင်းဖို့ဆုံးဖြတ်ထားတာပေါ့။
ဒါပေမယ့် တေလေဂိုဏ်းချုပ်ကြီးက သူ့ကိူငါ့ထက်အရင်ကယ်တင်သွားပြီး သူ့ရဲ့သတင်းက လုံးဝပျောက်ဆုံးသွားခဲ့တယ်။
သူရှိနေနိုင်တဲ့နေရာကိုတောင် သိပ်မကြာခင်ကမှသဲလွန်စရခဲ့တာ။
အဲဒီနေရာက ငါ့အတွက်အရေးကြီးတဲ့အထောက်အပံ့တွေပေးနိုင်ပြီး သူ့အပြင် နောက်ထပ်လူတစ်ယောက်ပဲသိထားခဲ့တယ်။
အင်း အဲဒီကောင်လေး ကောင်းကောင်းလွတ်မြောက်လာနိုင်မယ်လို့ထင်မထားဘူး....."
အဖြူရောင်ဝတ်စုံဝတ်လူကြီးက အနည်းငယ်အံ့အားသင့်သည့်ဟန်ဖြင့်ခေါင်းယမ်းကာရေရွတ်လိုက်ပြီး ဆက်ပြောလိုက်သည်။
" အခု သူ့ကိုငါ့လက်အောက်သိမ်းသွင်းပေမယ့် မရခဲ့တာကတော့ ကံကြမ္မာအလိုအရပဲပေါ့ ။။
အရင်တုန်းက အဲဒီလျှို့ဝှက်နေရာကိုရရှိဖို့အတွက် သူ့ကို သေချာပေါက်သိမ်းသွင်းမှဖြစ်မှာဆိုပေမယ့် အခု သူ့အပြင် နောက်ထပ်လူတစ်ယောက်ကပါ အဲဒီနေရာအကြောင်းကိုသိနေပြီ။
ဒါကြောင့် သူ့ရဲ့အသုံးဝင်မှူက အများကြီးမကျန်တော့ဘဲ သူ့ရဲ့ပါရမီကြောင့်သာ ငါသိမ်းသွင်းခဲ့သေးတာ။
ဘယ်တတ်နိုင်လဲ သူ့လမ်းသူရွေးပြီးပြီဆိုတော့ ငါကလည်း ပြင်ဆင်ထားတဲ့အစီအစဉ်တွေကိုထုတ်သုံးရုံပဲပေါ့။
သူ့ရဲ့ရန်ငြိုးရန်စတွေကြောင့် သိုင်းမဟာမိတ် ၊ ဒါမှမဟုတ် ချန်ချင်းဂိုဏ်းကို သွားပြီးတိုက်ခိုက်လိမ့်မယ်။
အဲဒီအခါကျရင် ဟိုအင်အားစုတွေလက်ချက်နဲ့ သူသေဆုံးသွားမှာပဲ ...."
အဖြူရောင်ဝတ်စုံဝတ်လူကြီး၏လေသံက နွေးထွေးနူးညံ့သော်လည်း ခံစားချက်ကင်းမဲ့လျက်ရှိသည်။
ထိုစကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လသ၏မျက်နှာကကွက်ခနဲပျက်သွားပြီးမေးလိုက်သည်။
" ဒါဆိုရင် သူက ကျိန်းသေပေါက်သေဆုံးရတော့မှာပေါ့...."
အဖြူရောင်ဝတ်စုံဝတ်လူကြီးက ပြုံး၍ခေါင်းညိမ့်ပြလိုပ်သည်။ ထိုအခါ အနက်ရောင်ဝတ်စုံဝတ်လူက တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် ထိတ်လန့်သည့်လေသံဖြင့်မေးလိုက်သည် ။
" ဒါပေမယ့် သူ့ရဲ့နောက်ကအင်အားစုက...."
အနက်ရောင်ဝတ်စုံဝတ်လူ၏မေးခွန်းအဆုံးမသတ်မီ အဖြူရောင်ဝတ်စုံဝတ်လူကြီးက ခေါင်းယမ်းပြလိုက်သည်။
" သူ့ရဲ့နောက်က အင်အားစုရဲ့ပစ်မှတ်က ချန်ချင်းဂိုဏ်းနဲ့သိုင်းမဟာမိတ်ပဲဖြစ်လိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ အဲလိုဖြစ်အောင် ငါလမ်းကြောင်းပေးမှာမလို့ပဲ။
အဲဒီအင်အားစုတွေရဲ့စည်းမျဉ်းက သိုင်းလောကအရှုပ်အထွေးတွေထဲဝင်မစွက်ရဘူးဆိုပေမယ့် သူတို့လူတစ်ယောက်အခုလိုမျိုးဖြစ်တာကိုလက်ပိုက်ကြည့်နေမယ်ထင်လား....။
လုံးဝပဲ။
ချန်ချင်းဂိုဏ်းနဲ့သိုင်းမဟာမိတ်သာဖျက်ဆီးခံရရင် ဂိုဏ်းကြီးခြောက်ဂိုဏ်းကရော ဒီအတိုင်းကြည့်နေမယ်ထင်လား။
သူတို့အားလုံးက ဒဏ္ဍာရီလာအင်အားစုတွေအကြောင်းကိုသိရှိကြပေမယ့် ငြိမ်ကုတ်နေကြတာ အင်အားချင်းမယှဉ်နိုင်တာသိတဲ့အပြင် သိုင်းလောကအရေးတွေကိုဝင်မပါဘဲသီးခြားနေတဲ့အတွက်ကြောင့်ပဲ။
ဘယ်လောက်ပဲဖြောင့်မက်ပါတယ်ဆိုတဲ့သိုင်းဂိုဏ်းတွေပဲဖြစ်ဖြစ် သူတို့အတွက် ချိန်းခြောက်မှုတစ်ခုလို့ခံစားလာမိရင် အဲဒီချိန်းခြောက်မှုကို သေချာပေါက်ဆန့်ကျင်ကြမှာပဲ။
အဲဒီအခါကျရင် သိုင်းလောကကြီးတစ်ခုလုံး ကသောင်းကနင်ဖြစ်ပျက်လာတော့မှာပေါ့....."
ထိုစကားများကိုနားထောင်နေရင်း အနက်ရောင်ဝတ်စုံဝတ်လူ၏မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သည့်အမူအယာတစ်ခုက ထိမ်းမရအောင်ပေါ်ထွက်လာပြီး သူကိုယ်တိုင်က သိုင်းဝိဇ္ဇာအဆင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်နေလျှင်ပင် ကြောက်ရွံ့မှုကိုခံစားမိလေသည်။
ပုံမှန်ဆိုလျှင် ယခုလိုအကြောင်းအရာများကိုသစ္စာရှိလက်အောက်ငယ်သားများဖြစ်လျှင်ပင် ထုတ်ဖော်ပြောဆိုရန်မသင့်လျော်သော်လည်း အဖြူရောင်ဝတ်စုံဝတ်လူကြီးကား မည်သည့်အရာကိုမှအလေးမထားဘဲ ရှင်းပြပြောဆိုနေသည် ။
ဤသည်က သူ၏သတိကင်းမဲ့မှုကြောင့်မဟုတ်ဘဲ သူ၏အင်အားကိုယုံကြည်၍ဖြစ်ကာ အနက်ရောင်ဝတ်စုံဝတ်လူက သူ့ကိုလုံးဝဆန့်ကျင်ဝံ့မည်မဟုတ်ကြောင်း အသေအချာသိနေ၍လည်းဖြစ်သည်။
ထိုအခိုက် အဖြူရောင်ဝတ်စုံဝတ်လူကြီးက သူ၏နောက်ရှိအနက်ရောင်ဝတ်စုံဝတ်လူကို စူးစိုက်ကြည့်ကာမေးလိုက်သည်။
" မင်းကရော မင်းရဲ့ဆရာနဲ့ ဝါဆန်းဂိုဏ်းအတွက် ပူပန်နေတာလား...."
အဖြူရောင်ဝတ်စုံဝတ်လူကြီး၏မျက်လုံးများက တဖျက်ဖျက်တောက်ပနေပြီး သူ၏ရင်ထဲသို့ဖောက်ထွင်းမြင်နေရသည်ဟုထင်မှတ်ရကာ အနက်ရောင်ဝတ်စုံဝတ်လူလည်း ချက်ခြင်းအရိုအသေပေး၍ပြောလိုက်သည်။
" ဟုတ်ပါတယ်ခေါင်းဆောင်....ဒါပေမယ့် ကျုပ်ခေါင်းဆောင်ကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ပါဘူး ။ ကျေးဇူးပြုပြီး ကျုပ်ရဲ့ဝါဆန်းဂိုဏ်းကို ချမ်းသာပေးလို့ရမလား.... "
သိုင်းလောက၏ဂိုဏ်းကြီးခြောက်ဂိုဏ်းစာရင်းဝင်ဝါဆန်းဂိုဏ်းမှာအင်အားတောင့်တင်းလှသော်လည်း အဖြူရောင်ဝတ်စုံဝတ်လူကြီးအတွက်ကျိန်းသေပေါက်ဖျက်ဆီးနိုင်စွမ်းရှိပေသညိ။
ထို့အပြင် အစောပိုင်းက သူပြောခဲ့သည့် ကသောင်းကနင်းအခြေအနေများသာဖြစ်ပွားလာပါက ဝါဆန်းဂိုဏ်းမဆိုထားနှင့် ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ခေါင်းဆောင်ဖြစ်သည့်ရှောင်လင်ဂိုဏ်းပင် အခြေအနေကောင်းမည်မဟုတ်ပေ။
အနက်ရောင်ဝတ်စုံဝတ်လူကိုအချိန်အတော်ကြာအောင်စိုက်ကြည့်နေပြီးမှ အဖြူရောင်ဝတ်စုံဝတ်လူကြီးက ခေါင်းညိမ့်၍ပြောလိုက်သည်။
" ဒါပေါ့ မင်းလည်း ဝါဆန်းမှာ နှစ်တွေအများကြီးရှိလာတာဆိုတော့ မင်းရဲ့သံယောဇဉ်ကိုငါနားလည်ပါတယ်။
စိတ်ချပါ။ အချိန်အခါရောက်လာရင် ဝါဆန်းဂိုဏ်းကို လုံးဝမထိဘူးလို့ငါကတိပေးတယ်။ ပြီးရင် မင်းရဲ့အိပ်မက်အတိုင်း ဝါဆန်းကိုဦးဆောင်ပြီး ဂိုဏ်းကြီးခြောက်ဂိုဏ်းရဲ့ခေါင်းဆောင်နေရာကိုယူပေါ့....."
အဖြူရောင်ဝတ်စုံဝတ်လူကြီး၏လေးနက်တည်ကြည်သည့်စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူလည်း နှစ်ရှည်လများတောင့်တမျှော်လင့်ခဲ့ရသည့်သူ၏အိပ်မက်ကိုပြန်သတိရသွားကာ ဝမ်းမြောက်ဝမ်းသာဖြစ်သွားမိ၏။
&&&