အနက်ရောင်ဝတ်စုံဝတ်လူငယ်လေး
Vol. 4 Ch. 4
အဖြူရောင်ဝတ်စုံဝတ်လူကြီး၏လေးနက်တည်ကြည်သည့်စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူလည်း နှစ်ရှည်လများတောင့်တမျှော်လင့်ခဲ့ရသည့်သူ၏အိပ်မက်ကိုပြန်သတိရသွားကာ ဝမ်းမြောက်ဝမ်းသာဖြစ်သွားမိ၏။
ထိုအချိန်တွင် အနက်ရောင်ဝတ်စုံဝတ်လူကြီးက အဝေးသို့ငေးရင်း တီးတိုးရေရွတ်လိုက်သည်။
" အရင်တုန်းက ငါခန့်မှန်းထားတာ အတိအကျပဲ။ အဲဒီမိန်းကလေးက ဒဏ္ဍာရီလာအင်အားစုလေးခုထဲကတစ်ခုကနေဆင်းသက်လာတာ ။
ဒါကြောင့်လည်း အသက်သူံးဆယ်ကျော်နဲ့သိုင်းဝိဇ္ဇာအဆင့်ကိုရောက်နိုင်တာပေါ့ ။ အင်း....သူ့ရဲ့ပါရမီက ပထမဓားသခင်နဲ့ နှင်းငွေ့မိစ္ဆာသခင်နီးပါးရှိပေမယ့် ကံမကောင်းစွာနဲ့ပဲငါ့အစီအစဉ်တွေအတွက် သူကစတေးဖို့ဖြစ်လာခဲ့တယ် ..."
အဖြူရောင်ဝတ်စုံဝတ်လူကြီးက သူ၏စကားကိုတစ်ဝက်တစ်ပျက်ဖြင့်ရပ်နားထားလိုက်သည်။
ပုံမှန်အချိန်များတွင် အေးဆေးတည်ငြိမ်သည့်မျက်ဝန်းများက ယခုအခါ စိန်ပွင့်များအလား ဖျက်ဖျက်တောက်ပနေပြီး သိပ်မကြာမီ ဖြစ်ပွားတော့မည့် အရှုပ်အထွေးများကို ကြိုတင်မျှော်ကြည့်နေဟန်တူသည် ။
&&&
စွန်းအိမ်တော်
ယခင်ရက်များက သိုင်းပြိုင်ပွဲကြောင့် ခြေချစရာနေရာမရှိအောင်စည်ကားသိုက်မြိုက်ခဲ့သော်လည်း ရှောင်လင်ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူသည့်အတွက် သိုင်းပြိုင်ပွဲကို ခေတ္တရပ်နားခဲ့ရသည်။
ထို့ကြောင့်လည်း စွန်းအိမ်တော်ရှိသိုင်းလောကသားများသာမက သိုင်းလောကတစ်ခုလုံးရှိလူများပင် ရှောင်လင်ကျောင်းကိုဦးတည်သွားနေကာ လူရာပေါင်းများစွာဖြင့်စည်ကားသိုက်မြိုက်ခဲ့သည့်စွန်းအိမ်တော်ကြီးက ချက်ခြင်းလိုလိုခြောက်ကပ်သွားခဲ့ရသည်။
သို့သော် စွန်းအိမ်တော်တွင်းရှိအလုပ်သမားများအစေခံများကား အနားမယူရဘဲ ပြိုင်ပွဲအတွက်ပြင်ဆင်ပေးထားသည်များကိုရှင်းလင်းနေကြရပြီး ခြံဝန်းတစ်ခုလုံးအလုပ်ရှုပ်နေသည်ဟုဆိူရမည်။
ထိုအခိုက် စွန်းအိမ်တော်၏ တံခါးဝသို့အနက်ရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်ရောက်ရှိလာသည်။
လူငယ်၏အသက်က နှစ်ဆယ့်ခုနစ်နှစ်ခန့်သာရှိဦးမည်ဖြစ်ပြီး ရုပ်ရည်သာမန်သာရှိသည်။
သို့သော် သူ၏မျက်ဝန်းများက အေးစက်နေသလို အမူအယာက ခံစားချက်ကင်းမဲ့ဟန်ဖြင့် မျက်နှာသေကြီးဖြင့်ရှိနေသည်။
ထူးခြားသည့်အရာက လူငယ်၏ပုံစံကနေရောင်ကို နှစ်ပေါင်းများစွာမထိတွေ့ရသူတစ်ယောက်လို ဖြူဖတ်ဖြူလျော်ဖြစ်နေခြင်းဖြစ်ပြီး သူ၏ဝတ်စုံကလည်း နှစ်ပေါင်းများစွာဝတ်ဆင်ခဲ့ဟန်ဖြင့် အရောင်လွင့်လျက်ရှိသည် ။။
လူငယ်၏ခါး၌ ဟောင်းနွမ်းနေသည့်ဓားတစ်လက်ကို ဖြစ်သလိုထိုးထားပြီး စုတ်ချာသည့်သူ၏သွင်ပြင်က အထင်ကြီးဖွယ်မရှိသည်ကိုဝန်ခံရပေမည်။
လူငယ်က စွန်းအိမ်တော်ဟုရေးထိုးထားသည့် အိမ်တော်၏တံခါးဝကိုမော့ကြည့်ရင်း အေးစက်စက်မျက်လုံးများထဲတွင် အရောင်တစ်ချက်လက်သွားသည်။
စွန်းအိမ်တော်၏တံခါးဝတွင်စောင့်နေသည့်သိုင်းသမားနှစ်ယောက်ကလူငယ်၏ထူးခြားသည့်သွင်ပြင်ကိုအကဲခပ်နေကြပြီး တစ်ယောက်က ယဉ်ကျေးသည့်ဟန်ဖြင့်မေးလိုက်သည်။
" မိတ်ဆွေ ကျုပ်တို့စွန်းအိမ်တော်ကဘာများအကူအညီပေးရမလဲ ...."
လူငယ်၏ပုံစံက အထင်ကြီးဖွယ်မရှိသော်လည်း စွန်းအိမ်တော်လိုနေရာမျိုးတွင်နှစ်များစွာလုပ်ကိုင်ခဲ့သူပီပီ အချို့လူများက နှိမ့်ချနေတတ်ကြောင်းသိ၍ အစောင့်သိုင်းသမား၏လေသံက ယဉ်ကျေးပျူငှာပေသည်။
သူ၏မေးခွန်းကြောင့် လူငယ်၏မျက်နှာက ပြောင်းလဲခြင်းမရှိဘဲ အစောင့်သိုင်းသမားကိုစူးစိုက်ကြညိ့ကာပြောလိုက်သည် ။
" ကျုပ် စွန်းအိမ်တော်သခင်နဲ့တွေ့ချင်တယ်....."
လူငယ်၏လေသံကခံစားချက်ကင်းမဲ့နေကာ ဟန်အမူအယာမရှိသည့်မျက်နှာသေဖြင့်လိုက်ဖက်ပေသည်။
သူ၏စကားကြောင့် အစောင့်သိုင်းသမားနှစ်ယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီးမှ တစ်ယောက်က အနည်းငယ်အခက်ကြုံဟန်ဖြင့်မေးလိုက်သည်။
" မိတ်ဆွေ ကြိုတင်ချိန်းဆိုထားတာတွေဘာတွေများရှိလားမသိဘူး။ မဟုတ်ရင် ကျုပ်တို့အိမ်တော်သခင်နဲ့တွေ့ခွင့်မရှိလို့ပါ...."
အစောင့်သိုင်းသမား၏စကားအဆုံး၌ လူငယ်၏မျက်နှာက ပြောင်းလဲခြင်းမရှိသော်လည်း သူ၏အေးစက်စက်မျက်လုံးများက စူးရှလာကာ ခံစားချက်ကင်းမဲ့သည့်ဟန်ဖြင့်ထပ်ပြောလိုက်သည်။
" ကျုပ်ပြောနေတယ်လေ....ခင်ဗျားတို့စံအိမ်သခင်နဲ့တွေ့ချင်တယ်လို့...."
လူငယ်၏ပုံစံက စိတ်ဆိုးဒေါသထွက်ဟန်မရှိသော်လည်း အစောင့်သိုင်းသမားနှစ်ယောက်မှာ ရှေးဟောင်းသားရဲကြီးတစ်ကောင်ဖြင့်မျက်နှာချင်းဆိုင်နေရသည့်အလား ခိုက်ခိုက်တုန်သွားကြသည် ။
ထိုနည်းတူ အစောင့်နှစ်ယောက်မှာ အော်ဟစ်ရန်ပင်အင်အားမရှိတော့ဘဲ အားကုန်စိုက်ထုတ်ထားရသလို ပင်ပန်းနွမ်းနယ်သွားကြသည်။
ထိုသို့ဖြစ်ပျက်သွားသည်ကအသက်ရှူချိန်အနည်းငယ်သာဖြစ်ပြီး လူငယ်က သူ၏အကြည့်ကိုလွှဲဖယ်ကာ ပြောလိုက်သည်။
" ကျုပ် နောက်ဆုံးအကြိမ်တောင်းဆိုချင်တယ် ခင်ဗျားတို့စံအိမ်သခင်နဲ့တွေ့ချင်တယ်....."
လူငယ်၏အေးစက်စက်အကြည့်များဘေးရောက်သွားချိန်တွင်မှ အစောင့်သိုင်းသမားနှစ်ယောက်မှာ အသက်ဝဝရှူဝံ့ကြပြီး နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိကြသည်။
အစမှအဆုံးအထိ လူငယ်က သူတို့ကိုချိန်းခြောက်စကားကလေးတစ်ခွန်းပင်မဆိုသလို အပိုစကားတစ်စုံတစ်ရာပြောဆိုခြင်းလည်းမပြပေ။
သို့သော် အစောင့်နှစ်ယောက်မှာ သာမန်ပုံစံသာရှိသည့်ထိုလူငယ်နှင့်မျက်နှာချင်းပင်မဆိုင်ဝံ့တော့ဘဲ တစ်ယောက်က အလျှင်အမြန်ခေါင်းညိမ့်ကာပြောလိုက်သည်။
" ကောင်း ကောင်းပါပြီ ကျုပ်သွားပြီးအကြောင်းကြားပေးပါ့မယ်...."
ထိုသိုင်းသမားက ပြောပြောဆိုဆိုဖြင့် လူငယ်၏ရှေ့မှ ခြေကုန်သုတ်ပြေးသွားတော့သည်။
ထိုအခါ လူငယ်နှင့်ခြေလှမ်းအနည်းငယ်အကွာတွင်ကျန်ခဲ့သည့်လူက တုန့်ပြန်မှုနောက်ကျနေသည့်သူကိုယ်သူကြိတ်၍ကျိန်ဆဲလိုက်မိပြီး ကြောက်စရာကောင်းလှသည့်ထိုလူငယ်နှင့်နှစ်ဦးထဲကျန်ခဲ့သည့်သူ၏အဖြစ်ကို လွန်စွာစိုးထိတ်နေမိသည် ။
အစောပိုင်းကခံစားချက်ကို သူ၏စိတ်ထဲတွင် ပြန်၍အမှတိရနေဆဲပင်ဖြစ်၏။
ထိုစဉ်က သူတို့၏ရှေ့တွင်ရပ်နေသူကသာမန်မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းလှသည့်သားရဲကြီးတစ်ကောင်ဖြစ်နေပြီး သူ၏အစွယ်နှင့်လက်သည်းများက ဖူံးကွယ်ထားသည်ဟုတွေးလိုက်မိသည်။
ထိုအစွယ်နှင့်လက်သည်းများသာထွက်ပေါ်လာပါက သူတို့၏အသက်က ကျိန်းသေပေါက်သေဆူံးရမည်ဖြစ်မှန်းအလိုလိုခံစားမိနေပြီး အဆင့်မြင့်သိုင်းသမားနှစ်ယောက်မှာ လူငယ်၏အေးစက်စက်သအကြည့်များကိုမျက်လုံးများဆုံဝံ့ခြင်းပင်မရှိကြပေ။
ထိုနည်းတူ ယခုလည်း အနက်ရောင်ဝတ်စုံဝတ်လူငယ်နှင့် ခြေငါးလှမ်းအတွင်းမကပ်ဝံ့တော့ဘဲ နေရာတွင် ကျောက်ရုပ်တစ်ရုပ်လိုတောင့်တင်းလျက်ရှိနေတော့သည်။
အနက်ရောင်ဝတ်စုံဝတ်လူငယ်ကား အစောင့်သိုင်းသမားကိုလုံးဝဂရုမစိုက်ဘဲ ခါးစည်းကြိူးထဲတွင်ဖြစ်သလိုထိုးထည့်ထားသည့် သူ၏ဓားရိုးကိုဖြေးညင်းစွာပွတ်လျက်ရှိသည် ။
ကံကောင်းထောက်မစွာဖြင့် စံအိမ်အတွင်းပြေးဝင်သွားသည့်သိုင်းသမားက ပြန်လည်ရောက်ရှိလာပြီး သူ့အဖော်၏ဘေးတွင်ရပ်ကာပြောလိုက်သည်။
" သခင်ကြီးက မင်းနဲ့တွေ့ဖို့ဆုံးဖြတ်လိုက်တယ်....."
ထိုသိုင်းသမား၏စကားကိုလူငယ်က အသာခေါင်းညိမ့်ပြလိုက်ပြီး ကိုယ့်အိမ်ကိုယ်ယာရောက်နေသလို စွန်းအိမ်တော်အတွင်းအေးဆေးစွာဝင်ရောက်သွားလေသည်။
ထို့နောက် နေရာတွင်ကျန်ခဲ့သည့်သိုင်းသမားနှစ်ယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီးမှ လူငယ်၏နောက်မှအလျှင်အမြန်ပြေးလိုက်သွားကြတော့သည်။
စွန်းအိမ်တော်၏စံအိမ်ဧည့်ခန်းထဲတွင် လက်ရှိစံအိမ်သခင်စွန်းချန့်အိုရှိနေသည်။
စွန်းချန့်အိုမှာ အဆက်အသွယ်ပေါများပြီး လူချစ်လူခင်များသူတစ်ယောက်ဖြစ်၍လည်း သူစံအိမ်သခင်ဖြစ်လာပြီးဆယ့်ငါးနှစ်အတွင်း စွန်းအိမ်တော်က ပို၍တိုးတက်လာသည်ဟုဆိုနိုင်သည်။
စွန်းချန့်အို၏အားသာချက်က စူးရှသည့်အမြင်အာရုံရှိပြီး လူကဲခပ်လွန်စွာကောင်းမွန်သူတစ်ဦးဖြစ်ကာ မည်သို့သောလူမျိုးမဆိုတစ်ကြိမ်မြင်ရုံနှင့် အတော်များများအကဲခပ်မိပေသည်။
ထို့ကြောင့်လည်း ထူးချွန်ထက်မြက်သည့်သိုင်းသမားများစွာနှင့်မိတ်ဆွေဆက်ဆံရေးကိုထူထောင်နိုင်ကာ စွန်းအိမ်တော်၏အဓိကအလုပ်အကိုင်ဖြစ်သည့် သတင်းရောင်းဝယ်ရေးသည်လည်း သူ၏လက်ထဲတွင် ပို၍ပင်တိုးတက်လာခဲ့သည်။
လက်ရှိသိုင်းလောကထဲတွင်တဟုန်ထိုးကျော်ကြားလာသည့် ကြက်တူရွေးအဖွဲ့မှာဆယ်နှစ်ကျော်ဆိုသည့်အချိန်အတွင်း သတင်းအချက်အလက်လောကတွင်လျှင်မြန်စွာကြီးထွားလာသော်ငြားနှစ်ရာနှင့်ချီ၍တည်ရှိခဲ့သည့်စွန်းအိမ်တော်နှင့်ယှဉ်လျှင် တက်သစ်စအဖွဲ့တစ်ခုသာရှိသေးသညိ။
ယခုလည်း သူ၏အစောင့်သိုင်းသမားတစ်ယောက်က ရေးကြီးသုတ်ပြာပြေးဝင်လာပြီး ကြောက်စရာကောင်းလှသည့်လူငယ်တစ်ယောက်က သူနှင့်တွေ့ခွင့်တောင်းနေသည်ဟုသိရ၍ စောင့်ဆိုင်းနေခြင်းဖြစ်သည်။
စွန်းချန့်အို၏နေရာတွင် အခြားထိပ်တန်းအင်အားစုခေါင်းဆောင်တစ်ဦးဦးသာဆိုပါက ယခုလိုနာမည်မရှိသည့်လူငယ်တစ်ယောက်ကိုအချိန်ကုန်ခံတွေ့နေမည်မဟုတ်သော်လည်း စွန်းချန့်အိုကား ထိုလူငယ်က သာမန်မဟုတ်ဘဲထူးခြားသူတစ်ဦးဖြစ်သည်ကိုရိပ်စားမိပေသည်။
အကြောင်းကား စွန်းအိမ်တော်တွင်နှစ်များစွာလုပ်ကိုင်ခဲ့ကာ သိုင်းဝိဇ္ဇာအဆငိ့များကိုပင် တည်ငြိမ်စွာဆက်ဆံဖူးသည့်သူ၏လူက သရဲတစ်ကောင်တွေ့သည့်ပမာ ရုပ်ပျက်ဆင်းပျက်ပြေးဝင်လာခြင်းကြောင့်ဖြစ်၏ ။
ထိုလူ၏စကားအရ ခြံဝရှိလူငယ်မှာ အလိုလိုနေရင်း ကြောက်စရာကောင်းသူတစ်ယောက်ဟုခံစားမိသည်ဟုသိရပြီး သူ၏တစ်ကိုယ်လုံးတွင်လည်း ကြောက်ချွေးများစိုရွှဲနေသေးသည်။
ထို့ကြောင့် စွန်းချန့်အိုလည်းရှောင်လင်ကျောင်းတော်ကိုသွားရောက်ရန်ပြင်ဆင်နေသည့်ကြားမှ ထိုလူငယ်နှင့်တွေ့ဆုံရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
အချိန်များစွာမစောင့်လိုက်ရဘဲ အနက်ရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက် ဧည့်ခန်းအတွင်းဝင်ရောက်လာသည်ကိုတွေ့မြင်လိုက်ရသည်။
သူ၏သိုင်းသမားနှစ်ယောက်ကား စံအိမ်၏ရှေ့တွင် တုန်လှုပ်သည့်အမူအယာများဖြင့်ရပ်နေကြသည်ကိုတွေ့မြင်ရပြီး သူတို့၏အမူအယာများက လူငယ်သာ တစ်စုံတစ်ခုလှုပ်ရှားပါက ခြံဝန်းရှိသိုင်းသမားများကိုအော်ဟစ်အသိပေးမညိ့အလားပင်။
ထိုမြင်ကွင်းကြောင့် စွန်းချန့်အိုပင် မနေနိုင်ဘဲပြုံးလိုက်မိပြီး ထိုင်ရာမှထရပ်ကာ ဧည့်ခန်းအတွင်းဝင်ရောက်လာသည့်လူငယ်ကိုကြိုဆိုလိုက်သညိ။
တစ်ဖက်လူအနီးသို့ရောကိရှိလာသည့်အခါမှ စွန်းချန့်အိုကလူငယ်ကို အသေအချာအကဲခပ်လိုက်နိုင်သည်။
အရောင်လွင့်နေသည့်အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ဟောင်းနွမ်းနေသည့်ဓားအိမ်ဖြင့်ဓားတစ်ချောင်းကို ခါးစည်းကြိုးထဲတွင်ဖြစ်သလိုထိုးထားသည့်လူငယ်၏သွင်ပြင်က လေလွင့်ဓားသမားတစ်ဦးကဲ့သို့ဖြစ်သည်။
ဖြူဖက်ဖြူလျော်ဖြစ်သည့်အသားအရေနှင့် ဟန်အမူအယာကင်းမဲ့သည့်သူ၏မျက်နှာက လူသေကောင်တစ်ကောင်နှင့်ပင်တူညီလျက်ရှိကာ မည်းနက်သည့်မျက်လုံးများက ခံစားချက်ကင်းမဲ့၍အေးစက်လျက်ရှိသည်။
လူငယ့်ကိုပထမဆုံးအကြိမ်မြင်ရုံဖြင့် မည်သို့သောလူမျိုးမဆို မပတ်သတ်လိုဘဲ ဝေးဝေးရှောင်စေမည့်ပုံစံမျိုးဖြစ်ပြီး သူ၏သွင်ပြင်က လမ်းလျှောက်နေသည့်အလောင်းကောင်တစ်ခုအလားပင်။
စွန်းချန့်အိုလည်း အသက်ရှူချိန်အနည်းငယ်အတွင်းလူငယ့်ကိုအကဲခပ်လိုက်မိကာ မျက်မှောင်ကြုတ်လိုက်သည် ။
အကြောင်းကား ထိုလူငယ်က လွန်စွာသာမန်ဆန်လှ၍ဖြစ်ပြီး သူ၏ဘဝတစ်လျှောက်လူမျိူးစုံနှင့်ကြုံဆုံခဲ့ဖူးသည့်စွန်းချန့်အိုပင်ထိုလူငယ့်ကိုမည်သို့မှမခန့်မှန်းနိုင်ဘဲဖြစ်နေသညိ ။
ရုတ်တရက် စွန်းချန့်အိုမှာ တစ်စူံတစ်ခုကိုတွေးမိကာ အံ့ဩခြင်းကြီးစွာဖြင့်တုန်လှုပ်သွားရသည် ။
လွန်ခဲ့သည့်အနှစ်နှစ်ဆယ်ကျော်က စွန်းအိမ်တော်သို့ရောက်ရှိလာသည့်လူတစ်ယောက်နှင့်သူဆုံတွေ့ဖူးသည်။
ထိုလူနှင့်သူတို့၏ကြား၌ အပြန်အလှန်ကူညီမှုများရှိပြီး သူတို့၏ကြားတွင်မိတ်ဆွေဆက်ဆံရေးပင်ရှိသည်ဟုဆိုနိုင်သည်။
ထိုစဉ်က ထိုလူ၏ပုံစံက နက်ရှိုင်းသည့်ရေကန်တစ်လည်လိုတည်ငြိမ်ပြီးခန့်မှန်းမရသည့်သွင်ပြင်ရှိပေသည် ။
နှစ်အနည်းငယ်အကြာ၌ ထိုလူကလွန်စွာကြီးကျယ်ခမ်းနားသည့်ကိစ္စကြီးတစ်ခုကိုလုပ်ဆောင်ခဲ့ပြီး ယခုအချိန်ထိ ထိုလူ၏အမည်က သိုင်းလောကကတစ်ခုလုံးမသိသူမရှိသည့်အမည်တစ်ခုဖြစ်နေချေပြီ။
&&&