ပန်းချီကား
Vol. 4 Ch. 5
ယခု သူ၏ရှေ့ရှိလူငယ်ကလည်း ထိုလူနှင့်တူညီသည့်သွင်ပြင်ရှိကာ မည့်သည့်အရာကိုမှဂရုစိုက်ဟန်မတူသည့် လူငယ်၏အေးစက်စက်မျက်လုံးများက ရှိရှိသမျှအရာအားလုံးကို သက်မဲ့ပစ္စည်းများဟုထင်မြင်နေသည့်အလားပင်။
စွန်းချန့်အိုမှာ အတွေးထဲတွင် နစ်မျောနေရင်း သူ၏နောက်ကျောတွင် ချွေးများစိုရွှဲလာပေသည်။
ထိုအခိုက် အနက်ရောင်ဝတ်စုံဝတ်လူငယ်က စွန်းချန့်အိုကို အေးစက်စက်မျက်ဝန်းများဖြင့်ကြည့်ရင်းမေးလိုက်သည်။
" ခင်ဗျားက စွန်းအိမ်တော်သခင်လား...."
လူငယ်၏အသံက သူ၏မျက်နှာသေနှင့်လိုက်ဖက်စွာခံစားချက်ကင်းမဲ့လျက်ရှိသည်။။
လူငယ်၏စကားကိုကြားမှ စွန်းချန့်အိုလည်း နဖူးတွင် သီးထနေသည့်ချွေးများကိုသုတ်လိုက်ကာ ဧည့်ခန်းအတွင်းရှိထိုင်ခုံတစ်လူံးကိူညွန်ပြလိုက်သည်။
စွန်းချန့်အို၏လက်ရှိဂုဏ်ပုဒ်က စွန်းအိမ်တော်၏သခင်ဖြစ်ပြီးသိုင်းလောကအတွင်းရှိထိပ်တန်းအင်အားစုခေါင်းဆောင်များနှင့်ပင်ရင်ဘောင်တန်းနိုင်သည်ဟုဆိုရမည်။
ထို့ကြောင့်သိုင်းဝိဇ္ဇာအဆငိ့ပုဂ္ဂိုလ်များပင်စွန်းချန့်အိုနှင့်တွေ့လျှင်အပြန်အလှန်လေးစားမှုပြသရသော်လည်း လူငယ်ကား စွန်းချန့်အိုကို စားသောက်ဆိုင်မှစားပွဲထိုးလောက်ပင်အလေးအနက်ထားဟန်မတူပေ။
ရုတ်တရက် လူငယ်၏ခန္တာကိုယ်က တောင့်တင်းသွားပြီး အေးစက်သည့်မျက်လုံးများက ဓားတစ်စင်းလိုစူးရှလာသည်။
ထို့နောက် လူငယ်က စွန်းချန့်အိုညွန်ပြခဲ့သည့်နေရာကိုကျော်လွန်ကာ ဧည့်ခန်း၏နံရံအနီးသို့လျှင်မြန်စွာချဉ်းကပ်သွားလေသည်။။
သူ၏အပြုအမူကိုမြင်တွေ့နေရသည့် စွန်းချန့်အို၏မျက်ဝန်းများက ပြူးကျယ်လာပြီး သူ၏စိတ်ထဲတွင် အပြင်းအထန်လှူပ်ရှားလာပေသည် ။
အကြောင်းကား လူငယ်၏ဦးတည်ရာကဧည့်ခန်းနံရံတွင်ချိတ်ဆွဲထားသည့်ပန်းချီကားတစ်ချပ်ဆီသို့ဖြစ်နေ၍ပင်။
စွန်းအိမ်တော်၏ဧည့်ခန်းထဲတွင် တန်ဖိုးကြီးပရိဘောဂများစွာရှိသလို လက်ရာမြောက်သည့်သစ်သားပန်းပုရုပ်များနှင့် နံရံတွင်ချိတ်ဆွဲထားသည့်ပန်းချီကားများလည်းရှိသည် ။
ထိုပန်းချီကားများအနက် အများစုက တောတောင်ရှုခင်းပုံများကိုဆွဲထားခြင်းဖြစ်ကာ နာမည်ကျော်ပန်းချီပညာရှင်များ၏လက်ရာဖြစ်၍ တန်ဖိုးကြီးပန်းချီကားချပ်များဖြစ်ကြသည်။
သို့သော် ထိုအထဲတွင် တန်ဖိုးအရှိဆူံးအရာကိုပြပါဆိုလျှင် ထောင့်တစ်နေရာတွင်ချိတ်ဆွဲထားသည့်ပန်းချီကားအိုလေးတစ်ချပ်သာဖြစ်ပေမည်။
ထိုပန်းချီကားက မည်သည့်ထူးထူးခြားခြားအရာဝတ္တုကိုမှ ဆွဲထားခြင်းမဟုတ်ဘဲ လူတစ်ယောက်၏ နောက်ကျောပေးထားသည့်သွင်ပြင်ကိုရေးဆွဲထားခြင်းသာဖြစ်သည်။
ပန်းချီကားထဲမှလူက သိုင်းလောကသားတစ်ယောက်ယောက်ဖြစ်ဟန်တူပြီး အဖြူရောင်နှင့်အနီရောင်စပ်ထားသည့်ဝတ်စုံကိုဝတ်ဆင်ကာ ခြေဗလာဖြင့်ဖြစ်သည် ။
စည်းနှောင်ခြင်းကင်းမဲ့သည့်ထိုလူ၏ဆံနွယ်များက နောက်ကျောဘက်တွင်ဝဲလွင့်နေပြီးခါးတွင်အရက်တစ်အိုးကိုချိတ်ဆွဲထားကာ ကျန်တစ်ဖက်တွင် တောက်ပသည့်ဓားတစ်လက်ကိုကိုင်ဆောင်ထားသည်။
ထိုပန်းချီကား၏ပုံစံက အနှောက်အဖွဲ့ကင်းပြီးလွတ်လပ်သည့်ဓားသမားတစ်ယောက်၏သွင်ပြင်ကိုဖော်ပြထားခြင်းဖြစ်သော်လည်း ပန်းချီကားကိုကြည့်မိသူတိုင်း လွမ်းသလိုဆွေးသလိုဖြင့် အထီးကျန်ဆန်သည့်ခံစားမှုတစ်ခုကိုအလိုလိုရရှိပေလိမ့်မည်။
ထို့ထက်ပို၍ဖော်ပြရလျှင် ပန်းချီကားကိုကြည့်ရှုသူသာ ပါရမီကောင်းသည့်ဓားသမားတစ်ဦးဖြစ်ပါက ပန်းချီကားထဲတွင် ဖုံးကွယ်ထားသည့်အရာများကိုတွေ့မည်ဖြစ်ပြီး ထိုလူ၏အဖြူရောင်ဝတ်စုံထက်ရှိသွေးစက်များကိုပါ တွေ့မြင်နိုင်ပေမည်။
စင်စစ် ပန်းချီကားထဲမှလူ၏ဝတ်စုံက မူလကအဖြူရောင်ဖြစ်ပြီး ပြင်းထန်သည့်တိုက်ပွဲကြီးတစ်ခုကိုရင်ဆိုင်လာရကာ သွေးများဖြင့်စွန်းပေနေခြင်းသာဖြစ်သည်။
ထိုနည်းတူ သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုကိုရင်ဆိုင်ခဲ့ရပြီးဖြစ်သည့်တိုင်သူ၏ပုံစံက လွတ်လပ်ပေါ့ပါးနေကာ ညာလက်ရှိဓားရှည်က ဖြူဖွေးသန့်စင်လျက်ရှိနေသေးသည်။
ပန်းချီကားအိုလေးမှာ သူ၏ဘိုးဘေးများလက်ထက်ကပင် လက်ဆင့်ကမ်းလာခြင်းဖြစ်ပြီး စွန်းအိမ်တော်၏သမိုင်းထက်ပင်ရှေးကျနေသေးသည်။
ထို့ကြောင့်လည်း စွန်းအိမ်တော်တွင်ချိတ်ဆွဲထားသည့်ပန်းချီကားများအနက် ထိူပန်းချီကားလေးမှာ အဖိုးအတန်ဆုံးဖြစပြီး ထိုအချက်ကိုသိရှိသူက အနည်းငယ်သာရှိပေသည် ။
ယခုအခါ အနက်ရောင်ဝတ်စုံဝတ်လူငယ်က ပန်းချီကားနှင့်သုံးပေခန့်အကွာတွင်ရပ်နေကာ သူ၏အေးစက်စက်မျက်ဝန်းများက ပန်းချီကားဆီသို့စူးနစ်စွာကျရောက်လျက်ရှိသည်။။
လွတ်လပ်တဲ့ဓားဆန္ဒလား သတ်ဖြတ်ခြင်းဓားဆန္ဒလား ... မဟုတ်သေးဘူး ဒါက အထီးကျန်ဆန်တဲ့ဓားဆန္ဒပဲဖြစ်ရမယ်...။
လူငယ်၏ဟန်အမူအယာကင်းမဲ့သည့်မျက်နှာက အမျိုးမျိုးပြောင်းလဲနေပြီးတစ်ကိုယ်တည်းတီးတိုးရေရွက်လျက်ရှိသည်။။
သူ၏ပုံစံကြောင့် စွန်းချန့်အိုမှာ မယူံကြည်နိုင်လောက်အောင်ဖြစ်နေပြီး သူ၏စိတ်ထဲတွင်လွန်ခဲ့သည့်အနှစ်နှစ်ဆယ်ကျော်ကထိုလူငယ်လေးလို ပန်းချီကားကိုရပ်ကြည့်ရင်း တွေဝေငေးငိုင်နေသည့်လူတစ်ယောက်၏ပုံရိပ်ကိုပြန်၍မြင်ယောင်လာမိသည်။
လူငယ်က ပန်းချီကားကိုစူးစိုက်ကြည့်နေရင်း အချိန်အနည်းငယ်ကြာအောင်ငြိမ်သက်နေသလို စွန်းချန့်အိုကလည်းတစ်စုံတစ်ရာနှောင့်ယှက်ခြင်းမရှိဘဲ တိတ်ဆိတ်စွာရပ်စောင့်ဆိုင်းလျက်ရှိသည် ။
ရုတ်တရက် လေးပင်သည့်သက်ပြင်းချသံနှင့်အတူ အနက်ရောင်ဝတ်စုံဝတ်လူငယ်က ခေါင်းယမ်း၍ သက်ပြင်းချလိုက်သည်။
" ဓားဆန္ဒ....ဓားဆန္ဒ....ငါ့ရဲ့ကိုယ်ပိုင်ဓားဆန္ဒက ဘယ်လိုဓားဆန္ဒလဲ... "
လူငယ်က တစ်ကိုယ်တည်းအဆက်မပြက်ရေရွတ်နေသလို သူ၏မျက်နှာထက်တွင်လည်း ရှုပ်ထွေးသည့်အမူအယာတစ်ခုရှိနေသည်။
ထို့နောက်မှလူငယ်က သူရောက်ရှိနေသည့်နေရာကို ပြန်၍သတိထားမိဟန်တူကာ စွန်းချန့်အိုကိုစိုက်ကြည့်ရင်း ခံစားချက်ကင်းမဲ့သည့်ပုံစံဖြင့်မေးလိုက်သည် ။
" ဒီပန်းချီကားက ဘယ်သူဆွဲခဲ့တာလဲ။ ပြီးတော့ ပန်းချီကားထဲကလူက ဘယ်သူလဲ...."
လူငယ်၏မေးခွန်းကြောင့် စွန်းချန့်အိုက ခေါင်းယမ်းပြကာ ဖြေးညင်းစွာပြန်ဖြေလိုက်သည်။
" ဒီပန်းချီကားက ကျုပ်တို့စွန်းအိမ်တော်တည်ထောင်သူဘိုးဘေးရရှိခဲ့တာ ။ သူလည်းမိတ်ဆွေတစ်ယောက်ဆီကရခဲ့တာလို့သိရတယ်။
ပန်းချီကားမှာရေးဆွဲတဲ့လူရဲ့လက်မှတ်မပါသလို ပန်းချီကားထဲကလူကိုလည်း မသိရဘူး ။ ဒါပေမယ့် ကျုပ်စိတ်ထင်ပြောရင် အဲဒီပန်းချီကားရဲ့သက်တမ်းက အနှစ်သုံးရာထက်မနည်းရှိလောက်ပြီ....."
စွန်းချန့်အို၏အဖြေကို လူငယ်က တိတ်ဆိတ်စွာနားထောင်လျက်ရှိသည်။
ထို့နောက် စွန်းချန့်အိုက အစောပိုင်းကလိုမဟုတ်ဘဲ လူသေကောင်တစ်ကောင်လို ဟန်အမူအယာကင်းမဲ့နေပြီဖြစ်သည့်လူငယ်၏မျက်နှာကိုအကဲခပ်ရင်းမေးလိုက်သည်။
" မိတ်ဆွေလေး ကျုပ်တို့စွန်းအိမ်တော်က ဘာကူညီပေးရမလဲ...."
စွန်းချန့်အို၏မေးခွန်းကြောင့် လူငယ်၏အေးစက်စက်မျက်ဝန်းများကလက်ခနဲဖြစ်သွားပြီး အနိမ့်အမြင့်မရှိသည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။
" လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်က ကျုံဟွာတောင်တိုက်ပွဲမှာပါဝင်ခဲ့တဲ့အင်အားစုတွေအကြောင်းကို ကျုပ်အစုံအလင်သိချင်တယ် ...."
သူ၏စကားကြောင့် စွန်းချန့်အို၏မျက်နှာက ကွက်ခနဲပျက်သွားလေသည်။
လူငယ်၏အမူအယာက ပြောင်းလဲခြင်းမရှိသော်လည်း ထိုခဏတွင် သူရင်ဆိုင်နေရသည့်လူငယ်က လွန်စွာကြောက်မက်ဖွယ်ကောင်းသည့်သားရဲကောင်ကြီးတစ်ကောင်ဖြစ်သည်ဟု စွန်းချန့်အို၏စိတ်ထဲတွင် တွေးလိုက်မိသည်။
&&&
အချိန်အနည်းငယ်ကြာပြီးနောက်တွင် စွန်းအိမ်တော်၏တံခါးဝမှ လူငယ်တစ်ယောက်ထွက်ခွာသွားလေသည်။
အရောင်လွင့်နေသည့်အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြိီး ခါးတွင်ဓားအိုကြီးတစ်လက်ကိုထိုးထားသည့်လူငယ်၏သွင်ပြင်က စုတ်ချာလှသည်။
သို့သော် ထိုအချိန်တွင် စွန်းအိမ်တော်၏ဧည့်ခန်းထဲ၌ အိမ်တော်၏လက်ရှိအရှင်သခင်စွန်းချန့်အိုမှာ လေလျော့သွားသည့်ပူပေါင်းတစ်ခုပမာ ပျော့ခွေလျက်ရှိနေသည်ကိုတွေ့ရမည်ဖြစ်ပြီး စိတ်တည်ငြိမ်စေရန် ရေနွေးကြမ်းတစ်ခွက်ကိုငှဲ့သောက်လိုက်သော်လည်း သူ၏လက်က တဆက်ဆက်တုန်ယင်နေပေသည်။
ပြီးခဲ့သည့်အချိန်အတောအတွင်း သူကြုံတွေ့ခဲ့ရသည်များမှာမည်သည့်အကြောင်းအရာများဖြစ်သည်ကိုမသိရသော်လည်း စွန်းချန့်အို၏မျက်နှာက ဖြူဖျော့နေဆဲဖြစ်ပြီး သူ၏နှုတ်မှ စကားလုံးအချို့ကိုအဆက်မပြက်ရေရွတ်လျက်ရှိသည်။
" သူတကယ်ပဲရောက်ရှိလာပြီ ....သိုင်းလောကတစ်ခုလုံးသွေးလွှမ်းတော့မယ်...."
စွန်းချန့်အိုက ရေနွေးကြမ်းကိုပင်မသောက်နိုင်တော့ဘဲ ထိုသို့အဆက်မပြက်ပြောဆိုလျက်ရှိသည်။
သူတို့သခင်ကြီး၏ထူးခြားသည့်ပုံစံကြောင့် စွန်းအိမ်တော်မှသိုင်းသမားများနှင့်အလုပ်သမားများကဧည့်ခန်းအတွင်းကွက်ကြည့်ကွက်ကြည့်လုပ်နေကြသော်လည်းမည်သူမှသွားရောက်မေးမြန်းဝံ့ခြင်းမရှိပေ။
ထိုနည်းတူ ခြံဝန်းတံခါးဝရှိအစောင့်သိုင်းသမားနှစ်ယောက်သည်လည်း အစောပိုင်းက ထွက်ခွာသွားသည့်လူငယ်၏အကြောင်းကိုပြန်ပြောင်းပြောဆိုလျက်ရှိသေးသည် ။
သူတို့၏စကားသံထဲတွင်တော့ ကြောက်လန့်တုန်လှုပ်ခြင်းများကျန်ရှိနေဆဲဖြစ်သည် ။
ထိုအခိုက် စွန်းအိမ်တော်၏တံခါးဝသို့ အဖြူရောင်ဝေါယာဉ်တစ်ခုက လေထဲတွင်မျောလွင့်သလို လျှင်မြန်စွာရောက်ရှိလာသည်။
ဝေါယာဉ်၏အပြင်အဆင်ကိုတစ်ချက်ကြည့်ရုံဖြင့် အတွင်းဘက်ရှိလူ၏အဆင့်အတန်းကိုခန့်မှန်းနိုင်သလို ဝေါယာဉ်ထမ်းသည့်ကြံ့ခိုင်တောင့်တင်းသည့်လူလေးယောက်၏ခြေအနုတ်အသိမ်းများက ထပ်တူကျလျက်ရှိသည်ကိုတွေ့ရပေမည်။
ဝေါယာဉ်တစ်ခုလုံးကိုထမ်းလာရသည့်တိုင်သူတို့၏ပုံစံက မောပန်းနွမ်းနယ်ဟန်မရသလို ချွေးတစ်စက်ပင်မထွက်ကြပေ။
ဝေါယာဉ်၏ရှေ့မှဦးဆောင်လာသူက အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်မိန်းမငယ်လေူတစ်ယောက်ဖြစ်ပြီး ဘေးနှစ်ဖက်၌ အေးစက်စက်မျက်နှာထားဖြင့်သက်လက်ပိုင်းလူနှစ်ဦးလိုက်ပါလာသည် ။
ဝေါယာဉ်၏နောက်ဘက်တွင်မူ အဖြူရောင်ဝတ်စုံဝတ်ခါးကုန်းကုန်းအဖိုးအိုတစ်ဦးရှိပေသာ် ။
သူတို့၏သာမန်မဟုတ်ဘဲထူးခြားသည့်ပုံစံများကြောင့် လမ်းသွားလမ်းလာများကွက်ကြည့်လုပ်နေကြသလို စွန်းအိမ်တော်သိုင်းသမားနှစ်ယောက်လည်း အဖြူရောင်ဝေါယာဉ်နှင့်ထူးခြားသည့်လူတစ်စုကို စိတ်ဝင်စားစွာအကဲခပ်လျက်ရှိသည်။
အဖြူရောင်ဝေါယာဉ်ကစွန်းအိမ်တော်၏တံခါးမကြီးရှေ့တွင် တိခနဲရပ်သွားသလို ဝေါယာဉ်ရှေ့ရှိအစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးက အစောင့်သိုင်းသမားနှစ်ဦးအနီးသို့လှစ်ခနဲရောက်ရှိလာသည်။
ကျစ်ဆံမြီးနှစ်ခွစည်းထားပြီး သေးသွယ်သည့်ထိုမိန်းကလေး၏ပုံစံက ကြည့်ကောင်းလှသလို ဖြူဖွေးနူးညံ့သည့်အသားမရေနှင့်မျက်နှာထက်ရှိ ပါးချိုင့်ကလေးနှစ်ခုက လွန်စွာချစ်ရာကောင်းနေသည်။
သို့သော် ထိုမိန်းကလေးက များစွာဖော်ရွေဟန်မတူဘဲ အစောင့်သိုင်းသမားနှစ်ယောာက်ကိုကြည့်ကာ အထက်စီးဆန်သည့်လေသံဖြင့်မေးလိုက်သည်။
" ရှင်တို့စွန်းအိမ်တော်မှာ သိုင်းပြိုင်ပွဲရှိတယ်ဆို အခု လူတွေကဘယ်မှာလဲ...."
မိန်းမငယ်လေးက အစောင့်နှစ်ယောက်ကိုမေးမြန်းရင်း ခြောက်ကပ်နေသည့်ခြံဝန်းထဲသို့ တစ်ချက်တစ်ချက်လှမ်းမျှော်ကြည့်ရှုနေသည်။
သူမ၏လေသံကြွပ်ဆပ်၍ ယဉ်ကျေးမှုကင်းမဲ့သော်လည်း လွန်စွာချစ်စရာကောင်းသည့်ပုံစံလေးကြောင့် အစောင့်သိုင်းသမားနှစ်ယောက်မှာ စိတ်မဆိုးနိုင်ဘဲ ပြန်ဖြေလိုက်သည်။
" သိုင်းပြိုင်ပွဲကရပ်ထားတယ်မိန်းကလေးရဲ့ ရှောင်လင်ကျောင်းထိုင်ဆရာတော်ကြီးပျံလွန်တော်မူတာကြောင့်လေ...."
သိုင်းသမားတစ်ယောက်၏အဖြေကြောင့် မိန်းမငယ်လေး၏ မျက်လုံးများက ဝိုင်းစက်သွားပြီး ဝေါယာဉ်အနီးသို့လှစ်ခနဲပြန်ရောက်သွားသည်။
ထို့နောက် မိန်းမငယ်လေးက ဝေါယာဉ်၏အနီးသို့ကပ်၍တစ်စုံတစ်ခုကိုတီးတိုးပြောဆိုလိုက်ရာ ဝေါယာဉ်ထဲမှ လွန်စွာချိုမြိန်သာယာသည့်စကားသံလေးထွက်ပေါ်လာပေသည် ။
" ဒါဆိုရင်လည်း ရှောင်လင်ကျောင်းကိုပဲသွားတာပေါ့...."
&&&&