အစိမ်းရောင်အရိပ်
Vol. 4 Ch. 6
ညအချိန်
လဆုတ်နှစ်ရက်နေ့၏လရောင်က တောအုပ်ကလေးပေါ်သို့ညင်သာစွာကျဆင်းနေပြီး ငွေရောင် အလင်းတန်းများဖြင့် သက်ရှိသက်မဲ့အားလုံးကိုလွှမ်းခြုံပေးလျက်ရှိသည် ။
နောက်ထက်နှစ်ရက်သုံးရက်ရှိလျှင် လမင်းကြီး၏အလင်းရောင်က ကွယ်ပျောက်တော့မည်ဖြစ်သော်လည်း ယခုအခါတွင်ကား အစွမ်းကုန် ထိန်လင်းတောက်ပလျက်ရှိသည် ။
တောအုပ်ငယ်တစ်ခုထဲတွင် နားနေလျက်ရှိကြသည့်ခရီးသွားတစ်စုရှိပြီး မီးဖိုကြီးတစ်ဖို၏ဘေးတွင်ဝိုင်းစုဖွဲ့ကာထိုင်နေရင်း ရောက်တက်ရာရာပြောဆိုလျှက်ရှိကြသည်။
ထိုအဖွဲ့ကား ရှောင်လင်ကျောင်းတော်သို့ဦးတည်သွားနေကြသည့် ရှောင်ယောင်တို့အဖွဲ့ပင်ဖြစ်ပြီး ခရီးဆက်လာရင်း ညဉ့်နက်လာ၍ တောအုပ်ထဲတွင်အနားယူနေခြင်းဖြစ်သည်။
ရှောင်ယောင်နှင့် ကြွယ်ယန်တို့မှာ ယခင်ရက်များကလည်း ပြိုင်ပွဲ၏ပုံစံကြောင့်အလုပ်ရှုပ်နေ၍ ကောင်းစွာစကားပြောဆိုရခြင်းပင်မပြုရသေးပေ။
ထို့ကြောင့် ယခုလိုခရီးသွားရင်းမှ ကြားထဲတွင် ကြုံတွေ့ခဲ့ရသည်များကိုအပြန်အလှန်ပြောဆိုနေကြပြီး စန်းဟုန်းလျန်က နားထောင်သမားသက်သက်သာဖြစ်သည်။
အထူးသဖြင့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့ မြို့စားမင်း၏အရှူပ်ထုပ်အတွင်းရောက်ရှိသွားခြင်းကို ရှောင်ယောင်လည်း မည်သို့ပြောရမည်မှန်ပင်မသိတော့ပေ။
စင်စစ် သူနှင့်ဟောင်ရန်တို့လည်း လျှိုစမ်းမြိူ့လေးမှလူများကိုကူညီရင်း လက်ရှစိဖက်လှံနတ်ဆိုးနှင့်ရင်ဆိုင်မိခြင်းဖြစ်ကာ ကံကောင်းထောက်မ၍ အသက်မသေခဲ့ခြင်းဖြစ်သည်။
ထို့နောက် ရှောင်ယောင်၏အတွေ့အကြုံများကိုပြောပြရာတွင် ကြွယ်ယန်တို့မှာ ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်စွာနားထောင်နေကြသည်။
အကြောင်းကား သူတို့နှစ်ယောက် မြို့စားမင်း၏ကိစ္စဖြင့်ကုန်သည့်အချိန်အတောအတွင်း ရှောင်ယောင်က တုန်လှုပ်ဖွယ်ကိစ္စများစွာကြုံတွေ့ခဲ့ရ၍ဖြစ်သည်။
ရှောင်ယောင်၏ဘေးရှိဟောင်ရန်ကတော့ တစ်ချက်တစ်ချက်သာ ဝင်ရောက်ပြောဆိုတတ်ပြီး ထိုသို့ပြောတိုင်းလည်း ရှောင်ယောင်နှင့်ငြင်းခုန်ခြင်းသာဖြစ်သည်။
ကြွယ်ယန်နှင့်ကြွယ်စင်းတို့သည်လည်း သိုင်းပြိုင်ပွဲမှစ၍ ယခုမထိရက်အနည်းငယ်ကြာအောင်အတူရှိခဲ့ပြီးနောက် ဟောင်ရန့်ကို အပြင်လူတစ်ယောက်လိုမမြင်တော့ဘဲ မိတ်ဆွေရင်းချာတစ်ယောက်လိုရင်းနှီးနေကြပြီဖြစ်သည်။
အထူးသဖြင့် အစအနောက်သန်သည့်ကြွယ်ယန်၏အကျင့်ကလေးကပြန်၍ပေါ်ထွက်လာပြီး ရိုးသားဖြောင့်မက်ကာ အရှက်အကြောက်ကြီးသည့်ဟောင်ရန့်ကို မျိုးစူံလှည့်ပတ်စနောက်နေတော့သည်။
စန်းဟုန်းလျန်သည်လည်း သူတို့၏ရင်းနှီးနွေးထွေးသည့်ဆက်ဆံရေးကို သဘောကျစွာရှိနေကာ ရှောင်ယောင့်ထံတွင် ယခုလို သူငယ်ချင်းများရှိခြင်းကို သူများစွာကျေနပ်ပီတိဖြစ်ရ၏။
ပြီးခဲ့သည့်ရက်များက ကျောင်းထိုင်ဆရာတော်ကြီး၏သတင်းကြောင့်လည်း သူတို့၏စိတ်ထဲတွင်တစ်ချိန်လုံးတင်းကြပ်နေပြီး စိတ်အခြေအနေမကောင်းရာ ယခု စိတ်ပြေလက်ပျောက်ဖြစ်စေရန် အနားယူရင်းစနောက်နေကြခြင်းသာဖြစ်၏။
ရှောင်ယောင်သည်လည်း လျှို့ဝှက်နေရာနှင့် ခေါင်းတလားတွင်းမှမိန်းမပျိုလေး၏ကိစ္စမှလွဲ၍ကျန်အဖြစ်အပျက်များကို အစအဆုံးပြောဆိုခဲ့သည်။
အမည်မသသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားက သူ့ကိုပစ်မှတ်ထားတိုက်ခိုက်သည့်နေရာသို့ရောက်လျှင် ကြွယ်ယန်တို့နှစ်ယောက် အသက်ပင်မရှူဝံ့ဘဲ ငြိမ်သက်သွားကြရုံသာမကစန်းဟုန်းလျန်၏မျက်နှာကလည်းတည်ကြည်လေးနက်လာသည်။
ရှောင်ယောင်လည်း ထိုလူ၏လက်မှကံကောင်းစွာလွတ်မြောက်ခဲ့ကြောင်းအဆုံးသတ်လိုက်သည့်အခါမှ ကျန်လူများ၏အမူအယာက ပြေလျော့သွားကြပြီး ကြွယ်ယန်က အလျှင်အမြန်မေးလိုက်သည်။
" ဒါဆိုရင် အစ်ကိုရှောင်ယောင်က သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားဆီကတောင်လွတ်မြောက်ခဲ့သေးတာပေါ့...."
ကြွယ်ယန့်နည်းတူ ကြွယ်စင်းသည်လည်း ထိုအဖြေကိုစိတ်ဝင်စားလျက်ရှိသည် ။
အကြောင်းကား သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်နှင့်သိုင်းထိပ်သီးအဆင့်ကများစွာကွာခြား၍ဖြစ်ပြီး သူတို့သာသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သုင်းသမားနှင့်ရင်ဆိုင်ရပါက လွတ်မြောက်ရန်ပင်မဖြစ်နိုင်၍ဖြစ်သည်။
သူတို့၏သိလိုစိတ်ကိုအကဲခပ်မိ၍ ရှောင်ယောင်က ပြုံး၍ပြောလိုက်သည်။
" ကံကောင်းပြီးရေတံခွန်ထဲခုန်ချလို့လွတ်လာတာပါဆို....ပြီးတော့ အဲဒီအချိန်က သိုင်းထိပ်သီးအဆင့်ကိုတောင်ငါမရောက်သေးဘူး။
သူ့ဆီကလွတ်မြောက်လာပြီးမှ ပုန်းအောင်းရင်းလေ့ကျင့်ခဲ့ရတာ...."
ရှောင်ယောင်၏စကားက ပေါ့ပေါ့ပါးပါးဖြစ်သော်လည်း ကြွယ်ယန်တို့မှာအံ့ဩတကြိးဖြစ်နေကြသည်။
ထိုစဉ် ဟောင်ရန်က လေးနက်သည့်အမူအယာဖြင့် ဖြေးညင်းစွာပြောလိုက်သည်။
" တကယ်တော့ ချောင်မျိုးနွယ်ကိုသွားတုန်းက ကျုပ်ကိုလည်း သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားတစ်ယောက်ဝင်တိုက်ခဲ့သေးတယ်။
အဲဒီအချိန်က ဦးလေးချောင်ဖေးဟုန်တို့အမြန်ရောက်လာလို့ အဲဒီလူကထွက်ပြေးသွားတာပဲ ။ သူ့ရဲ့ပုံစံကိုအကဲခပ်ရရင် ကျုပ်ဆီက တစ်ခုခုလိုချင်လို့လာရှာတဲ့ပုံပဲ ...."
ဟောင်ရန်၏စကားကြောင့် ကြွယ်ယန်တို့တိတ်ဆိတ်သွားသလို ရှောင်ယောင်လည်း လွန်စွာအံ့အားသင့်သွားသည်။
ထိုစဥ် စန်းဟုန်းလျန်က မျက်မှောင်ကြုတ်၍ဝင်ပြောလိုက်သည်။
" ဒီအတိုင်းဆိုရင် တိုက်ဆိုင်တာမဖြစ်နိုင်ဘူး ရှောင်အာ မင်းတို့ အဲဒီလူနဲ့တစ်ခုခုပတ်သတ်ဖူးလို့လား...."
စန်းဟုန်းလျန်၏လေသံလေးနက်တည်ကြည်နေပြီး အတွေ့အကြံရင့်သိုင်းသမားတစ်ယောက်ပီသစွာတစ်စုံတစ်ခုထူးခြားနေမှန်းချက်ခြင်းသိလိုက်သည်။
ထိုအခါမှ ရှောင်ယောင်လည်း အနည်းငယ်စဉ်းစားကာ ဆရာတော်ရွှမ်းနန်စေခိုင်းသည့်ကိစ္စနှင့်ထိုလူက သူ့ထံမှတံဆိပ်ပြားနှစ်ခုကိုရယူလိုခြင်းဖြစ်ကြောင်းရှင်းပြလိုက်သည်။
ရှောင်ယောင်၏စကားအဆူံး၌ စန်းဟုန်းလျန်တို့လည်း နောက်တစ်ကြိမ်တိတ်ဆိတ်သွားကြပြီး ပြဿနာက သူတိူ့ထင်ထားသည်ထက်များစွာပိုကြီးနေမည်ဟုရိပ်စားမိလိုက်ကြသည် ။
" ဒါဆိုရင် အဲဒီတံဆိပ်ပြားနှစ်ခုကရော...."
စန်းဟုန်းလျန်၏မေးခွန်းကို ရှောင်ယောင်က ခေါင်းယမ်းပြလိုက်သည်။
" ရေတံခွန်ထဲကို ခုန်ချတုန်းက ပျောက်သွားပြီထင်တယ်။ အဲဒီတုန်းက ကျနော်လည်း သတိမထားမိခဲ့ဘူး..."
ရှောင်ယောင်မှာ စန်းဟုန်းလျန်ကို ပထမဆုံးအကြိမ်အဖြစ်လိမ်လည်ပြောဆိုလိုက်မိသည်။
လျှို့ဝှက်နေရာနှင့် ခေါင်းတလားတွင်းရှိမိန်းမပျို၏ဖြစ်စဉ်ကလွန်စွာထူးခြားဆန်းကြယ်ပြီး ထိုအကြောင်းကို သူတစ်ဦးသာသိရှိထားခြင်းဖြစ်သည်။
ထို့ကြောင့် စန်းဟုန်းလျန်တို့ကိုအပြည့်အဝယုံကြည်မှုရှိသည့်တိူင် ထိုအကြောင်းကိုမပြောခဲ့ခြင်းဖြစ်သည်။
ရှောင်ယောက်၏စကားအရ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားနှင့်ပတ်သတ်၍ လမ်းစပြတ်သွား၍ ကျန်လူများလည်းထိုအကြောင်းကိုဝိုင်းဝန်းစဉ်းစားနေကြသည်။
ထိုအချိန်မှာပင် တောအုပ်အတွင်းဘက်ဆီမှလူရိပ်တစ်ရိပ်က လျှင်မြန်စွာရွေ့လျားသွားပြီး ထိုအဖြစ်ကြောင့် စန်းဟုန်းလျန်က ချက်ခြင်းဆိုသလို ခုန်ထလိုက်သည် ။
" ဘယ်သူလဲဟေ့...."
သူတို့အားလုံးက သိုင်းပညာမနိမ့်ကျဘဲ စန်းဟုန်းလျန်ဆိုလျှင် သိုင်းဝိဇ္ဇာတစ်ယောက်ပင်ဖြစ်နေသည့်တိုင် တောအုပ်ထဲမှလူ၏အရိပ်အယောင်ကိုမမြင်ရတော့ပေ။
ထိုစဥ် အစိမ်းရောင်အရိပ်တစ်ခုကသူတိူ့၏ဘေးမှလွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်ဖြတ်ပြေးသွားပြီး တစ်ဖက်သို့ ရွေ့လျားပျောက်ကွယ်သွားပြန်သည်။
" ရန်သူက မျှားခေါ်နေတယ်ထင်တယ် ။ ငါအမြန်ဆုံးလိုက်သွားပြီး ပြန်လာခဲ့မယ်...."
ထိုအဖြစ်ကြောင့် ရှောင်ယောင်တို့လေးယောက်သာမက စန်းဟုန်းလျန်၏အမူအယာပင် အနည်းငယ်ပျက်ယွင်းနေပြီး အစိမ်းရောင်အရိပ်ပျောက်ကွယ်သွားရာဘက်သို့လျှင်မြန်စွာလိုက်ပါသွားတော့သည်။
တစ်ဖက်လူကသူတို့ကို မျှားခေါ်ရန်ရည်ရွယ်ထားကြောင်း အသိသာကြီးဖြစ်သည့်တိုင် ရန်သူ၏သိုင်းပညာက ကြောက်စရာကောင်းလွန်း၍ စန်းဟုန်းလျန်ပင် သတိလက်လွတ်မနေဝံ့ဘဲ ချက်ခြက်းလိုက်သွားခြင်းဖြစ်၏။
အကြောင်းကားထိုသို့သောရန်သူတစ်ယောက်သာ အမှောင်ထဲမှခြုံခိုတိုက်ခိုက်ပါက ရှောင်ယောင်တို့အတွက်လွယ်ကူမည်မဟုတ်၍ပင်။
တစ်ချိန်ထဲမှာပင် မီးပုံဘေး၌ကျန်ခဲ့သည့်ရှောင်ယောင်တို့လူစုက သူမရှိသော်လည်း တော်ရုံတန်ရုံသိုင်းပညာမြင့်မားသူကိုရင်ဆိုင်နိုင်မည်ဟုယုံကြည်၍ဖြစ်သည် ။
အဖြစ်အပျက်များမှာ အချိန်တိုအတွင်းလျှင်မြန်စွာဖြစ်ပျက်သွားခြင်းဖြစ်ကာ ရှောင်ယောင်ပင်ကောင်းစွာမတုန့်ပြန်လိုက်နိူင်ပေ။
ထို့နောက် ရှောင်ယောင်တို့လည်း အလျှင်အမြန်ထရပ်ကာ လက်နက်ကိုယ်စီစွဲကိုင်၍ကျောချင်းကပ်နေလိုက်ကြသည် ။
ထိုသို့ပြုလုပ်ခြင်းဖြင့်ရန်သူများ၏ အလစ်တိုက်ခိုက်မှုများကို ကောင်းစွာကာကွယ်နိုင်မည်ဖြစ်သညိ။
" အစ်ကိုကြီး အဲဒီလူကိုမြင်လိုက်ရလား....."
ကြွယ်ယန်က အနည်းငယ်တုန်လှုပ်သည့်လေသံဖြင့် မေးလိုက်သည် ။
သူ၏စကားကိုရှောင်ယောင်က ခေါင်းယမ်းပြရင်း ဘေးပတ်ဝန်းကျင်ကိုအကဲခပ်ကာ လေးနက်စွာပြောလိုက်သည်။
" သတိမလွတ်စေနဲ့ ရန်သူတွေက ရှိနေနိုငိသေးတယ်....."
ထိုသို့သောလှည့်ကွက်မျိုးကို သူတစ်ကြိမ်ထက်မနည်းအသုံးပြုပြီးဖြစ်၍ အစိမ်းရောင်အရိပ်ပြန်၍တိုက်ခိုက်လာမည်ဟုရှောင်ယောင် သံသယရှိနေသည်။
သူတို့ထဲတွင်ရှောင်ယောင်ကသိုင်းပညာအမြင့်ဆုံးဖြစ်သော်လည အစောပိုင်းကထိုလူရိပ်၏ပုံပန်းသွင်ပြင်ကိုပင်ကောင်းစွာမမြင်လိုက်ရပေ။
သို့သော် သရဲတစ္ဆေတစ်ကောင်လို ကြောက်စရာကောင်းလှသည့်ကိုယ်ဖော့ပညာကိူအကဲခပ်ရခြင်းဖြင့် တစ်ဖက်လူ၏သိုင်းပညာက သူတို့ထက်များစွာသာလွန်မည်ဖြစ်ကြောင်း မေးခွန်းထုတ်နေစရာပင်မလိုတော့ပေ။
ထိုအခိုက် သစ်ပင်ကြီးတစ်ပင်ထက်မှလျှင်မြန်စွာထွက်ပေါ်လာသည့်အစိမ်းရောင်အရိပ်တစ်ခုကို ကြွယ်စင်း၏မျက်ဝန်းထဲတွင်ရိပ်ခနဲမြင်လိုက်ရ၍ ကျယ်လောင်စွာအော်ဟစ်သတိပေးလိုက်သည်။
" ဒီဘက်မှာ...."
အစိမ်းရောင်အရိပ်က သူတို့ဆီသို့တည့်မက်စွာဝင်ရောက်လာခြင်းဖြစ်၍ ကြွယ်စင်းမှာအော်ဟစ်သတိပေးပြီးနောက် ချက်ခြင်းပင် လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။။
ပြိုင်ဘက်၏ပုံပန်းသွင်ပြင်ကိုပင်မမြင်ရသေးသော်လည်း ကျိန်းသေပေါက်အစွမ်းထက်မည့်လူတစ်ဦးဖြစ်၍ ကြွယ်ယန်၏လက်ဝါးချက်ထဲတွင် အားအင်အကုန်အစင်ထည့်သွင်းထားသည်။
သို့သော် ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ကိုပင် သွေးပွတ်ပွတ်အန်သွားစေသည့်သူ၏လက်ဝါးချက်က လေထုကိုသာထိမှန်သွားချေသည်။
" ဝုန်း...."
ကျယ်လောင်သည့်အသံနှင့်အတူ ကြွယ်စင်း၏လက်ဝါးချက်က လွဲချော်သွားပေသည်။
ရှောင်ယောင်တို့သုံးယောက်မှာ ကြွယ်စင်း၏ဘက်သို့လှည့်ကြည့်လိုက်စဉ်မှာပင် ဘေးဘက်မှဟောင်ရန်၏အသံကထွက်ပေါ်လာပြန်သည် ။
" ဒီဘက်ကိုရောက်နေပြီ...."
ဟောင်ရန်၏အသံက အရေးတကြီးဖြစ်နေသလို သူ၏လက်ထဲမှဓားကလည်း လျှင်မြန်စွာလှူပ်ရှားသွားသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် ထန်စံအိမ်၏ပါရမီရှင်ထန်ရှန်းကိုအနိုင်ပိုင်းနိုင်ခဲ့သည့်ဟောင်ရန်ကား ဓားကွက်ပင်ကောင်းစွာမထုတ်နိုင်မီ အစိမ်းရောင်အရိပ်၏လက်ချက်ကြောင့် မြေကြီးပေါ်သို့ ပျော့ခွေကာလဲကျသွားလေသည်။
ထိုအဖြစ်ကြောင့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့တုန်လှုပ်သွားကြသလို ရှောင်ယောင်လည်း ဒေါသတကြီးအော်ဟစ်၍ အစိမ်းရောင်အရိပ်ကို ရှောင်လင်သံမဏိလက်သီးဖြင့်အားကုန်ထိုးနှက်လိုက်တော့သည်။
" ဟောင်ရန်....."
" ဝုန်း....."
အစောပိုင်းကထက်ပို၍ ကျယ်လောင်သည့်မည်သံနှင့်အတူ ပြင်းထန်သည့်အတွင်းအားအရှိန်ကြောင့် အနီးရှိကြွယ်စင်းတို့ပင် နောက်ဆုတ်ပေးလိုက်ကြရသည်။
&&&