← Chapters

တွေ့ဆုံခြင်း

Vol. 4 Ch. 7

တွေ့ဆုံခြင်း

Vol. 4 Ch. 7

မည်သို့ဖြစ်ပျက်သွားသည်မသိဘဲ လဲကျသွားသည့်ဟောင်ရန့်ကိုစိုးရိမ်ကူပန်နေ၍ အစောပိုင်းကလက်သီးချက်တွင် အတွင်းအားအပြင်အားအကုန်အစင်ထည့်သွင်းထားပေသည် ။

ထို့ကြောင့် ရှောင်ယောင်၏လက်သီးချက်က သာမန်အဆင့်လွန်ထိပ်သီးတစ်ဦးကို သွေးပွတ်ပွတ်အန်သွားစေနိုင်သော်လည်း တစ်ဖက်လူကို ထိခိုက်အောင်မလုပ်နိုင်ခဲ့သည့်အပြင် ပြိုင်ဘက်၏လက်ချက်ကြောင့် သူ၏ရင်ဘက်တစ်ခုလုံးအောင့်တက်ကာ နောက်သို့ဆုတ်ပေးလိုက်ရသည်။

ထိုအခိုက် သူ၏ရှေ့ရှိလူ ပျောက်ကွယ်သွားပြန်ပြီး ထိုအဖြစ်ကြောင့် ရှောင်ယောင်လည်း အော်ဟစ်သတိပေးလိုက်သည်။

" သတိထားကြ...."

ရှောင်ယောင်၏သတိပေးသံနှင့်ရှေ့ဆင့်နောက်ဆင့်ပင် ‌ကြွယ်ယန်နှင့်ကြွယ်စင်းတို့က တစ်ယောက်ပြီးတစ်ယောက်လဲကျသွားကာ ရှောင်ယောင်မှာ ရူးသွပ်တော့မည်ကဲ့သို့ပင်ဖြစ်လာလေသည်။

အစိမ်းရောင်အရိပ်မှာ ပြန်လည်ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ကြွယ်ယန်တို့ကိုစမ်းသပ်ကြည့်လိုက်ရာ အကြောပိတ်ခံရခြင်းလည်းမဟုတ်ဘဲ အသက်ရှူလျက်အိပ်မောကျနေသလိုလဲကျနေခြင်းဖြစ်သည် ။

နတ်မင်းရာဇာသွေးကြောတစ်ရာပညာရပ်ကို‌အောင်မြင်ပြီးနောက် သွေး ကြောပိတ်ပညာနှင့်ပတ်သတ်လျှင် ဆရာတစ်ဆူဟုဆိုနိုင်သည့်တိုင် ကြွယ်ယန်တို့၏လက်ရှိအခြေအနေကို သူကိုယ်တိုင်ပင်ဝေခွဲမရပေ။

ပြိုင်ဘက်၏အရိပ်အယောင်ကိုမမြင်ရသေးသည့်အပြင် တစ်ဖက်လူ၏လက်ချက်ကြောင့် သူ၏လူများထူးဆန်းစွာလဲကျသွားရာရှောင်ယောင်၏စိတ်ထဲတွင်ဖြစ်ပေါ်နေသည့် စိုးရိမ်ပူပန်စိတ်နှင့် ဒေါသစိတ်ကိုဖော်ပြ၍ပင်မရနိုင်ပေ။

လက်ရှိအချိန်၌ သူ၏ဘဝတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် ပြင်းပြင်းထန်ထန်ဒေါသထွက်ဖူးခြင်းဖြစ်ကာ သူ၏မျက်နှာက တည်ကြည်တင်းမာနေပြီး မျက်လုံးများကနီရဲလျက်ရှိသည်။

ထိုအခိုက် သူ၏လက်ဝဲဘက်သစ်ပင်များကြားမှ စကားသံတစ်သံထွက်ပေါ်လာသည်။

" သူတို့ကိုကယ်ချင်ရင် ငါ့နောက်ကိုလိုက်ခဲ့....."

ကြည်လင်သာယာ၍ အေးစက်သည့်အသံကလေးက လွန်စွာအေးစက်ချိုလွင်လှသော်လည်း ရှောင်ယောင်မှာ အသံကြားရာဘက်ဆီသို့ လျှင်မြန်စွာလိုက်ပါသွားလေသည် ။

တစ်ဖက်လူကသူ့ကိုမျှားခေါ်နေကြောင်းသိရှိသည့်တိုင် သူ့ထံတွင် ရွေးချယ်စရာမရှိပေ။

ထို့နောက် တောအုပ်ထဲတွင် လူရိပ်နှစ်ရိပ် ရှေ့ဆင့်နောက်ဆင့်ရွေ့လျားနေပြီး ရှောင်ယောင်မှာ ရှေ့ဘက်ဝါးတစ်ရိုက်အကွာတွင်ပြေးလွှားနေသည့် အစိမ်းရောင်လူရိပ်၏နောက်ကျောကိုကြည့်ရင်း ကိုယ်ဖော့ပညာကိုအစွမ်းကုန်သုံးကာ လိုက်ပါလာလေသည်။

ထိုလူရိပ်၏ကိုယ်ဟန်ကိုအကဲခပ်ရခြင်းဖြင့် မိန်းကလေးတစ်ဦးဖြစ်ကြောင်းသိသာသလို မည်သည့်အတွက်သူတို့ကိုပစ်မှတ်ထားတိုက်ခိုက်နေသည်ကိုလည်းမသိပေ။

သို့သော် ကြွယ်ယန်တို့၏အခြေအနေများက အန္တရာယ်ကြားထဲတွင် ကျရောက်နေရာ ရှောင်ယောင့်လိုတည်ငြိမ်အေးဆေးသူတစ်ဦးပင် ကောင်းစွာမစဉ်းစားနိူင်ဘဲ ထူပူ၍ ရန်သူ၏နောက်သို့တရကြမ်းပြေးလိုက်လာခြင်းဖြစ်၏။

ရှောင်ယောင်၏ကိုယ်ဖော့ပညာက ထိပ်တန်းအဆင့်ရှိပြီ လူငယ်မျိုးဆက်ထဲတွင်ပင် သူနှင့်ယှဉ်နိုင်သူလက်ချိုးရေနိုင်သော်လည်း မည်မျှကြိုးစားပါ‌စေ အစိမ်းရောင်လူရိပ်နှင့်သူ၏ကြားရှိအကွာအဝေးကိုလျော့ချနိုင်ခြင်းမရှိပေ။

သူတို့ကိုတိုက်ခိုက်စဉ်အနေအထားကိုပြန်သုံးသပ်ရခြင်းဖြင့်ထိုလူ၏ကိုယ်ဖော့ပညာက သူတို့ထက်များစွာသာလွန်နေကြောင်းသိနိုင်သလို ယခုလည်း တစ်ဖက်လူကအလျော့ပေးနေခြင်းကြောင့်သာမဟုတ်လျှင် ရှောင်ယောင့်အနေဖြင့် ထိုလူ၏အင်္ကျီစကိုပင်မြင်ရမည်မဟုတ်ပေ။

ယခုအချိန်တွင်တော့ အေးစက်တင်းမာသည့်မျက်နှာဖြင့်ရှောင်ယောင်က အစိမ်းရောင်လူရိပ်၏ နောက်သို့လျှင်မြန်စွာလိုက်ပါနေပြီး သူ၏လက်တစ်ဖက်ထဲတွင် အန်းဒူ၏ကိုးဆစ်သံမဏိတုတ်ချောင်းရှိနေသည်။

တုတ်ချောင်း၏ထိပ်တွင် ချွန်မြသည့်လှံသွားကိုပါထုတ်ဖော်ထားပြီး ရင်ဆိုင်တိုက်ပွဲဖြစ်ပါက သူအနိုင်ရရန်ဖြစ်နိုင်သမျှနည်းလမ်းများကိုအသုံးပြုမည်ဖြစ်သည်။

ထိုလှံသွားတွင် သူ့ကိုသေလုနီးပါးဖြစ်စေသည့် ခြေသုံးလှမ်းမရဏအဆိပ်များရှိနေသေးကာ ရှောင်ယောင်လည်းအန္တာယ်များလှသည့်အတွက် ထိုလှံသွားကိုတစ်ကြိမ်မှထုတ်ဖော်ခြင်းမပြုခဲ့သည့်တိုင် ယခုအခါတွင်တော့ ဂရုမစိုက်နိုင်တော့ပေ။

သူတို့နှစ်ယောက်ပြေးလာသည်က အချိန်အ‌နည်းငယ်ကြာမြင့်ကာ တောအုပ်ကိုလွန်မြောက်၍ မြစ်ငယ်လေးတစ်ခု၏ဘေးသို့ပင်ရောက်ရှိလာသည်။

မြစ်ကမ်းနံဘေးသဲသောင်ပြင်တွင် ငွေရောင်သဲပွင့်များကတလက်လက်တောက်ပနေပြီး ရွှန်းစိုသည့်လရောင်အောက်တွင် လှိုင်းကြက်ခွပ်ကလေးများပြေးလွှားလျက်ရှိသည် ။

ယခုမြင်ကွင်းကလွန်စွာအေးချမ်းလှပနေပြီး ကဗျာသမားစာသမားများအတွက် ကဗျာတစ်ပုဒ်စပ်ဆိုစရာအချိန်အခါမျိုးဖြစ်သော်လည်း ရှောင်ယောင်ကား ထိုအလှအပများကိုများစွာဂရုမထားနိုင်ပေ။

ရှောင်ယောင်၏မျက်လုံးများက သူနှင့်ခြေဆယ်လှမ်းအကွာတွင်ရပ်နေသည့် အစိမ်းရောင်ဝတ်စုံဝတ်လူကို စူးစိုက်ကြည့်နေကာလက်ထဲမှလှံရှည်ကိုအသင့်အနေအထားကိုင်ထားရင်း မေးလိုက်သည်။

" ဘာလို့ကျုပ်ကို ဒီခေါ်လာရတာလဲ....."

ရှောင်ယောင့်ကိုနောက်ကျောပေး၍ရပ်နေသည့်လူက လွန်စွာလှပသည့်ခန္တာကိုယ်အချိုးအစားဖြင့်မိန်းမတစ်ယောက်ဖြစ်သည်။

သူမ၏ပိတုန်းရောင်ကေသာများက လေအဝှေ့တွင်ပျံ့လွင့်နေကာ လက်ရာမြောက်သည့်ကောက်ကြောင်းအလှများက လရောင်အောက်တွင် လွန်စွာတင့်တယ်လျက်ရှိသည် ။

မြစ်စောင့်နတ်သမီးတစ်ပါးလိုတင့်တယ်လှပသည့်ထိုမိန်းမက မည်သည့်အတွက်သူတို့ကိုတိုက်ခိုက်လာခြင်းဖြစ်သည်ကိုရှောင်ယောင်မသိပေ။

သို့သော် ရှောင်ယောင်၏စိတ်ထဲတွင် ထိုမိန်းမ၏အလှအပများကိုဂရုမစိုက်နိုင်ဘဲ သူ၏လူများအတွက်သာ စိုးရိမ်ပူပန်နေမိသည်။

ထိုအခိုက် အစိမ်းရောင်ဝတ်စုံဝတ်မိန်းမက ရှောင်ယောင်၏ဘက်သို့ဖြေးညင်းစွာလှည့်လာသည်။

အေးချမ်းသည့်လရောင်အောက်တွင်ဖြူဖွေးသန့်စင်သည့်အသားအရေက အရည်အသွေးပြည့်ဝသည့်ကျောက်စိမ်းထက်ပင်ပို၍ကြည်လင်နေသေးသည်။

မျက်နှာကိုပဝါပါးတစ်ထည်ဖြင့်ဖုံးကွယ်ထားသည့်တိုင် ပြိုင်ဘက်ကင်းလှသည့်မျက်နှာကလေးကို ဝိုးတဝါးတွေ့နိုင်ကာ လေးကိုင်းသဖွယ်မည်းနက်ဖြောင့်တန်းနေသည့်မျက်ခုံးများနှင့် တလက်လက်တောက်ပနေသည့်မျက်လုံးများက ကောင်းကင်မှကြယ်များနှင့်အပြိုင်တောက်ပလျက်ရှိသည်။

ကြည်လင်တောက်ပသည့်မျက်ဝန်းလှလှလေးများက ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း ၊ မနာလိုခြင်း စသည့်စိတ်ခံစားချက်များကင်းစင်နေကာ ပကတိကြည်လင်အေးစက်လျက်ရှိသည် ။

ထိုမိန်းပျို၏သွင်ပြင်က တစ်ချက်ကြည့်ရုံဖြင့်တစ်သက်မမေ့စရာသွင်ပြင်ရှိကာ လူ့လောကသို့အလည်အပတ်ရောက်ရှိလာသည့် မြင့်မြတ်တင့်တယ်သည့်နတ်ဘုရားမတစ်ဦးသဖွယ်ဖြစ်သည်။

သူမ၏သန့်စင်မြင့်မြတ်သည့်အလှအပကို လူသားတို့၏ဆိုးညစ်မှုများက ညစ်နွမ်းသွားစေမည့်အလားပင်။

မည်သို့သောလူမျိုးပင်မဆို ထိုမိန်းမပျိုလေး၏ သွင်ပြင်ကိုတွေ့မြင်ပါက ကျောက်ရုပ်တစ်ရုပ်လို တွေဝေငေးမောမိကြမည်ဖြစ်ပြီး သူတို့၏စိတ်ဝိညာဉ်များက မိန်းမပျိုလေး၏အလှအပတွင်ကပ်ညိတွယ်သွားကြပေမည်။

ထိုမှတစ်ဆင့်တက်လျှင် ထိုသို့သောအလှအပမျိုးက လောကတွင်ရှိနိုင်မည်လောဟုတွေးကြမည်ဖြစ်ပြီး ယခုလိုအလှအပမျိုးက ဒဏ္ဍာရီထဲမှ ပြည်ထောင်များပျက်သုဉ်းစေမည့်အလှအပမျိူးဟုတွေးထင်မိကြပေမည်။

သိူ့သော် မိန်းမပျိုလေး၏မျက်နှာကိုမြင်သည်နှင့် ရှောင်ယောင်၏ခန္တာကိုယ်က ဆက်ခနဲတုန်ယင်သွားပြီး သူ၏လက်ထဲမှလှံရှည်ပင်အောက်သို့လွတ်ကျသွားလေသညိ။

သူ၏စိတ်ထဲတွင် မိုးကြိုးပြစ်သလိုတုန်လှုပ်ခြင်းကြီးစွာဖြစ်နေပြီး မည်သည့်အရာကိုမှကောင်းစွာမတွေးနိုင်ဘဲ ဟာလာဟင်းလင်းဖြစ်သွားမိသည်

တစ်ဖက်လူ၏မျက်နှာထက်တွင်ပဝါပါးလေးကာရွထားသည့်တိုင် ထိုရုပ်သွင်က သူ၏နှလုံးသားအနက်ရှိုင်းဆုံးတစ်နေရာတွင် ထွင်းထုထားသည့်ပုံရိပ်ကလေးဖြစ်၏ ။

ထိုထက်ပို၍ညွှန်းဆိုရပါလျှင် အစိမ်းရောင်ဝတ်စုံဝတ်မိန်းမပျိုက ရှောင်ယောင်၏အိပ်မက်နတ်မိမယ်ဖြစ်သလို သူ၏နှလုံးသားနှင့်စိတ်ဝိညာဉ်တစ်ခုလုံးကိုပုံအောပေးထားသူလည်းဖြစ်သည်

သိူ့ရာတွင်မည်သည့်အတွက် သေဆုံးနေရမည်ဖြစ်သည့် ထိုမိန်းမပျိုက ပြန်၍အသက်ရှင်လာရသနည်း ။

" နတ်မိမယ်လေး...."

ရှောင်ယောင်က မဝံ့မရဲပုံစံဖြင့်ပြောလိုက်မိသည်။

သူ၏အသံက စိတ်လှုပ်ရှားမှုကြောင့်တုန်ယင်နေကာ ရှေ့တွင်ရှိနေသည့်တုနှိုင်းမဲ့ပုံရိပ်ကလေးက သူ၏စိတ်ကူးယဉ်အိပ်မက်သက်သက်ဖြစ်မည်ကိုစိုးရွံလျက်ရှိပေမည်။

သို့သော် မိန်းမပျိုလေးထံမှ ထွက်ပေါ်လာသည့်စကားသံက သူ၏အိပ်မက်မှာအမှန်တကယ်ဖြစ်ကြောင်း သက်သေပြပေးလိုက်သလိူပင်။

" နင်က တုန်းဖန်းရှောင်ယောင်လား...."

မိန်းမပျိုလေး၏လေသံက အေးစက်နေဆဲဖြစ်သော်လည်း ဖော်ပြမရသည့်စိတ်ရှုပ်ထွေးမှုတို့ပါဝင်လျက်ရှိသည်။

ထိုမေးခွန်းကြောင့် ရှောင်ယောင်တစ်ယောက် ကျောက်ဆစ်ရုပ်တစ်ရုပ်လိုဖြစ်သွားပြီးမှ ရှေ့သို့အလိုလိုတိုးသွားမိကာ သူ၏နှုတ်မှလည်းမယုံကြည်နိုင်သည့်စကားသံတစ်ခုထွက်ပေါ်လာသည်။

" မဖြစ်နိုင်တာ နင်က တကယ်ပဲနတ်မိမယ်လေးလား ....."

သူနှင့်ရက်များစွာအတူရှိနေခဲ့သည့်ခေါင်းတလားတွင်းမှမိန်းမပျိုက ယခု အသက်ဝင်လာပြီး သူ၏ရှေ့၌ရပ်နေရာ ရှောင်ယောင်၏စိတ်ထဲရှိ အံ့ဩတုန်လှုပ်မှုကိုဖော်ပြ၍ပင်မရနိုင်ပေ။

သူ၏စကားကြောင့် မိန်းမပျိုလေး၏အေးစက်စက်အမူအယာက ပြောင်းလဲသွားခြင်းမရှိဘဲ အနိမ့်အမြင့်မရှိသည့်လေသံဖြင့်ပြောလိုက်သည်။

" ငါ့နာမည်ကလုံမိန်ချင်း ...."

မိန်းမပျိုလေး၏စကားကြောင့် ရှောင်ယောင်မှာ သူ၏ရှေ့တွင်ရပ်နေသူက သူချစ်မြတ်နိုးရသည့်မိန်းမပျိုဖြစ်ကြောင်းပို၍ သေချာသွားစေသည်။

အိပ်မက်နတ်သမီးဟုအဓိပ္ပာယ်ရသည့်မိန်းမပျို၏နာမည်က နတ်ဘုရားမတစ်ပါးလိုမြင့်မြတ်တင့်တယ်သည့်သွင်ပြင်နှင့်လွန်စွာလိုက်ဖက်ညီလှပြီး ရှောင်ယောင်မှာ အချိန်အတော်ကြာသည်အထိ မည်သည့်စကားမှမပြောနိုင်ဘဲဖြစ်သွားမိ၏။

ထိုမိန်းမပျိုကို အသက်ဝိညာဉ်ကင်းမဲ့သည့်အလောင်းကောင်တစ်ခုဟုထင်မှတ်ကာ သူ၏စိတ်တွင်းရှိသဘောထားမှန်သမျှရိုးသားစွာဖွင့်ဟပြခဲ့သည်။

သူ၏ဘဝတစ်လျှောကိဖြစ်ပျက်ခဲ့သည်များနှင့် သူနှင့်အရင်းနှီးဆုံးလူများပင်မသိသည့်ဖြစ်ရပ်အချို့ကိုမိန်းမပျိုကိုပြောဆိုခဲ့ဖူးပြီး အချိန်ရှိသရွေ့ ထိုမိန်းကလေး၏အနားတွင်သာအဖော်ပြုပေးခဲ့သည်။

ယခု ထိုမိန်းမပျိုက သူထင်ထားသလို အလောင်းတစ်လောင်းမဟုတ်ဘဲ အသက်ရှင်နေသည့်သာမန်လူတစ်ယောက်ဖြစ်ကြောင်းသိရသည့်အခါ ရှောင်ယောင်၏စိတ်ထဲ၌ လွန်စွာရှုပ်ထွေးသွားပြီး ဝမ်းမြောက်ပျော်ရွှင်မှုနှင့်အတူ တစ်စုံတစ်ရာဆုံးရှုံးသွားသည့်ခံစားချက်ကိုပါခံစားမိလိုက်သည်။

အကြောင်းကား သူ၏နတ်မိမယ်လေးအသက်ရှင်နေသေးကြောင်းသိခိုက်၍ဖော်ပြမရအောင်ပျော်ရွှင်ဝမ်းမြောက်မိသလို ထိုမိန်းမပျိုကသူ့ကိုမည်သို့သဘောထားမည်မသိဘဲ စိတ်လှုပ်ရှားပူပန်မိခြင်းဖြစ်၏။

အဆုံး၌ သူ၏စိတ်ထဲတွင် ထိုမိန်းမပျိုကို နှစ်နှစ်ကာကာချစ်မြတ်နိုးသည်က အသေအချာပင်ဖြစ်ပြီး သိုင်းလောကထဲမှကိစ္စများပြီးပြတ်ပါက ထိုလျှို့ဝှက်နေရာတွင်သာမိန်းမပျိုကိုအဖော်ပြု၍နေထိုင်ရန်ပင် ဆုံးဖြတ်ထား၍ဖြစ်သည်။

အတွေးနက်ကာ ငြိမ်သက်နေသည့်ရှောင်ယောင့်ကိုငေးကြည့်နေသည့်မိန်းမပျို၏မျက်ဝန်းထဲတွင်လည်း စိတ်ရှုပ်ထွေးမှုတို့ရှိနေသည်။

သူမ၏ရှေ့ရှိလူငယ်နှင့်ပတ်သတ်လျှင် သူမ၏စိတ်ထားများမရေမရာဖြစ်ကာ သူတို့၏ကြား၌မည်သည့်ဆက်ဆံရေးမှမရှိသည့်တိုင် သူမ၏အရင်းနှီးဆုံးလူတစ်ယောက်ဟုခံစားမိနေသည်။

သူမကိုစိတ်ဝိညာဉ်လွင့်ပျံ့နေစဉ်က လမ်းပြခေါ်ဆောင်ခဲ့သည့် အေးချမ်းသည့် ပုလွေသံစဉ်၊ သူ့ဘဝအကြောင်းအရာမှန်သမျှကိုရိုးသားစွာဖွင့်ဟခဲ့သည်ထိုလူငယ် ၊ သူမကိုအလောင်းတစ်လောင်းဟုထင်မြင်ထားလျှင်ပင် မည်မျှသဘောကျနှစ်သက်ကြောင်း တဖွဖွပြောဖူးသည့်ထိုလူငယ် .....။

သူမ၏ရင်ထဲတွင်လည်း ရှောင်ယောင်နှင့်အတ်သတ်၍ဖော်ပြမရသည့်ခံစားမှုတို့ရှိနေကာ ဆယ်နှစ်တိုင်တိုင် တစ်ကိုယ်တည်းအထီးကျန်နေသည့်သူမကို ပထမဆုံးအကြိမ်အဖြစ်နွေးထွေးမှုတို့ခံစားရစေသည်က ထိုလူငယ်သာဖြစ်သည်။

သို့သော် သူမထံတွင်လည်း မဖြစ်မနေလုပ်ဆောင်ရမည့်ကိစ္စများရှိနေသေးကာ သူ့ကိုအန္တရာယ်ကြားထဲသို့ဆွဲသွင်းရနိမသင့်လျော်ပေ။

အထူးသဖြင့် သူမ၏ရန်သူများက အင်အားတောင့်တင်းသည့်အဖွဲ့အစည်းများဖြစ်ရာ ထိုလူများနှင့်ရင်ဆိုင်ရင်း သူမ၏အသက်ပင်သေဆုံးကောင်းသေဆူံးသွားနိုင်သည်။

&&&&

All Chapters