← Chapters

ဆန့်ကျင်ဘက်

Vol. 4 Ch. 8

ဆန့်ကျင်ဘက်

Vol. 4 Ch. 8

အထူးသဖြင့် သူမ၏ရန်သူများက အင်အားတောင့်တင်းသည့်အဖွဲ့အစည်းများဖြစ်ရာ ထိုလူများနှင့်ရင်ဆိုင်ရင်း သူမ၏အသက်ပင်သေဆုံးကောင်းသေဆူံးသွားနိုင်သည်။

ထို့ကြောင့် စွန်းအိမ်တော်တွင် ထိုလူငယ့်ကိုစတင်တွေ့ဆုံစဉ်က သွားရောက်မတွေ့ခဲ့ခြင်းဖြစ်ပြီး ပြက်သားစွာဆုံးဖြတ်ချက်ချလိုက်ပြီးနောက် အေးစက်ပြီးခံစားချက်ကင်းမဲ့သည့်ဟန်ဖြင့်ပြောလိုက်သည်။

" သိုင်းလောကသားတွေက ငါ့ကိုနောက်ထပ်နာမည်တစ်ခုလည်းခေါ်ကြသေးတယ် အဲဒါက သွေးအေးသခင်မတဲ့....."

မိန်းမပျိုလေး၏‌အေးစက်စက်လေသံက ရှောင်ယောင်၏စိတ်ကိုတုန်လှုပ်သွားစေကာ ရင်းနှီးနေသည့်ထိုနာမည်အကြောင်းပြန်တွေးမိရင်း သူ၏စိတ်ထဲတွင်လွန်စွာအံ့အားသင့်သွားပြန်သည်။

လွန်ခဲ့သည့်ဆယ်နှစ်ကသိုင်းလောကတွင်ဖြစ်ပျက်ခဲ့သည့်သွေးလွှမ်းသောဖြစ်ရပ်ကြီးကိုသူမည်သို့မေ့လျော့နိုင်မည်နည်း။

‌မြောက်ပိုင်းသိုင်းလောမှအစပြုခဲ့သည့်ထိုအဖြစ်ဆိုးကြီးတွင် အဓိကပါဝင်သူက ကျောက်စိမ်းနတ်မိမယ်ဆိုသည့်မိန်းကလေးနှင့်ချန်ချင်းဂိုဏ်း ၊ သိုင်းမဟာမိတ်တို့ဖြစ်သည်။

ထိုမိန်းကလေးက ရုပ်ရည်လွန်စွာလှပသလောက် လွန်စွာရက်စက်ကြမ်းကြုတ်သည်ဟုလည်းသတင်းကြီးပြီး ရက်အနည်းငယ်အတွင်းသူမ၏လက်ထဲ၌သေဆုံးခဲ့ရသည့်သိုင်းလောကသားပေါင်းရာနှင့်ချီ၍ရှိလေသည်။

ထို့ကြောင့်လည်း ကျောက်စိမ်းနတ်မိမယ်ဆိုသည့်နာမည်မှ သွေးအေးသခင်မဟုပင် ပြောင်းလဲအမည်တွင်ကာ သိုင်းမဟာမိတ်နှင့်ချန်ချင်းဂိုဏ်းက ထိုမိန်းမပျိုကိုပူးပေါင်း၍အမဲလိုက်ခဲ့ကြသည်။

သို့သော် သူမ၏မြင့်မားသည့်သိုင်းပညာကြောင့် ထိပ်တန်းအဆင့်အင်အားစုနှစ်ခုပင်ဆုံးရှုံးမှုကြီးစွာခံစားခဲ့ရပြီး သူမ၏လက်ထဲတွင် အင်အားစုနှစ်ခုမှလူများစွာသေကျေခဲ့ရသည်။

နောက်ဆုံးတွင် ခုံတုံဂိုဏ်းချုပ်စီးတုမင်နှင့်နောက်ထပ်သိုင်းထိပ်သီးခြောက်ယောက်ပူးပေါင်း၍ ထိုမိန်းကလေးကိုတိုက်ခိုက်ခဲ့ပြီးမှ သတ်ဖြတ်နိုင်ခဲ့သည်ဟုသိခဲ့ရသည်။

ယခု ထိုမျှရက်စက်ကြမ်းကြုတ်သည်ဟုနာမည်ကျော်လှသည့်‌သွေးအေးသခင်မက သူ၏ရှေ့ရှိ နတ်မိမယ်လေးဖြစ်နေမည်ဟု ရှောင်ယောင်တစ်ကြိမ်မှတွေးမိထားခဲ့မိပေ။

မိန်းမပျိုက ရှောင်ယောင်၏အမူအယာကိုဂရုတစိုက်အကဲခပ်ရင်း ဆက်ပြောလိုက်သည်။

" ဟုတ်တယ် ငါက လူတွေအများကြီးကိုသတ်ဖြတ်ခဲ့တဲ့သွေးအေးသခင်မပဲ။ အဲဒီအချိန်က ငါ့နောက်ကို သိုင်းသမားတွေအများကြီးဝိုင်းလိုက်နေကြလို့ အနားယူချိန်မရဘဲ သိုင်းထိပ်သီးခြောက်ယောက်ကိုရှုံးနိမ့်ခဲ့ရတာ။ ။

ဒါပေမယ့် ငါလွတ်မြောက်ခဲ့ပြီးတော့ နဂါးအုတ်ဂူမှာ သိုင်းပညာမြင့်တက်အောင်လေ့ကျင့်နေခဲ့တယ်။

ဆယ်နှစ် ...ဆယ်နှစ်လုံးလုံး ငါလူသူကင်းမဲ့တဲ့နေရာမှာ တစ်ယောက်ထဲပိတ်ပြီးလေ့ကျင့်ခဲ့တာက

လက်စားချေနိုင်ဖို့ပဲ.... ပြီးတော့ ချန်ချင်းဂိုဏ်းနဲ့ သိုင်းမဟာမိတ်ကိုလည်းငါ့လက်နဲ့ဖျက်ဆီးပစ်ဦးမှာ....."

ထိုသို့ပြောဆိုရာတွင် မိန်းမပျိုလေး၏ကြည်လင်တောက်ပသည့်မျက်ဝန်းများက ရေခဲထက်ပင်အေးစက်နေပြီး သူမ၏စကားသံထဲတွင် နက်ရှိုင်းသည့်သတ်ဖြတ်လိုစိတ်တို့ပါဝင်လျက်ရှိသည် ။

မိန်းမပျို၏စကားမဆုံးမီ ရှောင်ယောင်က သူ၏ဦးခေါင်းကိုတွင်တွင်ခါယမ်းကာပြောလိုက်သည်။

" ကျုပ်မယုံဘူး....မင်းက သွေးအေးသခင်မဆိုတဲ့မိန်းကလေးဖြစ်နေရင်တောင် မင်းမှာအကြောင်းရင်းရှိမယ်လို့ငါယုံတယ်။

ပြီးတော့အဲဒီတုန်းက ဖြစ်ရပ်တွေက ချန်ချင်းဂိုဏ်းရဲ့သခင်လေးက စတင်ခဲ့တာမလား...."

ရှောင်ယောင်က မိန်းမပျိုကို ခုခံကာကွယ်ရင်းပြောဆိုလိုက်သည့်တိုင် သူမက လှောင်ပြုံးပြုံး၍ ပြန်ဖြေလိုက်သည်။

" မဟုတ်ဘူး ငါကိုယ်တိုင်ကလူသတ်ရတာကိုသဘောကျတာ....ငါ့လက်ချက်နဲ့သေဆုံးသွားရတဲ့လူတွေဆိုတာ အတော့်ကိုများမယ် ။ ဒါပေမယ့် မလုံလောက်သေးဘူး ။

လူတစ်ယောက်ရဲ့သေခါနီးအော်ညဉ်းသံတွေကိုနားထောင်ရတာ ဘယ်လောက်ကောင်းလိုက်သလဲ....."

မိန်းမပျိုလေး၏သွင်ပြင်ကနတ်မိမယ်တစ်ပါးထက်ပို၍တင့်တယ်နေသည့်တိုင် ခံစားချက်ကင်းမဲ့စွာ‌ရေရွတ်‌နေသည့် သူမ၏စကားလုံးများက နတ်ဆိုးတစ်ကောင်ထက်ပို၍ရက်စက်နေသေးသည်။

ထိုနည်းတူ သူမ၏ခန္တာကိုယ်မှ သွေးဆာရက်စက်သည့်အငွေ့အသက်များထွက်ပေါ်နေသည်။

ထိုသို့သောအရှိန်အဝါမျိုးကလူရာနှင့်ချီ၍သတ်ဖြတ်ဖူးသူများထံတွင်သာရှိတတ်ပြီး ရှောင်ယောင်တွေ့ဖူးသည့် လက်ရှစ်ဖက်လှံနတ်ဆိုးချူးကုနန်နှင့် လောဘနတ်ဆိုးအန်းဒူတို့ပင် ထိုမျှမဟုတ်ပေ။

သူမ၏ခတ်ထန်မာကျောသည့်သဘောထားကြောင့် ရှောင်ယောင်၏စိတ်ထဲတွင် ဝမ်းနည်းကြေကွဲမှုကိုခံစားလိုက်မိသည်။။

မိန်းမပျို၏စကားများနှင့် သွေးဆာရက်စက်သည့်ပုံစံကြောင့် ပို၍ပင်စိတ်ရှုပ်ထွေးလာရပြီး မည်သို့ပြန်လည်ပြောဆိုရမည်မှန်းပင်မသိတော့ပေ။

နတ်မိမယ်လေးဟုပင် သူအမြတ်တနိုးတန်ဖိုးထားခဲ့သည့် ထိုမိန်းမပျိုက လွန်စွာရက်စက်ကြမ်းကြုတ်သည့်သွေးအေးလူသတ်သမားတစ်ဦးဖြစ်နေပေသည်။

ရှောင်ယောင်မှာ သူ့ကိုယ်သူ ကရုဏာတရားပြည့်ဝသူတစ်ယောက်ဟုမခံယူထားသည့်တိုင် ငယ်စဉ်ပင် သူမိခင်၏ဆုံးမမှုအောက်၌ ကြင်နာသည့်နှလုံးသားကိူပိုင်ဆိုင်ခဲ့ကာ ရှောင်လင်ကျောင်းတော်တွင် လူကောင်းတစ်ယောက်အဖြစ်ကြီးပျင်းခဲ့၍ ယခုလိုမျိုးသတ်ဖြတ်ရခြင်းကိုထမင်းစားရေသောက်သဖွယ်ပြောဆိုနေခြင်းကို နားမထောင်နိုင်အောင်ဖြစ်‌လာမိသည် ။

ထိုမိန်းမပျို၏အကျင့်စရိုက်က သူနှင့်လုံးဝဆန့်ကျင်ဘက်သာဖြစ်ပြီး ထိုသို့သောစရိုက်ရှိသူမျိုးနှင့် စကားပင်ပြောချင်ပေ။

သို့သော် ထိုသို့ပြောဆိုနေသူက သူနက်ရှိုင်းစွာချစ်မြတ်နိုးနေရသည့်မိန်းကလေးဖြစ်နေကာ ရှောင်ယောင်၏နှလုံးသားထဲတွင်ကား သူမ၏အကျင့်စရိုက်ကိုသိရှိပြီးသည့်နောက်တွင်ပင် ထိုမိန်းကလေးကိုသူချစ်မြတ်နိုးနေဆဲဖြစ်၏။

" ဘာပဲဖြစ်ဖြစ် ဒါတွေက အတိတ်က အကြောင်းအရာတွေမလား....အဲဒီတုန်းက တခြားလူတွေက မင်းကိုတိုက်ခိုက်လို့ မင်းလည်းပြန်ခုခံရင်းဖြစ်ရတာလေ....။

အားလုံးက မင်းအပြစ်တွေပဲမဟုတ်ပါဘူး ။ အခုကလို့ သိုင်းလောကထဲကထွက်ပြီး သာမန်လူတစ်ယောက်လိုနေလိုက်ရင် မ‌ကောင်းဘူးလား ။

ကျုပ်. ကျုပ်လည်း မင်းကိုအစစအရာရာကူညီပေးမှာပါ ..."

ရှောင်ယောင်မှာ သူမနှင့်အတူနေမည်ဟုပြောဆိုမည်ပြုပြီးမှ မပြောဝံ့လိုက်ပေ။

အကြောင်းကား ထိုမိန်းကလေးကို သူ၏ဘက်မှနက်ရှိုင်းစွာချစ်မြတ်နိုးမိသည့်တိုင် သူမ၏ဘက်က ခံစားချက်ကင်းမဲ့သည့်ပုံစံဖြစ်နေ၍ဖြစ်သည် ။

ရှောင်ယောင်၏လေသံက နွေးထွေးနူးညံ့နေသလို သူ၏အမူအယာကလည်းတည်ကြည်လေးနက်လျက်ရှိသည်။

ထိုမိန်းမပျိုက သွေးဆာရက်စက်သည့်နတ်ဆိုးတစ်ကောင်ဖြစ်နေလျှင်ပင် သူရအောင်ဖြောင်းဖျပြောဆိုနိုင်မည်ဟုယုံကြည်ချက်ရှိပေသည်။

ရှောင်ယောင်၏စကားကြောင့် မိန်းမပျိုလေး၏ ခံစားချက်ကင်းမဲ့သည့်မျက်နှာကအနည်းငယ်ပြောင်းလဲသွားသော်လည်း ချက်ခြင်းလိုလိုခေါင်း မော့ကာပြောလိုက်သည်။

" ဘာလို့သိုင်းလောကထဲကထွက်ရမှာလဲ.....ငါ့ကိုထိခိုက်အောင်လုပ်ခဲ့တဲ့လူမှန်းသမျှကို ငါအလွတ်ပေးမှာမဟုတ်ဘူး ဒီလိုပဲ ငါ့ရဲ့လမ်းကိုလာပိတ်နေရင် ဘယ်သူ့ကိုမှသက်ညှာပေးမှာမဟုတ်ဘူး....."

မိန်းမပျိုလေး၏ခံစားချက်ကင်းမဲ့သည့်စကားကြောင့် ရှောင်ယောင်မှာ မည်သို့ပြန်ပြောရမှနိးမသိပင်ဖြစ်နေသည်။

ထိုမိန်းကလေးက ယခုလိုတဇွတ်ထိုးဆန်ကာခေါင်းမာလိမ့်မည်ဟုသူ မတွေးခဲ့မိသလို သူမ၏နာကျဉ်းမှူများ ဒေါသတရားများကိုမည်သို့ဖြေဖျောက်ပေးရမည်ဟုလည်းစဉ်းစားမရဘဲဖြစ်နေသည်။

ရှောင်ယောင်တစ်ယောက် ငိုင်တွေသွားစဉ် မိန်းမပျိုလေးက သူ၏ရှေ့သို့တစ်စုံတစ်ခုကိုပစ်ချလိုက်ပြီး အေးစက်စွာပြောလိုက်သည်။

" နင်က ငါတို့ရဲ့ချင်းခွန်အမိန့်ပြားနှစ်ခုကိုဘယ်လိုရလာတာလဲဆိုတာမသိပေမယ့် နင်အဲဒီကိုရောက်လာတာ တိုက်ဆိုင်မှုသက်သက်ပဲ။

အဲဒီနေရာအကြောင်းကို နင့်ခေါင်းထဲကထုတ်ပစ်လိုက်ပါ ။ ပြီးတော့ နောက်တစ်ခေါက်လည်းထပ်ပြီးသွားဖို့မစဉ်းစားနဲ့တော့ ။

‌ငါ့ရဲ့သက်မှတ်ချက်တွေကိုဖောက်ဖျက်ဖို့ကြိုးစားရင် နင့်ကိုငါ့လက်နဲ့ကိုယ်တိုင်သတ်ပစ်မယ်....."

မိန်းမပျိုလေး၏ခံစားချက်ကင်းမဲ့သည့်စကားကြောင့် ရှောင်ယောင်၏စိတ်ထဲတွင်နာကျင်သွားစဉ် တစ်ဖက်သို့ပြန်လှည့်သွားသည့်မိန်းပျိုလေးကိုတွေ့လိုက်ရသည်။

ထို့ကြောင့် ရှောင်ယောင်လည်း ရှေ့သို့အလျှင်အမြန်‌ပြေးသွားကာ သူမကိုဟန့်တားရန်ပြင်လိုက်သော်လည်း မိန်းမပျိုလေး၏ခန္တာကိုယ်က ပေါ့ပါးစွာရွေ့လျားသွားပေသည် ။

" နင့်ရဲ့လူတွေက အကြောပိတ်ခံရလို့သတိလစ်မေ့မျောသွားတာပဲ ။ အမွှေးတိုင်တစ်တိုင်စာလောက်ကြာရင် သူတိုါသတိရလာလိမ့်မယ်...."

မိန်းမပျိုလေး၏အသံက‌နောက်ဘက်တွင်ကျန်ခဲ့ကာ သူမ၏ပုံရိပ်ကလေးက မြူခိုးများလို လျှင်မြန်စွာရွေ့လျားပျောက်ကွယ်သွားတော့သည်။

ထိုနေရာတွင်ကျန်ခဲ့သည့်ရှောင်ယောင်ကတော့ အသက်ဝိညာဉ်ခိုးယူခံရသူပမာ စိတ်တစ်ခုလုံး ဟာလာဟင်းလင်းဖြင့်မိန်းမောတွေဝေစွာရပ်နေပြီး သဲသောင်ပြင်ပေါ်တွင် မိန်းမပျိုလေးပစ်ချထားခဲ့သည့် တံဆိပ်ပြားနှစ်ခုကိုသာ ငေးငိုင်စွာကြည့်ရှုနေမိတော့သည်။

&&&

" ရှောင်အာ....."

" အစ်ကိုကြီး...."

" အစ်ကိုရှောင်ယောင်....."

တောအုပ်ထဲတွင် ကျယ်လောင်စွာအော်ဟစ်သံများဆူညံနေပြီးစန်းဟုန်းလျန်နှင့်ကြွယ်ယန်တို့သုံးယောက်မှာ ရှောင်ယောင့်ကိုလိုက်လံရှာဖွေနေကြသည်။

စန်းဟုန်းလျန်မှာ အစိမ်းရောင်အရိပ်၏နောက်သို့အစွမ်းကုန်လိုက်ပါသွားသော်လည်း မျက်ခြေဖြတ်ခံလိုက်ရ၍ ပြိုင်ဘက်၏ကိုယ်ဖော့ပညာမှာသူ့ထက်များစွာပို၍မြင့်မားနေသည်ကို တုန်လှုပ်ဖွယ်သိလိုက်ရပြီး မူလနေရာသို့အမြန်ဆုံးအရောက်ပြန်လာခဲ့သည် ။

သို့သော် ထိုနေရာတွင် ထူးဆန်းသည့်ပုံစံဖြင့်သတိလစ်မေ့မျောနေကြသည့်ကြွယ်ယန်တို့ကိုသာတွေ့လိုက်ရပြီး ရှောင်ယောင်ကား ပျောက်ခြင်းမလှပျောက်ဆုံးလျက်ရှိ၏။

ထို့ကြောင့် စန်းဟုန်းလျန်လည်း ရှောင်ယောင့်အတွက် လွန်စွာစိုးရိမ်ပူပန်နေပြီးချက်ခြင်းလိုလိုလိုက်ခံရှာဖွေရန်တွေးတောလိုက်သော်လည်း ကြွယ်ယန်တို့ကိုသည်အတိုင်းထားပစ်၍မရနိုင်သည့်အတွက် သူတို့ကိုပြန်၍သတိရစေရနိကြိူးပမ်းခဲ့သည်။

အံ့ဩဖွယ်‌ကောင်းစွာဖြင့် သူမည်မျှကြိုးစားပါစေ ကြွယ်ယန်တို့သုံးယောက်ကိုပြန်လည်နိုးထစေရန်မစွမ်းနိုင်ဘဲ ထိုအဖြစ်ကြောင့်စန်းဟုန်းလျန်မှာ ခြေမကိုင်မိလက်မကိုင်မိဖြင့်မည်သို့ပြုလုပ်ရမှန်းမသိပင်ဖြစ်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့်အချိန်အနည်းငယ်ကြာပြီးနောက် သူတို့သုံးယောက်လုံးပြန်၍သတိရလာကာ မည်သို့သတိလစ်သွားသည်ကိုပင် မေးမရဘဲအနည်းငယ်‌ကြောင်တောင်တောင်ဖြစ်နေကြသေးသည်။

ထို့နောက်မှ သူတို့ကိူလာရောက်တိုက်ခိုက်သညိ့အစိမ်းရောင်ဝတ်စုံဝတ်လူနှင့်ပြန်၍ဆက်စပ်မိကာ ပျောက်ဆုံးနေသည့်ရှောင်ယောင့်ကိုအပူတပြင်းလိုက်ခံရှာဖွေနေခြင်းဖြစ်၏ ။

အစိမ်းရောင်ဝတ်စုံဝတ်လူကသူတို့ကိုသတိလစ်ရုံမှအပ တစ်စုံတစ်ရာမပြုလုပ်ခဲ့၍ ထိုလူကအန္တရာယ်ပေးလိုသည့်ရည်ရွယ်ချက်မရှိဟုခန့်မှန်းနိုင်ကာအနည်းငယ်စိတ်သက်သာရာရခဲ့သည်။

သို့သော် ရှောင်ယောင်ကမည်သည့်နေရာသို့ရောက်ရှိနေမှန်းမသိ၍ ပူပန်စွာဖြင့်လိုက်လံရှာဖွေနေကြပြီး ရှောင်ယောင်၏ပါးနပ်မှုကြောင့် လမ်းတစ်လျှောက်မှ သဲလွန်စများကိုတွေ့ရှိကာ တောအုပ်၏အပြင်ဘက်သို့ပင်ရောက်ရှိလာကြပြီဖြစ်သည် ။

" ဦးလေးဟုန်းလျန် ဟိုမှာအစ်ကိုရှောင်ယောင်....."

မျက်စေ့လျှင်သည့် ဟောင်ရန်က တသွင်သွင်စီးဆင်းနေသည့်မြစ်ရေကိုငေးကြည့်ကာ ခြေပစ်လက်ပစ်ထိုင်နေသည့်ရှောင်ယောင့်ကိုဦးစွာရှာတွေ့သွားသည်။

&&&

All Chapters