နှလုံးသားကိစ္စ
Vol. 4 Ch. 9
မျက်စေ့လျှင်သည့် ဟောင်ရန်က တသွင်သွင်စီးဆင်းနေသည့်မြစ်ရေကိုငေးကြည့်ကာ ခြေပစ်လက်ပစ်ထိုင်နေသည့်ရှောင်ယောင့်ကိုဦးစွာရှာတွေ့သွားသည်။
စန်းဟုန်းလျန်တို့၏အသံများကိုကောင်းစွာကြားနေရသည့်တိုင် ရှောင်ယောင်ကား နေရာတွင် တုတ်တုတ်မှမလှုပ်ဘဲရှိနေသည်။
ထို့ကြောင့် စန်းဟုန်းလျန်နှင့်ကျန်လူများလည်းရှောင်ယောင်ရှိရာသို့အမြန်ဆုံးသွားလိုက်ကြကာ သူတို့ထဲတွင်ကိုယ်ဖော့ပညာအကောင်းဆုံးဖြစ်သည့်စန်းဟုန်းလျန်က ဦးစွာရောက်ရှိသွားလေသည်။
သို့သော် သူတို့အနီးသို့ရောက်ရှိသည့်တိုင်တစ်စူံတစ်ရာတုန့်ပြန်ခြင်းမပြုဘဲ မှိန်ဖျော့သည့်မျက်လုံးများဖြင့် ရှေ့သို့ငေးနေသည့်ရှောင်ယောင်၏ပုံစံကြောင့် စန်းဟုန်းလျန်မှာ များစွာစိုးရိမ်ပူပန်သွားမိပြန်သည်။
ရှောင်ယောင်က တိုက်ခိုက်ခံထားရဟန်မတူသလိုဒဏ်ရာတစ်စုံတစ်ရာရရှိထားခြင်းလည်းမရှိပေ။
သို့သော် သူ၏မျက်နှာက များစွာညိုးငယ်နွမ်းလျနေပြီး တိုက်ပွဲပေါင်းမရေမတွက်နိုင်အောင်အဆက်မပြက်တိုက်ခိုက်ခဲ့သူတစ်ဦးနှယ် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ချုံးချုံးကျနေဟန်တူသည် ။
ထို့ကြောင့် ကြွယ်ယန်၊ ကြွယ်စင်းနှင့် ဟောင်ရန်တို့လည်းများစွာအံ့ဩတုန်လှူပ်သွားကြပြီး ရှောင်ယောင်၏ဘေးသို့ရောက်ရှိနေသည့်တိုင်မည်သူမှစကားမဆိုဝံ့ဘဲဖြစ်နေသည်။
ရှောင်ယောင့်ကို ငယ်စဉ်ကပင်ထိမ်းကျောင်းလာခဲ့ပြီး ထိုသို့သောသွင်ပြင်ကိုတစ်ကြိမ်မှမမြင်ဖူးသည့်စန်းဟုန်းလျန်မှာ ရှောင်ယောင်၏ပခုံးကိုဆုပ်ကိုင်ကာ အလျှင်အမြန်မေးလိုက်လေသည်။
" ရှောင်အာ ဘာဖြစ်ခဲ့တာလဲ....."
စန်းဟုန်းလျန်၏မေးခွန်းကြောင့် ရှောင်ယောင်က ဘေးသို့စောင်းကြည့်လာသည် ။
အမြဲလိုလိုတည်ငြိမ်အေးဆေးပြီး ခက်ခဲသည့်ဖြစ်ပျက်များကိုကြုံတွေ့လျှင် တည်ငြိမ်စွာဖြေရှင်းနိုင်သည့်ရှောင်ယောင်၏ပုံစံက အဆုံးစွန်အထိစိတ်ဓာတ်ကျဆင်းနေဟန်တူသည် ။
သူ၏ပုံစံက မျှော်လင့်ချက်ပျောက်ဆုံးနေသူတစ်ဦးလို အရာရာကိုလက်လျော့ထားဟန်တူသည် ။
ထို့နောက် သူ၏တိုးဖျော့သည့်စကားသံကထွက်ပေါ်လာလေသည်။
" ဦးလေးစန်း အချစ်က နာကျင်ရလား......"
ရှောင်ယောင်၏မေးခွန်းကြောင့် စန်းဟုန်းလျန်တစ်ယောက် အံ့သြမင်တပ်သွားမိသလို ကြွယ်ယန်တို့သုံးယောက်လည်း ပါးစပ်အဟောင်းသားဖြစ်နေမိသည်။
သူ့အတွက် လူတိုင်းစိုးရိမ်နေရချိန်၌မည်သည့်အတွက် ယခုလိုမေးမြန်းရသနည်း ။
သို့သော် ရှောင်ယောင်၏ ညိုးခွေနွမ်းလျသည့်အမူအယာနှင့် လေးနက်လှသည့်လေသံတို့ကြောင့် စန်းဟုန်းလျန်မှာ သူ၏ဘေးတွင် ဝင်ထိုင်လိုက်ရင်း ဖြေးညင်းစွာပြောလိုက်သည်။
" အချစ်ဆိုတာ ဘယ်လိုအရာလဲလို့ ဘယ်သူမှတိတိပပ မပြောနိုင်သလို သူရောက်ချင်ရင် ရုတ်တရက်ရောက်ရှိလာတတ်တဲ့အရာပဲ ။
အဲဒီအချစ်က မင်းဆီကိုရောက်ရှိလာရင် ပထမဆုံးဝမ်းသာပျော်ရွှင်ရမယ် ကြည်နူးပီတိဖြစ်လိမ့်မယ်။
ပြီးရင်တော့သူနဲ့အတူပါလာတဲ့ ဝမ်းနည်းဒုက္ခတွေကိုတစ်ချိန်မဟုတ်တစ်ချိန်ကြုံတွေ့ရတာဓမ္မတာပဲ။
အချစ်ရဲ့ဒုက္ခစမ်းသပ်မှုတွေအောက်မှာ ကိုယ့်ရဲ့ခံစားချက်က အစစ်အမှန်လား တခဏသာယာမှုလားဆိုတာလည်းသိမြင်နိုင်လိမ့်မယ် ။
စမ်းသပ်မှုတွေကို အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ရင်တော့ ပျော်ရွှင်တဲ့နေ့ရက်တွေရောက်လာမှာပေါ့ ။
ဒါမှမဟုတ် ဘယ်တော့မှရောက်မလာတာလည်းဖြစ်နိုင်တယ်...."
စန်းဟုန်းလျန်၏လေသံက တဖြေးဖြေးတိုးညင်းသွားသလို အမြဲလိုလိုတည်ငြိမ်သည့်သူ၏မျက်နှာထက်တွင် တစ်စုံတစ်ယောက်ကို ပြင်းပြင်းထန်ထန်လွမ်းဆွတ်သတိရသည့်အမူအယာတစ်ခုရှိနေသည် ။
ရှောင်ယောင်သည်လည်း စန်းဟုန်းလျန်၏စကားများကို အပြန်ပြန်အလှန်လှန်သုံးသပ်နေမိကာ တစ်ကိုယ်တည်းအတွေးနက်လျက်ရှိ၏ ။
ဤသို့ဖြင့် တူဝရီးနှစ်ယောက်သားအချိန်အနည်းငယ်ကြာအောင် ငြိမ်သက်နေကြပြီးမှ ရှောင်ယောင်၏မျက်နှာထက်၌ အပြုံးယဲ့ယဲ့ပေါ်လာကာ စန်းဟုန်းလျန်ကိုပြောလိုက်သည်။
" ကျေးဇူးပါဦးလေးစန်း ကျနော်ဘာလုပ်ရမယ်ဆိုတာသိသွားပြီ....."
ရှောင်ယောင်၏စကားကြောင့်စန်းဟုန်းလျန်၏မျက်နှာထက်၌ အံ့အားသင့်သည့်အမူအယာတစ်ခုပေါ်လာပြီး ပြန်မေးလိုက်သည်။
" မင်းကဘာသိသွားတာလဲ....."
" ကြိုးစားမှု .... ကျနော်ဘယ်တော့မှ လက်လျော့မှာမဟုတ်ဘူး။ သူကျနော့်ကိုလက်ခံလာတဲ့အထိ ကျနော်ကြိူးစားမယ် ။
ပြီးတော့ သူ့ရဲ့ဖြစ်တည်မှုကိုလည်း အကောင်းဆုံးလက်ခံပြီးပြီပဲ ။ တစ်လောကလုံးကလူတွေကိုဂရုမစိုက်ဘူး သူမှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကျနော်အားလုံးလက်ခံပေးနိုင်တယ် ....."
တွေဝေရှုပ်ထွေးနေမှုများပျောက်ကွယ်သွားပြီးနောက်တွင် ရှောင်ယောင်၏အမူအယာက တိမ်ကြားထဲမှထွက်ပေါ်လာသည့်လပြည့်ဝန်းကြီးပမာ ကြည်လင်နွေးထွေးလျက်ရှိသည်။။
ရှောင်ယောင်မည်သို့ဖြစ်ပျက်ခဲ့သည်ကိုနားမလည်သော်လည်း သူ၏စိတ်အခြေအနေကပြန်လည်ကောင်းမွန်သွားပြီဖြစ်ကြောင်းရိပ်စားမိလိုက်၍ အသာခေါင်းညိမ့်ပြလိုက်သည်။
ထိုအခါမှ ကြွယ်ယန်တို့လည်း ရှောင်ယောင်၏ဘေးသို့ တိုးဝှေ့ဝင်ရောက်လာကြပြီး တစ်ယောက်တစ်ခွန်းစီမေးမြန်းလိုက်ကြသည်။
" အစ်ကိုကြီး စောစောက ဘာတွေဖြစ်ခဲ့တာလဲ...."
" ရုတ်တရက်ကြီးအချစ်အကြောင်းထပြောတာက ဘာလဲ....."
သူတို့၏မေးခွန်းကိုပြန်မဖြေသေးဘဲ ရှောင်ယောင်က ပြန်မေးလိုက်သည်။
" မင်းတို့ရောအဆင်ပြေကြတယ်မလား...."
လုံမိန်ချင်းသို့မဟုတိ နတ်မိမယ်လေး၏ကိစ္စကြောင့် သူ၏စိတ်များရှုပ်ထွေးနောက်ကျကာ ကြွယ်ယန်တို့ကိုပင် ခေတ္တမေ့လျော့သွားခဲ့ပေသည်။
သို့သော် ကြွယ်ယန်တို့က စိတ်ထဲမထားဘဲ ရှောင်ယောင့်၏အနီးတွင်ဝိုင်းနေကြသည်။
" ကျုပ်တိူ့ကဘာဖြစ်ရမှာလဲ...."
" အစ်ကိုကြီး ကျုပ်မေးတာဖြေဦးလေ...."
ကြွယ်ယန်တို့၏အဆက်မပြက်မေးခွန်းများနှင့်ရင်ဆိုင်ရာတွင် ရှောင်ယောင့်ထံ၌ တိတိကျကျအဖြေဟူ၍မရှိဘဲ ဟိုလိုလိုသည်လိုလိုဖြင့် ရယ်ကျဲကျဲလုပ်ရင်း စကားလမ်းကြောင်းလွှဲလိုက်ရတော့သည်။
ဤသို့ဖြင့် ရှောင်ယောင်တို့လူစုမှာ တောအုပ်ထဲတွင်အနားယူမည့်အစီအစဉ်ကိုပြောင်းလဲကာ မြစ်ကမ်းဘေးတွင်သာ တစ်ညတာအနားယူလိုက်ကြရတော့၏။
&&&&
ကောင်းယွဲ့ဂိုဏ်း
ခုနစ်လွှာလေပွေဓားသိုင်းဖြင့်ကျော်ကြားသည့်ကောင်းယွဲ့ဂိုဏ်းက ဟီနန်နယ်တွင်ကျော်ကြားသည့်ထိပ်တန်းအင်အားစုတစ်ခုလည်းဖြစ်သည်။
သိုင်းမဟာမိတ်၏အဖွဲ့ဝင်အင်အားစုများတွင်ပါဝင်ပြီး ကောင်းယွဲ့ဂိုဏ်းချုပ် စန့်ဖုန်းကလည်း သွေးလဖျက်ဆီးသူအဖွဲ့တွင်ပါဝင်ကာ ကျုံဟွာတောင်တိုက်ပွဲတွင် နှင်းငွေ့မိစ္ဆာသခင်နှင့်ရင်ဆိုင်ဖူးသူတစ်ဦးဖြစ်သည်။
ထို့ကြောင့် ကျုံဟွာတောင်တိုက်ပွဲအပြီးတွင်ကျန်အင်အားစုခေါင်းဆောင်များနှင့်တိုင်ပင်ကာ သိုင်းလောက အေးချမ်းမှုကိုထိမ်းညှိမည့် သိုင်းမဟာမိတ်ကိုတည်ထောင်ရန်ဆုံးဖြတ်ခဲ့ကြသည်။
သိုင်းမဟာမိတ်၏ကြွေးကျော်သံက နဂါးစိမ်းဂိုဏ်းကြီးလို သိုင်းလောကညီညွတ်မျှတရန်ဟုဖြစ်သော်လည်းလက်တွေ့တွင်အနက်ရောင်သိုင်းလောကသားများကိုပြင်းပြင်းထန်ထန်ဖိနှိပ်၍ မိစ္ဆာဝိညာဉ်အဖွဲ့ပင်ပေါ်ပေါက်ခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ မူလကပင် ကျော်ကြားသည့်ထိပ်တန်းအင်အားစုတစ်ခုဖြစ်သည့်ကောင်းယွဲ့ဂိုဏ်းက ယခုအခါပို၍ပင်တိုးတက်လာခဲ့ပြီး အလယ်ပိုင်းတွင်ကြီးမားသည့်ထိပ်တန်းအင်အားစုတစ်ခုဖြစ်နေပြီဖြစ်သည်။
ကောင်းယွဲ့ဂိုဏ်း၏ခန်းမထဲရှိ ဂိုဏ်းချုပ်ထိုင်ခုံတွင် အသက်ခြောက်ဆယ်ဝန်းကျင်ရှိသည့် ဂိုဏ်းချုပ်စန့်ဖုန်းနှင့် လူရွယ်တစ်ယောက် ဒူးထောက်လျက်ရှိသည် ။
စန့်ဖုန်း၏ရှေ့ရှိလူရွယ်က အသက်သုံးဆယ်ဝန်းကျင်ရှိပြီးခန့်ညားချောမောသူတစ်ဦးဖြစ်သည် ။
သူ၏သိုင်းပညာကလည်းသိုင်းထိပ်သီးအဆင့်ကိုရောက်ရှိနေကာ လက်ရှိလူငယ်မျိုးဆက်တွင် ကျော်ကြားသူတစ်ဦးဟုဆိုနိုင်သည်။။
သို့သော်လက်ရှိအချိန်တွင်လူရွယ်၏မျက်နှာက မကောင်းဘဲ စန့်ဖုန်းဆူပူသမျှကို ခေါင်းငုံ့ကာနားထောင်နေရသည်။
ကောင်းယွဲ့ဂိုဏ်း၏ပါရမီရှင်ဖြစ်သည့် ထိုလူရွယ်က လူငယ်မျိုးဆက်သိုင်းပြိုင်ပွဲတွင် ထိပ်တန်းနှစ်ဆယ်ပင်မဝင်ခြင်းက ဂိုဏ်း၏ဂုဏ်သတင်းကိုကျဆင်းစေ၍ စန့်ဖုန်းတစ်ယောက်ယခုလိုဒေါပွနေခြင်းကအထူးအဆန်းတော့မဟုတ်ပေ။
သို့သော် တိုက်ခိုက်ရန်လူများစွာရှိသည့်အထဲမှ ကြောက်စရာကောင်းသည့်သိုင်းထိပ်သီးတစ်ဦးနှင့်ယှဥ်ပြိုင်ရန်ကျရောက်ခြင်းက လူရွယ်၏ကံဆိုးမှုသာဖြစိသည်။
လူရွယ်၏စိတ်ထဲတွင်တော့ စွန်းအိမ်တော်သိုင်းပြိုင်ပွဲတွင် သူ့ကိုအနိုင်ယူသွားသည့် မုန်တိုင်းသိုင်းလုလင်ဆိုသည့်လူရွယ်ကိုကြိတ်၍ကျိန်ဆဲလျက်ရှိသည်။
" ဟူး....စန့်ချီ စန့်ချီ... .မင်းကိုပြောရတာလည်း ကျွဲပါးစောင်းတီးနေရသလိုပဲ အပျော်အပါးလေးလျော့ပြီးသိုင်းပညာကိုပဲအာရုံစိုက်လေ့ကျင့်ရင် ဒီလောက်မျက်နှာပျက်ရမှာမဟုတ်ဘူး...."
အချိန်အတော်ကြာသည်အထိ ဆူပူပြီးနောက် စန့်ဖုန်းက သက်ပြင်းတစ်ချက်ချ၍ခေါင်းယမ်းလိုက်သည်။
ထိုအခါမှ သူ၏ရှေ့တွင် ဒူးထောက်၍ခေါင်းငုံ့နေသည့်စန်းချီက ခေါင်းပြန်မော့လာပြီးတည်ကြည်လေးနက်သည့်လေသံပြောလိုက်သည်။
" နောက်တစ်ကြိမ်ဒီလိုမဖြစ်စေရပါဘူး မွေးစားဖေဖေ....."
စန့်ချီက အပြင်ပန်းတွင်တည်ငြိမ်နေသော်လည်း စန့်ဖုန်းက သူအပြင်ဘက်တွင်လုပ်ခဲ့သည့်ကိစ္စများကိုသိရှိနေ၍အနည်းငယ်ရင်ထိတ်နေသညိ။
ကောင်းယွဲ့ဂိုဏ်း၏ပါရမီရှင်ဖြစ်ကာ ဂိုဏ်းချုပ်၏မွေးစားသားတစ်ယောက်ဖြစ်သည့်စန့်ချီအနေဖြင့်လည်း အဖက်ဖက်မှပြည့်စုံသူတစ်ယောက်ဖြစ်၍အနည်းငယ်ပွေရှုပ်ခဲ့မိသည်။
ယခု သိုင်းပြိုင်ပွဲတွင် အရေးမလှသည့်အခါမှ စန့်ဖုန်းက ဆူပူနေခြင်းဖြစ်ကာ ထိုအခါမှ သူလုပ်သမျှကို စန့်ဖုန်းတစ်ယောက်သိရှိနေကြောင်း ရိပ်စားမိခြင်းဖြစ်၏။
စန့်ချီက သူ၏သွေးသားမဟုတ်သော်ငြား ငယ်စဉ်ကပင် ပြုစုစောင့်ရှောက်၍သိုင်းပညာသင်ကြားပေးခဲ့သည့်သားတပည့်တစ်ယောက်ဖြစ်ရာ စန့်ဖုန်းလည်း ကြာကြာစိတ်မဆိုးနိုင်ဘဲဖြစ်နေသည်။
ထို့အတူ စန့်ချီကလည်းသူ၏အပြစ်ကိုဝန်ခံ၍ အချိန်အတော်ကြာဒူးထောက်နေခဲ့၍စန့်ဖုန်း၏စိတ်က ပျော့ပြောင်းသွားပြီး လက်ကိုဝေ့ယမ်းကာပြောလိုက်သည်။
" ထားတော့... သိုင်းလောကထဲကိုပြန်မဆင်းဘဲ ဂိုဏ်းမှာပဲနေပြီး သိုင်းပညာလေ့ကျင့်နေဦး သိုင်းလောကထဲမှာ အစွမ်းထက်တဲ့လူငယ်မျိူးဆက်တွေက အပြိုင်အဆိုင်ထွက်ပေါ်နေတယ် ။။ မင်းလည်း နောက်ကောက်ကျမနေစေနဲ့...."
စန့်ဖုန်း၏စကားထဲမှ သူ့အပေါ်ထားရှိသည့်ဂရုစိုက်မှုကိုကောင်းစွာမြင်တွေ့နေ၍ စန့်ချီလည်း လေးနက်သည့်ဟန်ဖြင့်အရိုအသေပေးလိုက်သည်။
" ကောင်းပါပြီ မွေးစားဖေဖေ...."
သူ၏မျက်လုံးများက ယှဉ်ပြိုင်လိုစိတ်ဖြင့်တလက်လက်တောက်ပလျက်ရှိသည်။
အကြောင်းကား လူငယ်မျိုးဆက်သိုင်းပြိုင်ပွဲကိုရောက်ရှိမှ သူ့ထက်ပို၍အစွမ်းထက်သည့်လူငယ်များကိုတွေ့မြင်ကာ စန့်ချီတစ်ယောက် ကိုယ့်ကိုယ်ကိုအထင်ကြီးမှုများလျော့နည်းသွားသည်ဟုဆိုရမည်။
ထို့အပြင် ထိုပြိုင်ပွဲတွင် သူမကျေနပ်ချက်ရှိသည့်လူအချို့ကိုတွေ့မြင်ခဲ့ပြီး ထိုလူများစသိုင်းပညာက သူ့ထက်ပို၍မြင့်မားနေရာ မာနကြီးသည့်စန့်ချီအတွက် ထိုအချက်က ထိုးနှက်ချက်ကြီးကြီးမားမားဖြစ်ခဲ့သည် ။
အထူးသဖြင့် နောက်ဆုံးအယောက်နှစ်ဆယ်တွင်ပါဝင်သညိ့ ဝတ်စုံဖြူကျောင်းတော်သားဆိုသည့်လူငယ်နှင့် မောက်မာလှသည့် မဟူရာနတ်သမီးစီးတုယွမ်ချင်းတို့ကိုပြန်မြင်ယောင်လိုက်မိကာ စန့်ချီလည်း လက်သီးကိုတင်းတင်းဆုပ်လိုက်မိသည်။
" နောက်တစ်ခါပြန်တွေ့ရင် မင်းတို့ကိုငါသေချာပေါက်နင်းချေပြမယ်...."
စန့်ချီ၏စိတ်ထဲတွင် ကြိတ်၍ကြုံးဝါးလိုက်ပြီး သူ၏သိုင်းပညာကိုပို၍တိုးတက်ရန် အပတ်တကုတ်ကြိုးစားရမည်ဟုလည်းဆုံးဖြတိချက်ချလိုက်သည်။
&&&&