ဝင်္ကပါဆင်၍တိုက်ခိုက်ခြင်း
Vol. 4 Ch. 12
" ဒီမိန်းကလေးကဘယ်သူလဲ ဘာကြောင့် ဒီလောက်အထိသိုင်းပညာမြင့်မားနေရတာလဲ
ပြီးတော့ ဟိုလူတွေက ဘယ်သူတွေလဲ ။ သူတို့က ဘယ်ကပေါ်ထွက်လာတာလဲ ...."
ကြည့်ရှုနေကြသည့်လူများ၏စိတ်ထဲတွင်တူညီသည့်မေးခွန်းများဖြစ်ပေါ်လျက်ရှိကြသည်။
ကျောက်သားစင်မြင့်၏အပေါ်ဘက်တွင်ရှိနေကြသည့် ဝါစဉ်ကြီးဆရာတော်များမှာ မျက်နှာမကောင်းကြဘဲ ဆရာတော်ခုံးဝန်က တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။
" ဒီတိုင်းဆိုရင် ရွှမ်းချင်တောင် အနိုင်မရနိုင်ဘူး....ဟိုမိန်းကလေးက သူနဲ့တူညီတဲ့သိုင်းအဆင့်ရှိပေမယ့် သူသုံးနေတဲ့လက်ဝါးသိုင်းကသိပ်ပြီးအစွမ်းထက်လွန်းတယ်....."
လက်ရှိ ရှိနေသည့်လူများထဲတွင်သိုင်းပညာအမြင့်မားဆုံးဖြစ်သည့်ဆရာတော်ခုံးဝန်ကပင်ထိုသို့ထုတ်ဖော်ပြောဆိုလာရာ ကျန်လူများလည်းအံ့ဩတုန်လှုပ်သွားကြ၏ ။
ရှောင်လင်ကျောင်းတော်၏သိုင်းပညာလေ့ငျင့်ရေးမှူးရာထူးကိုပင်ရရှိထားသည့် ဆရာတော်ရွှမ်းချင်ဆိုသည်မှာမည်သူနည်း ။
သိုင်းလောကထဲတွင်များစွာကျော်ကြားခြင်းမရှိသည့်တိုင် သူ၏သိုင်းပညာကအဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်ကာ တတ်ကျွမ်းထားသည့်သိုင်းပညာများစွာဖြင့်ဆိုလျှင် အစွမ်းထက်ထိပ်သီးတစ်ယောက်ဟုသက်မှတ်နိုင်သည်။
သို့တိုင် အသက်ဆယ့်ငါးနှစ်ဝန်းကျင်သာရှိမည့်မိန်းမငယ်လေးတစ်ယောက်က ဆရာတော်ရွှမ်းချင်ကိုလက်ရည်တူတိုက်ခိုက်နေနိုင်ပြီး သူမကပင်ပို၍သာလွန်နေဟန်တူသည်။
ထိုမိန်းကလေးကို ယခင်ကသိုင်းလောကထဲတွင်မည်သူမှမမြင်ဖူးကြသည့်အပြင် သူမ၏အသက်အရွယ်နှင့်သိုင်းပညာက သိုင်းလောကတစ်ခုလုံးကိုအုတ်အော်သောင်းနင်းဖြစ်သွားစေရန်ပင်လုံလောက်ပေသည်။
" ဘာပဲဖြစ်ဖြစ် သူတို့ကိုပြဿနာရှာခွင့်ပေးလို့မဖြစ်ဘူး....မဟုတ်ရင် ကျောင်းတော်ရဲ့ဂုဏ်သတင်းကဘယ်လိုဖြစ်သွားမှာလဲ...."
ဒေါသကြီးသည်ဟုနာမည်ကျော်သည့် စည်းကမ်းထိမ်းသိမ်းရေးမှူးဆရာတော်ခုံးယင်က ခြေတစ်ချက်ဆောင့်ကာပြောလိုက်သည်။
ကျောင်းထိုင်ဆရာတော်ကြီး၏နောက်ဆုံးဇာပနအခမ်းအနားတွင် ယခုလိုအနှောင့်အယှက်များပေါ်လာရာ ဆရာတော်ခုံးယင်သာမက ကျန်ဆရာတော်များပင်မျက်နှာမကောင်းကြပေ။
စိတ်ခံစားချက်ကိုထိမ်းသိမ်းနိုင်ပြီး တည်တည်ငြိမ်ငြိမ်ရှိနေသူဟူ၍ လောဟန်အဆောင်မှူး ဆရာတော်ခုံးဝန်နှင့် သူတို့ထဲတွင်ဝါစဉ်အကြီးဆုံးဖြစ်သည့် ပိဍိတ်ကတ်အဆောင်မှူးဆရာတော်ကြီးတို့သာရှိပေသည်။
" ဂိုဏ်းတူဦးလေးခုံးယင်က သိုင်းဝိဇ္ဇာအလယ်အဆင့်ကိုရောက်ဖို့သိပ်မလိုတော့ဘူးနဲ့တူတယ်...."
ဝါစဉ်ကြီးဆရာတော်များ၏နောက်နားရှိ တည်ငြိမ်လှသည့်မျက်နှာထားရှိသည့်ဘုန်းကြီးတစ်ပါးက ဆိုလိုက်သည်။
သူ၏အသက်အရွယ်က ငါးဆယ်ဝန်းကျင်သာရှိမည်ဖြစ်ပြီး တည်ငြိမ်သည့်မျက်နှာထားနှင့်လိုက်ဖက်အောင် ဖြောင့်မက်သည့်ကိုယ်ဟန်ရှိကာ သူ၏အရှိန်အဝါကမည်သည့်အရာများပင်ကြုံတွေ့ရပါစေ မယိမ်းမယိုင်နိုင်သည့်တောင်တန်းကြီးတစ်ခုနှင့်ဆင်တူသည်။
ထိုဘုန်းကြီးကား ရှောင်လင်၏ယခင်မျိုးဆက်မှပါရမီရှင်ဖြစ်ပြီး ရှောင်ယောင်၏ဆရာသခင်ဖြစ်သည့် လောဟန်အဆောင်မှ လက်ထောက်အဆောင်မှူးဆရာတော်ရွှမ်းမင်သာဖြစ်သည်။
ဆရာတော်ရွှမ်းမင်၏တဖျက်ဖျက်တောက်ပသည့်မျက်ဝန်းများက ဆရာတော်ခုံးယင်၏ခြေထောက်အောက်ရှိ နိမ့်ကျသွားသည့်ကျောက်သားကြမ်းပြင်ကိုအကြည့်ရောက်နေပြီးမှ တိုက်ပွဲဆီသို့ပြန်ကြည့်လိုက်သည်။
သူ၏စကားကြောင့်ဘေးတွင်ရပ်နေသည့် ပိန်ပိန်ပါးပါးခန္တာကိုယ်နှင့် သာမန်ဆန်သည့် ဆရာတော်ရွှမ်းနန်က မေးလိုက်သည်။
" ဂိုဏ်းတူညီလေးရွှမ်းချင်က သိုင်းပညာငါးမျိုးအထိပြောင်းလဲအသုံးပြုနေတာတောင်အသာစီးမယူနိုင်သေးဘူး....အဲဒီမိန်းကလေးသုံးနေတာ ဘယ်သိုင်းပညာလဲဆိုတာသိလား....."
ဆရာတော်ရွှမ်းနန်၏မေးခွန်းက အကြောင်းမဲ့မဟုတ်ပေ။
တာမောဆောင်၏လက်ထောက်အဆောင်မှူးဖြစ်ပြီး သူ၏ဘဝသက်တမ်းအတော်များများကို တာမောဆောင်ထဲတွင်သာကုန်ဆုံးခဲ့ရသည့် သူကိုယ်တိုင်ပင် မိန်းမငယ်လေးအသုံးပြုနေသည့်သိုင်းပညာကို မသိ၍ဖြစ်သည် ။
သိုင်းပညာရူးသွပ်ပြီး အချိန်ရှိသရွေ့သိုင်းပညာကိုသာလေ့ကျင့်နေသည့် ဆရာတော်ရွှမ်းမင်ကို ရွေ့လျားစာကြည့်တိုက်ကြီးတစ်ခုဟုခေါ်နိုင်ပြီး လွန်ခဲ့သည့်နှစ်ရာပေါင်းများစွာကပညာရပ်အများစုကိုပင် သူသိကျွမ်းနှံ့စပ်မှုရှိပေသည်။
သို့သော်လည်း ယခုတစ်ကြိမ်၌ ဆရာတော်ရွှမ်းနန်ပင် ခေါင်းယမ်းလိုက်ပြီး အနည်းငယ်စိတ်ရှုပ်ထွေးသည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။
" သူ့ရဲ့သိုင်းပညာက လျှင်မြန်မှုကိုအခြေခံထားပြီး ထင်မှတ်မထားတဲ့ရှုထောင့်တွေကနေတိုက်ခိုက်ရတဲ့အမျိုးအစားပဲ။ ။
ရှုပ်ထွေးမှုသိပ်မရှိပေမယ့် သူ့ရဲ့အမြန်နှုန်းက ကြောက်စရာကောင်းလွန်းတော့ ရွှမ်းချင်အနိုင်ရမယ့်မထင်ဘူး။
ပြီးတော့ ဒီသိုင်းပညာကို ငါလည်း တစ်ခါမှမဖတ်ဖူးဘူး....."
သူတို့နှစ်ယောက်၏စကားဝိုင်းကိုအတိုင်းသားကြားနေရသည့် ဝါစဉ်ကြီးဆရာတော်များကား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြ၏။
သူတို့၏အမူအယာများကပို၍ပင်လေးနက်တည်ကြည်သွားကြသည်။
အကြောင်းကား သိုင်းပညာကိုရူးသွပ်ကာ သိုင်းလောကတွင်းမှပညာရပ်အမျိုးမျိူးအကြောင်းကိုလေ့လာထားသည့်ဆရာတော်ရွှမ်းမင်က ဗဟုသုတအရာတွင် သူတို့ထက်ပင်သာလွန်၍ဖြစ်သည်။
ယခု ဆရာတော်ရွှမ်းမင်ပင် တစ်ဖက်လူအသုံးပြုသည့်သိုင်းပညာကိုမသိဟုဆိုလာရာ ထိုလူများ၏ဇာတ်မြစ်က ပို၍ပင်လျှိူ့ဝှက်ဆန်းကြယ်လာပေသည်။
ရှောင်လင်ကျောင်းမှဝါစဉ်ကြီးဆရာတော်များအချင်းချင်းတိုင်ပင်နေသည့်နည်းတူ ကျန်ထိပ်တန်းအင်အားစုမှလူများလည်းတိုက်ပွဲကိုဂရုတစိုက်အကဲခပ်နေရင်း အဖြူရောင်ဝတ်စုံဝတ်လူများ၏ဇာတ်မြစ်ကိုမှန်းဆနေကြသည်။
ကျောင်းထိုင်ဆရာတော်ဘုရား၏ရုပ်ကလာပ်ကို ဂါရဝပြုရန် ကျန်ဂိုဏ်းကြီးငါးဂိုဏ်းလုံးမှ ခေါင်းဆောင်များမလာရောက်ကြသော်လည်း စွန်းအိမ်တော်မှလာသည့် ခွန်လွန်ဂိုဏ်းချုပ် မာရှောင်ကျင်းနှင့်အခြားသိုင်းဝိဇ္ဇာအဆင့်ပုဂ္ဂိုလ်များရောက်ရှိလာပေသည်။
သူတို့တင်မဟုတ်ဘဲ အနက်ရောင်ထိပ်တန်းဂိုဏ်းကြီးငါးခုမှလူများပင်ရောက်ရှိလာကာ သူတို့၏ဂိုဏ်းချုပ်များကိုယ်တိုင်လာရောက်ခြင်းမဟုတ်သော်လည်း သိုင်းပညာမြင့်မားသည့်လူများဦးဆောင်လာခြင်းဖြစ်၏။
ထို့ကြောင့် လက်ရှိအချိန်တွင် ရှောင်လင်ကျောင်းတော်၌ သိုင်းဝိဇ္ဇာဆယ်ဦးထက်မနည်းရှိနေပြီး သိုင်းပညာမြင့်မားသူများပြားလှသော်ငြား အဖြူရောင်ဝေါယာဉ်၏အကြောင်းကို မည်သူမှ ဂဂနနမသိဟုဆိုရပေမည်။
" ဟိုက မိန်းကလေးသုံးနေတဲ့သိုင်းပညာက လျှပ်စီးအလင်းလက်ဝါးသိုင်းလို့ခေါ်တယ် ။ အဆင့်အမြင့်ဆုံးထိလေ့ကျင့်နိုင်သွားရင် မျက်တောင်တခတ်အတွင်းမှာ လက်ဝါးချက်ပေါင်းရာဂဏန်းနီးပါးအထိထုတ်ဖော်နိုင်တဲ့ထိပ်တန်းသိုင်းပညာတစ်ရပ်ပဲ။
သူ့ရဲ့အမြန်နှုန်းကအံ့ဩစရာကောင်းလွန်းလို့ ခြောက်နိုင်ငံခေတ်မှာ ကျော်ကြားခဲ့တဲ့သိုင်းပညာတစ်ရပ်ပေါ့။
ဒါပေမယ့် သိုင်းလောကက ပျောက်ကွယ်သွားတာ အနှစ်ငါးရာလောက်ရှိနေပြီ...."
ထိုစကားကိုပြောဆိုလှသူက ဝါစဉ်ကြီးဆရာတော်များထဲတွင်အသက်အကြီးဆုံးနှင့်ဝါအကြီးဆုံးဖြစ်သည့် ပိဍိကတ်အဆောင်မှူးဆရာတော်မှလွဲ၍အခြားမဟုတ်ပေ။
ထိုအချိန်တွင် တိုက်ပွဲစတင်ချိန်က အနည်းငယ်ကြာမြင့်နေပြီဖြစ်သလို သိုင်းကွက်ပေါင်းသုံးရာကျော်လေးရာနီးပါးအထိရောက်ရှိလာလေပြီ။
ယခုအချိန်ထိမည်သူမှအနိုင်မရသေးဘဲ ဆရာတော်ရွှမ်းချင်မှာ သူတတ်မြောက်ထားသည့်အစွမ်းထက်သိုင်းပညာများကိုတစ်ခုပြီးတစ်ခုထုတ်သုံးပါသော်လည်း မိန်းမငယ်လေး၏ဖိနှိပ်မှုအောက်တွင်သာရှိသေးသည် ။
ဆရာတော်ရွှမ်းချင်၏သိုင်းပညာက မြင့်မားပြီး အစွမ်းထက်သိုင်းထိပ်သီးတစ်ယောက်ဖြစ်ကာ ရှောင်လင်လျှို့ဝှက်သိုင်းခုနစ်ဆယ့်နှစ်မျိုးမှ ဆယ်မျိုးအထက်ကိုလေ့ကျင့်အောင်မြင်ထားသည် ။
သို့သော်ငြား ပန်းလော့လက်ဝါး ၊ နဂါးနှင့်ကျားလက်သီး၊ ကျားနိုင်လက်သီး စသည့် နာမည်ကျော်ပညာရပ်များမှစ၍ ရဟန်းလက်ဝါးနှင့်ရွက်ဝါတစ်ထောင်လက်ဝါးတို့လို လူသိနည်းသည့်ပညာရပ်များအထိထုတ်သူံးပါသော်လည်း အသာစီးရရှိရန်မစွမ်းနိုင်သေးပေ။
မိန်းမငယ်လေးကအစမှအဆုံးအထိ လက်ဝါးသိုင်းတစ်မျိူးထဲကိုမပြောင်းမလဲအသုံးပြုနေပြီး လွန်စွာလျှင်မြန်သည့်တိုက်ကွက်များကြောင့် ဆရာတော်ရွှမ်းချင်မှာ သူမ၏ဟာကွက်ကိုရှာရန်မဆိုထားနှင့်မရှုံးနိမ့်ရန်ပင်သတိကြီးစွာတိုက်ခိုက်နေရသည်။
ထိုအဖြစ်ကြောင့်ကြည့်ရှုနေကြသူများမှာ ပါးစပ်အဟောင်းသားဖြင့်အံ့ဩတုန်လှုပ်မိကြသလို ထူးခြားဆန်းကြယ်သည့်လူများအား ယခင်ကထက်များစွာပို၍စိုးထိတ်လာမိသည်။
ဆရာတော်ရွှမ်းချင်အရေးမလှဘဲ တိုက်ပွဲက ယခုအချိန်ထိမပြီးပြတ်သေးရာ စည်းကမ်းထိမ်းသိမ်းရေးမှူးဆရာတော်ခုံးယင်မှာ ဆက်လက်၍ လက်ပိုက်ကြည့်မနေနိုင်တော့ပေ။
ထို့ကြောင့် တိုက်ပွဲအနီးတွင်ရှိနေသည့် ဘုန်းကြီးဆယ့်ခုနစ်ပါးကိုအော်ဟစ်ကာ အမိန့်ပေးလိုက်သည်။
" ရှောင်လင်ဂိုဏ်းသားတို့ ကျောင်းတော်ကိုစော်ကားလာတဲ့လူကို ဖမ်းချုပ်လိုက်ကြစမ်း....."
ဆရာတော်ရွှမ်းချင်၏တပည့်ဆယ့်ခုနစ်ယောက်လုံးက သိုင်းပညာထိပ်တန်းအဆင့်ရှိကြပြီး ဆရာတော်ရွှမ်းချင်နှင့်ပေါင်းကာ လောဟန်တစ်ရာ့ရှစ်ကွက်ဝင်္ကပါအသေးကိုခင်းကျင်းနိုင်ကြပေသည်။
ထိုဝင်္ကပါထဲတွင် ဆရာတော်ရွှမ်းချင်တစ်ယောက်သာ အဆင့်လွန်ထိပ်သီးဖြစ်သော်လည်း ဝင်္ကပါခင်း၍တိုက်ခိုက်ပါက အဆင့်လွန်ထိပ်သီးလေးငါးယောက်ကိုပင်ကောင်းစွာယှဉ်တိုက်နိုင်စွမ်းရှိသည်။
လောဟန့်ဆယ့်ခုနစ်ပါးက တံခါးနီဆောင်မှကြေးရုပ်လူများထက်ပို၍နိမ့်ကျသော်လည်း မည်သည့်အဆင့်လွန်ထိပ်သီးမျိုးကိူမဆို သေချာပေါက်အနိူင်ယူနိုင်ပေသည် ။
ထို့ကြောင့် ကျန်ဆရာတော်ဆယ့်ခုနစ်ပါးပါ ဝင်္ကပါအတွင်းဝင်တိုက်ပါက မိန်းမငယ်လေးမှာ အချိန်တိုအတွင်းလျှင်မြန်စွာရှုံးနိမ့်သွားရပေမည်။
ဆရာတော်ခုံးယင်မှာ ပင်ကိုစိတ်ကြီးသူတစ်ဦးဖြစ်သည့်အပြင် ယခုလိုရက်မျိူး၌လာရောက်ပြဿနာရှာသူများကိူအတော်ပင်ဒေါသထွက်နေပြီဖြစ်သည် ။
ထို့ကြောင့် လူအများ မကောင်းပြောမည်ကိုပင် ဂရုမစိုက်တော့ဘဲ ကျန်ဘုန်းကြီးများကိုပါအမိန့်ပေးပြီး မိန်းမငယ်လေးကိုဝိုင်းဝန်းတိုက်ခိုက်ရန်ခိုင်းစေလိုက်ခြင်းဖြစ်၏ ။
" ဆရာ....."
ကောင်းစွာလေ့ကျင့်ထားကြသည့် ဘုန်ကြီးဆယ့်ခုနစ်ပါးက မိန်းမငယ်လေးကိုဝန်းရံလိုက်ကြသလို သူတို့ထဲမှတစ်ယောက်က ဆရာတော်ရွှမ်းချင်၏တုတ်ရှည်ကိုပစ်ပေးလိုက်သည်။
သူတိူ့၏တိုက်ပွဲကလည်း ခေတ္တရပ်တန့်သွားပြီး မိမိန်းမငယ်လေးက ရှောင်လင်ဘုန်းကြီးများ၏ဝန်းရံထားမှူကြားထဲသို့ရောက်ရှိနေသည့်တိုင် အကြောင်အလန့်မရှိဘဲလှောင်ပြောင်သရော်လိုက်သေးသည်။
" ဒါလား သိုင်းလောကအဓိပတိရှောင်လင်က ကျမလိုမိန်းကလေးတစ်ယောက်ထဲကိုမနိုင်လို့အကူအညီခေါ်ရတာပေါ့....."
မိန်းမငယ်လေး၏စကားသံက ဆရာတော်ရွှမ်းချင်၏မျက်နှာကိုတင်းမာသွားစေသော်လည်း တစ်စုံတစ်ရာပြောဆိုခြင်းမပြာဘဲ သူ့ဆီသို့ရောက်ရှိလာသည့်တုတ်ရှည်ကိုဝေ့ယမ်းလိုက်သည်။
သူတို့၏လုပ်ရပ်က သိုင်းလောကစည်းမျဉ်းအရရှက်ရွံ့ဖွယ်ကောင်းသော်လည်း ဆရာတော်ခုံးယင်၏အမိန့်ကိုမပယ်ရှားနိုင်သည့်အပြင် သူကိုယ်တိုင်က ကျောင်းတော်ကိုမထီမဲ့မြင်ပြုနေသည့်ထိုမိန်းမငယ်လေးနှင့်သူမ၏လူများကိုဒေါသထွက်နေပြီဖြစ်သည်။
ထို့ကြောင့် မိန်းမငယ်လေး၏ဘေးတွင် ဝိုင်းထားကြသည့်ဘုန်းကြီးများကို အော်ဟစ်အမိန့်ပေးလိုက်သည်။
" လောဟန်ဆယ်ရှစ်ပါး ဝင်္ကပါစ...."
ဆရာတော်ရွှမ်းချင်၏စကားအဆုံးတွင် တုတ်ရှည်များက မိန်းမငယ်လေး၏ခန္တာကိုယ်ပေါ်သို့တစ်ပြိုင်နက်ကျရောက်သွားတော့သည် ။
" ဝှစ်....ဝှစ်...."
" ဝုန်း....."
တုတ်ရှည်အရိပ်များက ပတ်ဝန်းကျင်တစ်ခုလုံးလွှမ်းခြုံနေသလို မိန်းမငယ်လေး၏လက်ဝါးချက်များကလည်း လျှင်မြန်လွန်းလှသည််။
&&&