ရှောင်လင်၏ပါရမီရှင်
Vol. 4 Ch. 13
တုတ်ရှည်အရိပ်များက ပတ်ဝန်းကျင်တစ်ခုလုံးလွှမ်းခြုံနေသလို မိန်းမငယ်လေး၏လက်ဝါးချက်များကလည်း လျှင်မြန်လွန်းလှသည််။
သို့သော် သူမ၏တိုက်ကွက်တိုင်းက ချက်ခြင်းချေဖျက်ခံရကာ ဘက်ပေါင်းစုံမှတိုးဝင်လာသည့်ရိုက်ချက်များကို သတိထားရှောင်တိမ်းနေရသည်။
ဆရာတော်ရွှမ်းချင်ကိုပင်အသာစီးတိုက်ခိုက်နိုင်သည့်လက်ဝါးတိုက်ကွက်များမှာ လောဟန်တစ်ရာ့ရှစ်ကွက် ဝင်္ကပါအသေးနှင့်ရင်ဆိုင်ရာတွင်များစွာ
အသုံးမဝင်တော့ပေ။
ထို့ကြောင့် မိန်းမငယ်လေးမှာ တိုက်ကွက်အနည်းငယ်အတွင်းရှုံးနိမ့်တော့မည်ကဲ့သို့ဖြစ်လာလေသည်။
တစ်ဖက်တွင် ကျားနဂါးဘွဲ့ရဆရာတော်ရှစ်ပါးက လွှားခနဲခုန်ထွက်လာကာ ဝေါယာဉ်အနီးသို့လျှင်မြန်စွာချဉ်းကပ်သွားကြသည်။
ရှောင်လင်ကျောင်းတော်၏တံခါးနီဆောင်တွင် ကျားနဂါးဘွဲ့ရဆရာတော်မည်မျှရှိသည်ကို မည်သူမှအတိအကျမသိသော်လည်း ယခုမြင်ကွင်းကြောင့် သူတို့၏စိတ်ထဲတွင် တုန်လှူပ်သွားမိကြ၏။
အမိန့်တစ်ချက်ပေးလိုက်ရုံနှင့် အစွမ်းထက်ထိပ်သီးရှစ်ယောက်ချက်ခြင်းလှူပ်ရှားလာခြင်း....
ဤသည်က ပထမတန်းစားအင်အားစုတိုင်းထက်ပို၍အားကောင်းလျက်ရှိကာဤသည်က ရှောင်လင်ကျောင်းတော်၏ခွန်အားကိုပြသနေခြင်းဖြစ်ပေသည် ။
တစ်ခုသိထားရမည်မှာ ထိုပမာဏက သူတို့အင်အား၏အနည်းငယ်သာရှိနေသေးခြင်းဖြစ်သည်။
" မြေနှစ်နဲ့ မြေငါး...."
ဝေါယာဉ်တွင်းမှစကားသံက နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်သည်။။
ယခုတစ်ကြိမ်တွင်မည်သူမှ အစောပိုင်းကလိုအံ့ဩမင်တပ်ခြင်းမရှိကြသော်လည်း ထိုအသံကိုကြားမိတိုင်း သူတို့၏ရင်ထဲတွင် သိလိုသည့်စိတ်ကတဖွားဖွားပေါ်ထွက်လာစမြဲပင်။
ထိုစကားက ကြည်လင်သာယာသည့်တိုင် လူတစ်ဖက်သားငြင်းဆန်မရသည့်ခံစားချက်တစ်ခုကိုပေးစွမ်းနေပြီး ညင်သာသည့်ဩဇာတစ်ခုပါဝင်လျက်ရှိသည်။
အကြိမ်ပေါင်းထောင်သောင်းမကနားဆင်လျှင်ပင် ရိုးမသွားဘဲနားထောင်ကောင်းနေမည့်ထိုအသံပိုင်ရှင်က မည်သို့သောမိန်းကလေးမျိုးဖြစ်သည်ကို စိတ်ကူးဖြင့်ပင်ခန့်မှန်းဝံ့ခြင်းမရှိကြပေ။
ထိုအချိန်တွင် ဝေါယာဉ်ဘေးနှစ်ဖက်မှ အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်က ချက်ခြင်းလိုလိုလှုပ်ရှားလိုက်ကြပြီး သူတို့ထဲမှတစ်ယောက်က ကျားနဂါးဆရာတော်များကိုဆီးကြိုတိုက်ခိုက်လိုက်သလိုကျန်တစ်ယောက်ကလည်း ဆရာတော်ရွှမ်းချင်တို့၏ကြားသို့ခုန်ဝင်သွားတော့သည်။
" ဝုန်း...ဝုန်း...."
အဖြူရောင်ဝတ်စုံဝတ်လူ၏လက်ဝါးရိုက်ချက်က လွန်စွာပြင်းထန်လှပြီး လေထုကိုပင်တုန်ခါသွားစေသည်။
တစ်ဖက်လူ၏ပြင်းထန်သည့်တိုက်ကွက်များကြောင့် ထိုနေရာသို့ဦးစွာရောက်ရှိသွားသည့် ကျားနဂါးဆရာတော်နှစ်ပါးမှာ ရင်ထိတ်သွားကြပြီး သူတို့၏လက်ဝါးများကိုမြောက်၍ပြိုင်တူတိုက်ခိုက်လိုက်ကြသည် ။
" ဖြန်း...."
လက်ဝါးလေးဖက်ဆုံတွေ့ရာမှ ကြီးမားသည့်အားလှိုင်းတစ်ခုထွက်ပေါ်လာသည်
နှစ်ယောက်တစ်ယောက်ရင်ဆိုင်ရခြင်းဖြစ်သည့်တိုင် အဖြူရောင်ဝတ်စုံဝတ်လူကသူ၏နေရာတွင်ရပ်နေဆဲဖြစ်ပြီး ကျားနဂါးဆရာတော်နှစ်ပါးကား ဒယီးဒယိုင်ဖြင့်နောက်ဆုတ်သွားကြသည်။
သူတို့၏မျက်နှာများထက်၌ အံ့သြတုန်လှုပ်သည့်အမူအယာများရှိနေကြသလို နောက်ဆုတ်ပြီးမကြာမီ သွေးတစ်ပွတ်စီအန်ထုတ်လိုက်ကြရသည် ။
" ဝေါ့ .. ဝေါ့....."
လက်ဝါးချက်ထဲတွင်ပါဝင်သည့်အတွင်းအားကသူတို့ထက်များစွာသာလွန်ရာ ဆရာတော်နှစ်ပါးမှာမည်သို့မှမဟန်နိုင်ဘဲ သွေးအန်လိုက်ကြခြင်းဖြစ်၏။
ရှေ့ဆင့်နောက်ဆင့်ဆိုသလို အတွင်းဒဏ်ရာကိုယ်စီရှိသွားသည့်ဆရာတော်နှစ်ပါးကြောင့် ကျန်ဆရာတော်များပင်ကိုယ်ရှိန်သပ်လိုက်ကြသည်။
" သိုင်းဝိဇ္ဇာလား...."
လူအုပ်တွင်းရှိလူများလည်း အဖြူရောင်ဝတ်စုံဝတ်လူ၏သိုင်းပညာကြောင့် တုန်လှုပ်သွားကြသည်။
အစွမ်းထက်သိုင်းထိပ်သီးများဖြစ်သည့်ကျားနဂါးဆရာတော်နှစ်ပါးကိုပင် တစ်ကွက်ထဲဖြင့်ဒဏ်ရာရစေသည်က သူတို့အားလုံးကို ကြောက်လန့်သွားစေပေသည်။
အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေး၏သိုင်းပညာကပင်သူတို့ကို အံ့ဩတကြီးဖြစ်စေရာ ယခု နောက်ထပ်လူနှစ်ယောက်၏သိုင်းပညာက အမှန်ပင်ထိတ်လန့်စေခြင်းဖြစ်၏။
တစ်ဖက်တွင် ဝင်္ကပါအတွင်းခုန်ဝင်သွားသည့်အဖြူရောင်ဝတ်စုံဝတ်လူက သူ၏လက်နှစ်ဖက်ကို အဆက်မပြက်ဝေ့ယမ်းလိုက်ပေသည်။
" ဝုန်း....ဝုန်း....."
အားအင်ပြင်းထန်လှသည့်လက်သီးချက်များက ဆက်တိုက်တိုးဝင်လာရာ မိန်းမငယ်လေးကိုအနိုင်ရတော့မည့် လောဟန်ဘုန်းကြီးများလည်း အရေးမသာတော့ဘဲ နောက်ဆုတ်ပေးလိုက်ကြရသည်။
ဤသို့ဖြင့် အဖြူရောင်ဝတ်စုံဝတ်လူက မိန်းမငယ်လေးကိုခေါ်ကာ လျှင်မြန်စွာနောက်ဆုတ်သွားပေသည်။
တစ်ဖက်လူ၏သိုင်းပညာက သူတို့တတ်နိုင်သည့်ဘောင်အတွင်းမှကျော်လွန်နေပြီဖြစ်မှန်းရိပ်စားမိလိုက်ရာ ကျန်ဘုန်းကြီးများလည်းသူတို့၏ခေါင်းဆောင်ဆရာတော်ရွှမ်းချင်ကိုကြည့်လိုက်မိကြသည်။
လက်ရှိအချိန်၌ ဆရာတော်ရွှမ်းချင်၏အမူအယာက လုံးဝပျက်ယွင်းနေပြီး သူ၏တင်းမာသည့်မျက်နှာထက်တွင် ခံပြင်းမှုနှင့် ဒေါသများကိုတွေ့မြင်နိုင်သည် ။
သာမန်လူများနှင့်မတူဘဲ သိုင်းပညာမြင့်မားသည့်ဆရာတော်ရွှမ်းချင်မှာ အဖြူရောင်ဝတ်စုံဝတ်၏သိုင်းပညာက သိုင်းဝိဇ္ဇာအဆင့်သို့မရောက်သေးဘဲ သိုင်းဝိဇ္ဇာတစ်ဝက်သာဖြစ်သည်ကိုကောင်းစွာရိပ်စားမိသည်။
သိူ့သော် ထိူအဆင့်ကပင် သူတိူ့အနိုင်မယူနိုင်သည့်အဆင့်ဖြစ်ပြီး လောဟန်တစ်ရာ့ရှစ်ကွက်ဝင်္ကပါအသေး သို့မဟုတ် လောဟန်ဆယ့်ရှစ်ပါးဝင်္ကပါက သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ကိုဟန့်တားနိုင်ခြင်းမရှိပါချေ။
လွန်ခဲ့သည့်ဆယ်နှစ်ခန့်ကကျောင်းတော်သို့ကျူးကျော်လာသည့်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်လူတစ်ယောက်၏လက်ထဲတွင်အပြက်အသက်ရှုံးနိမ်ါခဲ့ပြီးနောက် ဆရာတော်ရွှမ်းချင်မှာ သူကိုယ်တိုင်သိုင်းပညာကိုကျားကုတ်ကျားခဲလေ့ကျင့်သလိုသူ၏တပည့်များကိုလည်းယခင်ကထက်ပြင်းပြင်းထန်ထန်လေ့ကျင့်ပေးခဲ့သည်။
ဆယ်နှစ်အတွင်းသူတို့၏သိုင်းပညာများက ပို၍တိုးတက်လာကြသည့်တိုင်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တစ်ယောက်ကိုအမှန်တကယ်တိုက်ခိုက်ရာတွင် အရေးမသာဘဲရှိနေဆဲပင်။
တိုက်ပွဲက ခေတ္တရပ်တန့်သွားပြီး ဆရာတော်ရွှမ်းချင်နှင့် ကျားနဂါးဘွဲ့ရဆရာတော်များမှာ အဖြူရောင်ဝေါယာဉ်ကိုဘေးပတ်လည်မှဝိုင်းထားသည့်တိုင် ဆက်လက်တိုက်ခိုက်ခြင်းမရှိကြပေ။
တစ်ဖက်လူများကိုတိုက်ခိုက်ရန်ထွက်ပေါ်လာသည့်ကျားနဂါးဆရာတော်ရှစ်ပါးထဲမှတိုက်ပွဲမစမီက အတွင်းဒဏ်ရာရရှိသွားရာ ကျန်ခြောက်ပါးဖြင့်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ကိုတိုက်ခိုက်ရန်မလွယ်ကူပါချေ။ ။
တံခါးနီအဆောင်တွင် နောက်ထပ်ကျားနဂါးဆရာတော်များကျန်ရှိနေသေးသော်လည်း နောက်ထပ်လူများစွာဖြည့်ကာ တစ်ဖက်လူများကိုအင်အားကုန်သုံးကာတိုက်ခိုက်ပါက သူတို့၏ဂုဏ်သိက္ခာပင်ကျန်ရှိမည်မဟုတ်တော့ပေ။
ထိုနည်းတူ ဆရာတော်ရွှမ်းချင်ဦးဆောင်သည့် လောဟန်ဆယ့်ရှစ်ပါးကလည်း ကျန်သိုင်းသမားတစ်ယောက်ကိုမယှဉ်နိုင်ဘဲရှိနေရာ လက်ရှိအခြေအနေက ရှောင်လင်ကျောင်းတော်အတွက် လုံးဝအရေးမသာလှပါချေ။
" အစ်ကိုကြီး ဘာလုပ်နေတာလဲ ကျုပ်တို့သွားတိုက်ကြမယ်လေ...."
ထိုမြင်ကွင်းကိုကြည့်ရှုရင်း ဒေါသထွက်နေသည့်ကြွယ်ယန်က ရှောင်ယောင်တို့ကိုပြောလိုက်သည် ။
ရှောင်လင်၏တပည့်တစ်ဦးအနေဖြင့် ယခုလိုတစ်ဖက်လူများက ကျောင်းတော်ကိုအနိုင်ယူနေခြင်းကို ကြွယ်ယန်တစ်ယောက်မည်သို့မှလက်ပိုက်ကြည့်နိုင်စွမ်းမရှိပေ။
သို့သော် ရှောင်ယောင်က ခေါင်းယမ်းပြကာ ပြန်ပြောလိုက်သည်။
" နေပါဦး.....ဒီလူတွေထဲမှာ ရှောင်လင်နဲ့ပတ်သတ်တဲ့သိုင်းထိပ်သီးတွေက ငါတို့တင်မဟုတ်ဘူး ဒါပေမယ့်သူတို့ကမလှုပ်ရှားကြသေးဘူး ။
ဘာလိုဘလဲဆိုတော့ ဝါစဉ်ကြီးဆရာတော်တွေရဲ့အမိန့်မပါဘဲလှုပ်ရှားရင် ငါတို့ကတစ်ဖက်လူတွေကို ဝိုင်းပြီးအနိုင်ကျင့်သလိုဖြစ်မှာပေါ့ ။
ဒါဆိုရင် ကျောင်းတော်ရဲ့ဂုဏ်သတင်းကလည်းပိုပြီးကျဆင်းရလိမ့်မယ်။ အခုတောင် အင်အားအတော်များများထုတ်သုံးပြီးတာကိုတစ်ဖက်လူတွေကိုအနိုင်မယူနိုင်သေးဘူး...."
ရှောင်ယောင်၏စကားကြောင့် ကြွယ်ယန်လည်းလူအုပ်တွင်းရှိ သူ့လိုပင်လက်တပြင်ပြင်ဖြစ်နေသူအချို့ကိုတွေ့မြင်ကာ ငြိမ်သက်သွားတော့သည်။
မှန်ပေသည်။
လက်ရှိရောက်ရှိနေသည့်လူအုပ်ထဲတွင် ကြွယ်ယန်တို့လို ရှောင်လင်အဝေးရောက်သိုင်းသမားများပါဝင်သလို ရှောင်လင်ကျောင်းတော်နှင့်ပတ်သတ်ဆက်နွယ်နေသူများစွာလည်းရှိသည်။
သူတို့အားလူံက လက်ရှိအခြေအနေကို ခံပြင်းဒေါသထွက်နေကြသည့်တိုင် ဝင်မပါကြသေးပေ ။
အကြောင်းကား ဝါစဉ်ကြီးဆရာတော်များ၏အမိန့်မရသေးသည့်အတွက်ဖြစ်ပေသည် ။
အကယ်၍ ဆရာတော်ခုံးဝန်တို့လိုဝါစဉ်ကြီးဆရာတော်များသာအမိန်ပေးပါက ရှောင်လင်နှင့်ဆက်နွယ်နေသူများမဆိုထားနှင့် ဤနေရာသို့ရောက်ရှိနေသည့်အနက်ရောင်သိုင်းသမားများပင် အဖြူရောင်ဝေါယာဉ်ကိုဝိုင်းဝန်းတိုက်ခိုက်ကြပေမည်။
ထိုအခါ အဖြူရောင်ဝေါယာဉ်နှင့်ထူးခြားသည့်လုများမှာ မည်မျှအစွမ်းထက်ပါစေ အတောင်ပေါက်လျှင်ပင်လွတ်မြောက်နိုင်မည်မဟုတ်ဘဲ သိုင်းလောကသားများ၏လက်ချက်ဖြင့်အမှုန့်ကြိတ်ခံရပေမည်။
သို့သော် ထိုသို့ပြုလုပ်လိုက်ပါက ရှောင်လင်ကျောင်းတော်၏ဂုဏ်သိက္ခာကကုန်းကောက်စရာကျန်တော့မည်မဟုတ်ဘဲ ထိုအချက်ကိုဂရုစိုက်နေရ၍လည်း သူတို့ကိုယ်တိုင်ဝင်မပါသေးခြင်းဖြစ်သည် ။
ထိုအခိုက် နှစ်ဘက်အင်အားစုများကြားသို့ အဖြူရောင်အရိပ်တစ်ခုလှစ်ခနဲရောက်ရှိလာပြီး လူရိပ်၏ကောင်းမွန်လှသည့်ကိုယ်ဖော့ပညာကြောင့် သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားနှစ်ယောက်ပင်အလေးအနက်ဖြစ်သွားကြသည်။
ကွင်းပြင်ရှိလူအားလုံးလည်း နောက်ထပ်ဝင်ရောက်လာသည့်လူကိုကြည့်လိုက်မိသည့်အခါ သူတို့၏အမူအအယာများက ပြောင်းလဲသွားကြသည်။
အသက်သုံးဆယ်ဝန်းကျင်ခန့်ရှိပြီး အဖြူရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်လူရွယ်က ယောင်္ကျားပီသချောမောလွန်းလှသည် ။
ဓားသဏ္ဍာန်မျက်ခုံးမွှေးများက ထူထဲဖြောင့်တန်းနေပြီး စူးရှသည့်အကြည့်များနှင့်ပိရိသည့်နှုတ်ခမ်းတို့က သူ၏ရုပ်သွင်ကိုပို၍ပင်ခန့်ညားစေသည်။
ထိုလူရွယ်က လူတစ်ထောင်တွင်တစ်ယောက်မရှိအောင်ချောမောခန့်ညားလှသူဖြစ်ရကား ဤနေရာတွင်ရှိနေသည့် မိန်းကလေးအများစုမှာ လူရွယ်၏ရုပ်ရည်ဖြင့်ပင်ဆွဲဆောင်ခံလိုက်ကြရသည် ။
" ရွှမ်းစီး.....မင်းကဘာဖြစ်လို့ကြားဝင်လာတာလဲ...."
ဆရာတော်ရွှမ်းချင်က အဖြူရောင်ဝတ်စုံဝတ်လူရွယ်ကိုအံ့ဩသည့်ဟန်ဖြင့်မေးလိုက်သည်။
ထိုလူရွယ်၏အမည်က ရွမ်းစီး သို့မဟုတ် ရှန့်စီးယန်ဖြစ်ကာ ရှောင်လင်၏ပါရမီရှင် ၊ ပါရမီရှင်သိုင်းလုလင်ဆိုသည့်ဂုဏ်ပုဒ်များစွာဖြင့်ကျော်ကြားသည့်လူငယ်ဖြစ်ပေသည် ။
သိုင်းလောကအများစုကသူ့ကိုသိရှိကြသည်မှာ လူငယ်ထိပ်သီးဆယ်ယောက်စာရင်းနံပါတ်နှစ် နတ်နဂါးရှန့်စီးယန်ဟူ၍ဖြစ်၏။
ဆရာတော်ရွှမ်းချင်၏မေးခွန်းကြောင့် အဖြူဝတ်စုံဝတ်လူရွယ်က ခပ်ဝေးဝေးတွင်ရှိနေသည့်ဝါစဉ်ကြီးဆရာတော်များကိုအရိုအသေပေးကာပြောလိုက်သည်။
" ဂိုဏ်းတူဦးလေးတို့.....ဒီက မိတ်ဆွေတွေက ကျုပ်တို့ အင်အားစုသုံးခုနဲ့ ရင်းရင်းနှီးနှီးပတ်သတ်နေတဲ့လူတွေပါ။
ပြီးဝောာ့ အခုရောက်လာတယ်ဆိုကလည်း ကျောင်းထိုင်ဆရာတော်ကြီးကို ဂါရဝပြုဖို့အတွက်ပါ ဒါကြောင့် ဂိုဏ်းတူဦးလေးတို့က ခွင့်ပြုပေးနိုင်မလား...."
ရှန့်စီးယန်၏စကားက ထူးခြားသည့်လူများအတွက်တောင်းဆိုပေးနေခြင်းဖြစ်၍ သိုင်းလောကသားများမှာ အံ့အားသင့်သွားကြပြန်သည်။
&&&