ပြဿနာများကြီးထွားခြင်း
Vol. 4 Ch. 15
ရှောင်လင်၏ပါရမီရှင်ဖြစ်သည့်ရှန့်စီးယန်မှာ လူဝတ်လဲပြီးသည့်နောက်တွင်ပင် ရှောင်လင်၏အဝေးရောက်သိုင်းသမားအဖြစ်သိုင်းလောကတွင်ကျင်လည်ခဲ့သည်။
ထို့အပြင် သူ၏မြင့်မားသည့်သိုင်းပညာနှင့် ဖြောင့်မတ်သည့်သဘောထား၊ ကြင်နာတတ်သည့်စိတ်နှလုံးတို့ကြောင့် သိုင်းလောကသားများ၏လေးစားခြင်းကိုခံရကာ ချောမောခန့်ညားလှသည့်ရုပ်သွင်ကြောင့်လည်းများစွာသောမိန်းကလေးများ၏ အိပ်မက်နတ်သားအဖြစ်နေရာယူထားသူဖြစ်ပေသည်။
ယခု ရှန့်စီးယန်က ထူးဆန်းသည့်လူများအတွက်တောင်းဆိုပေးနေသည့်အပြင် သူ၏နောက်ခံကိုပါထုတ်ဖော်နေရာ အများစုကအံ့အားသင့်ရုံသာဖြစ်သော်လည်း ဤနေရာရှိထိပ်တန်းအင်အားစုမှလူများမှာ ပို၍ပင်အလေးအနက်ဖြစ်လာကြသည်။
အကြောင်းကား ရှန့်စီးယန်၏နောက်ထပ်ဂုဏ်ပုဒ်တစ်ခုက သုံးပွင့်ဆိုင်မဟာမိတ်ဟုလူသိများသည့်အင်အားစုသုံးခုတွင်ပါဝင်သည့် ပညာရှိစံအိမ်စခင်လေးဖြစ်နေခြင်းကြောင့်ပင် ။
" ငါထင်သားပဲ ဒီကောင်က အခုလိုမျိုးဟန်ထုတ်တော့မယ်လို့ ...."
ကြွယ်ယန်ကမနာလိုသည့်လေသံဖြင့်မကျေမနပ်ပြောလိုက်သည်။
ရှန့်စီးယန်ကို မလိုလားဟန်တူသည့် သူ၏စကားကြောင့် ဟောင်ရန်ကအံ့ဩသွားသော်လည်းကြွယ်ယန်၏အကြောင်းကိုကောင်းစွာသိရှိနေသည့်ရှောင်ယောင်တို့ကားမည်သို့မှမဖြစ်ကြပေ။
ကြွယ်ယန်ဆိုသည့်အကောင်က ရှောင်လင်ကျောင်းသို့မရောက်လာမီကပင် ရှန့်စီးယန်နှင့်သိကျွမ်းခဲ့ဟန်တူကာ ရှန့်စီးယန်ကိုလည်း လုံးဝသဘောကျခြင်းမရှိခဲ့ပေ။
သို့သော် ရှန့်စီးယန်၏လုပ်ရပ်ကိုအများစုက ဇဝေဇဝါဖြစ်နေကြသော်လည်း ဉာဏ်ကောင်းသည့်လူအချို့က သူ၏ရည်ရွယ်ချက်ကိုရိပ်စားမိကာ ရှောင်ယောင်လည်း ခေါင်းညိမ့်၍ပြောလိုက်သည် ။
" သူက အဲဒီလူတွေနဲ့သိကျွမ်းနေတဲ့ပုံပဲ။ ဒါကြောင့် သူတို့လည်း အပြစ်မလုပ်မိအောင် ကျောင်းတော်လည်းမျက်နှာမပျက်ရအောင်ကြားထဲက ဝင်ပြီးဖြန်ဖျေပေးနေတာ ...."
ရှောင်ယောင်၏ရှင်းပြမှုကြောင့် ကြွယ်စင်းတို့မှာ ရှန့်စီးယန်၏ရည်ရွယ်ချက်ကိုကောင်းစွာသဘောပေါက်သွားကြသည်။
ထိုအချိန်တွင် ဝေါယာဥ်တွင်းမှစကားသံက ထွက်ပေါ်လာသည်။
" သူက ဘယ်သူလဲ...."
ထိုမေးခွန်းကြောင့်သိုင်းလောကသားများမှာ ပို၍ပင်စိတ်ရှုပ်ထွေးသွားကြသည်။
အကြောင်းကား ရှန့်စီးယန်ကိုယ်တိုင်က ထိုလူများနှင့်သူကောင်းစွာသိရှိသည်ဟုပြောဆိုခဲ့သည့်တိုင် တစ်ဖက်လူများက သူ့ကိုသိရှိဟန်မတူ၍ဖြစ်သည်။
သို့သော် အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးက ရှန့်စီးယန်ကို စူးစိုက်ကြည့်ကာ အကဲခပ်နေပြီး တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် ဝေါယာဉ်အနီးသို့ကပ်ကာတီးတိုးပြောလိုက်သည်။
သူမ၏စကားအဆုံးတွင် ဝေါယာဉ်ထဲရှိလူ၏စကားသံနောက်တစ်ကြိမ်ထွက်ပေါ်လာပြန်သည် ။
" ဆိုတော့ ရှင်က ဦးလေး ရှန့်ရဲ့သားလား....."
ချိုသာကြည်လင်ပြီး သူကြားဖူးသမျှအသံများထဲတွင် အကောင်းမွန်ဆုံးဖြစ်လှသည့်ထိုအသံလေးကြောင့် ရှန့်စီးယန်လိုတည်ငြိမ်သူတစ်ဦးပင်သက်ပြင်းချမိသည် ။
သို့သော် တစ်ဖက်လူ၏မေးခွန်းကိုအချိန်မဆိုင်းဝံ့ဘဲ အရိုအသေပေး၍ပြန်ဖြေလိုက်သည်။
" ဟုတ်ပါတယ််သခင်မလေး ကျုပ်က ပညာရှိစံအိမ်သခင်ရှန့်ချင်းမန်ရဲ့သားကြီးပါ ။ ပြီးတော့ ရှောင်လင်ရဲ့အဝေးရောက်သိုင်းသမားတစ်ဦးပါ...."
ရှန့်စီးယန်၏လေသံက မောက်မာခြင်းနှိမ့်ချခြင်းမရှိဘဲ တည်ငြိမ်ကာကျော်ကြားသည့်သိုင်းသမားတစ်ဦး၏ဂုဏ်ပုဒ်နှင့်လိုက်ဖက်ပေသည် ။
သို့သော် သူ၏အမူအယာကိုအကဲခပ်ရခြင်းဖြင့် ရှန့်စီးယန်ပင် ဝေါယာဉ်တွင်းမှလူကိုအတော်လေးဂရုတစိုက်ဖြင့်ဆက်ဆံနေသည်ကိူသတိထားမိမည်ဖြစ်သည်။
ထိုအချိန်တွင် သူတို့၏အနီးသို့ အဝါရောင်အရိပ်တစ်ရိပ်ရိပ်ခနဲရောက်ရှိလာသည် ။
ထိုလူရိပ်က ကြံ့ခိုင်သန်မာသည့်ခန္တာကိုယ်နှင့်ဆရာတော်ကြီးတစ်ပါးဖြစ်ပြီး အဖြူရောင်ဝေါယာဉ်ကိုစူးစိုက်ကြည့်ကာ ရှန့်စီးယန်ကိုမေးလိုက်သည်။
" ရှန့်အာ သူတို့ကဘယ်သူတွေလဲ ...."
နောက်ထပ်ရောက်ရှိလာသည့်ဘုန်းကြီးက ရှောင်လင်ကျောင်းတော်၏စည်းကမ်းထိမ်းသိမ်းရေးအဆောင်မှူးဆရာတော်ခုံးယင်ပင်ဖြစ်သည်။
ဒေါသကြီးကာစိတ်မြန်ပြီး တင်းမာခတ်ထန်သည့်ဆရာတော်ခုံးယင်က ရှန့်စီးယန်ကိုနူးညံ့စွာဆက်ဆံသည်ကိုတွေ့မြင်ရမည်ဖြစ်ပြီး လူထွက်ပြီးသည့်တိုင် ရှန့်စီးယန်က သူ၏အချစ်ဆုံးတပည့်တစ်ယောက်ဖြစ်နေသည်မဟုတ်လား။
သူ၏ဆရာပါအနီးသို့ရောက်ရှိလာ၍ရှန့်စီးယန်က အနည်းငယ်စိတ်အိုက်သွားဟန်တူသော်လည်း သူ၏ဆရာကို အရိုအသေပေးလိုက်ပြီး စကားလုံးများကိုအသေအချာရွေးချယ်ကာ ရှင်းပြလိုက်သည်။
" သူတို့ရဲ့အကြောင်းကိုရှင်းပြဖို့ခက်ခဲပေမယ့် မကောင်းတဲ့လူတွေမဟုတ်ဘူးဆိုတာ တပည့်အာမခံဝံ့ပါတယ်။
ပြီးတော့ ကျနော်တို့အင်အားစုသုံးခုရဲ့တည်ထောင်သူဘိုးဘေးတွေက သူတို့ရဲ့လက်အောက်ငယ်သားတွေဖြစ်ခဲ့ဖူးပါတယ် ။
ဒါကြောင့် ဆရာတို့အနေနဲ့ စောစောက အထင်လွဲမှုလေးတွေကို ကျေအေးပေးနိုင်မလား....."
ရှန့်စီးယန်က အမှန်ပင်စကားပြောကောင်းလှသူတစ်ဦးဖြစ်သည်။
အစောပိုင်းကပင် နှစ်ဘက်အင်အားစုမှလူများတိုက်ခိုက်နေကြသည်ကို သေးငယ်သည့်အထင်လွှဲမှုအဖြစ်လျော့ချလိုက်ပြီးနောက် တစ်ဖက်လူ၏အင်အားကိုအရိပ်အမြွတ်သတိပေးလိုက်သေးသည်။
ထိုနည်းတူ တစ်ဖက်မှလူများ၏အပြစ်မဟုတ်ဟုလည်း လှည့်ပတ်ပြောဆိုလိုက်ပြီး သူ၏လိမ္မာပါးနပ်မှုက အတော်ပင်ထူးချွန်လှသည်ဟုဆိုရမည်။
ကံမကောင်းစွာဖြင့် သူဖြောင်းဖျပေးရသည့်လူက အခြားဝါစဉ်ကြီးဆရာတော်တစ်ပါးပါးဖြစ်လျှင်လက်ခံကောင်းလက်ခံနိုင်သော်လည်း သူ့ဆရာ၏ဒေါသကြီးမှုနှင့်တဇွတ်ထိုးဆန်မှုကို ရှန့်စီးယန်တစ်ယောက်မေ့လျော့သွားလေသည်။
" ရှန့်အာ ဘေးဖယ်နေစမ်း....ဒီနေ့ ကျောင်းထိုင်ဆရာတော်ရဲ့နောက်ဆုံးဈာပနပဲ ဘယ်သူမှလာနှောင့်ယှက်လို့မရဘူး။
လာနှောင့်ယှက်တဲ့လူမှန်သမျှကိုလည်း ထိုက်တန်တဲ့အပြစ်ပေးရမယ်။ ဒါမှ ငါတို့ရှောင်လင်ကျောင်းတော်ကို ဘယ်သူမှအထင်မသေးနိုင်မှာ...."
ဆရာတော်ခုံးယင်၏စကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူများ၏မျက်နှာပင်အနည်းငယ်အေးစက်သွားကြသည် ။
မူလက ရှန့်စီးယန်၏ကြားဝင်မှုကြောင့် သူတို့အနေဖြင့်တစ်ခွန်းမှဝင်မပြောသော်ငြား ယခုအခါ ဆရာတော်ခုံးယင်က သူတို့ကိုလုံးဝမျက်နှာသာမပေးပါချေ။
ထို့ကြောင့် အဖြူရောင်ဝတ်စုံဝတ်လူတစ်ယောက်က အေးစက်စက်အသံဖြင့်ပြောလိုက်သည် ။
" ရှောင်လင်ကျောင်းတော်ဆိုတာ ကြီးမြတ်တဲ့ဝူအင်ပါယာခေတ်ကိုရောက်မှ သိုင်းလောကထဲမှာတူတူတန်တန်နေရာရလာတဲ့အင်အားစုတစ်ခုမဟုတ်လား။
ကျန်တဲ့ဂိုဏ်းကြီးငါးဂိုဏ်းကလည်းသိပ်တော့မထူးလှပါဘူး ။ ခြောက်နိုင်ငံစစ်ပွဲမှာသာ ဝူအင်ပါယာပြည့်ရှင်ကိုကူညီပြီးတိုက်ခိုက်မပေးခဲ့ရင် ဘယ်လိုလုပ်သိုင်းလောကထိပ်ဆုံးကိုရောက်လာမှာလဲ....."
အဖြူရောင်ဝတ်စုံဝတ်လူ၏စကားအဆုံး၌ လူအုပ်ကြီးက လုံးဝပင်ငြိမ်သက်သွားလေသည်။
သူတို့၏မျက်လုံးများကပုစွန်မျက်လုံးများလိုပြူးကျယ်သွားကြပြီး စိတ်ထဲတွင် အံ့ဩတုန်လှူပ်ကာလုံးဝမယုံကြည်နိုင်အောင်ဖြစ်နေမိကြ၏။
အကြောင်းကား အဖြူရောင်ဝတ်စုံဝတ်လူ၏စကားများက သိုင်းလောကအဓိပတိရှောင်လင်ကျောင်းတော်ကိုပြောင်ပြောင်တင်းတင်းစော်ကားလိုက်ခြင်းသာဖြစ်၏။
ယခုလိုလုပ်ရပ်မျိုးကိုကျော်ကြားသည့်အနက်ရောင်သိုင်းဝိဇ္ဇာများပင်မပြောဝံ့သော်ငြား သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သာရှိသည့်လူကား အကြောက်အလန့်မရှိစွာဖြင့်ပြောဆိုလျက်ရှိပေသည်။
လုံးဝငြိမ်သက်သွားသည်က အသက်ရှူချိန်အနည်းငယ်သာဖြစ်ပြီး လူအုပ်အတွင်းရှိ အချို့က ဆရာတော်ခုံးယင်၏အနီးသို့အလျှိုလျှိုရောက်ရှိလာကြသည်။
ဝူတန်းဂိုဏ်း၏အကြီးအကဲချန်းရှောက် ၊ ခွန်လွန်ဂိုဏ်းချုပ်ကြီးမာရှောင်ကျင်းနှင့် တေလေဂိုဏ်းမှအဖိုးအိုကျန်းအပါအဝင် ဂိုဏ်းကြိးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာအဆင့်လူခြောက်ယောက်က အဖြူရောင်ဝေါယာဉ်၏အနီးသို့ရောက်ရှိနေကြလေပြီ။
သူတို့၏မျက်နှာထက်တွင်တင်းမာသည့်အမူာများကအထင်းသားရှိနေပြီး အဖြူရောင်ဝေါယာဉ်ကိုတိတ်ဆိတ်စွာကြည့်ရှုနေကြသည် ။
အစောပိုင်းက အဖြူရောင်ဝတ်စုံဝတ်လူ၏စကားက ရှောင်လင်ကျောင်းတော်ကိုသာမက သူတို့ဂိုဏ်းကြီးငါးဂိုဏ်းကိုလည်းစော်ကားလိုက်ခြင်းဖြစ်သည်။
စဉ်းစားတက်သည့်မည်သူမဆို ယခုကိစ္စ၏အတိမ်အနက်ကိုသိရှိနိုင်ကာ ထောင်ဂဏန်းခန့်ရှိမည့်လူအုပ်ကြီးမှာ လုံးဝငြိမ်သက်နေပေသည်။
အံ့ဩဖွယ်ကောင်းစွာဖြင့် ယခုအချိန်ထိခေါင်းတလားအနီးမှကျန်ဆရာတော်များလှုပ်ရှားမည့်ဂန်မတူသလို ဝေါယာဉ်တွင်းမှလူကလည်း ထွက်လာမည့်ဟန်မပြသေးပေ။
" ခုံးယင်ကိုပြန်ခေါ်တာကောင်းလိမ့်မယ် အစ်ကိုတော် ....."
တာမောအဆောင်မှူးဆရာတော်ခုံးရှက လောဟန်အဆောင်မှူးဆရာတော်ခုံးဝန်ကိုခပ်တိုးတိုးပြောလိုက်သည်။
ကျောင်းတော်ရှိဝါစဉ်ကြီးဆရာတော်များထဲတွင်စိတ်ထားအနူးညံ့ဆုံးဖြစ်သည့်ဆရာတော်ခုံးရှမှာ သူ့ကြောင့်တစ်စုံတစ်ယောက်ထိခိုက်မည်ကိုလုံးဝအလိုမရှိသလို တိုက်ခိုက်ရခြင်းကိုလည်း သဘောမကျသည့်လူတစ်ယောက်ဖြစ်သည်။
ထို့ကြောင့်ပင်သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိပြီးသည်က နှစ်ပေါင်းများစွာကြာမြင့်သည့်တိုင် သိုင်းလောကသို့အကြိမ်အနည်းငယ်သာဆင်းခဲ့ခြင်းဖြစ်သည်။
ဆရာတော်ခုံးရှ၏စကားကို တံခါးနီအဆောင်မှူး ဆရာတော်ခုံးတုက ငြင်းပယ်လိုက်သည်။
" ညီတော်ခုံးယင်ရဲ့လုပ်ရပ်ကမှန်တယ်လို့ ငါတော့ထင်တယ် ရှောင်လင်ကျောင်းတော်ဆိုတာ လမ်းဆုံလမ်းခွက ဇရပ်မဟုတ်ဘူး လာချင်တိုင်းလာပြန်ချင်တိုင်းပြန်လိုမရသလို စော်ကားတဲ့လူတွေကိုလည်း အလွတ်ပေးလို့မရဘူး...."
ဆရာတော်ခုံးတုက တံခါးနီဆောင်ထဲတွင် အေးချမ်းစွာနေပြီး ကျောင်းတော်၏ကိစ္စများကိုများစွာဝင်မပါသည့်တိုင် သူဒေါသထွက်မိလျှင် ဆရာတော်ခုံးတုထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းလေသည်။
ထို့အပြင် ကျောင်းထိုက်ဆရာတော်ကိုလွန်စွာလေးစားကြည်ညိုသူတစ်ဦးအနေဖြင့် တစ်ဖက်လူများ၏လုပ်ရပ်ကသူ၏စိတ်ကိုတင်းမာခတ်ထန်စေသည်။
အစောပိုင်းကသာဆရာတော်ခုံးယင်ဦးစွာသွားရောက်ခြင်းမရှိပါက ထိုလူများကိုသူကိုယ်တိုင်သွားရောက်ဆုံးမပေလိမ့်မည်။
ဆရာတော်ခုံးယင်ကို မဟန့်တားနိူင်ခဲ့သည့်အပြင် ဆရာတော်ခုံးတု၏သဘောထားကြောင့် ဆရာတော်ခုံးရှမှာ ပို၍အကြပ်တွေ့သွားဟန်တူသည်။
သူတို့၏ခေါင်းဆောင်လိုဖြစ်နေပြီး လက်ရှိပြဿနာကိုဟန့်တားနိုင်သည့် ဆရာတော်ခုံးဝန်ကိုအားကိုးတကြီးကြည့်လိုက်သော်လည်း ဆရာတော်ခုံးဝန်၏အမူအယာကတည်ငြိမ်နေကာ တစ်စုံတစ်ခုကိုလေးလေးနက်နက်တွေးတောနေသည့်အလားပင်။
သူတိူ့ထဲတွင် ဝါစဉ်အကြီးဆုံးဖြစ်ပြီး သိုင်းပညာအမြင့်ဆုံးဖြစ်သည့် ပိဍိကတ်ဆရာတော်ကားခေါင်းတလားနှင့်အနီးဆုံးတွင်သာရှိနေကာ ပြင်ပအခြေအနေများကို သတိပြုမိဟန်ပင်မတူပေ။
ထိုအချိန်တွင် သိုင်းထိပ်သီးများ၏တိုက်ပွဲမှစ၍ သိုင်းဝိဇ္ဇာအဆင့်ပုဂ္ဂိုလ်များဝင်ပါသည်အထိရောက်ရှိလာရာ အခြေအနေမည်မျှပြင်းထန်နေသည်ကိုတွေးကြည့်ရုံသာတတ်နိုင်သည်။
ယခုလိုအခြေအနေမျိုးတွင် သိုင်းလောက၏ညီညွတ်ရေးကိုထိမ်းညှိသူဆိုသည့် သိုင်းမဟာမိတ်ပင် ဝင်ပါရန်သတ္တိမရှိပါချေ။
ထိုနည်းတူ ကျန်ထိပ်တန်းအင်အားစုမှလူများလည်း တိတ်ဆိတ်စွာစောင့်ကြည့်နေကြပြီး ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများကိုရင်ဆိုင်နေရသည့်တိုင် တစ်စက်ကလေးမှခေါင်းမငုံ့သည့်အဖြူရောင်ဝေါယာဉ်နှင့်ထူးဆန်းသည့်လူများကို စိတ်ဝင်စားစွာအကဲခပ်နေကြသည် ။
အံ့ဩဖွယ်ကောင်းစွာဖြင့် အဖြူရောင်ဝေါယာဉ်တွင်းမှလူက အပြင်သို့ထွက်လာမည့်ဟန်မတူသေးသလို သူ၏အစေခံဖြစ်ဟန်တူသည့်မိန်းမငယ်လေး၏မျက်နှာထက်တွင်ပင် ကြောက်လန့်သည့်ပုံစံတစ်ချက်မတွေ့ရခြင်းဖြစ်သည် ။
&&&&