သွေးလောင်ကျွမ်းခြင်းနည်းစနစ်
Vol. 4 Ch. 15
ထိုစဉ် နှစ်ဘက်အုပ်စုအလယ်ရှိ ရှန့်စီးယန်ကား မည်သို့ဆက်လုပ်ရမည်မသိဘဲအကြပ်ရိုက်လျက်ရှိသည်။
သူ့ဆရာ၏ဒေါသနှင့်တဇွတ်ထိုးဆန်မှုကိုကောင်းစွာသိရှိသည့်အပြင် တစ်ဖက်လူများကလည်း သိုင်းလောကတစ်ခုလုံးကိုပင်ဂရုမစိုက်သူများဖြစ်နေရာ မည်သူအလျော့ပေးမည်မဟုတ်ကြပေ။
ထိုကြားထဲ ဂိုဏ်းကြီးငါးဂိုဏ်းမှလူများပါအရှုပ်အတွင်းဝင်ရောက်လာသည့်အခါ လက်ရှိပြဿနာက သူကိုင်တွယ်နိုင်သည်ထက်ပို၍ကျော်လွန်နေပြီဖြစ်မှန်းရိပ်စားမိလိုက်သည်။
ထိုစဉ် ဝူတန်းဂိုဏ်းမှ အကြီးအကဲချန်းရှောက်က ပြောလိုက်သည်။
" ကောင်လေး ဘေးဖယ်နေစမ်း...ငါတို့ဂိုဏ်းကြီးခြောက်ခုကိုစော်ကားတဲ့ဒီလူတွေကို ကောင်းကောင်းပညာပေးရမယ်....."
အကြီးအကဲချန်းရှောက်၏မျက်နှာက ဒေါသကြောင့်တင်းမာနေပြီး တည်ငြိမ်အေးဆေးသည့်ပုံစံလည်းပျောက်ကွယ်သွားပေသည် ။
မှန်ပေသည်။
ယခုနှစ်များတွင် အကြီးအကဲချန်းရှောက်က တည်ငြိမ်အေးဆေးသည့်အဖိုးအိုတစ်ဦးသဖွယ်ဖြစ်၍ သိုင်းလောကသားအများစုက သူ့ကိုများစွာဂရုမထားမိကြသော်လည်း အချို့လူများကတော့ တစ်ချိန်ကအကြီးအကဲချန်းရှောက်၏ဂုဏ်သတင်းကိုကောင်းစွာအမှတ်ရနေကြဆဲပင်။
ရှေးဟောင်းဓားသိုင်းကျမ်းတစ်ခုဖြစ်သည့်ဓာတ်ကြီးလေးပါးဓားသိုင်းကိုအောင်မြင်ထားပြီး ယခင်သိုင်းထိပ်သီးဆယ်ယောက်စာရင်းတွင်ပင်နံပါတ်နှစ်နေရာ၌ရှိသည့်အကြီးအကဲချန်းရှောက်က သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိပြီးနောက်ပို၍ပင်အစွမ်းထက်လာသည်။
ပို၍အရေးကြီးသည်က အသေးအဖွဲ့ကိစ္စများကိုပင် အကျောမခံဘဲ ဒေါသကြီးသည့်သူ၏စရိုက်ဖြစ်၏။
" အသက်ကြီးပြီးအချိန်မစီးတဲ့အဖိုးကြီး လာလေ..."
အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေး၏စကားသံက အကြီးအကဲချန်းရှောက်၏ဒေါသမီးလျှံကိုလောင်စာထည့်ပေးသည့်အလားပင်။
မည်သည့်အတွက် သိုင်းထိပ်သီးအဆင့်သာရှိသေးသည့်ထိုမိန်းကလေးက အကြောင်အလန့်ကင်းမဲ့ကာ မောက်မာဝံ့ကြွားနေသည်ကိုမည်သူမှစဉ်းစားမရဘဲဖြစ်နေသည် ။
ထိုမိန်းကလေး၏အသက်အရွယ်နှင့်သိုင်းပညာက ရှာမှရှားသည့်ပါရမီရှင်တစ်ယောက်ဖြစ်နေသည့်တိုင် သိုင်းဝိဇ္ဇာအဆင့်ပုဂ္ဂိုလ်တစ်ယောက်က သိုင်းလောက၏ထိပ်တန်းရှိလူများဖြစ်သည်။
ထို့ကြောင့် သူမ၏စကားအဆုံး၌အကြီးအကဲချန်းရှောက်လည်း မိန်းမငယ်လေးကို ခုန်ဝင်သွားကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။
" ဒီနေ့ မင်းတို့ကိုမဆုံးမနိုင်ရင် ငါ့ရဲ့မျိုးရိုးနာမည်ကိုပြောင်းပစ်မယ်....."
အကြီးအကဲချန်းရှောက်က မိန်းမငယ်လေး၏စကားကြောင့်ဒေါသတကြီးဖြစ်သွားသော်လည်း သူ၏ဦးတည်ရာက မိန်းမငယ်လေးဆီသို့မဟုတ်ဘဲ ဝေါယာဉ်အနီးရှိသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်လူနှစ်ယောက်ဆီသို့ဖြစ်သည်။
သူမည်မျှဒေါသထွက်နေပါစေ သူ့ထက်ဝါစဉ်နှစ်ခုနိမ့်ကျသည့်မိန်းကလေးကိုပစ်မှတ်ထားမည်မဟုတ်ဘဲ အစောပိုင်းက ရှောင်လင်ဘုန်းကြီးများနှင့်တိုက်ခိုက်ခဲ့သည့်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်နှစ်ယောက်ကိုသာဦးတည်တိုက်ခိုက်ခြင်းဖြစ်သည်။
ထိုလူနှစ်ယောက် သူ့ထက်သိုင်းပညာနိမ့်ကျနေ၍ အကြီးအကဲချန်းရှောက်က သူအကျွမ်းကျင်ဆုံးဖြစ်သည့် ဓားကိုပင်အသုံးပြုခြင်းမရှိဘဲ လက်ဗလာဖြင့်တိုက်ခိုက်ခြင်းဖြစ်သည်။
သိူ့တိုင် သိုင်းဝိဇ္ဇာတစ်ယောက်၏တိုက်ခိုက်မှုကို သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်လေးငါးယောက်ရှိလျှင်ပင်ခုခံရန်မလွယ်ကူလှပေ။
" ဝုန်း...ဝုန်း...."
အချိန်အနည်းငယ်အတွင်း အတွင်းအားပေါက်ကွဲသံများ ၊ လက်ဝါးရိပ်များထွက်ပေါ်လာပြီး သူတို့သုံးယောက်၏ခန္တာကိုယ်ကလျှင်မြန်စွာရွေ့လျားလျက်ရှိသည် ။
အကြီးအကဲချန်းရှောက်မှာ လက်ဗလာဖြင့်တိုက်ခိုက်နေခြင်းဖြစ်သည့်တိုင် သူ၏တိုက်ကွက်များက လွန်စွာကြောက်စရာကောင်းလှပြီး တစ်ဖက်လူနှစ်ယောက်မှာ သိုင်းကွက်နှစ်ဆယ်မပြည့်မီအောင်စည်းသို့ရောက်ရှိသွားကြသည် ။
သို့သော် နောက်ထပ်သိုင်းဆယ်ကွက်ကျော်အထိ အကြီးအကဲချန်းရှောက်အနိုင်မရသေးဘဲ တစ်ဖက်လူနှစ်ယောက်၏ ပြီးပြည့်စုံသည့်ပူးပေါင်းတိုက်ခိုက်မှူက သူ့ကိုအတော်ပင်ဟန့်တားထားနိုင်ပေသည်။
တစ်ဖက်လူနှစ်ယောက်ကသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သာရှိသည့်တိုင် ပူးပေါင်းတိုက်ကွက်တစ်မျိူးမျိူးကိုအောင်မြင်စွာလေကျင့်ထားနိုင်ပြီး လက်ဝါးနှစ်ဖက်နှင့်လက်သီးနှစ်လုံးက အကြီးအကဲချန်းရှောက်ဆီသို့တစ်လှည့်စီတိုးဝင်လျက်ရှိသည်။
ထို့ကြောင့်လည်းအကြီးအကဲချန်းရှောက်မှာ သိုင်းကွက်ငါးဆယ်နီးပါးရောက်သည်အထိအနိုင်မယူနိုင်သေးဘဲ သူ၏မျက်နှာက ဒေါသကြောင့် ပို၍ပင်နီမြန်းလာသည်။
" ဟူး...."
" ဝုန်း....."
သူတို့သုံးဦး၏တိုက်ပွဲမှထွက်ပေါ်နေသည့်အတွင်းအားလှိုင်းများက ဘေးပတ်ဝန်းကျင်ကိုပင်ပျံ့လွင့်လျက်ရှိသည်။
ဆရာတော်ခုံးယင်နှင့်ကျန်လူများလည်း အကြီးအကဲချန်းရှောက်ကိုပင် ပူးပေါင်းခုခံနိုင်သေးသည့် အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်၏သိုင်းပညာကို အတော်လေးအံ့အားသင့်နေကြသည်။
အစစ်အမှန်သိုင်းဝိဇ္ဇာတစ်ယောက်နှင့်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်၏ကွာခြားချက်က ဟာသ မဟုတ်ဘဲ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမား လေးငါးယောက်ပေါင်းတိုက်လျှင်ပင် သိုင်းဝိဇ္ဇာတစ်ယောက်ကိုခုခံနိုင်မည်မဟုတ်ဘဲ ရှုံးနိမိ့သွားပေမည်။
ယခု အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်က တိုက်ပွဲအစကပင်အရေးနိမ့်နေကြောင်းသိသာထင်ရှားသော်လည်း ယခုအချိန်ထိ မရှုံးနိမ့်သေးခြင်းက သူတို့၏အစွမ်းအစကိုပြသရာရောက်လျက်ရှိသည်။
တိုက်ပွဲကိုကြည့်ရှုနေသည့် လူများလည်းအံ့ဩတုန်လှုပ်နေကြရုံမက ဂိုဏ်းကြီးငါးဂိုဏ်းမှကျန်လူများပင် မည်သို့ဆက်လုပ်ရမည်မသိဘဲဖြစ်နေသည်။
ထိုအခါ သူတို့၏မျက်လုံးများက ခွန်လွန်ဂိုဏ်းချုပ်ကြီးမာရှောင်ကျင်းဆီသို့အလိုလိုကျရောက်သွားပေသည်။
မာရှောင်ကျင်းက သူတို့ထက်ပို၍ငယ်ရွယ်သည့်တိုင် ဉာဏ်ပညာပြည့်စုံပြီး ခေါင်းဆောင်နိုင်စွမ်းရှိလှသည့်လူတစ်ယောက်မဟုတ်လား။
မာရှောင်ကျင်း၏အမူအယာကအနည်းငယ်ထူးခြားနေပြီးသူ၏အကြည့်များက ဝေါယာဉ်နောက်ဘက်မှအဖိုးအိုဆီသို့စူးစိုက်ရောက်ရှိလျက်ရှိသည်။
ပိန်ပိန်ပါးပါးခန္တာကိုယ်နှင့် အသက်ခုနစ်ဆယ်နီးပါးရှိသည့် ထိုအဖိုးအိုကထူးခြားမှုမရှိဘဲ သာမန်ဆန်လှကာ ခါးကုန်းကုန်းနှင့်ဖြစ်သည်။
သူ၏မျက်ဝန်းများက မှေးစင်းလျက်ရှိပြီး ယခုလိုတင်းမာသည့်အခြေအနေသို့ကျရောက်နေသည့်တိုင် ပျင်းရိနေဟန်တူသည်။
ထို့နောက် မာရှောင်ကျင်း၏မျက်ဝန်းများက လက်ခနဲဖြစ်သွားပြီး သူ၏အနီးရှိ ဆရာတော်ခုံးယင်၊ တေလေဂိုဏ်းမှအဖိုးအိုကျန်း ၊ ဝါဆန်းဂိုဏ်းမှအကြီးအကဲနှင့် အော့မေ့ဂိုဏ်းမှအဖွားအိုတို့ကို အသံပို့လွှတ်၍ တစ်စုံတစ်ခုပြောဆိုလိုက်သည်။
မာရှောင်ကျင်း၏စကားကိုနားထောင်ပြီးနောက် အကြီးအကဲများ၏အမူအယာက အံ့အားသင့်သွားဟန်တူသော်လည်း အဖြူရောင်ဝေါယာဉ်နှင့်ခါးကုန်းအဖိုးအိုကိုတစ်လှည့်စီကြည့်ရှုပြီးသည့်နောက်တွင် သဘောတူဟန်ဖြင့်ခေါင်းညိမ့်ပြလိုက်ကြသည်။
ထိုအချိန်တွင် ခေါင်းတလားအနီးရှိ ဆရာတော်ခုံးဝန်ပင်မနေနိုင်ဘဲ မေးလိုက်မိသည်။
" အစ်ကိုတော်ခုံးစန်း....ဟိုလူက လှူပ်ရှားမယ့်ပုံရမဘူး။ တကယ်ပဲ ဒီအတိုင်းဆက်ပြီးထားလို့အဆင်ပြေပါ့မလား...."
ဆရာတော်ခုံးဝန်အကြံဉာဏ်တောင်းလိုက်သူက ပိဍိကတ်အဆောင်မှူးမှလွဲ၍အခြားမဟုတ်ပေ။
ဆရာတော်ခုံးစန်းက သူ၏စကားကိုပြန်မဖြေဘဲ အသာခေါင်းညိမ့်ပြလိုက်ပြီးမှ ဖြေးညင်းစွာပြောလိုက်သည်။
" အသင့်ပြင်ထား ....ဒီတစ်ကြိမ် မင်းဝင်ပါရလိမ့်မယ်....."
ဆရာတော်ခုံးစန်း၏စကားကြောင့် အနီးရှိကျန်ဆရာတော်များပင် အံ့အားသင့်သွားကြ၏။
တိုက်ပွဲက အချိန်အနည်းငယ်အတွင်း သိုင်းကွက်တစ်ရာကျော်သို့ရောက်ရှိနေပြီဖြစ်သည်။
ကြည့်ရှုနေကြသည့်လူများ၏စိတ်ထဲတွင် ထိုအချိန်က တိုတောင်းသော်လည်း သိုင်းဝိဇ္ဇာများ၏အမြင်တွင်ထိုသို့မဟုတ်ပေ။
အထူးသဖြင့် တစ်ဖက်လူ နှစ်ယောက်ကိုသိုင်းကွက်အနည်းငယ်အတွင်းအနိုင်ယူနိုင်မည်ဟုထင်မှတ်ခဲ့သည့် အကြီးအကဲချန်းရှောက်ကား ထိုနှစ်ယောက်၏ပူးပေါင်းတိုက်ခိုက်မှုက သူ့ကိုယခုအချိန်ထိခုခံနိုင်သေးရာ ဒေါသထွက်ပြိးရင်းထွက်နေတော့သည်။
သူ့ထက်သိုင်းပညာနိမ့်ကျသည့်လူတစ်ယောက်ကိုအနိုင်မယူနိုင်သည်က လွန်ခဲ့သည့်အနှစ်နှစ်ဆယ်ကျော်အချိန်က ဖြစ်သည်။
ထိုစဉ်က ဝူတန်းတောင်ပေါ်သိူ့ကျူးကျော်လာသူက အဆင့်လွန်ထိပ်သီးတစ်ယောက်သာဖြစ်သေးသော်လာ်း ခုနစ်စင်ကြယ်ဝင်္ကပါကို ထိုးဖောက်ကာ သူ့ကိုပင်လက်ရည်တူတိုက်ခိုက်သွားနိုင်သည်။
သို့သော်ထိုလူက သူပင်မော့ကြည့်ရသည့်အဆင့်အတန်းသို့ရောက်ရှိသွားပြီး သိုင်းလောကတစ်ခုလုံးလေးစားရသည့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သွားရာ အကြီးအကဲချန်းရှောက်မှာ ထိုအဖြစ်အပျက်ကိုအရှက်ရစရာဟုမသက်မှတ်ခဲ့ပေ။
ယခု ဘာမဟုတ်သည့်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်နှစ်ယောက်ကသူ့ကိုမရှုံးနိမ့်သေးဘဲ ခုခံနေနိုင်ရာ အကြီးအကဲချန်းရှောက်မှာ ပို၍ဒေါသထွက်လာသည်။
ပို၍ဆိုးရွားသည့်အချက်က ထိုနှစ်ယောက်က သူတို့၏ဂိုဏ်းကို စော်ကားပြောဆိုထားခြင်းပင်ဖြစ်၏။
" သတိထား....ငါတကယ်တိုက်ပြီ ...."
အကြီးအကဲချန်းရှောက် အေးစက်စက်အသံဖြင့်အော်ဟစ်ကာ သူ၏ခါးမှဓားကိုဆွဲထုတ်လိုက်သည်။
ဖြောင့်မက်သည့် အဖြူရောင်သိုင်းသမားတစ်ယောက်ပီပီ မတိုက်ခိုက်မီပြိုင်ဘက်ကိုသတိပေးလိုက်ခြင်းဖြစ်ပြီး ဓားဆွဲထုတ်ပြီးသည်နှင့်တစ်ပြိုင်နက်အကြီးအကဲချန်းရှောက်၏အရှိန်အဝါက ပြောင်းလဲသွားတော့သည်။
အစောပိုင်းကသိုင်းဝိဇ္ဇာတစ်ယောက်၏ကြီးမားသည့်ဖိအားကိုသာခံစားနေရသော်လည်း ယခုအခါ အကြီးအကဲချန်းရှောက်၏ပုံစံက အရာအားလုံးကို ဖိနှိပ်ထိမ်းချုပ်ထားနိုင်သည့်ဓားတစ်လက်အလားဖြစ်နေသည် ။
ဓားပညာနှင့်ပတ်သတ်လျှင် သိုင်းလောကတစ်ခုလုံးတွင် အကောင်းဆုံးဟုသက်မှတ်ရသည့် ဝူတန်းဂိုဏ်းသားတစ်ယောက်ဖြစ်သည့်အားလျော်စွာ အကြီးအကဲချန်းရှောက်၏ဓားပညာက လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်
သူ့အနေဖြင့် ဓားဆန္ဒကိုနားလည်နိုင်ခြင်းမရှိသေးသော်လည်း တိုက်ပွဲမစမီကပင် ဓားကိုအသုံးပြုတိုက်ခိုက်ပါက တစ်ဖက်လူနှစ်ယောက်အနေဖြင့် သူ၏သိုင်းကွက်နှစ်ဆယ်ကိုပင်ခုခံနိုင်မည်မဟုတ်ပေ။
ထိုအခြေအနေတွင် အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်က တည်ငြိမ်နေဆဲဖြစ်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
" သွေးလောင်ကျွမ်းခြင်းနည်းစနစ်...."
ကျယ်လောင်သည့်အော်သံအဆုံး၌ အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်၏အရှိန်အဝါကများစွာမြင့်တက်လာလေသည်။
အစောပိုင်းက သူတို့၏အတွင်းအားက သာမန်သိုင်းဝိဇ္ဇာတစ်ယောက်နှင့်တူညီသည်ဆိုလျှင် ယခုအခါ အတွင်းအားများစွာတိုးတက်လာမှုက အစစ်အမှနိသိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်သည့် အကြီးအကဲချန်းရှောက်ထက်ပင် ပို၍သာလွန်နေနိုင်သည်။
ထိုအဖြစ်ကြောင့် အကြီးအကဲချန်းရှောက်၏အမူအယာက ပို၍တည်ငြိမ်သွားသော်လည်း ထိတ်လန့်ဟန်မပြဘဲ သူ၏ဓားကိုဝေ့ယမ်းကာ ရှေ့သို့တိုးဝင်သွားလိုက်သည်။
လက်ရှိအချိန်၌ အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်၏ခန္တာကိုယ်ထဲရှိ သွေးများက တပွတ်ပွတ်ဆူနေသည်ဟုခံစားမိနေကာ ကြီးမားသည့်အတွင်းအားလှိုင်းများကသူတို့၏သွေးကြောများထဲတွင်ပေါက်ကွဲလုမတတ်ဖြစ်နေသညိ။
ဤသည်က သွေးလောင်ကျွမ်းခြင်းနည်းစနစ်၏ရလာဒ်တစ်ခုဖြစ်ကာ အချိန်တိုအတွင်း မူလအတွင်းအားထက်များစွာမြင့်တက်လာစေပြီး သိုင်းဝိဇ္ဇာတစ်ယောက်နှင့်ပင်ယှဉ်တိုက်နိုင်စွမ်းရှိလာပေသည်။
ထိုစွမ်းအားက အချိန်များစွာကြာမြင့်ခြင်းမရှိသော်လည်း ထိုအတောအတွင်းသူတို့၏ပူးပေါင်းတိုက်ကွက်ဖြင့်ဆိုလျှင် သာမန်သိုင်းဝိဇ္ဇာတစ်ယောက်ကိုပင်အနိုင်ယူနိုင်စွမ်းရှိပေမည်။
&&&&