← Chapters

ဓာတ်ကြီးလေးပါးဓားသိုင်း

Vol. 4 Ch. 16

ဓာတ်ကြီးလေးပါးဓားသိုင်း

Vol. 4 Ch. 16

အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်၏ပြောင်းလဲသွားသည့်အရှိန်အဝါက ကြည့်ရှုနေကြသူများကိုသာမက ဂိုဏ်းကြီးငါးဂိုဏ်းမှသိုင်းဝိဇ္ဇာများကိုပင်မျက်နှာပျက်သွားစေခဲ့သည်။

အချိန်တိုအတွင်း မိမိ၏အစွမ်းကိုများစွာမြင့်တက်စေသည့်လျှိူ့ဝှက်ပညာရပ်မျိုးက လွန်စွာရှားပါးပြီး တန်ဖိုးရှိပေသည်။

ထိုပညာရပ်ကိုအသုံးပြုပြီးနောက် ဘေးထွက်ဆိုးကျိုးများခံစားရမည်ဖြစ်သည့်တိုင် ထိုအတောအတွင်းသူတို့၏ပြိုင်ဘက်ကိုအနိုင်ယူသတ်ဖြတ်နိုင်ပေမည်။

ထို့ကြောင့် ယခုလိုလျှို့ဝှက်ပညာရပ်မျိုးက ဂိုဏ်းကြီးခြောက်ခုတွင်ပင်မရှိဘဲ တစ်ဖက်လူများတတ်မြောက်နေခြင်းကိုမယုံကြည်နိုင်ခြင်းဖြစ်သည်။

" ကျား...."

အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်က ကျယ်လောင်စွာအော်ဟစ်မာန်သွင်း၍ အကြီးအကဲချန်းရှောက်ဆီသို့တိုးဝင်သွားကြသည်။

ထိုနည်းတူ သူတို့၏လက်သီးလက်ဝါးများက လျှင်မြန်စွာရွေ့လျားနေကာ အကြီးအကဲချန်းရှောက်၏ခန္တာကိုယ်ပေါ်သို့မိုးသီးမိုးပေါက်များပမာ ကျဆင်းလာကြသည်။

ယခုအကြိမ်က တိုက်ပွဲစတင်ချိန်မှစ၍သူတိူ့နှစ်ယောက် ပထမဆုံးတန်ပြန်တိုက်ခိုက်ခြင်းဖြစ်ကာ လျှိူ့ဝှက်ပညာ၏အစွမ်းကြောင့် သူတို့၏တိုက်ကွက်များက ယခင်ကထက်များစွာပို၍ပြင်းထန်နေပေသည်။

သိုင်းလောက၏အဆင့်သက်မှတ်ချက်များမှာရှုပ်ထွေးပြီးသိုင်းဝိဇ္ဇာအဆင့်များဆိုလျှင် ပို၍ပင်များပြားသေးသည် ။

အခြေခံအုတ်မြစ်ခိုင်မာပြီး ပါရမီကောင်းမွန်လှသည့်သိုင်းသမားများအနေဖြင့် သူတို့ထက်ပို၍သိုင်းအဆင့်မြင့်မားသူများကိုတိုက်ခိုက်နိုင်စွမ်းရှိသော်လည်း ဤသည်က သိုင်းဝိဇ္ဇာအဆင့်ထိသက်ရောက်မှုမရှိပေ။

သို့သော်လူအားလုံးလက်ခံထားကြသည့်အချက်က ပထမဓားသခင်လိုကောင်းကင်ကိုဆန့်ကျင်နေသည့် တစ်ခေတ်တစ်ယောက်ပုဂ္ဂိုလ်များမဟုတ်လျှင် သိုင်းဝိဇ္ဇာများကိုအနိုင်ယူရန်က မဖြစ်နိုင်သည့်အိပ်မက်တစ်ခုသာဖြစ်စည်။

သိုင်းဝိဇ္ဇာအဆင့်ပုဂ္ဂိုလ်များက နက်ရှိူင်းသည့်အတွင်းအားတစ်ခုထဲရှိသည်မဟုတ်ဘဲ သိုင်းပညာရပ်များကိုသဘောပေါက်နိုင်စွမ်း ၊ သိုင်းကွက်အသေအရှင်သဘောတရား စသည်တို့ကိုလည်းသိရှိကာ သူတိူ့ထက်နိမ့်ကျသူများကိုလွယ်ကူစွာအနိုင်ယူနိုင်ကြသညိ။

ရှေးခေတ်အခါများက ထိုအဖြစ်ကိုမနှစ်မြို့သည့်လူအချို့လည်းရှိခဲ့ဖူးကာ သူတို့က သိုင်းပညာနိမ့်ကျသူမျအနေဖြင့် သိုင်းဝိဇ္ဇာများကိုယှဉ်ပြိုင်အနိုင်ယူနိုင်ရန်နည်းလမ်းအမျိူးမျိုးကိုကြံဆခဲ့ကြသည်။

ထို့ကြောင့်လည်း များစွာသောလျှိူ့ဝှက်ပညာရပ်များ ၊ ကြောက်စရာကောင်းသည့်လက်နက်ဆန်းများပေါ်ထွက်လာခြင်းဖြစ်ကာသူတို့ထဲမှအချိူ့ဆိုလျှင် သိုင်းဝိဇ္ဇာများကိုအမှန်တကယ်သတ်ဖြတ်နိုင်စွမ်းရှိကြသည်။

ဥပမာအားဖြင့်ဆိုရလျှင့် ကျုံဟွာတောင်တိုက်ပွဲတွင် နှင်းငွေ့မိစ္ဆာသခင်အသုံးပြုခဲ့သည့်လျှိူ့ဝှက်ပညာရပ်က သူ၏အတွင်းအားကိူအဆုံးမရှိတိုးပွားစေကာ သူတစ်ဦးထဲဖြင့် သိုင်းလောကတွင်းရှိနာမည်ကြီးသိုင်းဝိဇ္ဇာများစွာကိုအနိုင်ယူဖိနှိပ်နိုင်ခဲ့သည်။

သိုင်းလောက၏အတွင်းအားအကောင်းဆုံးပုဂ္ဂိုလ်အဖြစ်ကျော်ကြားသည့်တေလေဂိုဏ်းချုပ်ကြီးပင် အတွင်းအားအရာတွင်နှင်းငွေ့မိစ္ဆာသခင်ထက်များစွာနိမ့်ကျသွားခဲ့သေးသည်။

ဤသည်က လျှို့ဝှက်ပညာရပ်များ၏ကြောက်စရာကောင်းပုံဖြစ်ကာ ယခုလည်း အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်အသုံးပြုနေသည့်လျှိူ့ဝှက်ပညာရပ်က နှင်းငွေ့မိစ္ဆာသခင်၏ပညာရပ်နှင့်ယှဉ်လျှင် ပို၍နိမ့်ကျသော်လည်း သူတိူ့ကိုများစွာအစွမ်းထက်လာစေခဲ့သည်။

" ဝုန်း...."

" ဝုန်း...."

လက်သီးချက်များနှင့်လက်ဝါးရိပ်များက ဆူညံနေကာ ကြောက်စရာကောင်းသည့်ထိုတိုက်ကွက်များမှာ သိုင်းဝိဇ္ဇာတစ်ဝက်ဆိုသည့်အဆင့်ထက်များစွာကျော်လွန်လျက်ရှိသည်။

ထိုလူနှစ်ယောက်၏လျှိူ့ဝှက်ပညာရပ်က အချိန်အကန့်အသက်ရှိကာ တိုက်ပွဲကိုကြာရှည်စွာမတိုက်ခိုက်နိုင်ကြသော်လည်း ယခုအခါ သူတိူ့၏ပူးပေါင်းတိုက်ခိုက်မှုက သာမန်သိုင်းဝိဇ္ဇာများကိုပင်အနိုင်ယူနိုင်စွမ်းရှိပေမည် ။

ထိုအဖြစ်က ဂိုဏ်းကြီးငါးခုရှိသိုင်းဝိဇ္ဇာများကိုပင်အံ့ဩတုန်လှုပ်‌စေကာ ထိုလူများ၏လျှို့ဝှက်ပညာရပ်က သူတို့ထက်ထားသည်ထက်များစွာပို၍ကြောက်မက်ဖွယ်ကောင်းကြောင်း သဘောပေါက်လိုက်သည်။

သို့သော်လည်းအကြီးအကဲချန်းရှောက်၏မျက်နှာထက်တွင် တုန်လှုပ်ဟန်မတွေ့ရဘဲ လုံးဝတည်ငြိမ်နေကာ အစောပိုင်းက ဒေါသများပင်မရှိတော့ပေ။

ဤသည်က ထိုလူနှစ်ယောက်မှာ ထိုက်တန်သည့်ပြိုင်ဘက်အဖြစ်ရှုမြင်သွား၍ဖြစ်ပြီး သူတို့နှင့်ယှဉ်နိုင်၍ ပို၍ပင်စိတ်လှူပ်ရှားလာမိသည် ။

အကြောင်းကား သူစိတ်လွတ်ကိုယ်လွတ်မတိုက်ခိုက်ရသည်က အနှစ်သုံးဆယ်နီးပါးရှိပြီဖြစ်သည့်အပြင် ယခုတိုက်ပွဲတွင် ထိမ်းချုပ်စရာမလိုဘဲတိုက်ခိုက်နိုင်သည်မဟုတ်ပါလား.....။။

" ဓာတ်ကြီးလေးပါးဓားသိုင်း မီးဓာတ်တိုက်ခိုက်မှု...."

အကြီးအကဲချန်းရှောက်၏အော်ဟစ်သံအဆုံးတွင် သူ၏လက်ထဲမှဓားက အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်ဆီသို့ ကြမ်းတမ်းစွာဝင်ရောက်လာသည် ။

အားကောင်းခြင်း ၊ လျှင်မြန်ခြင်း ၊ ခုခံကာကွယ်ခြင်းနှင့် ပျော့ပြောင်းခြင်း စသည့်ပုံစံလေးခုဖြင့်ဖွဲ့စည်းထားသည့်ဓာတ်ကြီးလေးပါးဓားသိုင်းမှာ လေ့ကျင့်အောင်မြင်ရန်ခက်ခဲလွန်း၍ မူလတီထွင်သူမှအပမည်သူမှမကျင့်နိုင်ဘဲ သိုင်းကျမ်းဆောင်တွင်ချောင်ထိုးထားခံရသည့်ပညာရပ်တစ်ခုဖြစ်သည်။

အကြီးအကဲချန်းရှောက်၏ဓားရိပ်ကြီးကလွန်စွာကြောက်မက်ဖွယ်ကောင်းလှပြီး သူ၏လမ်းရှိအရာအားလုံးကိုနင်းခြေဖျက်ဆီးတော့မည့်အသွင်သို့ပြောင်းလဲသွားသည် ။

အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်၏တိုက်ကွက်များက အစွမ်းထက်လှသည့်တိုင်အကြီးအကဲချန်းရှောက်၏ဓားရိပ်ကြီးနှင့်ရင်ဆိုင်တွေ့ရာတွင် ကျေပျက်သွားရသည်။

ထိုမြင်ကွင်းကို ကွင်းပြင်ရှိလူအားလုံး၏စိတ်ထဲတွင် စွဲမြဲနေအောင်မှတ်သားထားလိုက်မိကြကာ အထင်ကြီးဖွယ်ကောင်းသည့်တိုက်ခိုက်မှူများက ဆက်လက်ဖြစ်ပေါ်လျက်ရှိသည် ။

" ဝှစ်...."

" ဝုန်း....ဝုန်း...."

လက်သီးရိပ်များနှင့်လက်ဝါးရိပ်များက ရာနှင့်ချီ၍ထွက်ပေါ်နေသလို အကြီးအကဲချန်းရှောက်၏အားကောင်းသည့်ဓားလှိုင်းကြီးကလည်း မကြာခဏထွက်ပေါ်လာတတ်သည်။

အကြီးအကဲချန်းရှောင်၏ဓာတ်ကြီလေးပါးဓားသိုင်းတွင် ပုံစံလေးမျိူးပါဝင်သော်လည်း စိတ်မြန်လက်မြန်ရှိကာ ဒေါသကြီးသည့် ပင်ကိုစရိုက်ရှိသူအကြီးအကဲချန်းရှောက်က တိုက်ခိုက်ရာတွင်အားအကောင်ဆုံးဖြစ်သည့်မီးဓာတ်ပုံစံတိုက်ကွက်များကိုသာအမြဲလိုလိုထုတ်သူံးလေ့ရှိသည်။

တစ်ဖက်တွင် အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်၏လက်သီးသိုင်းနှင့်လက်ဝါးသိုင်းက ထိပ်တန်းအဆင့်သိုင်းပညာများဖြစ်မည်မှာ သေချာသလောက်ရှိပြီး နှစ်ပေါင်းများစွာအတူလက်တွဲတိုက်ခိုက်ဖူးသူများပီပီ သူတို့၏ပူးပေါင်းတိုက်ခိုက်မှုက အပြစ်ပြောစရာမရှိပေ။

ထို့ကြောင့် တိုက်ပွဲ၏ပြင်းထန်မှုက နောက်တစ်ဆင့်သို့ရောက်ရှိသွားကာ သိုင်းဝိဇ္ဇာများပင်တုန်လှုပ်မှုကိုခံစားမိကြသည်။

" ဂိုဏ်းတူဦးလေးချန်းရှောက်က ဓားဆန္ဒကိုတောင်နားလည်နိုင်ဖိူ့သိပ်မလိုတော့ဘူးပဲ။

ဒီနေ့မှပဲ သူက ငါ့ထက်ပိုပြီးအစွမ်းထက်တာကိုသိလိုက်ရတာ...."

စန်းဟုန်းလျန်က ခပ်တိုးတိုးရေရွတ်လိုက်သည်။

သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိပြီးနောက်တွင် သူ၏သိုင်းပညာက ဆရာဦးလေးမုချန်းမှအပ ဝူတန်းဂိုဏ်းထဲရှိအကြီးအကဲများထက်သာလွန်သွားပြီဟုတွေးခဲ့မိသော်လည်း ယခုနှစ်များတွင် သိုင်းပညာများစွာအသုံးမပြုသည့် အကြီးအကဲချန်းရှောက်က သူ့ထက်ပို၍အစွမ်းထက်နေသည်ကိုသိလိုက်ရသည်။

သို့သော် စန်းဟုန်းလျန်၏စိတ်ထဲတွင် စိတ်ပျက်အားလျော့မှုဖြစ်‌ပေါ်လာရမည့်အစားပို၍ပင်တိုက်ခိုက်လိုစိတ်ထက်သန်လာမိကာ အချိန်ကောင်းသာဖြစ်ပါက အကြီးအကဲချန်းရှောက်နှင့်ယှဉ်ပြိုင်ရန်တောင်းဆိုမိပေမည်။

စန်းဟုန်းလျန်၏ခန္တာကိုယ်မှထွက်ပေါ်နေသည့်ဓားအငွေ့အသက်များကြောင့်အနီးရှိကြွယ်ယန်တို့ ဟောင်ရန်တို့တစ်တွေမှာ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိကြသည်။

ထိုအချိန်တွင် တိုက်ပွဲ၏အရှိန်က အမြင့်ဆုံးသို့ရောက်ရှိနေပြီဖြစ်သလို အစွမ်းအထက်ဆုံးတိုက်ကွက်များကိုအသုံးပြုနေကြပြီဖြစ်သည်။

အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်၏တိုက်ကွက်များက အကြီးအကဲချန်းရှောက်၏သေကွင်းသေကွက်နေရာများသို့ဦးတည်လာနေသလို အကြီးအကဲချန်းရှောက်၏ဓားကလည်း တစ်ဖက်လူများ၏ခန္တာကိုယ်ကိုနှစ်ခြမ်းခွဲပစ်နိုင်သည်အထိ ကြောက်စရာကောင်းလှသည် ။

ဤသည်က တစ်ယောက်နှင့်တစ်‌‌ယောက် တမင်ရည်ရွယ်၍သတ်ဖြတ်လိုခြင်းမဟုတ်ဘဲ အစွမ်းကုန်ထုတ်သုံးကြသည့်တိုက်ပွဲမျိုးတွင် ကိုယ့်တိုက်ကွက်ကိုထိမ်းချုပ်နိုင်စွမ်းမရှိကြသည်က ထုံးစံပင်ဖြစ်သည်။

သို့သော် အကြီးအကဲချန်းရှောက်က အစစ်အမှန်သိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်ပြီး အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်က သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်များသာဖြစ်သည်။

ယခုလိုအကြီးအကဲချန်းရှောက်ကိုယှဉ်ပြိုင်နိုင်ခြင်းကလည်း အချိန်တိုအတွင်းများစွာအစွမ်းထက်လာစေမည့်လျှို့ဝှက်ပညာရပ်ကြောင့်ဖြစ်ပြီး အချိန်ကုန်ဆုံးလာလေလေ ပို၍အားနည်းလာလေလေဖြစ်သည်။

ထို့ကြောင့် နောက်ထပ်သိုင်းကွက်သုံးရာနီးပါးတိုက်ခိုက်အပြီးတွင် အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်၏တိုက်ကွက်များက အားအင်လျော့နည်းလာပြီး အကြီးအကဲချန်းရှောက်က တိုက်ပွဲကိုအသာစီးရယူနိုင်ခဲ့သည်။

" ရွှပ် ...."

အကြီးအကဲချန်းရှောက်၏ဓားလှိုင်းက အဖြူရောင်ဝတ်စုံဝတ်လူတစ်ယောက်၏အနီးမှပွတ်ကာသီကာဖြတ်သန်းသွားပြီး သူ၏ပခုံးကိုရှပ်ထိသွားသည်။

ထိုနေရာမှ နီစွေးသည့်သွေးများထွက်ပေါ်လာကာ ထိုလူ၏လက်မောင်းတစ်ဖက်လုံးနီရဲသွားသော်လည်း သူ၏တိုက်ခိုက်မှုများက တစ်စက်ကလေးမှ နောက်တွန့်ခြင်းမရှိပေ။

တိုက်ပွဲအစမှအဆုံးထိ ထိုလူနှစ်ယောက်လုံးက သူတို့ထက်များစွာသာလွန်သည့်အကြီးအကဲချန်းရှောက်ကို ကြောက်စိတ်လုံးဝမရှိဘဲတိုက်ခိုက်နေခြင်းဖြစ်ကြပြီး အချိန်တန်လျှင်ရှုံးနိမ့်မည်ကိုကောင်းစွာသဘောပေါက်ကျသည့်တိုင် ထိတ်လန့်တုန်လှုပ်ဟန်မပြပေ။

အကြောင်းကား ဝေါယာဉ်တွင်းမှလူ၏အမိန့်က သူတို့၏သေခြင်းရှင်ခြင်းကိုဆုံးဖြတ်ပေးနိုင်ကာ သူတို့၏သခင်မလေးအမိန့်မပေးမချင်းနောက်ဆုတ်မရ၍ဖြစ်သည်။

ထို့ကြောင့် တိုက်ခိုက်ရင်းသေဆုံးသွားလျှင်ပင် သူတို့နှစ်ယောက်လုံး နောင်တမရဘဲသေဆုံးသွားကြပေမည်။

အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်၏ အကြောက်အရွံ့ကင်းမဲ့သည့်စိတ်ကိုရိပ်စားမိပြီးနောက် အကြီးအကဲချန်းရှောက်၏အမူအယာပင်အနည်းငယ်ပြောင်းလဲသွားသည်။

အစောပိုင်းက သူဒေါသထွက်မိ၍ ထိုနှစ်ယောက်ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း သူ့ထံတွင် တစ်ဖက်လူများကိုသတ်ဖြတ်ရန်ရည်ရွယ်ချက်ရှိမနေခဲ့ပေ။

သူတို့ဂိုဏ်းကြီးခြောက်ဂိုဏ်းကိုစော်ကားပြောဆိုသည့်အတွက်သာဆုံးမလိုခြင်းဖြစ်ပြီး သေသည်အထိတိုက်ခိုက်သွားမည့်ဟန်တူသည့်သူတို့၏အပြုအမူကအကြီးအကဲချန်းရှောက်ကိုပင် အံ့အားသင့်စေသည်။

" ဝှစ်...."

အဖြူရောင်ဝတ်စုံဝတ်ကျန်တစ်ယောက်၏ကိုယ်ပေါ်တွင်လည်း နက်ရှိုင်းသည့်ဒဏ်ရာတစ်ခုဖြစ်ပေါ်လာသည်။

သို့သော် သူတို့နှစ်ယောက်လုံးက နာကျင်မှုကိုမသိသည့်ကျောက်ရုပ်များအလား တရကြမ်းတိုက်ခိုက်နေကြဆဲဖြစ်ပြီး အေးစက်စက်မျက်နှာများထက်တွင် စိတ်ခံစားချက်အရိပ်အယောင်များကိုပင်မတွေ့ရပေ။

သို့သော် လျှို့ဝှက်ပညာရပ်၏ဆိုးကျိူးကိုခံစားနေကြရသည့်အလား သူတို့၏တိုက်ကွက်များကအချိန်ကြာလေလေအားနည်းလေလေဖြစ်ပြီး အကြီးအကဲချန်းရှောက်သာသက်ညှာမပေးပါက သူတိူ့နှစ်ယောက်လုံးသေဆူံးရနိုင်ချေရှိသည် ။

အံ့ဩဖွယ်ကောင်းစွာဖြင့် ယခုအချိန်ထိ ထိုလူနှစ်ယောက်ကရပ်တန့်မည့်ဟန်မရသေးသလို ဝေါယာဉ်တွင်းရှိမိန်းကလေးက နောက်ထပ်အမိန့်မပေးခြင်းဖြစ်သည် ။

သူမ၏အပြုအမူက သူ့လက်အောက်ငယ်သားများ၏သေခြင်းရှင်ခြင်းကိုဂရုမစိုက်သည့်အလားဖြစ်ပြီး ထိုအချင်းအရာကြောင့် သိုင်းလောကသားများမှာ အံ့ဩတုန်လှူပ်စွာဖြင့်ရှိနေကြသည်။

အဆုံး၌ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရှိသူများက သိုင်းလောကထဲတွင် အနည်းငယ်သာရှိပြီး ယခု ဝေါယာဉ်တွင်းမှမိန်းကလေးအတွက် ထိုနှစ်ယောက်က အသေခံ၍ပင်တိုက်ခိုက်ပေးမညိ့ဟန်တူသည်။

" သခင်မလေး အကြီးအကဲမန်ကိုလှုပ်ရှားမခိုင်းသေးဘူးလား ဟိုမှာ မြေနတ်နှစ်ပါးလုံးကိစ္စတုံးတော့မယ် ....."

အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးက ဝေါယာဉ်အနီးသို့ကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။

&&&

All Chapters