ဝတ်စုံဖြူဝတ်မိန်းမပျို
Vol. 4 Ch. 18
ထိုစဉ်သိုင်းလောကသားများက မိန်းမငယ်လေး၏စကားကို အံ့ဩထိတ်လန့်လျက်ရှိသည်။
သူမဒေါသတကြီးအပြစ်တင်ပြောဆိုနေသည်က ခွန်လွန်ဂိုဏ်းချုပ်ကြီးမာရှောင်ကျင်းဖြစ်သည်။
ကျန်ဂိုဏ်းကြီးငါးခုမှခေါင်းဆောင်များပင် ခွန်လွန်ဂိုဏ်းချုပ်ကြီးကို ယခုလိုကျိန်းမောင်းဝံ့မည်မဟုတ်ပေ။
သို့သော် ခွန်လွန်ဂိုဏ်းချုပ်ကြီး၏ဒေါသထွက်ဟန်မရသည့်အမူအယာကသူတိူ့ကိုပို၍ပင်အံ့ဩသွားစေသည်။
" ဟုတ်ပါတယ်မိန်းကလေး စောစောက ကျုပ်တို့ရဲ့ရိုင်းပြမှုပါ ။ ဒါကလည်းဝေါယာဉ်ထဲကမိန်းကလေးရဲ့အဆင့်အတန်းကိုသိချင်တဲ့အတွက်ကြောင့်ပါ...."
ခွန်လွန်ဂိုဏ်၏ချုပ်ကြီး၏စကားအဆုံး၌ ကွင်းပြင်တစ်ခုလူံးတိတ်ကျသွားသည်။
သိုင်းလောက၏ခေါင်းဆောင်ဖြစ်သည့် ဂိုဏ်းကြီးခြောက်ဂိုဏ်းတွင်ပါဝင်သည့် ခွန်လွန်ဂိုဏ်းကြီး၏ဂိုဏ်းချုပ်ကိုယ်တိုင်နှိမ့်ချကာမေးမြန်းနေရသည့် ဝေါယာဉ်ထဲမှမိန်းမပျို၏အဆင့်အတန်းကမည်သို့ရှိမည်နည်း။
ထိုအချိန်တွင် ခေါင်းတလားအနီးရှိဝါစဉ်ကြီးဆရာတော်များ၏အမူအယာကလည်း လွန်စွာလေးနက်တည်ကြည်နေကာ သူတို့၏အကြည့်များက ဝေါယာဉ်ရှေ့ရှိအဖိုးအိုထံသို့ကျရောက်လျက်ရှိသည် ။
" ဒီလောက်အထိသိုင်းပညာအဆင့်မြင့်တဲ့လူတစ်ယောက်ကတောင် အမှုထမ်းနေရတာဆိုရင် သူတို့များဖြစ်နေမလား...."
ဤသည်က ဆရာတော်ခုံးဝန်၏မေးခွန်းဖြစ်သည်။
သူ၏မေးခွန်းအဆုံး၍ ကျန်ဆရာတော်များလည်း ပိဍိကတ်အဆောင်မှူးကိုအလိုလိုကြည့်လိုက်မိကြသည်။
ဝေါယာဉ်ရှေ့ရှိအဖိုးအိုကား ခွန်လွန်ဂိုဏ်းချုပ်ကြီး၏စကားကိုလုံးဝဂရုမစိုက်ပေ။
ထို့နောက် သူ၏အမူအယာက အနည်းသယ်ပြောင်းလဲသွားပြီး ဝေါယာဉ်တွင်းမှလူကို လေးစားသည့်အမူအယာဖြင့်မေးလိုက်သည်။
" သခင်မလေး သူတို့ကသခင်မလေးကိုပစ်မှတ်ထားဝံ့တယ် ကျုပ်သူတို့ကိုရှင်းပစ်လိုက်ရမလား....."
အဖိုးအို၏လေသံကတင်းမာခတ်ထန်ခြင်းမရှိသော်လည်း သူ၏စကားက သိုင်းဝိဇ္ဇာငါးယောက်၏နှလုံးကိုလက်အေးကြီးဖြင့် ဖျစ်ညှစ်လိုက်သည့်အလားပင် ။
မည်သည့်အချိန်ကဂုဏ်သိက္ခာကြီးမားသည့်သိုင်းဝိဇ္ဇာများက လူတစ်ယောက်၏လက်ထဲတွင် အရှက်တကွဲဖြစ်ရမည်နည်း။
" ခင်ဗျားကိုကျုပ်တို့မယှဉ်နိုင်ဘူးဆိုတာသိပါတယ် ဒါပေမယ့် ကျုပ်တို့ကို အခုလိုအရှက်ခွဲလို့မရဘူး....."
ကျောက်စိမ်းတုတ်အဖိူးအိုကျန်းက သူ၏တုတ်ချောင်းကိုဆောင့်ချကာပြောလိုက်သည်။
ထိုနည်းတူ အကြီးအကဲချန်းရှောက်ကလည်း သူ၏ဓားကိုနောက်တစ်ကြိမ်ဆွဲထုတ်လိုက်သည်။
" သတ္တိရှိရင်တိုက်ကြတာပေါ့ ...."
ကျန်အကြီးအကဲများလည်း ထိုနည်းတူဖြစ်ပြီး ဆရာတော်ခုံးယင်ဆိုလျှင် ကြောက်စရာကောင်းလောက်အောင်တင်းမာခတ်ထန်နေသည်။
ယနေ့အဖြစ်အပျက်ကသူတို့ရှောင်လင်ကျောင်းတော်ထဲတွင်ဖြစ်ပွားခဲ့သည်သာမက ကျောင်းထိုင်ဆရာတော်၏ဈာပနပွဲတွင်ပါ ပြဿနာများဖြစ်ခဲ့ရသည်။
သို့တိုင် တစ်ဖက်လူများကိုအနိုင်မယူနိုင်ဘဲ ထိုလူက သူတို့ကိုလုံးဝဂရုစိုက်ခြင်းမရှိရာ ဆရာတော်ခုံးယင်၏ဒေါသက အဆုံးစွန်အထိရောက်ရှိလာသည်။
ပေါက်ကွဲတော့မည့်ဆဲဆဲအခြေအနေသို့ရောက်ရှိနေသည့်ဆရာတော်ခုံးယင်၏နားအနီးသို့ ခြင်အော်သံလိုတိုးညင်းသည့်စကားသံတစ်ခုထွက်ပေါ်လာသည်။
" ညီတော်ခုံးယင် စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ ..."
အသံပိုင်ရှင်က အဆောင်မှူးလေးယောက်ထဲတွင် အစွမ်းအထက်ဆုံးဖြစ်သည့်ဆရာတော်ခုံးဝန်မှလွဲ၍အခြားမဟုတ်ဘဲ သူ၏ခန္တာကိုယ်က ပေါ့ပါးစွာမျောလွင့်ကာ ထိုနေရာသို့ရောက်ရှိလာသည်။
ဆရာတော်ခုံးဝန်၏ဘေးတွင် တာမောအဆောင်မှူးဆရာတော်ခုံးရှ၊ တံခါးနီအဆောင်မှူးဆရာတော်ခုံးတု ၊ ဒုတိယကျောင်းထိုင်ဆရာတော်ခုံးချီတို့သာမက ဆရာတော်ရွှမ်းမင်နှင့်ရွှမ်းနန်တို့ကိုပင်တွေ့နိုင်သည်။
လက်ရှိအချိန်တွင် ဤနေရာရှိသိုင်းဝိဇ္ဇာအားလုံးနီးပါးက ထူးခြားသည့်လူတစ်စုကိုဝန်းရံထားကြကာ သူတို့၏အင်အားက သိုင်းလောကတစ်ခုလုံးကိုဇောက်ထိုးမိုးမျှော်ဖြစ်စေရန်လုံလောက်ပေသည်။
အထူးသဖြင့် သိုသိုသိပ်သိပ်နေမှုကြောင့် ရှောင်လင်ကျောင်းတော်၏အင်အားကိုသံသယရှိနေသူများမှာ သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိပြီးသည့်ဆရာတော်များ၏အစွမ်းကိုမြင်ရပြီးနောက် လွန်စွာတုန်လှုပ်ချောက်ခြားနေရသည် ။
ထိုအင်အားက တစ်ချိန်ကခရမ်းရောင်သွေးလဂိုဏ်း၏အင်အားနှင့်ပင်နှိုင်းယှဉ်နိုင်ကာ နှင်းငွေ့မိစ္ဆာသခင်မှလွဲ၍ ကျန်ဘုရင်ငါးပါးက ရှောင်လင်မှဝါစဉ်ကြီးဆရာတော်များထက်နိမ့်ကျပေသည်။
အထူးသဖြင့် ယခုနှစ်များတွင်တစ်စထက်တစ်စအင်အားကောင်းလာပြီး သိုင်းလောက၏အကြီးဆုံးအဖွဲ့အစည်းဖြစ်လာသည့်သိုင်းမဟာမိတ်မှလူများပင်ဖြစ်သည်။
ရှောင်လင်ကျောင်းတော်၏အစွမ်းထက်ပုဂ္ဂိုလ်များကိုမြင်လိုက်ရချိန်၌ သူတို့၏နောက်ရှိအင်အားစုများပင်တုန်ခါသွားချေသည် ။
ယခုအခါ ရှောင်လင်ကျောင်းတော်တွင်ရှိရှိသမျှဝါစဉ်ကြီးဆရာတော်များကအတူတူလှူပ်ရှားလာခြင်းဖြစ်ကာ သူတို့၏ပေါင်းစည်းမှုက အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုကိုပင်အလေးအနက်ဖြစ်သွားစေသည်။
သို့သော် သူ၏အမူအယာကတည်ငြိမ်နေဆဲဖြစ်ပြီး ဝေါယာဥ်တွင်းမှမိန်းကလေး၏အဖြေကိုသာစောင့်ဆိုင်းလျက်ရှိသည်။
ထိုအချိန်တခဏတွင် ထောင်ဂဏန်းနီးပါးရှိသည့်လူအုပ်ကြီးက လုံးဝငြိမ်သက်လျက်ရှိကာ အသက်ကိုပင်ပြင်းပြင်းမရှူဝံ့ကြပေ။
ရှောင်လင်ကျောင်းတော်နှင့် ကျန်ဂိုဏ်းကြီးငါးခုမှသိုင်းဝိဇ္ဇာများကထူးခြားသည့်လူတစ်စုကိုပူးပေါင်းရင်ဆိုင်နေကြသည်။
တစ်ဖက်လူများက၏ဇာတ်မြစ်ကထူးခြားဆန်းကြယ်လှကာသူတို့အားလုံး၏ခေါင်းဆောင်ဖြစ်သည့် ဝေါယာဉ်တွင်းမှမိန်းကလေးဆိုလျှင် ယခုအချိန်ထိပင်မျက်နှာပြရသေးခြင်းမရှိပေ။
သို့သော် မောက်မာဝံ့ကြွားသည့်မိန်းမငယ်လေး၊ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်လူနှစ်ယောက်နှင့်လွန်စွာသိုင်းပညာမြင့်မားသည့်အဖိုးအိုတို့က ထိပ်တန်းအင်အားစုတစ်ခုကိုပင်ဖျက်ဆီးနိုင်ပေမည်။
ထိုအခိုက် ဝေါယာဉ်၏လိုက်ကာက ဖြေးညင်းစွာပွင့်ဟလာပြီး ရွှေရောင်ချည်ထိုးထားသည့် ပိတ်သားဖိနပ်တစ်ရံက ဦးစွာကျရောက်လာသည်။
ထို့နောက် အဖြူရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ကာ တုနှိုင်းမဲ့သွင်ပြင်ရှိသည့်မိန်းမပျိုလေးတစ်ယောက်က ဝေါယာဉ်တွင်းမှညင်သာစွာထွက်ပေါ်လာပေသည်။
နှင်းများထက်ပင်ပို၍ဖြူဖွေးသည့်ဝတ်ရုံရှည်က နတ်မိမယ်တစ်ပါးလိုလက်ရာမြောက်သည့်ခန္တာကိုယ်ကလေးပေါ်တွင် ကွက်တိကျလျက်ရှိပြီး ပျော့ပြောင်းနက်မှောင်သည့်ပိတုန်းရောင်ဆံနွယ်များက ခါးသွဲ့သွဲလေးထက်တွင်ကျဆင်းလျက်ရှိသည်။
နုပျိုခြင်း၊ ဝင်းဝါခြင်း ၊ တင်းရင်းနုမွတ်ခြင်းစသည့် အသားအရေ၏ကောင်းချီးဖြင့်ပြည့်စုံသည့်မိန်းကလေး၏အသားအရေက လောကတွင်ရှိရှိသမျှမိန်းမတို့ကိုမနာလိုဖြစ်သွားစေနိုင်ကာ မိုးမခပင်လို သွယ်လျသည့်ခါးကလေးနှင့် ကျော့ရှင်းလှသည့်လည်တိုင်လှလှလေးတို့က ဘယ်နှကြိမ်ပြန်ကြည့်ပါစေ ရိုးမသွားမည့်အလှတရားပင်ဖြစ်သည်။
ဝတ်စုံဖြူဝတ်မိန်းမပျိုလေး၏မျက်နှာကို မွဲခြောက်သည့်သစ်သားမျက်နှာဖုံးတစ်ခုဖြင့်ဖုံးကွယ်ထားသော်လည်း မျက်နှာဖုံးအောက်မှမြင်နေရသည့် ကြည်လင်စူးရှသည့်မျက်ဝန်းများကညကောင်းကင်မှကြယ်များထက်ပင်ပို၍တောက်ပနေသေးသည် ။
ခြုံ၍ဆိုရလျှင် ဝေါယာဉ်တွင်းမှမိန်းမပျိုက သူမ၏ရုပ်ရည်ကိုဖူံးကွယ်ထားလျှင်ပင် တုနှိုင်းမဲ့သည့်အလှလေးဖြစ်ကြောင်းသိရှိနိုင်ကာ တည်ငြိမ်ခြင်း၊ မြင့်မြတ်ခြင်းနှင့် ဩဇာလွှမ်းမိုးနိုင်သည့်အရှိန်အဝါတို့ကိုပိုင်ဆိုင်ထားပေသည်။
လူအုပ်ထဲတွင်ရှိနေသည့်လူများမှာ တုနှိုင်းမဲ့သည့်ထိုမိန်းကလေး၏သွင်ပြင်ကိုမြင်တွေ့သည့်တိုင် မကောင်းသည့်အတွေးတို့ကိုမတွေ့ဝံ့လောက်အောင် သူမ၏ပုံရိပ်ကလေးက တင့်တယ်မြင့်မြတ်လှသည်။
ထိုမိန်းကလေးက ရုပ်ရည်ကိုဖော်ပြမထားသည့်တိုင်ရှိရှိသမျှလူအားလုံးကိုဆွဲဆောင်နိုင်သည့်အလှနတ်ဘုရားမတစ်ပါးပင်ဖြစ်သည်။
သူမနှင့်နှိုင်းယှဥ်ပါက သိုင်းလောက၏မိန်းမလှခုနစ်ယောက်ပင်နိမ့်ကျသွားနိုင်သည်။
မိုးကျနတ်မယ်ဆိုသည့်စကားလုံးက မိုးပေါ်မှကျလာသည့်နတ်သမီးကိုညွှန်းဆိုရလျှင် ထိုမိန်းမပျိုက မိုးပေါ်မှကျလာသည့်နတ်ဘုရားမတစ်ပါးဖြစ်ပေမည်။
ပုံမှန်ဆိုလျှင် လှပသည့်မိန်းကလေးများကို ပါးစပ်အရသာခံနောက်ပြောင်တတ်သည့်ကြွယ်ယန်ပင် ထိုမိန်းကလေးနှင့်ပတ်သတ်၍တစ်စုံတစ်ခုပြောဆိုရန်မဝံ့ဘဲ့ဖြစ်နေသည် ။
လူအားလုံး၏အထက်တွင်ရှိကာ လွှမ်းမိုးနိုင်စွမ်းရှိလှသည့်ထိုမိန်းကလေးကကျိန်းသေပေါက် နတ်ဘုရားမတစ်ပါးသာဖြစ်ပေမည်။
လူငယ်များစွာ၏နှလုံးအိမ်ထဲတွင် ဝတ်စုံဖြူဝတ်မိန်းမပျိုလေး၏သွင်ပြင်က နက်ရှိုင်းစွာရေးထွင်းထားပြီးဖြစ်ကာ သူတို့ထဲမှအများစု၏မျက်ဝန်းများထဲတွင်အဆုံးမဲ့ချစ်မြတ်နိုးမှုများရှိနေကြပေသည်။
ထိုမိန်းကလေးက သူတို့ကိုမေတ္တာတုံ့ပြန်မည်ဟုမမျှော်လင့်ဝံ့သော်လည်း သူမ၏အပြုံးတစ်ချက် အသိအမှတ်ပြုမှုတစ်ခုကလေးကိုရရှိဖို့ ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်ကာစွန့်စားမည့်သူများဒုနှင့်ဒေးပင်ဖြစ်သည်။
" ဘယ်လောက်တောင်လှလိုက်တဲ့မိန်းကလေးလဲ....."
ဟောင်ရန်၏ခပ်တိုးတိုး ရေရွတ်သံကြောင့် ကြွယ်စင်းတို့လည်းသတိပြန်ဝင်လာကြသည်။
ထိုလူငယ်လေး၏မျက်လုံးများက မိန်းမပျိုလေးဆီသို့ရောက်ရှိနေကာ အံ့အားသင့်ခြင်း၊ တုန်လှုပ်ခြင်းနှင့် အမျိုးအမည်ခွဲခြားမရသည့်အရိပ်အယောင်တို့ထွက်ပေါ်လာသည်။
ထို့နောက် ဟောင်ရန်က ဘေးတွင်ရှိသည့်ရှောင်ယောင့်ဆီသို့မသိမသာလှမ်းကြည့်လိုက်သည်။
သို့သော် ရှောင်ယောင်ကအများနည်းတူ မိန်းမပျိုလေးကိုစူးစိုက်ကြည့်မနေဘဲ အဝေးတစ်နေရာကိုငေးကာ တစ်စုံတစ်ခုကိုတွေးတောနေဟန်တူသည် ။
ရှောင်ယောင်လည်း အများနည်းတူ မိန်းမပျို၏တုနှိုင်းမဲ့သည့်သွင်ပြင်ကလေးထံတွင် ဆွဲဆောင်ခံလိုက်ရသည့်တိုင် တခဏအတွင်း သူ၏မျက်ဝန်းများက ပြန်၍ကြည်လင်လာပေသည်။
စီးတုယွမ်ချင်း၊ လွီချင်းအာမှစ၍ များစွာသောမိန်းမလှများကိုမြင်တွေ့ဖူးသည့်တိုင် ထိုမိန်းကလေးများက ဝတ်စုံဖြူဝတ်မိန်းမပျိုလေးထက်ပို၍နိမ့်ကျကြောင်း သူဝန်ခံရပေမည်
ထိုမိန်းမပျိုလေးကို ယခင်ကသူဆုံဖူးပြီး သူမ၏အသံကိုကြားဖူးသည့်တိူင် ယခုလောက်လှပမည်ဟုတွေးထင်မထားမိခဲ့ပေ။
သူမ၏အလှက လပြည့်ညလမင်းကြီးသဖွယ် ရှိရှိသမျှအလှအားလုံးကိုလွှမ်းမိုးနိုင်ကာ ကျန်မိန်းမလှများက သူနှင့်ယှဉ်လျှင် လမင်းကိုတုပြိုင်လိုသည့်ပိုးစုန်းကြူးများဖြစ်သွားပေမည်။
သို့သော် တစ်ယောက်သောသူ၏ပုံရိပ်ကလေးကို ရှောင်ယောင်၏စိတ်ထဲတွင်ပြန်မြင်ယောင်လိုက်မိသည့်အခါ တိုးဖွသည့်သက်ပြင်းတစ်ချက်ကို ညင်သာစွာချလိုက်မိသည်။
" အင်း......ဒီမိန်းကလေးက တကယ်ပဲ သူနဲ့နှိူင်းယှဥ်နိုင်တယ် ။ သူရော ဘယ်ကိုရောက်နေလောက်မလဲ...."
ဝတ်စုံဖြူဝတ်မိန်းကလေးက မြင့်မြတ်ကာ လွှမ်းမိုးနိုင်စွမ်းရှိလျှင် သူမက သန့်စင်ကာ တင့်တယ်သည့်နတ်ဘုရားနတစ််ဦးဖြစ်ပေမည်။
ရှောင်ယောင်၏စိတ်အစဉ်က အဝေးတစ်နေရာသို့ရောက်ရှိသွားကာ မည်သည့်နေရာကိုရောက်နေမှနိးမသိရသည့်နတ်မိမယ်လေးကိုလွမ်းဆွတ်သတိရနေပေသည်။
ထိုအချိန်တွင် ဝတ်စူံဖြူဝတ်မိန်းမပျိုလေးပေါ်ထွက်လာမှုကြောင့် ကွင်းပြင်တစ်ခုလုံးက အပ်ကျသံပင်ကြားရလောက်အောင်တိတ်ဆိတ်ငြိမ်သက်သွားပေသည် ။
ဤနေရာရှိလူတိုင်း သူမ၏သွင်ပြင်ကလေးထံတွင်ဆွဲဆောင်ခံလိုက်ရသည်က ပြောစရာပင်လိုမည်မဟုတ်ဘဲ လူတိုင်းက သူမကိုချစ်မြတ်နိုးခြင်းမဟုတ်သည့်တိုင် သူမကိုမြင်သည့်မည်သူမဆို အံ့ဩချီးကျူးမိကြပေမည်။
သန့်စင်ကာလွှမ်းမိုးနိုင်စွမ်းရှိသည့်သွင်ပြင်သာမက သူမ၏အပြုအမူ၊ တုနှိုင်းမဲ့သာယာသည့်အသံ စသည်တို့က မည်သူမှနှိူင်းယှဉ်မရသည့်ခံစားချက်ကိုပေးစွမ်းနိုင်ကာ မိန်းကလေးအချင်းချင်းပင်သူမနှင့်ပြိုင်ဆိုင်ရန်သတ္တိရှိကြမည်မဟုတ်ပေ။
ပို၍အရေးကြီးသည့်အချက်က ထိုမိန်းမပျိုလေးက ထူးခြားသည့်လူများ၏ခေါင်းဆောင်ဖြစ်နေခြင်းပင်။
ထိုအချက်ကိုပြန်တွေးမိလိုက်သည့်အခါသိုင်းလောကသားများ၏ခန္တာကိုယ်က ထိမ်းချုပ်မရအောင်တုန်ယင်သွားကြသည်။
&&&