အကဲစမ်းခြင်း
Vol. 4 Ch. 19
မိန်းမပျိုလေး၏စူးရှတောက်ပသည့်အကြည့်များက ရှောင်လင်ကျောင်းမှဝါစဉ်ကြီးဆရာတော်များနှင့်ဂိုဏ်းကြီးငါးဂိုဏ်းမှသိုင်းဝိဇ္ဇာများဆီသို့ကျရောက်သွားသည်။
ကြည်လင်ရွှန်းလဲ့သော်လည်း စူးရှလှသည့်အကြည့်များက သာမန်လူတစ်ယောက်ကိုအလိုလိုသိမ်ငယ်သွားစေနိုင်ပေမည်။
သူမနှင့်မျက်နှာချင်းဆိုင်ရှိလူများက သိုင်းလောက၏ထိပ်တန်းတွင်ရှိနေသည့်သိုင်းဝိဇ္ဇာအဆင့်ပုဂ္ဂိုလ်များဖြစ်သညိ့တိုင် မိန်းမပျိုလေး၏အကြည့်ထဲတွင် စိတ်လှုပ်ရှားဟန် ၊ လေးစားဟန် ၊ တုန်လှုပ်ဟန်တို့ကိုမတွေ့ရဘဲ စူးစမ်းလိုသည့်အမူအယာတစ်ခုကိုသာတွေ့ရပေသည်။
ထို့နောက် သူမ၏အကြည့်က ဘေးတွင်ရှိနေသညိ့ အဖိုးအိုဆီသို့ရောက်ရှိသွားကာ ညင်သာစွာပြောလိုက်သည်။
" အဖိုးမန်တစ်ယောက်ထဲနဲ့ သူတို့ကိုအနိုင်ယူနိုင်မယ်မထင်ဘူး...."
သူမ၏လေသံက ရယ်သွမ်းသွေးဟန်ရပြီး အနီးရှိသိုင်းဝိဇ္ဇာများကိုတစ်စက်ကလေးပင်ဂရုစိုက်ဟန်မပြပေ။
ထိုအခါ အဖိုးအို၏မျက်နှာထက်၌ အပြုံးတစ်ခုပေါ်လာပြီး ဖြေးညင်းစွာပြောလိုက်သည် ။
" သခင်မလေးရဲ့စကားအတိုင်းပါပဲ...."
ထို့နောက် အဖိုးအိုက အဝေးတစ်နေရာကိုလှမ်းမျှော်ကြည့်လိုက်ကာအော်ဟစ်လိုက်သည်။
" အဖိုးကြီးလီ မင်းထွက်မလာသေးရင် ငါ့အဆိုးမဆိုနဲ့နော်....."
အဖိုးအို၏စကားအဆုံး၌ ကျောင်းတော်၏တံခါးဝဆီသို့လူရိပ်အချို့လျှင်မြန်စွာရောက်ရှိလာကြသည်။
ထိုလူများ၏အရေအတွက်က နည်းပါးသော်လည်းသူတို့၏ကိုယ်ဖော့ပညာများက လွန်စွာအဆင့်မြင့်လှကာ ရှောင်လင်ကျောင်းမှဝါစဉ်ကြီးဆရာတော်များထက်မနိမ့်ကျလှပေ။
သက်လက်ပိုင်းအရွယ်လူကြီးလေးဦးနှင့်အဖိုးအိုနှစ်ဦး မျက်နှာဖုံးစွပ်လူတစ်ဦးတို့က ဝေါယာဉ်၏အနီးသို့ရုတ်ချဉ်းရောက်ရှိလာကာသူတို့၏ရှေ့ဆုံးရှိအဖိုးအိုက ပြောလိုက်သည်။
" မန်ကောင်စုတ် မင်းဘယ်အချိန်ထဲက ရိပ်မိနေတာလဲ...."
ထိုအဖိုးအိုကအသက်ရှစ်ဆယ်ကျော်အရွယ်ရှိကာ ပိန်ပိန်ပါးပါးခန္တာကိုယ်နှင့်အရုပ်ဆိုးလှပေသည်။
မျက်တွင်းဟောင်ပက်၊ နှာခေါင်းကောက်ကောက်နှင့်သူ၏ရုပ်သွင်က တစ်စက်ကလေးမှကြည့်မကောင်းသော်လည်း ချိုင့်ဝင်နေသည့်မျက်တွင်းများအောက်မှမျက်လူံးအစုံက စိန်ပွင့်များအလားတဖျက်ဖျက်တောက်ပလျက်ရှိပေသည်။
သူ၏နောက်မှအဖိုးအိုနှင့်မျက်နှာဖုံးစွပ်လူတို့၏အရှိန်အဝါကိုခံစားမိလိုက်ရာ ဆရာတော်ခုံးဝန်တို့လူစုပင်မျက်နှာပျက်သွားကြသည်။
အကြောင်းကား ထိုလူနှစ်ယောက်လုံးက သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိနေကြပြီး ကျန်လူလေးယောက်ကလည်း သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်များဖြစ်ကြသည်ကိုအကဲခပ်မိလိုက်၍ဖြစ်သည်။
သိုင်းဝိဇ္ဇာအဆင့်ပုဂ္ဂိုလ်များက သိုင်းလောက၏ထိပ်တန်းတွင်ရှိနေသည့်ပုဂ္ဂိုလ်များဟုဆိုနိုင်သည့်တိုင် မည်သည့်အချိန်ထဲက သိုင်းဝိဇ္ဇာများ ထိုမျှပေါများလာရသနည်း ။
ထို့အပြင် ထိုလူစု၏ခေါင်းဆောင်အရုပ်ဆိုးဆိုးအဖိုးအိုဆိုလျှင် သူတို့ထက်သိုင်းပညာပိုမြင့်သည်က အသေအချာပင်ဖြစ်၏ ။
အရေးအကြီးဆုံးအချက်က နောက်ထပ်ရောက်ရှိလာသည့်လူစုသည်လည်း ဝေါယာဉ်အနီးရှိထူးခြားသည့်လူများနှင့် အတူတူပင်ဖြစ်ပုံရသည်။
အသာစီးရနေသည့်အခြေအနေက ရုတ်တရက်ပြောင်းလဲသွားပြီး ဂိုဏ်းကြီးငါးဂိုဏ်းမှသိုင်းဝိဇ္ဇာများမှာ မျက်စိမျက်နှာပျက်လျက်ရှိကြသည်။
မူလက ခါးကုန်းအဖိုးအိုကိုသူတို့ပေါင်း၍တိုက်ခိုက်လျှင် ကျိန်းသေပေါက်အနိုင်ယူနိုင်သော်လည်း နောက်ထပ်ရောက်ရှိလာသည့်လူများက သူတို့လိုပင်သိုင်းဝိဇ္ဇာများပါဝင်လျက်ရှိသည်။
" ဒကာကြီးတို့ ကျုပ်တို့အေးအေးဆေးဆေးဆွေးနွေးရအောင် ကျောင်းပေါ်တက်လာတာမကောင်းဘူးလား....."
အိုမင်းသော်လည်း ညင်သာသိမ်မွေ့သည့်အသံက ခါးကုန်းအဖိုးအိုနှင့်အရုပ်ဆိုးသည့်အဖိုးအိုတို့၏နားထဲတွင် ပြက်သားစွာထွက်ပေါ်လာသည်။
ပုံမှန်ဆိုလျှင် သိုင်းဝိဇ္ဇာအဆင့်ပုဂ္ဂိုလ်များက အသံပို့လွှတ်၍စကားပြောဆိုနိုင်ကြသည့်တိုင် တစ်ပြိုင်နက်နှစ်ယောက်လုံးကိုပြောဆိုနိုင်စွမ်းမရှိကြပေ။
ပို၍အရေးကြီးသည်က ထိုအသံကိုသူတို့နှစ်ယောက်မှလွဲ၍ ကျန်လူများသိကြဟန်မတူ၍ဖြစ်သည်။
ဒဏ္ဍာရီထဲတွင် အတွင်းအားပညာရပ်၌ လွန်စွာနက်ရှိုင်းသည့်အဆင့်သို့ရောက်ရှိသွားပါက အသံဖြင့်ပင်လူသတ်နိုင်ပြီး သိုင်းဝိဇ္ဇာများပင်ချွင်းချက်မရှိပေ။
ထိုသို့ပြုလုပ်နိုင်ရန်က သိုင်းဝိဇ္ဇာနှောင်းပိုင်းအဆင့်ပုဂ္ဂိုလ်များတွင်ပင်ခက်ခဲပြီး လျှို့ဝှက်ပညာရပ်တစ်ခုလည်းလိုအပ်နေသေးသည် ။
ဤသည်က ရှောင်လင်ကျောင်းတော်၏လျှို့ဝှက်ပညာခုနစ်ဆယ့်နှစ်မျိုးထဲမှ အသံလှိုင်းပညာရပ်တစ်ခုဖြစ်ပေသည်။
" အဝေးရောက်အသံလှိုင်းပညာရပ် အမြင့်ဆုံးအဆင့်..."
အဖိုးအိုနှစ်ယောက်၏စိတ်ထဲတွင် အလေးအနက်ဖြစ်သွားမိကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
သူတို့၏စိတ်ထဲတွင် ကြိတ်၍တုန်လှုပ်သွားကြသော်လည်း မျက်နှာထက်တွင်အမူအယာမပျက်ဘဲရှိနေရင်းမှ အဝေးတွင်ရှိနေသည့် ပိဍိကတ်ဆရာတော်ကိုအသာ ခေါင်းညိမ့်ပြလိုက်ကြသည်။
&&&
ကျောင်းထိုင်ဆရာတော်၏နောက်ဆုံးဈာပနင မျှော်လင့်မထားသည့်အဖြစ်အပျက်များဖြင့်ပြီးဆုံးသွားခဲ့သည်။
ထူးခြားသည့်လူများနှင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှလူများ၏တွေ့ဆုံမှုက အချိန်အနည်းငယ်ကြာမြင့်ခဲ့ပြီး ရှောင်လင်ကျောင်းတော်မှဝါစဉ်ကြီးဆရာတော်များနှင့် အဖိုးအိုနှစ်ယောက် ၊ မိန်းမပျိုလေးတို့က တံခါးပိတ်၍ သီးသန့်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ထူးခြားသည့်ထိုလူစုက ကျောင်းထိုင်ဆရာတော်၏ရုပ်အလောင်းကိုအရိုအသေပေးကာ ကျောင်းတော်မှပြန်၍ထွက်ခွာသွားကြသည်။
ထို့နောက်တွင် ဝါစဉ်ကြီးဆရာတော်များကလည်း မည်သည့်အရာမှမဖြစ်ခဲ့ဟန်ဖြင့် ဈာပနပွဲကိုဆက်လက်လုပ်ဆောင်ခဲ့ကာ နေမွန်းမတည့်မီ ကျောင်းထိုင်ဆရာတော်၏ရုပ်အလောင်းကိုဂူသွင်းခဲ့ပေသည်။
ထို့နောက် ရင်းနှီးသူအနည်းငယ်မှအပ ကျောင်းတော်သို့ရောက်ရှိနေကြသည့်သိုင်းလောကသားများလည်း တောင်အောက်သို့ပြန်ဆင်းကာ တစ်မနက်လုံးစည်ကားသိုက်မြိုက်လှသည့် ရှောင်လင်ကျောင်းတော်ကြီးမှာချက်ခြင်းဆိုသလို တိတ်ဆိတ်ခြောက်ကပ်သွားတော့သည် ။
သို့သော် တိတ်ဆိတ်စွာဖြင့်ပြီးဆုံးသွားရမည့်ဈာပနပွဲက တုန်လှုပ်ဖွယ်တိုက်ပွဲများ ၊ အံ့ဩဖွယ်အကြောင်းအရာများစွာဖြစ်ပျက်ခဲ့ပြီး လူအားလုံး၏ရင်ထဲတွင် မေးခွန်းကိုယ်စီရှိနေကြသည်။
အဖြူရောင်ဝေါယာဉ်နှင့်ထူးခြားသည့်လူများက မည်သူမည်ဝါဖြစ်သနည်း ၊ သူတို့၏သိုင်းပညာများက မည်သည့်အတွက်ကြောက်မက်ဖွယ်ကောင်းနေကြရသနည်းနှင့် မြင့်မြတ်တင့်တယ်ပြီးတုနှိုင်းမဲ့သည့်မိန်းမပျိုလေးကမည်သူဖြစ်သနည်း စသည်ဖြင့် သို့လောသို့လောမေးခွန်းများစွာက သူတို့၏ရင်ထဲတွင်ကျန်ရစ်ခဲ့ကြသည် ။
ထိုမေးခွန်းများ၏အဖြေကို သူတို့အနေဖြင့်တိတိကျကျမသိကြသလို ရှောင်လင်ကျောင်းတော်ကလည်း ထုတ်ပြန်ကြေငြာခြင်းမရှိပေ။
သို့သော် သိုင်းလောကသားများ၏စိတ်ထဲတွင် အလိုလိုသိရှိနေသည့်အရာက များမကြာမီကာလများအတွင်း သိုင်းလောကတစ်ခုလုံးအကြီးအကျယ်ပြောင်းလဲတော့မည်ကိုပင်။
ထိုအချိန်တွင်ကျောင်းတော်၏ပင်မဆောင်ထဲတွင် ရှောင်လင်ကျောင်းတော်မှဝါစဉ်ကြီးဆရာတော်များနှင့် ဂိုဏ်းကြီးငါးဂိုဏ်းမှသိုင်းဝိဇ္ဇာများကိစ္စတစ်ခုကိုအသဲအသန်ဆွေးနွေးလျက်ရှိသည်။
ဓားကျိုးဘုရင်စန်းဟုန်းချန်၊ လက်သီးဘုရင် စီးတုမင်စသည့် ဂိုဏ်းကြီးခြောက်ဂိုဏ်းနှင့်ပတ်သတ်ဆက်နွယ်သည့်လူများသာမက သိုင်းမဟာမိတ်မှခေါင်းဆောင်နှစ်ယောက်လည်း အခန်းထဲတွင်ရှိနေကြသည့်တိုင် ဆွေးနွေးမှုက သူတို့၏အဆင့်ဖြင့်ဝင်ရောက်ပြောဆိုနိုင်ခြင်းမရှိကြပေ။
အကြောင်းကား အစောပိုင်းက ရောက်ရှိလာကြသည့်လူများ၏ဇာတ်မြစ်နှင့်အင်အားက များစွာကြီးကျယ်ခမ်းနား၍ဖြစ်ပြီး သူတို့ထုတ်ပြသွားသည့်အင်အားကပင် သိုငိးလောကတစ်ခုလုံးကိုဖျက်ဆီးနိုင်သည်အထိကြီးမား၍ဖြစ်သည် ။
သို့သော် သူတို့၏ရည်ရွယ််ချက်ကအနည်းငယ်ပဟေဠိဖြစ်စရာကောင်းနေသော်လည်း ခြုံ၍ဆိုရလျှငိ ဆိုးရွားသည့်ရည်ရွယ်ချက်တော့ရှိပုံမရပေ။
အဓိကအားဖြင့် ပြသခဲ့သည်က သူတို့၏အင်အားပင်ဖြစ်ပြီး ဂိုဏ်းကြီးခြောက်ဂိုဏ်း၏အင်အားကိုအနည်းနှင့်အများသိသာစေရန်စမ်းသပ်ခြင်းလည်းမည်၏။
အဖြူရောင်ဝေါယာဉ်က မောက်မာဝံ့ကြွားစွာရောက်ရှိလာခြင်း၊ ဝတ်စုံဖြူဝတ်မိန်းကလေး၏လက်အောက်ငယ်သားများနှင့် ကျောင်းတော်မှလူများတိုက်ခိုက်ခြင်း အစရှိသည်များက တစ်ဖက်နှင့်တစ်ဖက်ကြိုတင်အကဲစမ်းခြင်းသာဖြစ်ပေသည်။
ထိုလူစုတွင်သိုင်းပညာအမြင့်ဆုံးပုဂ္ဂိုလ်နှစ်ယောက်က ခါးကုန်းအဖိုးအိုနှင့်ရုပ်ဆိုးသည့်အဖိုးအိုတို့ဖြစ်သော်လည်း အဓိကအားဖြင့်ဆုံးဖြတ်ချက်ချသည်က ဝတ်စုံဖြူဝတ်မိန်းမငယ်လေးဖြစ်ကြောင်း အံ့ဩဖွယ်သိခွင့်ရခဲ့ပေသည်။
ထို့အပြင် မိန်းမပျိုလေးကလည်း အခြားအချက်များကိုတောင်းဆိုခြင်းမရှိဘဲ အင်အားစုတစ်ခုကိုလွတ်လပ်စွာတည်ထောင်ကာ သိုင်းလောကတွင်လှုပ်ရှားရန်ဆိုသည့်အချက်ကိုသာတောင်းဆိုခဲ့သည်။
ပုံမှန်အချိန်များတွင် သူတို့၏ရည်ရွယ်ချက်က သံသယဖြစ်ဖွယ်ကောင်းသော်လည်း တစ်ဖက်လူများ၏အင်အားကိုလည်းလျစ်လျူရှု၍မရပေ။
ကျန်လူများကိုဘေးဖယ်ထားလျှင်ပင် အဖိုးအိုနှစ်ယောက်ထဲဖြင့် ရှောင်လင်ကျောင်းတော်ကိုအနိုင်ယူနိုင်စွမ်းရှိကာ သူတို့ထဲမှတစ်ယောက်ချင်းစီ၏သိုင်းပညာက ဆရာတော်ခုံးဝန်ထက်ပင်သာလွန်နေပြီး ပိဍိကတ်အဆောင်မှူးနှင့်ပင်မတိမ်းမယိမ်းအဆင့်ရှိသည်။
ထို့ကြောင့် ဂိုဏ်းကြီးငါးဂိုဏ်းမှသိုင်းဝိဇ္ဇာများပင်လက်ရှိအခြေအနေကိုကိုင်တွယ်နိုင်စွမ်းမရှိဘဲ ရှောင်လင်ကျောင်းတော်၏ဦးဆောင်မှုအောက်ကိုသာလိုက်ခဲ့ရခြင်းဖြစ်သည်။
သူတို့၏ဆွေးနွေးမှုက အချိန်အတော်ကြာမြင့်ခဲ့သော်လည်း ရေရေရာရာအဖြေမထွက်ဘဲ တစ်ဖက်လူများ၏လုပ်ရပ်များကိုစောင့်ကြည့်ရန်သာဆုံးဖြတ်လိုက်ကြသည်။
" ဦးလေးစန်း....ပြန်တော့မှာလား....."
ကျောင်းဆောင်ထဲမှထွက်လာသည့်စန်းဟုန်းလျန်တို့အနီးသို့ ရှောင်ယောင်တို့လူစုရောက်ရှိသွားလေသည်။
သူတို့လိုပင်ဂိုဏ်းကြီးခြောက်ဂိုဏ်းနှင့်နီးစပ်သူများကိုလည်း တွေ့နိုင်ပြီး သိုင်းပြိုင်ပွဲမှပြိုက်ဘက်အချို့ပင်ရှိနေသေးသည်။
ရှောင်ယောင်၏မေးခွန်းကိုခေါင်းယမ်းပြရင်း စန်းဟုန်းလျန်က လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။
" အခြေအနေက ဘာမှကိုရေရေရာရာဆုံးဖြတ်လို့မရဘူး။ တစ်ဖက်ကလူတွေက တမင်အင်အားလာပြတာပဲ။ ပြီးတော့ သူတို့ရဲ့ရည်ရွယ်ချက်ကိုလည်းခန့်မှန်းမရတော့ ဒီဘက်က ဘာမှလုပ်ဆောင်လို့မရသေးဘူး....."
ပြန်ဖြေလိုက်သူက ဆရာတော်ရွှမ်းနန်ဖြစ်ပြီး သူနှင့်အတူ ဆရာတော်ရွှမ်းမင်နှင့်စီးတုမင်လည်းရှိနေသည်။
ထို့ကြောင့် ခုံတုံဂိုဏ်းသားအနည်းငယ်နှင့်စီးတုယွမ်ချင်းတို့လည်း ထိုနေရာသို့ရောက်ရှိလာကြကာ သူတို့၏အနီးတစ်ဝိုက်တွင်စည်စည်ကားကားဖြစ်လာပေသည်။
" ဆရာကလည်း ဘာများတွေဝေစရာရှိလို့လည်း ဒီလူတွေက ကျောင်းထိုင်ဆရာတော်ရဲ့ဈာပနမှာတောင် ပမာမခန့်လာလုပ်တာ ကောင်းကောင်းဆုံးမရမှာပေါ့ ....။
ဂိုဏ်းကြီးခြောက်ဂိုဏ်လုံးသာပေါင်းလိုက်ရင်း သူတို့ဘယ်လောက်အင်အားကောင်းကောင်းယှဥ်နိုင်ပါ့မလား...."
ကြွယ်ယန်က လက်သီးလက်မောင်းတန်း၍ဝင်ပြောလိုက်သည်။
ကျိုးကြောင်းသင့်လျော်သည့်သူ၏စကားကိုကျန်လူများက ခေါင်းညိမ့်ထောက်ခံလိုက်ကြသော်လည်း စန်းဟုန်းလျန်တို့ကား သဘောမတူသည့်ပုံစံရှိလေသည်။
" ဒီလိုလုပ်လို့မသင့်တော်ဘူး။ သူတို့ရဲ့လုပ်ရပ်ကနည်းနည်းလွန်ကဲတာမှန်ပေမယ့် ဘယ်သူ့ကိုမှမထိခိုက်ဘဲ အင်အားစမ်းတာလေ။
ပြီးတော့ ဂိုဏ်းကြီးခြောက်ဂိုဏ်းက သိုင်းပညာရှင်တွေစုပြီးတိုက်ခိုက်ရင်း မလိုလားအပ်တဲ့တိုက်ပွဲတွေဖြစ်လာနိုင်တယ်လေ...."
စန်းဟုန်းလျန်၏ရှင်းပြမှုကလည်းသင့်လျော်နေ၍ ကြွယ်ယန်မှာ မည်သို့ဆက်ပြောရမှန်းမသိတော့ပေ။
&&&