← Chapters

တွေ့ဆုံပွဲ

Vol. 4 Ch. 20

တွေ့ဆုံပွဲ

Vol. 4 Ch. 20

ထိုအချိန်မှာပင် ဆရာတော်ရွှမ်းနန်က သူ့တပည့်ကျော်၏နားရွက်ကိုဆွဲကာပြောလိုက်သည်။

" မဟုတ်ကဟုတ်က အကြံတွေလျှောက်ပေးမနေနဲ့ သူတို့ပြောသွားတာမကြားဘူးလား....သုံးပွင့်ဆိုင်မဟာမိတ်က သူတို့လက်အောက်ကဆိုပြီးတော့။

တကယ်လို့သူတို့နဲ့သူတိုက်ခိုက်ရရင် မင်းက ဘယ်ဘက်ကပါမှာလဲ...."

သုံးပွင့်ဆိုင်မဟာမိတ် သို့မဟုတ် အင်အားစုသုံးခုက သိုင်းလောကအရေးများတွင်ဝင်မပါဘဲသီးခြားနေခဲ့သော်ငြား ယခုအဖြစ်အပျက်များအရ ထိုအင်အားစုသုံးခုက ထူးခြားသည့်လူများ၏လက်အောက်တွင်ရှိကြောင်းသိသာစေသည်။

ပညာရှိစံအိမ်၏သခင်လေးဖြစ်သည့်ရှန့်စီးယန်ပင် တစ်ဘက်လူများနှင့်အတူလိုက်ပါသွားရကာ နဂါးနတ်ရဲတိုက်၏သခင်လေးဖြစ်သည့်ကြွယ်ယန်ကား ထိုအချက်ကိုပင်သတိထားမိပုံမပေါ်ပေ။

ကြွယ်ယန်လည်း သူ့ဆရာ၏စကားကြောင့် အရေးကြီးသည့်ထိုအချက်ကိုပြန်သတိရကာ သူ၏စိတ်ထဲတွင်ရှုပ်ထွေးသွားရသည်။

သို့သော် နီးရာဓားကိုကြောက်ရသည့်အတွက် နားရွက်ဆီမှနာကျင်မှုကိုခံနေရကာ တည်ကြည်ခန့်ညားသည့် ပုံစံဖြင့်ပြောလိုက်သည်။

" ဒါပေါ့ ကျနော်က ရှောင်လင်ကျောင်းတော်ရဲ့တပည့်တစ်ဦးပဲလေ ...တကယ်လို့ သူတို့နဲ့သူတိုက်ပွဲဖြစ်လာရင် ရှေ့ဆုံးကနေဆုံးမပေးမှာပေါ့ ။ အထူးသဖြင့် ဟိုရှန့်စီးယန်ဆိုတဲ့ကောင်ကို ကျနော်ကောင်းကောင်းဆော်ပစ်မယ်...."

ကြွယ်ယန်၏စကားက လေကြီးနေမှန်းသိသော်လည်းသူ၏အမူအယာကြောင့်လူတိုင်းပြုံးလိုက်မိကြသည်။

ရှောင်လင်ကျောင်းတော်အပေါ်ထားရှိသည့်ကြွယ်ယန်၏သဘောထားကိုသံသယဖြစ်ဖွယ်မရှိသော်လည်း ရှန့်စီးယန်ကိုဆုံးမနိုင်ရန်ကတော့ စိတ်ကူးသက်သက်သာဖြစ်ပေမည်။

စန်းဟုန်းလျန်တို့နည်းတူ သိုင်းမဟာမိတ်မှလူများနှင့် ဂိုဏ်းကြီးငါးဂိုဏ်းမှသိုင်းဝိဇ္ဇာများလည်း ကျောင်းဆောင်အပြင်သို့ထွက်လာကြပြီဖြစ်ရာ သူတို့နှင့်ပတ်သတ်သူများက သိလိုသည့်အကြောင်းအရာများကိုမေးမြန်းလျက်ရှိသည် ။

ဆရာတော်ရွှမ်းမင်ကတော့ ရှောင်ယောင့်ကိုတစ်ချက်သာကြည့်ကာ သူ၏တိုးတက်မှုကိုချီးကျူးစကားပြောပြီး လောဟန်ဆောင်သို့ခပ်သုတ်သုတ်ပြန်သွားပြီဖြစ်သည်။

အရှုပ်အထွေးများတွင်ပါဝင်ရခြင်းကိုများစွာမနှစ်မြို့ဘဲ အချိန်ရှိသရွေ့သိုင်းပညာကိုသာလေ့ကျင့်နေတတ်သည့်သူ့ဆရာ၏အကျင့်ကြောင့် ရှောင်ယောင်လည်းမည်သို့မှမတတ်နိုင်ခဲ့ပေ။

သိုင်းလောက၏လူငယ်မျိုးဆက်များကတော့ ဒုတိယမျိုးဆက်မှနာမည်ကျော်ဗုဒ္ဓလက်ဝါးကို အဝေးမှသာကြည့်ခွင့်ရလိုက်ကြသည်။

ထိုအချိန်မှာပင် ကျောင်းတော်အတွင်းသို့ ‌စုတ်ပြတ်နေသည့်လူရိပ်အချို့ လျှင်မြန်စွာဝင်ရောက်လာကြသည်။

ကျောင်းဝန်းအဝရှိဆရာတော်ရွှမ်းချင်တို့လူစုပင် ထိုလူများ၏နောက်မှလိုက်ပါလာပြီး သူတို့၏အမူအယာများက လွန်စွာလေးနက်တည်ကြည်နေကြသည်။

ကျောင်းဆောင်၏ရှေ့တွင်ရှိသည့် ဂိုဏ်းကြီးငါးဂိုဏ်းမှသိုင်းဝိဇ္ဇာများကိုမြင်သည်နှင့် ထိုလူများက အလျှင်အမြန်ရောက်ရှိလာကာ ရှေ့ဆုံးရှိလူက ဝမ်းနည်းကြေကွဲသည့်လေသံဖြင့်အော်ဟစ်လိုက်သည်။

" ဂိုဏ်းချုပ်ကြီး ကျုပ်တို့ဂိုဏ်းကိုအမြန်ဆုံးကယ်တင်ပေးပါ ....."

ကျန်လူသုံးလေးယောက်သည်လည်းစုတ်ပြဲနေသည့်ဝတ်စုံများ သွေးအလိမ်းလိမ်းကပ်ညိနေသည့်ခန္တာကိုယ်များဖြင့်ရှိနေကြသည်။

ခွန်လွန်ဂိုဏ်းချုပ်ကြီးကိုပြောလိုက်သည့်လူက အသက်များစွာမကြီးသေးဘဲ နှစ်ဆယ့်ငါးသုံးဆယ်ခန့်သာရှိပေမည်။

သို့သော် သူ၏မျက်နှာထက်တွင် ဝမ်းနည်းကြေကွဲမှုများ၊ စိုးရိမ်ပူပန်မှုများစွာက ထင်ဟပ်နေပြီးရှိရင်းစွဲအသက်အရွယ်ထက်များစွာပိုကြီးနေသည်ဟုထင်ရသည်။

ထိုလူစုကိုမြင်သည်နှင့်သိုင်းဝိဇ္ဇာများလည်း အံ့အားသင့်သွားကြကာ ခွန်လွန်ဂိုဏ်းချုပ်ကြီးကရှေ့ဆုံးမှလူရွယ်ကိုကြည့်ကာ အံ့သြသည့်အမူအယာဖြင့်မေးလိုက်သည်။

" မင်းက ကောင်းယွဲ့ဂိုဏ်းက ဂိုဏ်းချုပ်စန်းရဲ့မွေးစားသားမဟုတ်လား ဘာတွေဖြစ်လာတာလဲ...."

ခွန်လွန်ဂိုဏ်းချုပ်ကြီး၏မေးခွန်းကို လူရွယ်က အက်ကွဲသည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။

" ကျုပ်တို့ဂိုဏ်းအတိုက်ခံရတယ်။ ဖေဖေနဲ့အကြီးအကဲတွေတောင်ရန်သူကိုနိုင်အောင်မတိုက်နိုင်ကြဘဲသတ်ဖြတ်ခံရပြီးတော့ ဂိုဏ်းမှာရှိသမျှလူတိုင်းလည်းအသတ်ခံခဲ့ရတယ်။။

အဲဒီလူက အရမ်းကြောက်စရာကောင်းတယ် ....."

လူရွယ်၏စကားများက တစ်ပိုင်းတစ်စဖြစ်နေသော်လည်း ခွန်လွန်ဂိုဏ်းချုပ်ကြီးနှင့်ကျန်သိုင်းဝိဇ္ဇာများကားတုန်လှုပ်ချောက်ခြားသွားကြသည်။

အကြောင်းကားလူရွယ်၏စကားအရ ကောင်းယွဲ့ဂိုဏ်းက လွန်စွာကြီးမားသည့်ကပ်ဘေးဖြင့်ရင်ဆိုင်နေရ၍ဖြစ်ပေသည်။

&&&

ညနေစောင်း လိုရန်မြို့၏ညနေစောင်းအချိန်က လည်ပတ်စရာနေရာများဖြင့်သာယာလျက်ရှိသည် ။

ရှေးဟောင်းမင်းမြို့တော်တစ်ခုဖြစ်သည့်အားလျော်စွာ မြို့ထဲတွင် လည်ပတ်စရာနေရာများစွာဖြင့်ပြည့်နှက်နေပြီး နန်းမြို့တော်နှင့်နှိုင်းယှဉ်နိုင်သည်အထိ ခန့်ညားတင့်တယ်လှသည့်အဆောက်အဦးများစွာလည်းရှိနေသည် ။

လိုရန်မြို့၏ ရတနာကျောက်စိမ်းစားသောက်ဆိုင်မှာ မြို့တော်၏အကြီးမားဆုံးစားသောက်ဆိုင်ဖြစ်ပြီး နိုင်ငံ၏အကြီးမားဆုံးစီးပွားရေးအုပ်စုဖြစ်သည့်နန်ကုန်းမိသားစုပိုင်ဆိုင်ကြီးတစ်ခုဖြစ်သည်။

သာယာလှပသည့် ယွဲ့ချန်ကန်နံဘေးကိုမျက်နှာမူထားသည့်ထိုစားသောက်ဆိုင်မှာ ရှုမြင်ကွင်းများလှပခြင်း၊ အစားအသောက်များကောင်းမွန်လှခြင်းတို့ကြောင့် နိုင်ငံအနှံ့ကျော်ကြားမှုရှိပြီး လို့ရန်၏နံပါတ်တစ်စားသောက်ဆိူင်တစ်ခုပင်ဖြစ်ပေသည်။

ယခုအခါစားသောက်ဆိုင်၏တတိယထပ်တစ်ခုလုံးကိုလူတစ်ဦးတစ်ယောက်ထဲမှငှားရမ်းထားပြီးသူ၏မိတ်‌ဆွေများနှင့်သီးသန့်စားသောက်နေကြပေသည်။

ဆိုင်၏အမြင့်ဆုံးဖြစ်သည့်တတိယထပ်တွင်စားသောက်ရန်မှာ ကုန်ကျနှုန်းများစွာကြီးမြင့်လှပြီးတော်ရုံတန်ရုံသူ‌‌ဌေးသူကြွယ်များပင် ထိုပမာဏပိုနှမျောတွန့်တိုကြပေမည်။

ယခု အမည်မသိသူ‌ဌေးကြီးတစ်ယောက်က ယခုနေခင်းအတွက် ဆိုင်တတိထပ်တစ်ခုလုံးကိုငှားရန်းထားပြီး နေ့လည်စာစားသောက်နေခြင်းက လို့ရန်မြို့တစ်ခုလုံးဟိုးဟိုးကျော်သွားခဲ့သည်။

ဆိုင်၏ဒုတိယထပ်တွင် မြို့ခံသူဌေးစာရင်းဝင်သူများကိုတွေ့နိုင်မည်ဖြစ်ပြီးထိုလူများက ကောင်းစွာစားသောက်ခြင်းမပြုနိုင်ဘဲ တတိယထပ်သို့လည်တဆန့်ဆန့်မျှော်ကြည့်နေကြသည်။

သူတို့၏ရည်ရွယ်ချက်ကရှင်းလင်းလှသည်။

ယခုလိုကုန်ကျ‌ငွေကို မျက်တောင်မခတ်ဖြုန်းတီးဝံ့သည့် ချမ်းသာလှသည့်ထိုပုဂ္ဂိုလ်နှင့်မျက်နှာချင်းဆိုင်တွေ့ကာ စူးစမ်းလေ့လာလိုခြင်းဖြစ်သည်။

သို့သော် သူတို့၏ဆုတောင်းကမပြည့်ဝဘဲ အမည်မသိသူ‌ဌေးကြီးကဧည့်သည်အ‌တွေ့မခံဘဲ အေးဆေးသက်သာစွာအနားယူလျက်ရှိပေသည် ။

သို့တိုင် စီးပွားရေးလောကတွင်ပါးနပ်လှသည့်မြေခွေးအိုကြီးများက ထိုလူ၏အပြုအမူကိုစိတ်မကွက်ကြသည့်အပြင် သူ၏မောက်မာဝံ့ကြွားမှုကြောင့် ပို၍ပင်အထင်ကြီးကာ စောင့်ဆိုင်းနေကြသည်။

ဆိုငိ၏တတိယထပ်တွင် လူလေးဦးစားသောက်လျက်ရှိကြသည် ။

သူတို့၏ရှေ့ရှိစားပွဲကြီးပေါ်ရှိစားသောက်ဖွယ်ရာများက နန်းတွင်းမှဘုရင့်စားပွဲတော်နှင့်ပင်နှိုင်းယှဉ်နိုင်ကာ လူအယောက်နှစ်ဆယ်ခန့်ဝဝလင်လင်စားသောက်နိုင်သော်လည်း ယခုအခါထိုလူလေး‌ဦးသာစားသောက်နေခြင်းဖြစ်၏။

သူတို့၏ပုံပန်းသွင်ပြင်ကလည်းတစ်ယောက်နှင့်တစ်ယောက်မတူကွဲပြားစွာရှိနေပြီး အေးစက်စက်မျက်နှာထားရှိသည့် အနက်ရောင်ဝတ်စုံဝတ်ဓားသမားတစ်ယောက် ၊ သွေးနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်ပိန်ပိန်ပါးပါးခန္တာကိုယ်နှင့် ကိုရုပ်ဆိုးတစ်ယောက် ၊ သက်လက်ပိုင်းအရွယ်ရှိခန့်ညားသည့်လူတစ်ဦးနှင့် ငွေရောင်ဝတ်စုံဝတ်လူကြီးတစ်ယောက်တို့ဖြစ်သည်။

စားပွဲဝိုင်း၏အရှေ့ဘက်တွင်နေရာယူထားပြီး စားသောက်ဖွယ်ရာများကိုအိ‌န္ဒြေရရစားသောက်နေသည့် ငွေရောင်ဝတ်စုံဝတ်လူကြီးက ဤစားပွဲဝိုင်း၏အဓိကလူတစ်ဦးဖြစ်သည်ကိုရှင်းပြနေစရာလိုမည်မဟုတ်ပေ။

အသက်ခြောက်ဆယ်ကျော်နေပြီဖြစ်သည့်တိုင်နုပျိုခန့်ညားသည့်သူ၏ရုပ်သွင်က အသက်ငါးဆယ်ဝန်းကျင်ဟုသာထင်ရစေသည်။

အမြဲလိုလိုတည်ငြိမ်အေးဆေးပြီးနူးညံ့သိမ်မွေ့သည့်ပုံစံရှိသော်လည်း ထိုလူကြီး၏ခန္တာကိုယ်မှထွက်ပေါ်နေသည့်အရှိန်အဝါများက ကျန်လူများကိုအလိုလိုလွှမ်းမိုးထားနိုင်စွမ်းရှိသည်။

သူနှင့်မျက်နှာချင်းဆိုင်နေရာတွင် အဖြူရောင်ချည်‌ချောဝတ်စုံကိုဝတ်ဆင်ထားပြီး နူးညံ့ချောမောသည့်သက်လက်ပိုင်းလူတစ်ဦးရှိနေသည်။

အဆင်မြင့်အရာရှိတစ်ဦးနှင့်တူညီသည့်သွင်ပြင်ရှိသည့်ထိုလူက မြောက်များလှစွာသောကြွယ်ဝချမ်းသာမှုများကိုစီမံခန့်ခွဲနေရသည့်တိုင် ‌ငွေရောင်ဝတ်စုံဝတ်လူကြီး၏ရှေ့တွင် လက်အောက်ငယ်သားတစ်ယောက်သာဖြစ်သည်။

ထိုနည်းတူ လူကြီး၏ဘေးရှိ အနက်ရောင်ဝတ်စုံဝတ်ဓားသမားက သိုင်းလောကထဲတွင်ထိပ်တန်းနေရာ၌ရပ်တည်နိုင်သည့်သိုင်းဝိဇ္ဇာတစ်ဦးဖြစ်သည့်တိုင် လူကြီး၏သက်တောင်စောင့်ပမာ သွားလေရောလိုက်ပါရသူတစ်ဦးလည်းဖြစ်သည်။

အဖြူရောင်ဝတ်စုံဝတ်လူနှင့်မတူညီစွာ သူ၏ပုံစံက အနည်းငယ်တင်းကြပ်နေသည့်အမူအယာများရှိကြပြီးစားသောက်ဖွယ်ရာများကိုလည်း အနည်းငယ်သာစားသောက်လျက်ရှိသည်။

သူတို့၏ခေါင်းဆောင်ဖြစ်သူနှင့်တစ်ဝိုင်းထဲစားသောက်ရခြင်းက ကြီးလေးသည့်ဖိအားတစ်ခုကိုအလိုလိုဖြစ်ပေါ်နေစေကာ ခေါင်းဆောင်၏အမိန့်ကြောင့်သာမဟုတ်ပါက ယခုလိုမျိုးစားသောက်နေမည်မဟုတ်ပေ။

နောက်ဆုံးတစ်ယောက်ကသွေးနီရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး နှာခေါင်းကောက်ကောက်အရပ်ရှည်ရှည်လူဖြစ်ပြီး သူ၏ရုပ်ရည်ကအတော်ပင်ကြည့်ရဆိုးပေသည် ။

သို့သော် ဤဝိုင်းရှိလူလေးယောက်ထဲတွင် သူအစားနိုင်ဆုံးဖြစ်ပြီး ငွေရောင်ဝတ်စုံဝတ်လူကြီး၏ရှေ့တွင်ပင်စောင့်ထိမ်းမနေဘဲ အားရပါးရစားသောက်လျက်ရှိသည်။

သူ၏ဘေးရှိစားပွဲပေါ်တွင်မူ အနီရောင်တောက်တောက်ကြက်တူရွေးမျက်နှာဖုံးတစ်ခုကိုတင်ထားသည်။

သူ့လက်အောက်ငယ်သားများ၏အမူအယာကိုဂရုမစိုက်ဘဲငွေရောင်ဝတ်စုံဝတ်လူကြီးက စားသောက်ဖွယ်ရာများကိုတစ်ခုပြီးတစ်ခုမြည်းစမ်းကြည့်လျက်ရှိသည်။

ထို့နောက် အတော်အတန်စားသောက်ပြီးစီး၍ဗိုက်ပြည့်သွားချိန်တွင်မှ ဘေးတွင်အသင့်ရှိနေသည့်လက်သုတ်ပဝါကိုကောက်ကိုင်လိုက်သည်။

ထိုအခါ စိတ်မပါလက်မပါစားသောက်နေသည့်အနက်ရောင်ဝတ်စုံဝတ်ဓားသမားနှင့်အဖြူရောင်ဝတ်စုံဝတ်လူတို့က စားသောက်နေခြင်းကိုတိခနဲရပ်လိုက်ကာ သွေးနီရောင်ဝတ်စုံဝတ်လူပင် ပါးစပ်အတွင်းမှထမင်းလုပ်ကိုအလျှင်အမြန်မြိုချလိုက်လေသည်။

" မင်းတို့ကို ကောင်းကောင်း ကျွေးမွေးဖို့ခေါ်လာတာပါဆို အေးအေးဆေးဆေးမစားကြဘူး...."

ငွေရောင်ဝတ်စုံဝတ်လူကြီးက နူးညံ့အေးဆေးသည့်လေသံဖြင့်ပြောလိုက်သော်လည်း ကျန်သုံးယောက်မှာ စားသောက်ပြီးပြီဖြစ်ကြောင်းအလျှင်အမြန်ပြောလိုက်ကြသည်။

ထို့နောက် အဖြူရောင်ဝတ်စုံဝတ်လူက ငွေရောင်ဝတ်စုံဝတ်လူကြီးကိုတစ်ချက်ကြည့်ကာမေးလိုက်သည်။

" ခေါင်းဆောင် ကျုပ်ကိုဘာလို့ဆင့်ခေါ်လိုက်ရတာလဲ ...."

သူ၏ပုံစံက အနည်းငယ်စဉ်းစားမရဖြစ်နေသည်။

ငွေရောင်ဝတ်စုံဝတ်လူကြီး၏လက်အောက်မှသခင်လေးယောက်ထဲတွင် သူ၏အလုပ်တာဝန်ကအများဆုံးဖြစ်သလို ငွေရောင်ဝတ်စုံဝတ်လူကြီးကိုလည်း များစွာအစီရင်ခံစရာမလိုပေ။

ထို့ကြောင့် ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင်လုပ်ဆောင်ခဲ့ပြီး သူတို့နှစ်‌ယောက်မတွေ့ရသည်မှာ နှစ်အနည်းငယ်ကြာပြီဖြစ်သည်။

သူ၏မေးခွန်းကြောင့် ငွေရောင်ဝတ်စုံဝတ်လူကြီးက အသာပြုံးရင်းပြန်ဖြေလိုက်သည်။

" မင်းရဲ့လုပ်ငန်းတွေရော အခြေအနေဘယ်လိုရှိလဲ....."

ငွေရောင်ဝတ်စုံဝတ်လူကြီး၏မေးခွန်းကိုအံ့အားသင့်သွားသည့်တိုင်တည်ငြိမ်စွာပြန်ဖြေလိုက်သည်။

" နှစ်စဉ်အမြတ်ငွေကလည်း တစ်နှစ်ထက်တစ်နှစ်တိုးလာပါတယ်။ ပြီးတော့ ရွှေဝတ်လွှာလုပ်ငန်းတွေကိုလည်း နိုင်ငံရဲ့မြို့ကြီးနှစ်ဆယ်နဲ့ မြို့ငယ်ငါးဆယ်ကျော်အထိဖြန့်ကျက်ထားနိုင်ပါပြီ ...."

အဖြူရောင်ဝတ်စုံဝတ်လူ၏အဖြေကို ငွေရောင်ဝတ်စုံဝတ်လူကြီးက စိတ်ကျေနပ်သွားပြီး ခေါင်းတစ်ချက်ညိမ့်လိုက်သည်။

&&&

All Chapters