ဒုတိယပစ်မှတ်
Vol. 4 Ch. 21
အဖြူရောင်ဝတ်စုံဝတ်လူ၏အဖြေကို ငွေရောင်ဝတ်စုံဝတ်လူကြီးက စိတ်ကျေနပ်သွားပြီး ခေါင်းတစ်ချက်ညိမ့်လိုက်သည်။
ထို့နောက် အဖြူရောင်ဝတ်စုံဝတ်လူကို စူးစိုက်ကြည့်ကာမေးလိုက်သည်။
" ကောင်းတယ် ။ မင်းကငါ့လက်အောက်လူတွေထဲမှာ စိတ်ကျေနပ်စရာအကောင်းဆုံးပဲ။
လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က မင်းငါ့လက်အောက်ကိုဝင်တုန်းက ဘာတောင်းဆိုခဲ့တဲ့ဆိုတာပြန်သတိရသေးလား....."
ထိုမေးခွန်းကြောင့် အဖြူရောင်ဝတ်စုံဝတ်လူ၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားပြီး သူ၏ရင်က တဒိန်းဒိန်းခုန်လာတော့သည်။
" ကျုပ်ရဲ့ရည်ရွယ်ချက်ကို စိတ်ထဲမှာအမြဲရှိပါတယ်ခေါင်းဆောင်....."
သူ၏လေသံက အနည်းငယ်စိတ်လှုပ်ရှားနေဟန်တူပြီး တလက်လက်တောက်ပသည့်မျက်ဝန်းထဲတွင်မျှော်လင့်ချက်အရိပ်အယောင်များကိုတွေ့နိုင်သည်။
ထိုမြင်ကွင်းကို တိတ်ဆိတ်စွာစောင့်ကြည့်နေသည့် ကျန်နှစ်ယောက်၏အမူအယာကလည်းအနည်းငယ်ထူးခြားနေပြီး သူတို့၏ကိုယ်ပိုင်တောင်းဆိုချက်များပြည့်တော့မည့်နေ့က မဝေးတော့ကြောင်းရိပ်စားမိလိုက်ကြသည်။
ထိုစဉ် ငွေရောင်ဝတ်စုံဝတ်လူကြီးက လွန်စွာစိတ်လှုပ်ရှားနေဟန်တူသည့်အဖြူရောင်ဝတ်စုံဝတ်လူကို ကြည့်ရင်းအပြုံးမျက်နှာဖြင့်ဆိုလိုက်သည်။
" ဒီနေ့ညကစပြီး မင်းရဲ့ရည်ရွယ်ချက်ကိုဖြစ်မြောက်အောင်ဆောင်ရွက်လို့ရပြီ။ လုပ်ငန်းသစ်တိုးချဲ့တာကိုနားပြီး နန်ကုန်းမိသားစုကို စတင်တိုက်ခိုက်တော့...."
သူ၏စကားအဆုံး၌ အခန်းအပူချိန်ကအနည်းငယ်ကျဆင်းသလိုဖြစ်သွားပြီး အဖြူရောင်ဝတ်စုံဝတ်လူကား ရုတ်တရက်ထရပ်ကာ ဦးညွှတ်အရိုအသေပေး၍ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်ခေါင်းဆောင်..."
အနှစ်နှစ်အလလမျှော်လင့်ချက်များရောက်ရှိလာတော့မည်ဖြစ်၍ သူ၏မျက်ဝန်းထဲတွင် မီးပွားများတောက်လောင်နေသလို ထက်သန်သည့်ဆန္ဒများပြည့်နှက်လျက်ရှိသည်။
ထို့နောက် ငွေရောင်ဝတ်စုံဝတ်လူကြီးက ဘေးတွင်ရှိနေသည့် သွေးနီရောင်ဝတ်စုံဝတ်လူကိုတစ်ချက်ကြည့်ကာပြောလိုက်သည်။
" ဖန်းလွေ...မင်းက ဟန်ဝူ့ကိုကူညီအစွမ်းကုန်ကူညီပေးလိုက် လူအင်အားလိုအပ်ရင် ကျိုးတိနဲ့စုန်းရိကိုပြောလို့ရတယ်...."
ငွေရောင်ဝတ်စုံဝတ်လူကြီး၏လေသံက လေးနက်
တည်ကြည်နေပြီးအမှန်တကယ်ဆောင်ရွက်တော့မည်ဖြစ်မှန်းကောင်းစွာမြင်တွေ့နိုင်၍ သွေးနီရောင်ဝတ်စုံဝတ်လူကလည်း အရိုအသေပေးကာပြောလိုက်သည်။
" စိတ်ချပါခေါင်းဆောင် ကျုပ် သူ့ကိုအစွမ်းကုန်ကူညီပေးပါ့မယ်...."
သူ၏ကတိစကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူ၏ ကျေးဇူးတင်ဟန်တူသည့်အကြည့်များက သွေးနီရောင်ဝတ်စုံဝတ်လူထံသို့ကျရောက်လာသည်။
ထိုစဉ် ငွေရောင်ဝတ်စုံဝတ်လူကြီးက တစ်စုံတစ်ခုကိုသတိရဟန်ဖြင့်ပြောလိုက်သည်။
" ဒါနဲ့ ရှောင်လင်ကျောင်းမှာအစွမ်းပြသွားတဲ့လူတွေရဲ့နောက်ကို စောင့်ကြည့်ဖို့စေလွှတ်ထားလိုက်ဦး။ ။ တစ်ခုတော့သတိထား မင်းရဲ့လူတွေကိုလုံးဝရိပ်မိလို့မဖြစ်ဘူးနော်...."
သူ၏အမူအယာက အစောပိုင်းကထက်ပင်ပို၍လေးနက်တည်ကြည်နေသည့်အတွက် သွေးနီရောင်ဝတ်စုံဝတ်လူလည်း လေးနက်သည့်ဟန်ဖြင့်ပြောလိုက်သည်။
" ကျုပ်ရဲ့အကောင်းဆုံးလူတွေကို စေလွှတ်ထားလိုက်ပါ့မယ်ခေါင်းဆောင်...."
ထို့နောက် ငွေရောင်ဝတ်စုံဝတ်လူကြီးက သူ၏အမိန့်ကိုအသင်စောင့်ဆိုင်းသည့်ပုံစံဖြင့်ရှိနေသည့် အနက်ရောင်ဝတ်စုံဝတ်ဓားသမားကိုကြည့်ကာပြောလိုက်သည်။
" စုန်းယောင် မင်းရဲ့ဂိုဏ်းကိုပြန်ဖို့အချိန်တန်ပြီ...."
ထိုစကားကိုကြားကြားချင်း အနက်ရောင်ဝတ်စုံဝတ်လူမှာ လုံးဝမ ယုံကြည်နိုင်အောင်ဖြစ်သွားကာ သူ၏အေးစက်စက်အမူအယာက အကြီးအကျယ်ပြောင်းလဲသွားတော့သည်။
&&&&
ပြာလဲ့လဲ့ကောင်းကင်ကြီးက မှင်အိုးဖြင့််ပတ်ဖြန်းထားသည့်အလားမည်းမှောင်လျက်ရှိသည့်အပြင် စိတ်လက်မကြည်မသာရှိသူတစ်ဦးနှယ် တဂျန်းဂျိန်းမည်သံပေး၍ ဟိန်းဟောက်လျက်ရှိပေသည်။
တိမ်စိုင်များက တစ်ခုနှင့်တစ်ခုရောယှက်ကာပေါင်းစည်းသွားကြသည်။
ထို့နောက် တောက်ပသည့်လျှပ်စီးတန်းများက တဝင်းဝင်းတလက်လက်ဖြင့်လှပစွာဖြစ်ပေါ်လာကာ မိုးချိန်းသံများကလည်း ဒွန့်တွဲပါဝင်လာပေသည်။
နွေဦးရာသီ၏ညနေစောင်းအချိန်ပင်ဖြစ်လင့်ကစား မိုးသက်မုန်တိုင်းတော့လာမည့်ဟန်ဖြင့်မှောင်ရီအုံ့မှိုင်းလျက်ရှိသည် ။
မည်းမှောင်နေသည့်ကောင်ကင်ကြီးနှင့် တဝင်းဝင်းလက်နေသည့်လျှပ်စီးတန်းများက မိုးရာသီသဖွယ်ထင်မှတ်ရစေကာ အရာအားလုံးကိုအုံ့မှိုင်းစေခဲ့သည်။
ကျယ်ဝန်းသည့်ခြံဝန်းကြီးထဲတွင် မြင်မကောင်းရှုမကောင်းသည့်မြင်ကွင်းတစ်ခုဖြစ်ပေါ်နေပေသည်။
မနေ့တစ်နေ့ကပင် စည်ကားသိုက်မြိုက်လှပြီး လူများစွာရှိခဲ့သည့်ထိုနေရာကြီးမှာ ယခုအခါ သုဿာန်တစပြင်နှယ်တိတ်ဆိတ်ခြောက်ကပ်လျက်ရှိသည်။
မြေပြင်တွင်ချောင်းစီးနေသည့်သွေးကွက်များက ပြင်းထန်သည့်အနံ့အသက်တို့ကိုထုတ်လွှတ်နေကာ မြင်မကောင်းရှုမကောင်းသည့်အလောင်းများစွာက နေရာအနှံ့တွင်ရှိနေကြသည်။
ခြေပြတ်လက်ပြတ်များ၊ အူပွင့်၍သေဆုံးသူများအပြင် အရှင်လက်လက်ခေါင်းဖြတ်အသတ်ခံထားရသည့်အလောင်းများက ငရဲပြည်မှမြင်ကွင်းတစ်ခုနှယ်။
ခြံဝန်း၏အဝတွင် လူနှစ်ရာနီးပါးရှိမည့်အုပ်စုကြီးတစ်ုရောက်ရှိလာသော်လည်း ခြံဝန်းထဲမှမြင်ကွင်းကြောင့် သူတို့အားလုံးတုန့်ခနဲရပ်သွားမိကြသည်။
သူတို့ထဲမှအများစုက တိုက်ပွဲပေါင်းများစွာကိုတိုက်ခိုက်ဖူးပြီးရန်သူများစွာကိုသတ်ဖြတ်ဖူးသည့် သိုင်းသမားရင့်မာကြီးများဖြင်သည့်တိုင် ခြံဝန်းထဲရှိမြင်ကွင်းကိုမြင်တွေ့ရပြီးနောက် မအော့အန်မိစေရန်ကြိုးစား၍ထိမ်းချုပ်ထားရသည်။
ယခုလိုအဖြစ်အပျက်မျိုးကိုပထမဆုံးမြင်ဖူးသည့်လူငယ်မျိုးဆက်များကတော့ ဖြူဖျော့နေသည့်မျက်နှာများဖြင့်ကြောက်လန့်တုန်လှုပ်သွားကြသည်။
သို့သော်လူစု၏ရှေ့ဆုံးတွင်ဦးဆောင်လာသည့် သွေးအလိမ်းလိမ်းကပ်ညိနေသည့်ခန္တာကိုယ်များနှင့်စုတ်ပြတ်နေသည့်လူသုံးလေးယောက်က ခြံဝန်းထဲသို့ပြေးဝင်သွားကာ ရူးသွပ်နေသူများနှယ်အော်ဟစ်ငိုကြွေးနေကြသည်။
ထိုလူများက စန့်ချီနှင့်ကောင်းယွဲ့ဂိုဏ်း၏လက်ကျန်ဂိုဏ်းသားများပင်ဖြစ်သည်။
ရှောင်လင်ကျောင်းတော်သို့သွားရောက်အကူအညီတောင်းကာအမြန်ဆုံးပြန်လည်ရောက်ရှိလာသော်လည်း တစ်ရက်မပြည့်မီယခုလိုဖြစ်သွားလိမ့်မည်ဟု သူတို့လုံးဝမယုံကြည်နိုင်ခဲ့ကြပေ။
အနိဠာရုံမြင်ကွင်းကို ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများပင်မကြည့်ရက်ဘဲမျက်နှာလွဲသွားကြပြီး အော့မေ့ဂိုဏ်းမှအကြီးအကဲလီက ခေါင်းယမ်း၍ရေရွတ်လိုက်သည်။
" ဘယ်လိုလူမျိုးကများ ဒီလောက်အထိ ရက်ရက်စက်စက်လုပ်သွားရတာလဲ...."
&&&
ညနေစောင်း
ချူမင်းမြို့၏လမ်းမများထက်တွင် သွားလာလှုပ်ရှားသူများစွာဖြင့်သက်ဝင်လျက်ရှိကာ စည်ကားသည့်မြို့တစ်ခု၏နေညိုချိန်မြင်ကွင်းကိုအပြည့်အဝဖော်ဆောင်ပေးလျက်ရှိသည် ။
သိုင်းလောကထဲတွင်ကျော်ကြားသည့်ထိပ်တန်စအင်အားစုတစ်ခုဖြစ်သည့် ချူမိသားစုအခြေစိုက်ရာမြို့ဖြစ်၍ ချူမင်းမြို့နှင့်အနီးတစ်ဝိုက်တွင် အနက်ရောင်သိုင်းသမားများအစအနပင်မမြငိရအောင်ရှင်းလင်းလျက်ရှိသည် ။
မြို့၏နေရာအနှံ့တွင်လည်း ချူမိသားစု၏ငွေရောင်ဝတ်စုံကိုဝတ်ဆင်ထားကြသည့်လူအချို့ကိုတွေ့နိုင်မည်ဖြစ်ပြီး မြို့ခံလူများစွာက သူတို့ကိုမြင်လျှင်လေးလေးစားစားဆက်ဆံကြရသည် ။
ယခုလို့မြို့တစ်မြို့မှလူများသာမက သိုင်းလောကတွင်းရှိသိုင်းသမားများပင်ချူမိသားစုမှလူများကိုတွေ့လျှင်လေးစားမှုပြသရပြီး အနက်ရောင်သိုင်းသမားများကိုပြက်ပြက်သားသားသုတ်သင်တတ်သည်က ချူမိသားစု၏အလေ့အကျင့်တစ်ခုဖြစ်သည်။
သူတို့၏ကျော်ကြားသည့်သိုင်းပညာတစ်ရပ်ဖြစ်သည့် ကျောက်စိမ်းဖျက်လက်က လေ့ကျင့်သူ၏လက်နှစ်ဖက်ကိုသံမဏိလိုမာကျောစေပြီး လက်ဗလာဖြင့်ဓားလှံများကိုချိုးဖျက်နိုင်သည်အထိအစွမ်းထက်လာစေသည်။
ထို့ကြောင့် ချူမိသားစုဟုပြောလိုက်သည်နှင့်ကျောက်စိမ်းဖျက်လက်ကိုပြေးမြင်မိကြမည်ဖြစ်ပြီး အမှန်လည်း ကြောက်စရာကောင်းလှသည့်သိုင်းပညာတစ်ရပ်ဖြစ်သည်။
ချူမင်းမြို့၏တစ်နေရာရှိတည်းခိုခန်းမှအခန်းငယ်လေးတစ်ခုထဲတွင် ကိုယ်လုံးတီးလူတစ်ယောက် ရေစိမ်လျက်ရှိသည်။
လူတစ်ယောက်၏ခါးခန့်ရှိမည့်ရေချိုးကန်ထဲတွင် သူ၏ဦးခေါင်းကိုဖော်ရုံသာနှစ်ထားခြင်းဖြစ်ပြီး ထိုလူ၏အသက်အရွယ်က အတော်ပင်ငယ်ရွယ်သေးသည်ကိုတွေ့မြင်ရပေမည်။
သို့သော် လူငယ်၏မျက်နှာက ဟန်အမူအယာကင်းမဲ့ကာ လူသေကောင်တစ်ကောင်၏မျက်နှာနှင့်ဆင်တူလှပြီး သူ၏ပုံစံက နေရောင်ကိုနှစ်များစွာမထိတွေ့ရသည့်နှယ်ဖြူဖျော့လျက်လည်းရှိသည် ။
လူငယ်က ရေချိူးကန်ထဲတွင် တစ်ကိုယ်လုံးနစ်မြုပ်၍အပန်းဖြေနေခြင်းဖြစ်ပြီး ဘေးနားတွင် သွေးများဖြင့်ခြောက်ကပ်နေသည့်အနက်ရောင်အင်္ကျီတစ်ထည်နှင့် ဓားအိုကြီးတစ်လက်ကိုတွေ့ရပေမည်။
ရုတ်တရက် လူငယ်၏မျက်လုံးများကဖျက်ခနဲပွင့်လာပြီး ရေချိုးခန်းတွင်းသို့တိုးဝင်လာသည့် ရွှေအိုရောင်နေခြည်တန်းများကိုမော့ကြည့်လိုက်သည်။
သူ၏မျက်လုံးများက ဟနိအမူအယာကင်းမဲ့သည့်မျက်နှာသေနှင့်လိုက်ဖက်စွာအေးစက်စက်ဖြစ်နေသည်။
ထို့နောက် လူငယ်က အနိမ့်အမြင့်မရှိသည့်အသံဖြင့်တစ်ကိုယ်တည်းရေရွတ်လိုက်သည်။
" နေတောင်ဝင်တော့မှာပါလား....ချူမိသားစုရဲ့အလှည့်ကျပြီပေါ့ ။ တခြားလူတွေမရိပ်မိခင် မြန်မြန်ရှင်းရမယ် ...."
လူငယ်က ခံစားချက်ကင်းမဲ့စွာရေရွတ်လိုက်ရင်း ဖြေးညင်းစွာထရပ်ကာရေချိုးကန်ဘေးနားတွင်တင်ထားသည့်သားရေချပ်လေးတစ်ချပ်ကိုကောက်ယူလိုက်သည်။
ထိုအခါ သူ၏ခန္တာကိုယ်ရှေ့ဘက်နှင့်နောက်ဘက်တွင်များပြားသည့်ဒဏ်ရာများကိုတွေ့ရမည်ဖြစ်ပြီး ထိုဒဏ်ရာများက လောလောလက်လက်ရရှိထားဟန်ဖြင့် အနာကျက်ခြင်းပင်မရှိသေးပေ။
သေခြင်းရှင်ခြင်းတိုက်ပွဲကြီးတစ်ခုကိုဖြတ်ကျော်လာရဟန်တူသော်လည်းလူငယ်၏ပုံစံကမောပန်းခြင်းကင်းမဲ့စွာဖြင့် တက်ကြွဖျက်လက်လျက်ရှိဆဲပင်။
လူရွယ်၏ရင်ဝတည့်တည့်တွင် သုံးလက်မခန့်နက်ရှိုင်းပြီး ရှည်လျားသည့်ဓားရာကြီးတစ်ခုရှိနေပြီး သာမန်လူတစ်ယောက်ကိုမြင်ရုံနှင့်ထိတ်လန့်စေမည့်ထိုဒဏ်ရာကြီးက လူငယ့်ကိုမျက်နှာတစ်ချက်ပျက်စေရန်ပင်မစွမ်းဆောင်နိုင်ပါချေ။
လူငယ်၏လက်ထဲရှိသားရေချပ်လေးပေါ်တွင် နာမည်အတော်များများကိုရေးထွင်းထားပြီး အံ့ဩဖွယ်ကောင်းစွာဖြင့်ထိုနာမည်များက သိုင်းလောကတွင်ကျော်ကြားသည့်ထိပ်တန်းအင်အားစုများဖြစ်သည်ကိုတွေ့ရပေမည်။
စာရင်း၏အောက်ဘက်နားတွင် ဂိုဏ်းကြီးခြောက်ဂိုဏ်း၏နာမည်ကိုတွေ့နိုင်ကာ အော့မေ့၊ ဝါဆန်း၊ ခွန်လွန် ဝူတန်း ၊ တေလေ၊ ရှောင်လင် စသည်ဖြင့် အင်အားအနိမ့်မှအမြင့်ဆုံးအစဉ်လိုက်ရေးမှတ်ထားပုံရသည်။
ရှောင်လင်ကျောင်း၏အောက်တွင် တစ်ခုတည်းသောနာမည်သာရှိနေပြီး လူငယ်၏အေးစက်စက်မျက်ဝန်းများက ထိုနာမည်ကို အချိန်အတော်ကြာအောင်စူးစိုက်ကြည့်နေသည်။
သူ၏မျက်လုံးများမှ တောက်ပသည့်အလင်းတန်းများထွက်ပေါ်လာသည်ဟုထင်ရကာ ထိုခဏတွင်လူငယ်၏ပုံစံက လွန်စွာကြောက်စရာကောင်းသည့်ဓားတစ်စင်းနှင့်ဆင်တူနေသည်။
မိုးနှင့်မြေ၏အကြားတွငိရှိသမျှအရာအားလုံးကိုသတ်ဖြတ်နိုင်မည်ဟုထင်ရသည့်ဓားအရှိန်အဝါက လူငယ်၏ခန္တာကိုယ်မှထွက်ပေါ်နေခြင်းဖြစ်သည်။
ထို့နောက် လူငယ်က သူ၏မျက်ဝန်းများကိုမှိတ်လိုက်ရင်း သူ့ကိုယ်သူသတိပေးဟန်ဖြင့်ဖြေးညင်းစွာရေရွတ်လိုက်သည်။
" အချိန်မကျသေးဘူး. အချိန်မကျသေးဘူး... "
လူငယ်၏လက်ထဲရှိစာရင်း၏ထိပ်ဆုံးတွင်ရှိနေသည့် ကောင်းယွဲ့ဂိုဏ်းဆိုသည့်နာမည်က ဓားဖြင့်ခြစ်ထားခံရပြီးဖြစ်သည်ကိုတွေ့ရပေမည်။
&&&