← Chapters

သွေးကြွေးဆပ်ပွဲ

Vol. 4 Ch. 22

သွေးကြွေးဆပ်ပွဲ

Vol. 4 Ch. 22

ညအချိန်

နေ့လည်အချိန်ထဲက အုံ့မှိုင်းနေသည့်ကောင်းကင်ကြီးက တိမ်ညိုတိမ်ပုတ်များထူထပ်နေကာ လမင်းကြီးနှင့်ကြယ်စင်များ၏အလင်းတန်းများကိုပင်ဖူံးကွယ်ထားပေသည်။

အတော်အတန်မြင့်မားသည့်တောင်တစ်လုံး‌ပေါ်ရှိကျယ်ပြန်သည့်မြေနေရာတွင် အဆောက်အဦးများစွာရှိနေပြီး ကျယ်ဝန်းသည့်တံတိုင်းကြီးဖြင့် ကာရံထားပေသည်။

ချန်တောင်ထိပ်ဟု လူသိများသည့်ထိုတောင်က ရှည်လျားသည့်ချန်တောင်တန်းနှင့်ဆက်စပ်နေပြီး သိုင်းလောကတွင်ကျော်ကြားသည့်အင်အားစုနှစ်ခုအခြေစိုက်ရာနေရာလည်းဖြစ်သည်။

တောင်တန်းများပေါ်တွင်ရှိသည့် ချန်တောင်တန်းဂိုဏ်းက ကျော်ကြားသည့်ပထမတန်းစားအင်အားစုတစ်ခုဖြစ်ပြီး တောင်ထွပ်ပေါ်ရှိနောက်ထပ်ဂိုဏ်းတစ်ခုက ပို၍ပင်အင်အားတောင့်တင်းသေးသည်။

သိုင်းမဟာမိတ်၏အဖွဲ့ဝင်အင်အားစုတစ်ခုဖြစ်သည့်အပြင် သိုင်းလောကထဲတွင်ပါကျော်ကြားသည့်ချန်ချင်းဂိုဏ်းက ချန်တောင်ထိပ်တွင်တည်ရှိပေသည်။

ကျော်ကြားသည့်ဓားသမားများစွာမွေးထုတ်ရာဖြစ်သည့်ချန်ချင်းဂိုဏ်းက သိုင်းလောကထဲတွင်လျစ်လျူရှု၍မရသည့်အင်အားစုတစ်ခုဖြစ်ပြီး ဖြောင့်မက်မှန်ကန်သည့်ဂုဏ်သတင်းကြောင့် သိုင်းလောကသားများလေးစားရသည့်ဂိုဏ်းတစ်ခုလည်းဖြစ်ပေသည်။

ယခုအခါ ချန်ချင်းဂိုဏ်း၏ခြံဝန်းရှေ့သို့ အစိမ်းရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသည့်မိန်းမပျိုတစ်ယောက်ရောက်ရှိလာသည်။

ဂိုဏ်းတစ်ခုလုံးကထူးဆန်းစွာတိတ်ဆိတ်ငြိမ်သက်နေပြီး ခြံဝန်းအဝရှိမီးတိုင်နှစ်ခုမှလွဲ၍ ဂိုဏ်းတစ်ခုလုံးအမှောင်ကျနေသည်ကိုတွေ့မြင်ရပေမည်။

ပိန်သွယ်ပြီး သဲနာရီတစ်လုံးနှယ်အချိုးအစားကျသည့်ခန္တာကိုယ်က ပုရိသများစွာကိုရူးသွပ်အောင်လုပ်ဆောင်နိုင်စွမ်းရှိမည်ဖြစ်ပြီး ခြံဝန်းတံခါးမှမီးရောင်အောက်တွင် ကျောက်စိမ်းလိုသန့်စင်သည့်အသားအရေကိုကောင်းစွာတွေ့မြင်နေရသည်။

လူယောင်ဆောင်ထားသည့်နတ်မိမယ်တစ်ပါးလို လှပလျက်ရှိနေသည့် ထိုမိန်းမပျိုက ကြီးမားသည့်ခမောက်ကြီးတစ်လုံးကိုဆောင်းထားသည့်အပြင် အနက်ရောင်ပိတ်စဖြင့်ကာရံထား၍ သူမ၏ရုပ်ရည်ကိုမမြင်ရနိုင်ပေ။

သို့သော် ညအမှောင်နှင့်မီးအလင်းရောင်ကြားတွင်ရှိနေသည့်လွန်စွာလှပသည့်ခန္တာကိုယ်လေးတစ်ခုထဲပင် မြောက်များလှစွာသော ယောင်္ကျားသားများကိုဆွဲဆောင်နိုင်စွမ်းရှိမည်က အသေအချာပင်ဖြစ်သည်။

အနက်ရောင်ပိတ်စအောက်မှ တဖျက်ဖျက်တောက်ပနေသည့်မျက်လုံးများက အမှောင်ထုကိုပင်ထိုးဖောက်မြင်နိုင်သည်ဟုထင်ရကာ ချန်ချင်းဂိုဏ်း၏ခြံဝန်းထဲသို့စူးစိုက်ကြည့်နေသည်။

ထို့နောက် သူမ၏ခန္တာကိုယ်ကိုတစ်ချက်လှုပ်လိုက်ရာ လှပသည့်ကိုယ်ဟန်ဖြင့်ပေါ့ပါးစွာမျောလွင့်သွားပြီး မြင့်မားသည့်တံတိုင်းကိုကျော်ကာ ခြံဝန်းအတွင်းသို့ရောက်ရှိသွားတော့သည်။

ဂိုဏ်းတစ်ခုလုံးကမှောင်မည်းနေပြီး မီးရောင်လုံးဝမရှိ၍ မိန်းမပျို၏မျက်ခုံးနှစ်ဖက်ကစုကြုံ့သွားရသည်။

ယခုအခြေအနေက တစ်စုံတစ်ရာလွဲမှားနေသည်ကိုသတိပြုလိုက်မိသော်လည်းချက်ခြင်းပင် မီးများဖျက်ခနဲပွင့်လာလေသည်။

" သူရောက်နေပြီဟ..."

ကျယ်လောင်စွာအော်ဟစ်လိုက်သည့်အသံနှင့်အတူ ဂိုဏ်း၏ရှေ့တွင်ရှိနေသည့်မြေကွက်လပ်တွင်လူတစ်စုရှိနေသည်ကိုမြင်တွေ့ရလိုက်သည်။

သူတိူ့ကိုဦးဆောင်ထားသည့်လူက အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထယးသည့်အဖိုးအိုတစ်ဦးဖြစ်ကာ တည်ကြည်တင်းမာပြီးအေးစက်သည့်ရုပ်သွင်က ဆုံးဖြတ်ချက်ပြက်သားမည့်လူတစ်ဦးဖြစ်မှန်းအကဲခပ်နိုင်ပေသည်။

ထိုနည်းတူ မိန်းမပျိုလေး၏ဘေးပတ်လည်တွင် မီးတိုင်များစွာထွန်းလင်းလာပြီး ဂိုဏ်း၏ပင်မစံအိမ်နောက်မှ ဓားကိုယ်စီကိုင်ဆောင်ထားကြသည့်ဂိုဏ်းသားများစွာထွက်ပေါ်လာကာ မိန်းမပျိုလေးကိုထွက်ပေါက်မရှိအောင်ဝန်းရံထားလိုက်ကြသည်။

စုစုပေါင်း လူဦးရေနှစ်ရာနီးပါးရှိမည့်ဂိုဏ်းသားများက မိန်းမမျိုလေးကိုဝိုင်းထားကြပြီးဖြစ်သည်။

သူတို့၏အပြုအမူကိုကြည့်ခြင်းဖြင့်မိန်းမပျိုလေးရောက်ရှိလာမည်ကိုကြိုတင်သိရှိထားသညိ့အလားဖြစ်နေပြီး သူမထွက်မပြေးနိုင်ရန်ကိုလည်း ကြိုတင်စီစဉ်ထားကြသည်။

သို့သော် မိန်းမပျို၏အမူအယာကတစ်ချက်ကလေးမှပျက်ယွင်းခြင်းမရှိဘဲ စံအိမ်ရှေ့တွင်ရှိနေသည့်လူစု၏ခေါင်းဆောင်ဖြစ်ဟန်တူသည့်အဖိုးအိုကိုပြောလိုက်သည််။

" ချန်လုကို ထုတ်ပေးစမ်း...."

အနိမ့်အမြင့်မရှိသည့်သူမ၏လေသံက ကြည်လင်သော်လည်း အေးစက်ပြီးခံစားချက်ကင်းမဲ့နေသည်။

ရန်သူများစွာ၏အလယ်ကိုရောက်ရှိနေသည့်တိုင် တုန်လှုပ်ခြင်းကင်းမဲ့သည့်မိန်းမပျိုကို သူတို့အားလုံးအံ့ဩနေကြကာ အဖိုးအို၏နောက်မှသက်လက်ပိုင်းလူတစ်ဦးကအော်ဟစ်လိုက်သည်။

" ရိုင်းစိုင်းလိုက်တာ မင်းရောက်နေတာ ငါတို့ရဲ့ဂိုဏ်းနော်...."

ထိုလူက ချန်ချင်းဂိုဏ်း၏အကြီးအကဲတစ်ဦးဖြစ်ပြီးအစွမ်းထက်သည့်အဆင့်လွန်ထိပ်သီးတစ်ဦးလည်းဖြစ်သည်။

မိန်းမပျိုကားထူးမခြားနားအမူအယာဖြင့်ရှိနေပြီး အေးစက်ကာသီးခြားဆန်လှသည့်သူမ၏သွင်ပြင်က အဖိုးအိူ၏မျက်နှာကိုပင်အနည်းငယ်ပြောင်းလဲသွားစေခဲ့သည်။

" မင်း..."

အစောပိုင်းကအကြီးအကဲမှာ မိန်းမပျိုကသူ့ကိုဘက်မလုပ်၍ ဒေါသထွက်သွားသော်လည်း အဖိုးအိုက လက်ကာပြ၍ ဆက်မပြောတော့ပေ။

ထို့နောက် အဖိုးအိုက ရှေ့သို့ဖြေးညင်းစွာတိုးလာပြီး မိန်းမပျိုနှင့်ခြေလှမ်းအနည်းငယ်အကွာတွင်ရပ်လိုက်သည်။

" မင်းက သွေးအေးသခင်မလား...."

သူ၏လေသံကအနည်းငယ်အံ့အားသင့်နေဟန်တူပြီးထိုအကြောင်းကို ကြိုတင်သိရှိထားပြီးဖြစ်သည့် အကြီးအကဲမှလွဲ၍ ကျန်ဂိုဏ်းသားများမှာ အကြီးအကျယ်အံ့သြတုန်လှုပ်သွားကြသညမ။

အကြောင်းကား သွေးအေးသခင်မကို သိုင်းထိပ်သီးခြောက်ယောက်ပူးပေါင်းတိုက်ခိုက်ပြီးသတ်ဖြတ်နိုင်ခဲ့သည်ဟု သိုင်းမဟာမိတ်ကကြေငြာခဲ့၍ဖြစ်သည်။

ယခု လွန်ခဲ့သည့်ဆယ်နှစ်ကျော်က သူတို့ဂိုဏ်းကိုများစွာဆုံးရှုံးနစ်နာစေခဲ့ပြီး မြောက်ပိုင်း‌တစ်ခွင်သွေးလွှမ်းစေခဲ့သည့်သွေးအေးသခင်မက ပြန်၍ပေါ်ထွက်လာချေပြီ။

အဖိုးအို၏စကားအရ မိန်းမပျိုမည်သူမည်ဝါဖြစ်သည်ကိုကြိုတင်သိရှိပြီးဖြစ်ဟန်တူသလို သူ၏လူများကိုပင် အဆင်သင့်ပြင်ထားသေးသည် ။

ထိုအချင်းအရာကအနည်းငယ်ထူးဆန်းသော်လည်း မိန်းမပျိုက ဂရုမစိုက်ဘဲ သူမ၏ဦးခေါင်းထက်ရှိခမောက်ကြီးကိုဖြေးညင်းစွာချွတ်လိုက်သည်။

ထိုအခါ နက်မှောင်သန်စွမ်းပြီး ပျော့ပြောင်းနူးညံ့သည့်ဆံနွယ်ရှည်များကရေတံခွန်ကဲ့သို့ဖြာကျလာပြီး အနက်ရောင်ပဝါပါးဖြင့်ဖုံးကွယ်ထားသည့်ပြိုင်ဘက်ကင်းမျက်နှာကလေးထွက်ပေါ်လာပေသည်။

ပဝါပါးက မိန်းမပျိုလေး၏မျက်နှာကို ဖူံးကွယ်ထားသည့်တိုင် ဝိုးတဝါးမြင်နေရသည့်လွန်စွာလှပသည့်မျက်နှာကလေးကိုတွေ့နိုင်ကာ ဖြူဝင်းသည့်နဖူးပြင်နှင့် မည်းနက်ဖြောင့်တန်းနေသည့်မျက်ခုံးကလေးနှစ်ခုတို့က ပနံသင့်လျက်ရှိသည်။

ကောင်းကင်မှကြယ်များလို တောက်ပကြည်လင်သည့်မျက်ဝန်းအစုံက အနည်းငယ်အေးစက်နေကာ မိန်းမပျိုလေး၏သွင်ပြင်က မြင့်မြတ်ပြီးအေးစက်သည့်နတ်ဘုရားမတစ်ပါးနှင့်ဆင်တူလျက်ရှိသည်။

သိသိသာသာပင် မိန်းမပျို၏ရုပ်သွင်ကိုတွေ့မြင်လိုက်ရသည့်ချန်ချင်းဂိုဏ်းသားများမှာ မယုံကြည်နိုင်ဟန်ဖြင့် အကြီးအကျယ်အံ့အားသင့်ကုနိကြပြီး ထိုမျှလှပလွန်းသည့်မိန်းကလေးတစ်ယောက်က သွေးဆာရက်စက်လှသည့်လူသတ်သမားတစ်ဦးဖြစ်သည်ကိုမယုံကြည်နိုင်လောက်အောင်ဖြစ်နေကြသည်။

ယခုအခါမှ မိန်းမပျိုလေး၏အခြားဘွဲ့အမည်တစ်ခုဖြစ်သည့်ကျောက်စိမ်းနတ်မိမယ်ဆိုသည့်ဘွဲ့ကိုပြန်သတိရသွားကြကာ မည်သည့်အတွက် လွန်ခဲ့သည့်ဆယ်နှစ်က သူမ၏အလှအပနှင့်ပတ်သတ်၍ ဟိုးလေးတကျော်ကျော်ဖြစ်ရသည်ကို ကောငိးစွာနားလည်သွားကြသည် ။

ကံမကောင်းစွာဖြင့် ထိုမိန်းမပျိုက သူတို့၏ရန်သူတစ်ယောက်ဖြစ်နေပေသည်။

" သူပဲ ဂိုဏ်းချုပ် ...လွန်ခဲ့တဲ့ဆယ်နှစ်က သူမသေခဲ့ဘူး ...."

မုန်းတီးစွာပြောဆိုလိုက်သည့်တင်းမာသည့်အသံတစ်ခုကြောင့် အံ့ဩမင်တပ်မိနေသည့်ဂိုဏ်းသားများမှာ ပြန်၍သတိဝင်လာကြသည်။

အသံပိုင်ရှင်က စံအိမ်ထဲမှထွက်လာသည့်သက်လက်ပိုင်းလူတစ်ယောက်ဖြစ်ကာ အခြားလူများကဲ့သို့အနက်ရောင်သိုင်းဝတ်စုံကိုပင်ဝတ်ဆင်ထားပြီး ဓားတစ်လက်ကိုခါးတွင်ချိတ်ဆွဲထားသည်။

ယခုအခါ ထိုလူ၏မျက်နှာက ကြောက်မက်ဖွယ်ကောင်းလောင်အောင်းတင်းမာနေပြီး သူ၏လေသံကလည်းအေးစက်လျက်ရှိပေသည်။

ထိုမိန်းမ၏လက်ချက်ကြောင့်ပြီးခဲ့သည့်ဆယ်နှစ်လုံး သူ၏သိုင်းပညာမတိုးတက်ဘဲရပ်တန့်နေခဲ့ခြင်းဖြစ်ကာ သိုင်းမဟာမိတ်၏အခြားခေါင်းဆောင်များပင် သူ့ထက်ပို၍သာလွန်သွားခဲ့ပြီဖြစ်သည်။

သူ၏သားဖြစ်သူကို ဒုက္ခိတဖြစ်စေရန်ပြုလုပ်ခဲ့သူမှာလည်း ထိုမိန်းကလေးပင်ဖြစ်သည် ။

ထို့ကြောင့် သူ၏စိတ်ထဲရှိမကျေနပ်မှုနှငိ့အငြိုးတရားကို ဖော်ပြ၍ပင်မရနိုင်ပေ။

" ခေါင်းဆောင်...."

ချန်ချင်းဂိုဏ်းသားများက ထိုလူမည်သူမည်ဝါဖြစ်သည်ကိုတန်းသိလိုက်ကြသလို မိန်းမပျိုလေး၏မကြည့်များကထိုလူ့ထံသို့ရောက်ရှိသွားပြီး သူမ၏မျက်ဝန်းများက ပို၍ပင်အေးစက်လာသည်။

ထိုလူ့ကိုမည်သို့သူမေ့နိုင်မည်နည်း။

များပြားလှသောသိုင်းသမားများကိုခေါင်းဆောင်ကာ သူမ၏နောက်သို့အမဲလိုက်သလိုလိုက်လံသတ်ဖြတ်ခဲ့သည့်အပြင် ကျန်သိုင်းထိပ်သီးများနှင့်ပူးပေါင်း၍ သူမကိုသတ်ဖြတ်ရန်အစွမ်းကုန်ကြိုးစားခဲ့သူလည်းဖြစ်၏။

ထိုနေ့ကခံစားခဲ့ရသည့်ကူကယ်ရာမဲ့မှုကို သူမ၏စိတ်ထဲတွင်ပြန်၍တွေးလိုက်မိကာ မိန်းမပျို‌လေး၏အေးစက်စက်မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသည့်အရိပ်အငွေ့များထွက်ပေါ်လာလေသည်။

ထိုလူများကိုလက်စားချေနိုင်ရန် ပြီးခဲ့သည့်ဆယ်နှစ်လုံး တစ်ကိုယ်တည်းအထီးကျန်စွာလေ့ကျင့်ခဲ့ကာ သူမ၏အသက်ပင်သေဆုံးလုနီးပါးဖြစ်ခဲ့ရသည်။

သိုင်းမဟာမိတ်၏ခေါင်းဆောင်ဆယ်ယောက်တွင်ပါဝင်သည့် ချန်လု သို့မဟုတ် အနက်ရောင်ဝတ်စုံဝတ်လူက သူမသတ်ဖြတ်လိုသည့်စာရင်းတွင်ထိပ်ဆုံးနေရာ၌ရှိနေပေသည်။

ထို့ကြောင့်လည်း ချန်လုနှင့်ချန်ချင်းဂိုဏိးကိုတစ်ခါထဲသွေးကြွေးဆပ်ရန် ဤနေရာသို့ရောက်ရှိလာခြင်းဖြစ်၏။

မုန်းတီးသည့်အကြည့်နှင့် သွေးကြွေးဆပ်လိုသည့်အကြည့်နှစ်ခုတို့က ထိတ်တိုက်ဆုံတွေ့သွားကာ သူတို့၏မျက်ဝန်းထဲတွင်မီးတောက်ကလေးများဖြစ်ပေါ်လာသည်ဟုထင်ရသည်။

ရုတ်တရက် မိန်းမပျို၏ခန္တာကိုယ်က ရိပ်ခနဲရွေ့လျားသွားပြီး ကြားထဲမှလူများကိုကျော်ဖြတ်ကာ ချန်လုဆီသို့လျှပ်တပြတ်ရောက်ရှိသွားလေသည်။

သူမ၏လှုပိရှားမှက မြန်ဆန်သွက်လက်လှ၍ အဖိုးအိုပင်ဟန့်တားရန်ပြင်ဆင်လိုက်သော်လည်း အချိန်မမီခဲ့ပေ။

ထိုနည်းတူ ချန်လု၏ရှေ့နားတွင်ရှိနေသည့်အကြီးအကဲများလည်း အံ့ဩတုန်လှုပ်စွာဖြင့်ဓားကိုယ်စီဆွဲထုတ်လိုက်ကြသည့်တိုင် မိန်းမပျိုက သို့ကိုကျော်ဖြတ်သွားပြီးဖြစ်သည်။

" သေစမ်း...."

မိန်းမပျိုက သူ၏အနီးသို့လျှင်မြန်စွာရောက်ရှိလာသည့်တိုင် ချန်လု၏အမူအယာက ‌တုန်လှုပ်ဟန်မပြဘဲ သူ၏ဓားကိုဆွဲထုတ်ကာ အော်ဟစ်မာန်သွင်း၍ ဆီးကြိုခုတ်ပိုင်းလိုက်သည်။

ထိုမိန်းကလေး၏လက်ချက်ကြောင့် သွေးကြောများပိတ်ဆို့ကာ သိုင်းပညာမတိုးတက်တော့ဘဲရပ်တန့်နေသည့်တိုင် ချန်လု၏သိုင်းပညာက ကြောက်စရာကောင်းသည့်ထိပ်သီးတစ်ယောက်ဖြစ်နေဆဲပင်။

ထို့ကြောင့် သူ၏အစွမ်းကုန်တိုက်ခိုက်မှုက လွန်စွာကြောက်မက်ဖွယ်ကောင်းလှပြီးသာမန်အဆင့်လွန်ထိပ်သီးတစ်ဦးကိုသတ်ဖြတ်နိုင်သည့်တိုင် မိန်းမပျိုကား အလွယ်တကူရှောင်တိမ်းသွားလေသည်။

" ဝှစ်...."

ဓားချက်က လေထုကိုသာခုတ်ပိုင်းမိသွားပြီး မိန်းမပျိုက ဖျက်ခနဲပျောက်ကွယ်သွားရာ ချန်လု၏တင်းမာခတ်ထန်သည့်မျက်နှာပင် ကွက်ခနဲပျက်သွားတော့သည်။

ထိုအချိန်မှာပင် ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်ကိုခံစားလိုက်မိ၍ ချက်ခြင်း ဘေးဘက်သို့လှည့်ကာတိုက်ခိုက်မည်ပြင်လိုက်သော်လည်း အစိမ်းရောင်သမ်းနေသည့်သွယ်လျသည့်လက်ဖဝါးလေးက ချန်လု၏ရင်ဘက်ဆီသို့တည့်မက်စွာတိုးဝင်လာလေသည် ။

&&&

All Chapters