← Chapters

ချူမိသားစုပျက်စီးခြင်း

Vol. 4 Ch. 23

ချူမိသားစုပျက်စီးခြင်း

Vol. 4 Ch. 23

ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်တို့ကိုခံစားမိလိုက်ကာ ချန်လု၏စိတ်ထဲတွင် ထိတ်လန့်ချောက်ခြားသွားလေသည်။

မိန်းမပျိုလေးက သူ၏တိုက်ကွက်ကိုလွယ်ကူစွာရှောင်တိမ်းနိုင်ခဲ့သည်ကိုကြည့်ခြင်းဖြင့် သူမ၏သိုင်းပညာက အံ့မခန်းတိုးတက်လာပုံပေါ်သည်။

လွန်ခဲ့သည့်ဆယ်နှစ်ကပင် ထိုမိန်းကလေး၏သိုင်းပညာက သူ့ထက်များစွာသာလွန်သော်လည်း လွန်စွာကွာဟနေခြင်းတော့မဟုတ်ပေ။

ယခု သိုင်းတစ်ကွက်သာတိုက်ရသေးသော်လည်း မိန်းမပျိုလေး၏လက်ချက်ကြောင့် ရှုံးနိမ့်တော့မည်ကဲ့သို့ဖြစ်နေရသည်။

ချန်လု၏စိတ်ထဲတွင်အတွေးများစွာဖြတ်ပြေးသွားသော်လည်း အချိန်မဆိုင်းဝံ့ဘဲ အလျှင်အမြန်နောက်သို့လှန်ချကာရှောင်တိမ်းလိုက်လေသည်။

ထိုအခါ မိန်းမပျိုလေး၏လက်ဝါးက သူ၏ရင်ဘက်ပေါ်မှ ပွတ်ကာသီကာဖြတ်သွားပြီး အတွင်းအားပြည့်ဝလှသည့်လက်ဝါးချက်၏အရှိန်အဟုန်က ချန်လုကိုဖြူဖက်ဖြူလျော်ဖြစ်သွားစေခဲ့သည်။

" ဝုန်း...."

သူမ၏တိုက်ကွက်က လွဲချော်သွားသော်လည်း မိန်းမပျိုလေးကဂရုမစိုက်ဘဲ နောက်သို့အသဲအသန်ပြန်ဆုတ်သွားသည့်ချန်လုကိုလိုက်လံတိုက်ခိုက်လိုက်သည်။

သို့သော် သူမ၏နောက်ဘက်မှလျှင်မြန်စွာတိုးဝင်လာသည့်ဓားချက်ကြောင့် မိန်းမပျိုလေးမှာ ချန်လု၏နောက်သို့မလိုက်နိုင်တော့ဘဲ အလျှင်အမြန်ရှောင်တိမ်းလိုက်ရသည်။

" ဝှီး....."

ဓားချက်က လေထုကိုပွတ်ဆွဲသွားပြီး ကြောက်စရာကောင်းသည့်မည်သံကြီးထွက်ပေါ်လာသည်။ ။

ချန်ချင်းဂိုဏ်းချုပ် အဖိုးအိုချန်စန်က လွန်ခဲ့သည့်နှစ်များစွာကပင်သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိခဲ့ကာ ကျုံဟွာတောင်တိုက်ပွဲတွင်ပငိ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

ထို့ကြောင့်သူ၏သိုင်းပညာနှင့်အတွေ့အကြုံက များစွာကြွယ်ဝလှပြီး မိန်းမပျိုလေး၏အံ့မခန်းကိုယ်‌ဖော့ပညာကြောင့် အံ့သြမင်တပ်သွားသော်လည်း တခဏအတွင်းချက်ခြင်းရောက်လာခြင်းဖြစ်သည် ။

မိန်းမပျိုလေးမှာ အဖိုးအိုဝင်ရောက်လာ၍ ချန်လာကိုဆက်လက်တိုက်ခိုက်နိုင်ခြင်းမရှိတော့ဘဲ သူမဆီသို့အဆက်မပြက်တိုးဝင်လာသည့် လွန်စွာလျှင်မြန်သည့်ဓားကွက်များကိုသာရှောင်တိမ်းနေရပေသည်။

ချန်ချင်းဂိုဏ်း၏နာမည်ကျော်အရိပ်မဲ့ဓားသိုင်းက အစွမ်းထက်သည့်ရှေးဟောင်းဓားသိုင်းတစ်ခုဖြစ်ပြီး သိုင်းလောကထဲရှိထိပ်တန်းအဆင့်ဓားသိုင်းအများစုထက်ပင် ပို၍သာလွန်ပေသည်

ဓားကွက်များက ခန့်မှန်းရခက်လှပြီး လွန်စွာလျှင်မြန်လှသည့်အရှိန်ကြောင့်ပြိုင်ဘက်အများစုမှာ တိုက်ကွက်အနည်းငယ်အတွင်းရှုံးနိမ့်သွားကြသည်သာဖြစ်သည် ။

သို့သော် ဆယ်ကွက်ကျော်တိုက်ခိုက်ပြီးသည့်တိုင် မိန်းမပျိုလေး၏အင်္ကျီစကိုပင်ထိအောင်မတိုက်နိုင်သေး၍ အဖိုးအို၏မျက်နှာထက်တွင် အံ့အားသင့်သည့်အမူအယာတစ်ခုရှိနေသည်။

ထိုနည်းတူ အကြီးအကဲများနှင့် ချန်ချင်းဂိုဏ်းသားများမှာ စံအိမ်ရှေ့မှတိုက်ပွဲကိုကြည့်ရင်းတုန်လှုပ်ချောက်ခြားနေကြသည်။

တိုက်ပွဲက လွန်စွာကြောက်မက်ဖွယ်ကောင်းလှ၍ အဆင့်လွန်ထိပ်သီးတစ်ဦးပင် သူတို့နှင့်ခြေလှမ်းနှစ်ဆယ်အတွင်းမကပ်ဝံကြပေ။

မူလက မိန်းမပျိုလေး၏သိုင်းပညာကို ထိုမျှတွေးထင်မထားကြသည့်အကြီးအကဲများလည်း ယခုမှ ကြောက်လန့်တုတ်လှုပ်နေကြသည်။

မိန်းမပျိုလေး၏အသက်အရွယ်ကိုအတိအကျမသိရသော်လည်းနှစ်ဆယ်ဝန်းကျင်သာရှိမည်ဟုခန့်မှန်းရလေသည်။

သို့သော် သူမ၏အသက်အရွယ်ဖြင့်သိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်နေခြင်းက လုံးဝယုတ္တိမတန်ပေ။

ထိုပါရမီက သိုင်းလောက၏သမိုင်းတစ်လျှောက်တွင်ပင်အကောင်းဆုံးဖြစ်နိုင်ကာ ထိုအချက်ကို အတွေ့အကြုံများသည့်အကြီးအကဲများသည်ပင် ယုံကြည်နိုင်ခြင်းမရှိဘဲဖြစ်နေသည်။

အခြားလူများမဆိုထားနှင့် မိန်းမပျိုလေးနှင့်ကြီးမားသည့်ရန်ငြိုးရှိနေသည့်ချန်လုပင်တိုက်ပွဲဝင်းသို့ဝင်မပါနိုင်ဘဲ ဘေးဘက်မှသာရပ်ကြည့်နေရသည်။

သူ၏မျက်နှာထက်တွင် တင်းမာသည့်အမူအယာရှိနေဆဲဖြစ်ပြီး ဒယ်အိုးဖင်လိုမည်းမှောင်နေသည်ကိုကြည့်၍သူ၏စိတ်ထဲမှခံစားမှုကိုခန့်မှန်းသိရှိနိုငိသည်။

တစ်ဖက်လူကိုသတ်ဖြတ်ရန်ကြံစည်ခဲ့သော်လည်း ထိုလူက သူ့ထက်သိုင်းပညာအဆများစွာသာလွန်နေပြီး တစ်ကွက်နှစ်ကွက်ဖြင့်ရှုံးလုနီးပါးဖြစ်သွားခြင်းက ချန်လု၏ဂုဏ်သိက္ခာကိုတစ်စစီကြေမွပျက်စီးသွားစေသည်။

ထို့ကြောငိ့ ချန်လု၏စိတ်ထဲတွင်သူ၏‌ဂိုဏ်းချုပ်ကမိန်းမပျိုလေးကိုအမြန်ဆုံးသတ်ဖြတ်နိုင်စေရန်သာ ဆုတောင်းနေရသည်။

ကံမကောင်းစွာဖြင့်ယခုအချိန်ထိ အဖိုးအိုက မိန်းမပျိုလေးကိုထိအောင်မတိုက်နိုင်သေးပါချေ။

" မဖြစ်နိုင်ဘူး....."

အဖိုးအို၏မျက်နှာထက်တွင် တုန်လှုပ်သည့်အမူအယာက ထိမ်းချုပ်မရအောင်ထွက်ပေါ်လာပြီး အံ့သြတကြိးရေရွတ်လိုက်လေသည်။

သူ၏ဓားပညာက သိုင်းလောက၏ထိပ်ဆုံးဓားသမားငါး‌ယောက်အတွင်းဝင်နိုင်ကာ တိုက်ပွဲပေါင်းများစွာကိုတိုက်ခိုက်ဖူး၍နှင်းငွေ့မိစ္ဆာသခင်ကိုပင်ရင်ဆိုင်ခဲ့ဖူးသော်လည်း ယ‌နေ့လောက်တုန်လှုပ်မှုကိုမခံစားခဲ့ရပေ။

လူငယ်မျိုးဆက်သာရှိဦးမည့်မိန်းမပျိုတစ်ယောက်က သူ၏ဓားကွက်သုံးဆယ်ကျော်ကိုအသာအယာရှောင်တိမ်းနိုင်ခြင်းမှာ မည်သို့မှဖြစ်နိုင်သည့်အရာမဟုတ်ဘဲ အဖိုးအို၏နှလုံးသားကိုပင်ယိုင်နဲ့သွားစေသည်။

အမှန်မှာ အဖိုးအို၏လျှင်မြန်လှသည့်ဓားကွက်များကြောင့်မိန်းမပျိုလည်းပြန်လည်တိုက်ခိုက်ချိန်မရဘဲ တရဆက်ရှောင်တိမ်းနေရခြင်းဖြစ်၏။

သူမ၏ကိုယ်ဖော့ပညာက လွန်စွာတိုးတက်လာခြင်းကြောင့်သာယခုလိုမျိုးရှောင်တိမ်းနိုင်ခြင်းဖြစ်ပြီး အဆက်မပြက်တိုးဝင်လာသည့် အဖိုးအို၏ကြောက်စရာကောင်းသောဓားကွက်များကိုတန်ပြန်တိုက်ခိုက်ရန်နည်းလမ်းရှာဖွေနေခြင်းဖြစ်သည်။

အဖိုးအိုက သူမရင်ဆိုင်ဖူးသမျှပြိုင်ဘက်များထဲတွင်အဆင့်အမြင့်ဆုံးဖြစ်ပြီး သူ၏ဓားသိုင်းကလည်း ကြောက်စရာကောင်းလှသည်။

ထို့ကြောင့်မိန်းမပျိုမှာ အတွေ့အကြုံအားဖြင့်အနည်းငယ်နိမ့်ကျနေပြီး ယခုအချိန်ထိတန်ပြန်တိုက်ခိုက်ခြင်းမရှိဘဲရှောင်တိမ်းနေရခြင်းဖြစ်သည် ။

သို့သော် မည်သို့ဖြစ်ပျက်သွားသည်မသိဘဲအဖိုးအို၏တိုက်ကွက်က အနည်းငယ်‌လျော့နည်းသွားရာ အခွင့်အရေးကိုလက်လွတ်မခံဘဲ တန်ပြန်တိုက်ခိုက်လိုက်လေသည်။

" ဝုန်း...ဝုန်း...."

အတွင်းအားပြည့်ဝသည့်လက်ဝါးရိုက််ချက်များကစတင်ထွက်ပေါ်လာပြီး အဖိုးအိုမှာ တစ်ချိန်လုံးအပေါ်စီးမှတိုက်ခိုက်နေရာမှ ပထမဆုံးအဖြစ်နေုက်ဆုတ်ပေးလိုက်ရသည်။

သို့သော် မိန်းမပျိုလေးကတုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့ရိပ်ခနဲတိုးဝင်လာကာ သူမ၏ဖြူနုသည့်လက်ဝါးလေးနှစ်ဖက်ကိုဝေ့ယမ်းကာ အဆက်မပြက်တိုက်ခိုက်တော့သည်။

အစိမ်းရောင်သမ်းနေသည့်လက်ဝါးနှစ်ဖက်က သူ၏ဝိညာဉ်ကိုနုတ်ယူတော့မည့်အလား ကြောက်စရာကောင်းလှပြီး အန္တရာယ်အငွေ့အသက်တိူ့ကိုခံစားနေမိ၍ အဖိုးအိုမှာ တန်ပြန်တိုက်ခိုက်ခြင်းထက် ခံစစ်ကိုသာလုံခြုံစွာထားကာခုခံနေရသည်။

သိုင်းလောကသားများ၏စကားအရ သွေးအေးသခင်မ၏ဘီလူးစိမ်းလက်ဝါးသိုင်းက လွန်စွာကြောက်စရာကောင်းလှသည်ဟုသိရပြီး လက်ဝါးချက်ထိမှန်သူမှာ သေလျှင်သေမသေလျှင် ဒုက္ခိတဖြစ်ရပေသည်။

လွန်ခဲ့သည့်ဆယ်နှစ်ကမိန်းမပျိုနှင့်တိုက်ခိုက်ရင်းလက်ဝါးချက်ထိမှန်ခဲ့သည့်ချန်လုပင် အဖိုးအိုကိုယ်တိုင်ကုသပေးသော်လည်း လုံးဝပျောက်ကင်းခြင်းမပြုဘဲ မလည်မျှ‌လေ့ကျင့်ပါ‌စေ ယခုအချိန်ထိ သိုင်းပညာမတိူးတက်တော့ဘဲရပ်တန့်နေခဲ့သည်။

ထို့ကြောင့် မိန်းမပျို၏လက်ဝါးသိုင်းမည်မျှကြောက်မက်ဖွယ်ကောင်းသည်ကိုသိနိုင်ကာ အဆက်မပြက်ပေါ်ထွက်လာနေသည့်လက်ဝါးရိပ်များက အဖိုးအို၏တစ်ကိုယ်လုံးကိုလွှမ်းခြုံထားတော့သည်။

ထိုလက်ဝါးသိုင်းတစ်ခုထဲဆိုလျှင်အဖိုးအိုအနေဖြင့်ကောင်းစွာယှဉ်နိုင်ဦးမည်ဖြစ်သော်လည်း သူမ၏အံ့မခန်းကိုယ်ဖော့ပညာကအစွမ်းထက်လွန်းလျက်ရှိရာ တန်ပြန်တိုက်ခိုက်နိုင်ခြင်းပင်မရှိခဲ့ပေ။

တိုက်ပွဲ၏အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီးအဖိုးအိုတစ်ယောက်အဆက်မပြက်ဖိနှိပ်ခံနေရသည်ကိုကြည့်၍ ချန်ချင်းဂိုဏ်းသားများမှာ စိုးရိမ်ပူပန်နေကြသည်။

သို့သော် ချန်လုနှင့်အကြီးအကဲများကယခုအချိန်ထိတည်ငြိမ်နေဆဲဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုတစ်ခုရှိနေသည့်အတွက်များစွာပူပန်ခြင်းမရှိပေ။

သူတို့၏စိတ်ထဲတွင်တော့ မိန်းမပျိုလေးလာရောက်လက်စားချေမည့်သတင်းကိုကြိုတင်ပေးလာသည့် သွေးကြက်တူရွေးကိုလွန်စွာ‌ကျေးဇူးတင်လျက်ရှိကြသည်။

တိုက်ပွဲက သိုင်းကွက်သုံးရာနီးပါးသို့ရောက်ရှိဘာသော်လည်းအနိုင်ရသူမပေါ်သေးပေ ။

လက်ရှိအခြေအနေအရ မိန်းမပျိုလေးကအသာစီးရနေသော်လည်း ချန်စန်လို အတွေ့အကြုံရင့်သိုင်းဝိဇ္ဇာတစ်ယောက်ကိုအနိုင်ယူလိုပါက အချိန်အတော်ကြာလိုအပ်နေပေမည်။

သို့သော် သူမတွင်လည်း ကိုယ့်အခက်အခဲနှင့်ကိုယ်ရှိနေပြီး အတွင်းဒဏ်ရာပြန်လည်ထကြွမလာမီ အဖိုးအိုကိုအနိုင်ယူရန်လိုအပ်နေရာ မိန်းမပျိုလေး၏တိုက်ကွက်များက ပို၍ကြောက်စရာကောင်းလာသည်။

" ဟူး...."

ကြောက်စရာကောင်းလှသည့်လက်ဝါးရိုက်ချက်က အဖိုးအို၏ ဦးခေါင်းဘေးမှပွတ်ကာသီကာဖြတ်သွားပြီး သူ၏ရှောင်တိမ်းမှူသာအနည်းငယ်နောက်ကျသွားပါက ချန်ချင်းဂိုဏ်းချုပ်အဖိုးအိူ၏ဦးခေါင်းမှာ ဖရဲသီးတစ်လုံးလိုကွဲကြေသွားပေမည်။

ဤသို့ဖြင့် အဖိုးအိုမှာ ခက်ခဲသည့်အခြေအနေသို့ကျရောက်လာပြီး အချိန်မရွေးရှူံးနိမ့်တော့မည်အခြေအနေသို့ရောက်ရှိလာပေသည်။

" အစ်ကိုဝေ့ ခင်ဗျားထွက်မလာရင် ကျုပ်ရှုံးတော့မယ်....."

အဖိုးအို၏စကားက တစ်စုံတစ်ယောက်ကိုအော်ဟစ်အကူအညီတောင်းခံကြောင်းသိသာ စေသည်။

ထိုအချက်ကြောင့် ချန်ချင်းဂိုဏ်းမှလူများလည်း မယုံကြည်နိုင်လောက်အောင်ဖြစ်သွားမိကြ၏။

သိုင်းလောကထဲတွင်ကျော်ကြားပြီး ဂုဏ်းသိက္ခာရှိသည့်သူတို့၏ဂိုဏ်းချုပ်မှာ မိန်းမပျိုလေးတစ်ယောက်ကိုအနိုင်မယူနိုင်၍ အကူအညီတောင်းနေရပေသည်။

သို့သော် နောက်ထပ်ထွက်ပေါ်လာသည့်လူ၏သွင်ပြင်ကိုမြင်လိုက်သည့်အခါ သူတို့၏ပါးစပ်များက ပွင့်ဟသွားကြသည်။

အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး မျက်ခုံးဖြူများဖြင့်ထိုအဖိုးအို၏သွင်ပြင်က ခန့်ညားတည်ကြည်လျက်ရှိပေသည်။

သူ၏ခန္တာကိုယ်ကပိန်ပါးသော်လည်းထွက်ပေါ်နေသည့်အရှိန်အဝါများက ချန်ချင်းဂိုဏ်းချုပ်ထက်ပင်ပို၍သာလွန်နေကာ နောက်ကျောတွင်ဓားရှည်တစ်ချောင်းကိုသိုင်းလွယ်ထားသေးသည်။

" နတ် နတ်ဓားရှင်ဝေ့ယန်လား...."

ချန်ချင်းဂိုဏ်းသားတစ်ယောက်က အံ့ဩခြင်းကြီးစွာဖြင့်ရေရွတ်လိုက်စဉ် ဝတ်စုံဖြူဝတ်အဖိုးအိုက သူ၏‌နောက်ကျောမှဓားကိုလျှက်ပြတ်သလိုဆွဲထုတ်ကာ တိုက်ပွဲအတွင်းခုန်ဝင်သွားတော့သည်။

&&&

တစ်ချိန်ထဲမှာပင် ချူမင်းမြို့၏တောင်ဘက်ပိုင်းရှိချူမိသားစုစံအိမ်တွင်လည်း ပြင်းထန်သည့်တိုက်ပွဲကြီးတစ်ခုဖြစ်ပွာလျက်ရှိသည်။

မီးရောင်များထိန်လင်းနေသည့်ချူမိသားစုစံအိမ်ကြီးက ခမ်းနားကြီးကျယ်လှသော်လည်းယခုအခါ သွေးပျက်ဖွယ်မြင်ကွင်းတစ်ခုဖြစ်ပေါ်လျက်ရှိပေသည်။

ကျယ်ဝန်းသည့်ခြံဝန်းကြီး၏နေရာအနှံ့တွင် လဲကျသေဆုံးနေသူများ ၊ ဒဏ်ရာအပြင်းအထန်ရရှိ၍အော်ဟစ်ညဉ်းညူနေသူများစွာရှိနေပြီး အသက်ရှင်လျက်ကျန်ရှိနေသူများလည်း ထိတ်လန့်ကြောက်ရွံ့မှုဖြင့်တုန်ရီနေကြပေသည် ။

သူတို့အားလုံးက ကျော်ကြားသည့်ချူမိသားစုမှတပည့်သားမြေးများဖြစ်ကြသော်လည်း ယခုအခါ တစ္ဆေသရဲတစ်ကောင်ကိုမြင်တွေ့နေရသည့်ပမာ သွေးဆုတ်ဖြူလျော်နေကြပြီး ချူမိသားစု၏ခြံဝန်းထဲတွင် ကမ္ဘာပျက်လုမတတ်မြင်ကွင်းတစ်ခုကဖြစ်ပေါ်လျက်ရှိပေသည်။

ချူမိသားစုမှလူများ၏အကြည့်က ခြံဝန်းအလယ်တွင် တည့်မက်စွာရပ်နေသည့်လူငယ်တစ်ယောက်ဆီသို့ရောက်ရှိနေကာ သူတို့၏မျက်ဝန်းများထဲတွင် ထိတ်လန့်ချောက်ခြားခြင်း၊ တုန်လှုပ်ခြင်း ၊ မယုံကြည်နိုင်ခြင်းစသည့်အရိပ်အယောင်တို့ရောယှက်ပါဝင်နေသည်။

လူငယ်၏အသက်က နှစ်ဆယ့်ခုနစ် ၊ နှစ်ဆယ့်ရှစ်ခန့်သာရှိမည်ဖြစ်ပြီး ခံစားချက်ကင်းမဲ့သည့်အမူအယာဖြင့် လူသေကောင်တစ်ကောင်လိုဖြူဖွေးသည့်အသားအရေရှိသည်။

သူ၏ကိုယ်ပေါ်တွင် ဒဏ်ရာအတော်များများကိုတွေ့မြင်ရမည်ဖြစ်ပြီး ကြီးမားသည့်ဒဏ်ရာက သူံးခုထက်မနည်းရှိနေသည်။

သို့သော် လူငယ်၏အမူအယာက တစ်စက်ကလေးမှပြောင်းလဲခြင်းမရှိဘဲ တောက်ပသည့်ဓားရှည်တစ်လက်ကို ခိုင်မြဲစွာဆုပ်ကိုင်ကာ ရှေ့တွင်ရှိနေသည့် ချူမိသားစုမှလူများကိုသွေးဆာရက်စက်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

&&&

All Chapters