← Chapters

ကျောင်းထိုင်ရာထူး

Vol. 4 Ch. 25

ကျောင်းထိုင်ရာထူး

Vol. 4 Ch. 25

" တော်ပြီး အစ်ကိုကြီးနဲ့မတိုက်တော့ဘူး ကျုပ်တို့ဒီတစ်သက်အနိူင်ရဖို့လမ်းမမြင်ဘူး..."

ကြွယ်ယန်က စိတ်ပျက်လက်ပျက်ပြောကာ သစ်ပင်ကြီး၏အောက်တွင်ထိုင်ချလိုက်သည်။

သူတို့သုံးယောက်သားအနားယူနေကျသစ်ပင်ကြီးက နံနက်ခင်း၏နေရောင်အောက်တွင် တောက်ပလျက်ရှိပြီး အိမ်ပြန်လာသည့်မိသားစုဝင်များကိုဆီးကြိုနေဟန်ဖြင့် လေအဝှေ့တွင် သစ်ကိုင်းများကယိမ်းနွဲ့လျက်ရှိသည်။

" အားမလျော့ပါနဲ့ကွ။ မင်းတို့လည်း သိုင်းလောကလူငယ်မျိုးဆက်ထဲမှာ ထိပ်တန်းနေရာမှာရှိတာကို ...."

ရှောင်ယောင်ကရယ်မော၍နှစ်သိမ့်လိုက်သော်လည်း ကြွယ်ယန်ကခေါင်းယမ်းကာတည်ကြည်သည့်အမူအယာဖြင့်ပြောလိုက်သည်။

" မဟုတ်သေးဘူး ကျုပ်အတည်ပြောနေတာ အစ်ကိုကြီးက ကျုပ်တို့ထက်အမြဲသာလွန်နေမှာ ။ အရင်တုန်းကမှ ကျုပ်တို့က သိုင်းအဆင့်သာနေလို့မျှော်လင့်ချက်ရှိသေးတယ်။

အခု ကျုပ်တို့လည်း အဆင့်လွန်ထိပ်သီးအဆင့်ကိုရောက်ပြီးရော အစ်ကိုရှောင်ယောင်ကလည်း ကျုပ်တို့နဲ့အဆင့်တူဖြစ်နေပြီ။ ဘယ်လောက်မတရားလိုက်သလဲ ..."

ကြွယ်ယန်၏မကျေမနပ်စကားသံကို ကြွယ်စင်းပင်ခေါင်းညိမ့်ထောက်ခံလိုက်သည်။

ပုံမှန်ဆိုလျှင် ကြွယ်စင်းကမည်သည့်အချိန်မှလက်မလျော့တတ်ဘဲ မည်သူ့ကို မဆိုကြိုးစားမှုဖြင့်အမှီလိုက်နိုင်သည်ဟုယုံကြည်သည့်တိုင်ရှောင်ယောင့်ကိုအနိုင်ယူရန်ကိုတော့ လက်လျော့လိုက်ပြီဖြစ်သည်။

ကြွယ်စင်းက ထူးဆန်းစွာပြုံး၍ ဆက်ပြောလိုက်သည်။

" ဒါကြောင့် ကျုပ်ဆုံးဖြတ်ပြီးပြီ။ နောင် အနာဂတ်မှာ ဘာအခက်အခဲတွေပဲကြုံကြုံ အစ်ကိုကြီးရဲ့နာမည်ကိုထုတ်ပြောတော့မယ်။

အခုဆိုရင် အစ်ကိုကြီးကသိုင်းလောကထဲမှာအတော်ကျော်ကြားနေပြီမလား။

အဲဒီတော့ ကျုပ်တို့ကိုမကျေနပ်တဲ့လူတွေကို အစ်ကိုကြီးနာမည်ပြောပြီးခြောက်ထုတ်လိုက်မယ်လေ..ဟီးဟီး...."

ကြွယ်ယန်၏အမူအယာကတည်ကြည်လေးနက်သော်လည်းသူ၏အကြံအစည်ကြောင့် ရှောင်ယောင်၏မျက်နှာက ရှုံ့မဲ့သွားရသည်။

" သေစမ်း.. မင်းကငါ့ကို ဒုက္ခပေးမလို့ကြံစည်နေတာပဲ ..."

ရှောင်ယောင်က ကြွယ်ယန်၏ပခုံးကိုဖမ်းဆွဲကာ သူ၏နဖူးကိုတောက်ရန်ကြိုးစားလိုက်သော်ငြား ကြိုတင်ပြင်ဆင်ထားသည့် ကြွယ်ယန်က သွက်လက်စွာရှောင်တိမ်းသွားသည်။

ဤသို့ဖြင့်သူတို့နှစ်ယောက်ကြားမှလိုက်တမ်းပြေးတမ်းကစားပွဲကအချိန်အနည်းငယ်ကြာမြင့်ခဲ့ပြီး ကလေးများလိုဆော့ကစားနေသည့် သူတို့နှစ်ယောက်ကိုကြည့်၍ကြွယ်စင်းက ပြုံးလျက်ရှိသည်။

သို့သော် တစ်စုံတစ်ခုကိုတွေးလိုက်မိပြီးနောက် ကြွယ်စင်း၏မျက်ဝန်းများကမှိုင်းညို့သွား‌လေသည်။

" အခုလိုမျိုး ကျုပ်တို့ပျော်ပျော်ရွှင်ရွှင်စည်းစည်းလုံးလုံးနဲ့အမြဲနေရရင် ဘယ်လောက်ကောင်းမလဲ...."

သူ၏စိတ်ထဲတွင် တိုးတိတ်စွာသက်ပြင်းချလိုက်ရင်း ကြွယ်စင်း၏ရင်ထဲတွင် ခဲဆွဲထားသလို လေးလံသွားတော့သည် ။

သူ၏အမူအယာကိုမရိပ်မိကြဘဲ ကြွယ်ယန်နှင့်ရှောင်ယောင်တို့က သူနိုင်ကိုယ်နိုင်ပြိုင်ဆိုင်နေဆဲဖြစ်ပြီး အရက်မူးခြေလှမ်းသိုင်းကိုတတ်မြောက်ထသည့်ရှောင်ယောင့်ကို ကြွယ်ယန်တစ်ယောက်မယှဉ်နိုင်ဘဲ အရှုံးပေးလိုက်ရသည်။

" အာ....အစ်ကို‌ကြီးက တကယ်ဆော်တာပဲ ..."

ကြွယ်ယန်က နီရဲနေသည့်နဖူးကိုအုပ်ကိုင်ကာ စူပုတ်ပုတ်မျက်နှာဖြင့်ကြွယ်စင်း၏ဘေးတွင်ထိုင်ချလိုက်သည်။

သူနှင့်အတူ ကျေနပ်အားရသည့်အမူအယာဖြင့်ရှောင်ယောင်လည်းလိုက်ပါလာပြီး တစ်ဖက်တွင်ထိုင်လိုက်ရင်းမှ သဘောကျစွာပြောလိုက်သည်။

" ဟားဟား...ဒါက ဟိုငတုံးနဲ့လေ့ကျင့်ထားတာလေ ..."

ရှောင်ယောင်က ရယ်မောရင်းမှ ထိုငတုံးကောင်ကိုသတိရသွားတော့သည်။

" ဒါနဲ့ ဟိုကောင်ဘယ်ချိန်ထဲကပျောက်သွားတာလဲ ...."

သူတို့သိုင်းပညာယှဉ်ပြိုင်နေစဉ်က အနီးတွင်ရှိခဲ့သော်လည်း ယခုဟောင်ရန့်ကိုမမြင်တွေ့ရတော့၍ မေးလိုက်ခြင်းဖြစ်သည်။

ထိုအခါ စေ့စပ်သေချာပြီး သတိကြီးသည့် ကြွယ်စင်းကပြန်ဖြေလိုက်သည်။

" သူ ဆရာ့ရဲ့အဆောင်ထဲသွားတာနေမယ်။ စောစောက ဆရာကြီးစီးတုမင်နဲ့ ဦးလေးဟုန်းလျန်တို့လည်းအဲဒီကိုသွားတာတွေ့တယ်....."

ကြွယ်စင်းကား ရှောင်ယောင်တို့နှင့်အတူတိုက်ခိုက်ခဲ့ခြက်င်းဖြစ်သည့်တိုင်ပတ်ဝန်းကျင်၌ဖြစ်ပျက်နေသည်များကို သတိမလွတ်ပါချေ။

သူတို့အုပ်စုရှောင်လင်ကျောင်းသို့ရောက်ရှိနေသည်က သုံးရက်မြောက်နေ့ဖြစ်ပြီး ဈာပနပွဲပြီးဆုံးသည်က နှစ်ရက်ရှိပြီဖြစ်သည်။

ရှောင်လင်၏အဝေးရောက်ဂိုဏ်းသားများဖြစ်သည့်ရှောင်ယောင်တို့သုံးယောက်အတွက် မဖြစ်မနေလုပ်ဆောင်ရမည့်ကိစ္စများရှိ၍ ကျောင်းတော်တွက်ဆက်လက်နေထိုင်ခြင်းဖြစ်ကာ ယနေ့တွင်ပြန်လည်ထွက်ခွာရန်လည်းဆုံးဖြတ်ထားပြီးဖြစ်သည်။

ရှောင်ယောင်တို့သုံးယောက်သာမက စန်းဟုန်းလျန်နှင့်ဟောင်ရန်တို့လည်းအတူရှိနေပြီး စီးတုမင်လည်းမပြန်သေးပေ။

မိန်းကလေးတစ်ယောက်ဖြစ်သည့်စီးတုယွမ်ချင်းကားကျောင်းတော်တွင်နေရန်မသင့်တော်၍ သူမ၏ဂိုဏ်းမှလူများနှင့်အတူလိုက်ပါသွားပြီးဖြစ်သည်။

ကျောင်းထိုင်ဆရာတော်ကြီး၏ဈာပနပွဲပြီးနောက်တွင် ကောင်းယွဲ့ဂိုဏ်းမှလူများရောက်ရှိလာ၍ ဂိုဏ်းကြီးငါးဂိုဏ်းမှလူများလည်း ကောင်းယွဲ့ဂိုဏ်းသို့လိုက်ပါသွားကြပေသည်။

ရှောင်လင်ကျောင်းမှလူများမှာမူ ပါဝင်ခြင်းမရှိဘဲ ဈာပနပွဲပြီးဆုံးသည့်တိုင် လုပ်စရာကိစ္စများရှိ၍ မအားမလပ်ဘဲရှိနေခြင်းဖြစ်သည်။

ထိုနှစ်ရက်အတွင်း သိုင်းလောကထဲတွင်မည်သည့်အပြောင်းအလဲများဖြစ်ပွားခဲ့သည်မသိသော်လည်း ရှောင်လင်ကျောင်းတော်တွင်မူ ကိစ္စများစွာဖြစ်ပွားခဲ့ရသည်။

ဦးစွာ ကျောင်းထိုင်ဆရာတော်ကြီးပျံလွန်တော်မူပြီးနောက်၌ နောက်ထပ်ဆက်ခံမည့် ရှောင်လင်ဂိုဏ်းချုပ်နေရာဖြစ်သည်။

ရှောင်လင်ကျောင်းတော်တွင် လက်ထောက်ကျောင်းထိုင်ဖြစ်သည့် ဆရာတော်ခုံးချီရှိသော်လည်း လက်ထောက်ကျောင်းထိုင်ဆိုသည့်ရာထူးက ဂိုဏ်းချုပ်ရာထူးကိုဆက်ခံရန်မဟုတ်ဘဲ ကျောင်းတော်ကိုစီမံခန့်ခွဲရန်နှင့်သိုင်းလောကအရေးများကိုဖြေရှင်းရန်ဖြစ်သည်။

ထို့ကြောင့် ဆရာတော်ခုံးချီက သူ၏မူလရာထူးအတိုင်းရှိနေဆဲဖြစ်ပြီး ကျောင်းထိုင်ရာထူးကိုမူ ဆရာတော်ခုံးဝန်က တာဝန်ယူခဲ့လေသည်။

ရှောင်လင်ကျောင်းတော်၏ထုံးစံအရဆိုလျှင် ဝါစဉ်အကြီးဆုံးဖြစ်သည့် ပိဍိကတ်အဆောင်မှူးဆရာတော်ခုံးစန်းက ကျောင်းထိုင်ရာထူးကိုရရှိမည်ဖြစ်သော်လည်း ပိဍိကတ်အဆောင်တွင်းမှ တစ်ပတ်တစ်ကြိမ်ပင်ထွက်လေ့မရှိသည့်ဆရာတော်ခုံးစန်းက ထိုရာထူးကိုငြင်းပယ်ခဲ့သည်။

ထို့ကြောင့်ဝါစဉ်ကြီးဆရာတော်များတိုင်ပင်ဆွေးနွေးပြီးနောက်တွင် ကျောင်းထိုင်ရာထူးကို လောဟန်အဆောင်မှူးဆရာတော်ခုံးဝန်ကဆက်ခံခဲ့ခြင်းဖြစ်ပြီး သူ၏သိုင်းပညာနှင့်ခေါင်းဆောင်နိုင်စွမ်းအရ ကျောင်းထိုင်ရာထူးကိုဆက်ခံရန်အရည်အချင်းပြည့်မီပေသည်။

ဆရာတော်ခုံးဝန်က သိုင်းပညာအရဆိုလျှင် ပိဍိကတ်အဆောင်မှူးမှလွဲ၍ ကျန်ဝါစဉ်ကြီးဆရာတ်ေများထဲတွင်အမြင့်ဆုံးဖြစ်သလို သိုင်းလောကသားများလေးစားကြည်ညိုသူတစ်ဦးလည်းဖြစ်၍ ဆရာတော်ခုံးဝန်ကျောင်းထိုင်ဆရာတော်ရာထူးကိုဆက်ခံခဲ့ခြင်းကို ကျောင်းတော်ရှိတပည့်အားလုံး ကျေနပ်စွာဖြင့်သဘောတူလက်ခံခဲ့ကြသည် ။

မှန်ပေသည်။

ဆရာတော်ခုံးဝန်ကျောင်းထိုင်ဖြစ်သည်ကို မကျေနပ်သည့်တစ်ယောက်သောသူလည်းရှိနေပြန်သည်။

ထိုလူကား ရှောင်ယောင်၏ဆရာသခင်ဖြစ်သည့် လောဟန်ဆောင်မှ လက်ထောက်အဆောင်မှူးဆရာတော်ရွှမ်းမင်ပင်ဖြစ်ပေသည်။

အကြောင်းကား ဆရာတော်ခုံးဝန်ကျောင်းထိုင်ဆရာတော်ဖြစ်သွားပါက လစ်လပ်သွားသောလောဟန်အဆောင်မှူးနေရာကိုတာဝန်ယူရမည့်သူက သူဖြစ်နေသည့်အတွက်ပင်ဖြစ်၏။

သိုင်းပညာကိုရူးသွက်စွာလေ့လာလိုက်စားပြီး သိုင်းလောကထဲမှကိစ္စများကိုပင် မတတ်သာမှပြုလုပ်လေ့ရှိသည့်ဆရာတော်ရွှမ်းမင်က သိုင်းလောကသားတိုင်းရို‌သေလေးစားကြမည့် လောဟန်အဆောင်မှူးရာထူးကိုလည်းခါးခါးသည်းသည်းငြင်းပယ်ခဲ့သည်။

သို့သော် ဆရာတော်ခုံးဝန်နှင့်ကျန်ဝါစဉ်ကြီးဆရာတော်များ၏ဩဇာကိုမလွန်ဆန်နိုင်ဘဲ နောက်ဆုံးတွင်ကား ရှောင်လင်ကျောင်းတော်၏သမိုင်းတွင်အသက်အငယ်ဆုံးအဆောင်မှုးအဖြစ်မှတ်တမ်းတင်သွားခဲ့ပေသည်။

ရှောင်ယောင်လည်း သူ့ဆရာ၏အကြောင်းများကိုတွေးတောနေရင်းမှ သူတို့ရှိရာသို့အလျှင်အမြန်ဦးတည်လာနေသည့်လူရိပ်တစ်ရိပ်ကိုသတိပြုလိုက်မိပြီး ပြုံး၍ပြောလိုက်သည်။

" ဟောင်ရန် ငါနဲ့မတိုက်ဝံ့လို့ထွက်ပြေးတာလား....."

ကြွယ်ယန်နှင့်နှစ်ယောက်နှင့်တိုက်ခိုက်ပြီးလျှင် ဟောင်ရန်နှင့်ပါလက်ရည်စမ်းမည်ဟုကြိုတင်ပြောဆိုထားခဲ့သည့်တိုင် ဟောင်ရန်က ပျောက်သွား၍ စနောက်လိုက်ခြင်းဖြစ်သည်။

သို့သော် ဟောင်ရန်၏အမူအယာက တည်ကြည်လေးနက်နေပြီးခေါင်းယမ်းပြကာပြောလိုက်သည်။

" အစ်ကိုရှောင်ယောင်တို့ကို ဆရာတော်ရွှမ်းနန်က ခေါ်နေတယ်....."

ပုံမှန်အချိန်များလို ရှောင်ယောင့်ကိုနှုတ်လှန်မထိုးသည့်ဟောင်ရန့်ကြောင့် သူတို့အားလုံးအံ့သြသွားကြစဉ် သူ၏လေးနက်သည့်အမူအယာကြောင့် သုံးယောက်လုံးပြိုင်တူထရပ်လိုက်ကြသည်။

&&&

ရက်ပိုင်းအတွင်းသိုင်းလောကသို့ တုန်လှူပ်စရာကောင်းသည့်သတင်းသုံးခုပျံ့နှံ့လာသည်။

ပထမသတင်းက ရှောင်လင်ကျောင်းမှတိုက်ပွဲဖြစ်ပြီး ကျောင်းထိုင်ဆရာတော်ကြီး၏နောက်ဆုံးဈာပနအခမ်းအနားတွင် ထူးခြားသည့်လူတစ်စုရောက်ရှိလာပြီး ဂိုဏ်းကြီးခြောက်ဂိုဏ်းမှလူများနှင့်တိုက်ခိုက်ကြခြင်းဖြစ်သည်။

ထိုလူစု၏သိုင်းပညာက လွန်စွာကြောက်မက်ဖွယိကောင်းပြီး ဂိုဏ်းကြီးငါးဂိုဏ်းမှသိုင်းဝိဇ္ဇာများသာမက ရှောင်လင်ကျောင်းတော်မှဝါစဉ်ကြီးဆရာတော်များပင်မယှဉ်နိုင်ဟုသိရသည်။

ထိုသတင်းကိုကြားစဉ်က သိုင်းလောကသားများမှာ ယုံကြည်နိုင်ခြင်းမရှိကြပေ။

အကြောင်းကား ရှောင်လင်ကျောင်းတော်၏ဝါစဉ်ကြီးဆရာတော်များက သိုင်းဝိဇ္ဇာများသာဖြစ်ကြပြီး ကျန်ဂိုဏ်းကြီးငါးဂိုဏ်းမှလူများပါပေါင်းလျှင် ထိုနေ့က ကျောင်းတော်တွင် သိုင်းဝိဇ္ဇာဆယ်ယောက်ကျော်ရှိခဲ့၍ဖြစ်သည်။

ထိုအခြေအနေတွင် ခရမ်းရောင်သွေးလဂိုဏ်းပင် ကျောင်းတော်ကိုပြဿနာရှာဝံ့မည်မဟုတ်သော်လည်း ထူးခြားသည့်လူများ၏သိုင်းပညာကလွန်စွာမြင့်မားကြသည်ဟုသိရသည်။

ကြောက်စရာအကောင်းဆုံးအချက်က ထိုလူများ၏ခေါင်းဆောင်က အသက်များစွာမကြီးသေးသည့်မိန်းမပျိုတစ်ယောက်ဖြစ်သည်ဟုသိရသည်။

မျက်မြင်ကိုယ်တွေ့မြင်ဖူးသူများ၏စကားအရ ထိုမိန်းကလေးက သူ၏မျက်နှာကိုဖုံးကွယ််ထားလျှင်ပင် မိန်းမလှခုနစ်ယောက်ထက်ပို၍လှပသည်ဟုသိရသည်။

ထိုအကြောင်းအရာများကလူအနည်းငယ်သာပြောဆိုခြင်းဆိုပါက သိုင်းလောကတစ်ခုလုံးကဝိုင်း၍ဟားတိုက်ကြမည်ဖြစ်သော်လည်း ယခု ရှောင်လင်ကျောင်းတော်တွင်ရှိခဲ့သည့်လူတစ်ထောင်နီးပါးက အကုန်တူညီစွာပြောဆိုနေခြင်းဖြစ်၍ မယုံကြည်၍မရနိုင်တော့ပေ။

သိုင်းမဟာမိတ်နှင့်မိစ္ဆာဝိညာဉ်အပါအဝင် အဖြူအနက်‌အင်အားစုများစွာက ထူးခြားသည့်လူများကိုစောင့်ကြည့်နေသည်ဟုလည်းသိရသည်။

ပထမသတင်းက သိုင်းလောကကိုတုန်လှုပ်စေသည်ဆိုလျှင် နောက်ထပ်သတင်းနှစ်ခုက သိုင်းလောကတစ်ခုလုံးကို ခြောက်ချားစေခဲ့သည်။

ထိုအကြောင်းအရာက သိုင်းမဟာမိတ်၏အင်အားစုဆယ်ခုထဲတွင်ပါဝင်သည့် ကောင်းယွဲ့ဂိုဏ်းနှင့် ချူမိသားစုတို့အမြစ်ပြတ်သုတ်သင်ခံလိုက်ရခြင်းဖြစ်သည်။

ကောင်းယွဲ့ဂိုဏ်းတွင်ကလေးနှင့်မိန်းမများမှလွဲ၍ ဂိုဏ်းတွင်ရှိနေသည့်သိုင်းသမားတိုင်းသတ်ဖြတ်ခံရကာ အသက်ရှင်လျက်လွတ်မြောက်သွားသူဟူ၍ နှစ်ဆယ်ပင်မပြည့်ဟုသိရသည်။

ကောင်းယွဲ့ဂိုဏ်းချုပ်စန်းဖုန်းမှာ ကျုံဟွာတောင်တိုက်ပွဲတွင်ပါဝင်ခဲ့သည့်သိုင်းဝိဇ္ဇာတစ်ဦးဖြစ်ပြီး ကောင်းယွဲ့ဂိုဏ်း၏အင်အားကတောင့်တင်းလှသော်လည်း ဂိုဏ်းချုပ်နှင့်အကြီးအကဲများအပါအဝင် တစ်မနက်ထဲဖြင့် လူတစ်ရာ့ရှစ်ဆယ်ကျော်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

&&&

All Chapters